မားသားအလွမ်းပြေ နှမ်းပြစ်..။





မစံပယ်တို့က အမေ့ကိုစပြီး မာမီမာသားအမေလို့ ခေါ်လေ့ရှိပါတယ်..။ အခုတော့ဖုန်းခေါ်ရင်း အတိုကောက် မားသားလို့ပဲခေါ်ပါတယ်..။ မစံပယ်တို့အမေက အိမ်မှာမနက်ခင်းစာဆိုလည်း တစ်ရက်နဲ့တစ်ရက်မတူအောင် လုပ်ကျွေးလေ့ရှိပါတယ်..။ ထမင်းကြော်၊ မုန့်တီဖတ်သုတ်၊ ခေါက်ဆွဲသုတ်..၊ ထမနှဲ..၊ ကောက်ညှင်းပေါင်း..။ တစ်နေ့တစ်မျိုးမရိုးရအောင် ပူပူနွေးနွေးကျွေးလေ့ရှိပါတယ်..။ မစံပယ်တို့ငယ်ငယ်က ကျောင်းကမုန့်ဆိုင်သေးသေးလေးတွေကနေ နေကြာစေ့၊အချဉ်ထုတ်တွေတော့ စားတတ်ပါတယ်..။ ဒါပေမယ့် လက်သုပ်စုံလိုမျိုးတွေကျတော့ စားလေ့မရှိပါဘူး..။ အမေက အပြင်စာတွေကို ကျွေးလေ့မရှိတာမို့ မစံပယ်လည်း အပြင်စာစားဖို့ဆိုရင် တွန့်နေတတ်ပါတယ်..။ နောက်မှသာ အိမ်နဲ့အဝေးမှာနေရတော့ အပြင်ထမင်းဆိုင်လိုမျိုးတွေမှာ ကြုံသလိုစားရတတ်ပေမယ့် တတ်နိုင်သလောက် မစံပယ်ကတော့ ကိုယ်တိုင်ချက်ပြုတ်စားဖို့ပဲ အားထုတ်လေ့ရှိပါတယ်..။ဆီများများနဲ့ ဟင်းချိုမှုံ့တွေထည့်ချက်တတ်တဲ့ ကိုယ်မမြင်ရာမှာချက်တဲ့အပြင်စာတွေကိုစားရမှာ မစံပယ်နောက်တွန့်တတ်ပါတယ်..။


အစပိုင်းကတော့ အပြင်စာမစားတတ်ပဲရှိပေမယ့် ကိုယ်တိုင်ကလည်း ကောင်းကောင်းမချက်တတ်ပါဘူး..။ အခုမှ ဟိုဘလော့ဒီဘလော့ဖတ်ရင်း မစံပယ်မှာ မီးဖိုချောင်ပစ္စည်း တော်တော်များများရှိလာပါပြီ..။ ကိုယ်တိုင်ချက်..၊ ကိုယ်တိုင်အ၀အပြဲစားရတာလည်း သဘောကျပါတယ်..။ လုပ်ရင်းနဲ့ပိုလုပ်တတ်လာတာ တွေ့ရပါတယ်..။


ညနေက ဖေ့စ်ဘုတ်မှာ အင်္ဂလန်ကဆရာမ နှမ်းလှော်နဲ့ပျားရည်နဲ့နှယ်စားနေတာတွေ့ရတာနဲ့ မစံပယ်လည်း မလုပ်ဖြစ်တာကြာပြီဖြစ်တာ အမေ့လက်ရာလိုမျိုး နှမ်းပြစ်စားချင်စိတ်ဖြစ်လာလို့ ထလုပ်လိုက်ပါတယ်..။ အမေတို့လာတုံးကယူလာတဲ့နှမ်းလှော်ထုတ်ကြီးကလည်း တစ်ဝက်လောက်ကျန်နေပါသေးတယ်..။ မြေပဲဆံရောဦးမလို့လုပ်တာ ရောရင်မကောင်းပါဘူးဆိုပြီး မရောဘဲထားလိုက်ပါတယ်..။






ဆီများနေပုံ
လုပ်နည်းကတော့ ဆီဒယ်ပိုင်းအရင်တယ်ပါတယ်..။ ဆီကျက်ရင် ဒီက၀ယ်တဲ့ထန်းလျက်ခဲသုံးခဲ ထည့်လိုက်ပါတယ်..။ ထန်းလျက်တွေက အပူထဲမှာဖြည်းဖြည်းချင်းပျော်ပါတယ်..။ မစံပယ်က ဇွန်းနဲ့ထိပြီး ဆီထဲမှာ လှည့်မွှေပေးပါတယ်..။ မွှေရင်းနဲ့ထန်းလျက်ခဲက သေးသေးလိုက်လာပြီး ပျော်ကျသွားပါတယ်..။ ဆားနည်းနည်းနဲ့ မန်ကျည်းသီးမှည့်တကယ့်နည်းနည်းကို ရေဆေးပြီးထည့်ပါတယ်..။ ထန်းလျက်ချိုချိုထဲမှာ အဲဒီမန်ကျည်းနှစ်လေးစားလိုက်ရရင် အအီပြေသွားတတ်ပါတယ်..။ ခဏမွှေပေးပြီး ထန်းလျက်နံ့လည်းမွှေးနေပြီ..၊ အရောင်လည်းပိုညိုလာပြီဆိုမှ နှမ်းလှော်ကို လိုသလောက်(သင့်တော်သလောက်)လောင်းထည့်လိုက်ပါတယ်..။ လင်းပန်ထဲကိုလည်း ဆီနည်းနည်းထည့်ပြီး ဇွန်းလေးနဲ့ပွတ်ပေးထားပါတယ်..။ လင်ပန်းနဲ့ထန်းလျက်နဲ့ကပ်မနေအောင်ပါ..။ ပြီးတာနဲ့ ထန်းလျက်နဲ့နှမ်းလှော်ဒယ်ပိုင်းကို လင်ပန်းထဲလောင်းထည့်လိုက်ပါတယ်..။ မစံပယ်လုပ်တာ ဆီထည့်တာနည်းနည်းများသွားလို့ ဆီတွေအပေါ်ကဝေ့တက်နေပါတယ်..။ ဇွန်းဖင်လေးနဲ့ မျက်နှာပြင်ညီအောင် လိုက်သပ်ပေးပြီး ဝေ့နေတဲ့ဆီတွေကို ပန်းကန်လေးထဲကို ကဲ့ပစ်လိုက်ပါတယ်..။ တကယ်ကတော့ မစံပယ်ဆီများများစားခဲပါတယ်..။ အခုတော့ သင့်တော်ရုံဆိုပြီး အရင်ကထက်တော့ ပိုစားနေပါပြီ..။


မစံပယ်က အချိုတွေ၊ အအီတွေ စားလှပါတယ်..။ အခုနှမ်းပြစ်လုပ်တာလည်း ဆီထည့်တာ မှန်းတာလွဲလို့ နည်းနည်းများသွားပါတယ်..။ ၅ ကျပ်သားနီးပါးလောက်ရှိသွားပါတယ်..။ ထန်းလျက်သုံးလုံးနဲ့ဆို ဆီကအဲလောက်မလိုတာ တွေ့ရပါတယ်..။ ဆီကများလွန်းတော့ ပေါင်းမသွားဘဲ အပေါ်မှာအိုင်ထွက်နေတာကို ကဲ့ထားလိုက်ပါတယ်..။ ထမင်းလည်းအစားများပါတယ်..။ ၀က်ပုပ်ကြီးဖြစ်မှာစိုးပေမယ့် တခါတလေလည်းစားတာပါပဲ..။ တခါတလေတော့ လေ့ကျင့်ခန်းထလုပ်ပါတယ်..။ မလုပ်တာက များပါတယ်..။






ဆီကဲ့ပြီးပုံ

2 comments:

  1. အစ်မ နှမ်းပြစ်ကို ပုလင်းတစ်လုံးအသုံပြုပြီး ဒလိမ့်တုန်းလို မလှိမ့်တော့ဘူးလား၊ အိမ်မှာတုန်းက အန်တီဒေါ်ဒေါ်လေး ဆို မုန့်ကြော်အိုးကင်းပြားထဲထည့်ပြီး လှိမ့်မယ်ထင်တယ်နော်။ နောက်ပြီး မပူမအေးအချိန်လေးမှာ မှန်ကူကွက်ပုံ ဆနွင်းမကင်းပုံ ရအောင် ဒါးနဲ့လှီးလို့နေမှာပေါ့၊ အစားကြိုက်တဲ့ သမီးများကတော့ ဦးဦးဖျားဖျား ဘေးအနားသား အစအနလေးတွေ ကောက်ပြီးလွေးကြမယ်ထင်တာပါပဲ။ ထန်းလျက်နဲ့စာလျှင် ကြံသကာက အရောင်လှလို့ ကြံသကာ သုံးမယ်လို့လဲတွေးမိပါတယ်၊ မြေပဲယို ဆိုလျှင်တော့ နီညိုညိုအရောင်ကို လိုချင်တာမို့ ထန်းလျက်ကို ပိုသုံးတာလား တွေးကြည့်မိနေတာပါ။

    ReplyDelete
    Replies
    1. ဒီက Palm Sugar ဆိုတာနဲ့လုပ်တာ..။ ကောင်းဘူး..။ မြန်မာနိုင်ငံက ထန်းလျက်က အေးသွားမှ ဖဲ့စားလည်း ဖဲ့လို့မခက်ဘူး..။ ဖွယ်ဖွယ်လေးပဲ..။ ဒီ Palm Sugar ကြီးက ကြံသကာအရသာကြီးနဲ့ ဖဲ့လို့မရလို့ ငရုတ်ကျည်းပွေ့နဲ့ ထုယူရတယ်..။ ထန်းလျက်တောင် ကိုယ်နိုင်ငံကထန်းလျက်မှ ကောင်းတာ..။

      Delete