ချစ်စရာ့ OOP....။ (စကားချီး)



ချစ်စရာ့ OOP ဆိုပြီး OOPအကြောင်း ရေးသားသွားဖို့ စိတ်ကူးရလာတာ ကြာပါပြီ..။ စစိတ်ကူးရတုံးက ကိုယ်တိုင်ကလည်း OOP ကိုလေ့လာဆဲအချိန်၊ မပိုင်နိုင်သေးတဲ့ အချိန်ပဲရှိသေးလို့ OOP ရဲ့သဘောတရားကို ကိုယ်တိုင်နားမလည်သေးတဲ့ အပိုင်းတွေကို ပိုနားလည်လာအောင် ကြိုးစားနေခဲ့ပါတယ်..။ နားမလည်တဲ့အပိုင်းတွေကို ပိုနားလည်အောင်လုပ်ပြီးတဲ့အခါမှာတော့ ဒီစာကို စရေးတော့တာပါပဲ..။

ချစ်စရာ့ OOP လို့ ခေါင်းစဉ်ကိုဘာလို့ပေးတာလဲဆိုတော့ အမြင်ကတ်လို့ ဒီခေါင်းစဉ်ကိုပေးတာပါ..။ တော်တော်နဲ့သဘောမပေါက်နိုင်ခဲ့ပဲ သူများတွေကိုယ့်ကိုသင်ပေးနိုင်မလားဆိုတာ နို့သက်ခံစို့ဖို့စောင့်နေခဲ့ရင်း အချိန်တွေတော်တော်ကုန်ခဲ့ပါတယ်..။ ဘယ်လိုရှင်းပြပြ မရမှန်းသိတော့မှ ကိုယ်တိုင်လုပ်ရင်း တဖြည်းဖြည်းချင်းနားလည်လာတော့မှ အော် OOP ဆိုတာ ဒါပါလားဆိုပြီးတော့မှ ဒီစာကိုရေးဖို့ စိတ်ကူးတော့တာပါ..။

လေ့လာလိုက်တော့ အခြေခံတစ်ခေါက်ပြီးသွားတော့ နားလည်တာ တစ်အုပ်စု၊ နားမလည်တာတစ်အုပ်စု ထွက်လာပါတယ်..။ နောက်တစ်ခေါက်ထပ်လေ့လာလိုက်တော့ နားမလည်တဲ့အုပ်စုက တစ်ဝက်လောက် ထပ်နားလည်သွားပါတယ်..။ အကုန်နားလည်တာတော့ မဟုတ်သေးပါဘူး..။ အခုဒီစာကိုရေးချိန်ထိ မရသေးတဲ့ အပိုင်းတစ်ချို့ကျန်နေပါသေးတယ်..။အတွေ့အကြုံလိုနေသေးလို့ နားမလည်သေးတာလို့ ထင်ပါတယ်..။ နောက်တော့တဖြည်းဖြည်း နားလည်သွားမယ်လို့ ယူဆပါတယ်..။

စာရေးသူ၏ OOPခရီး

စာရေးသူက OOP ကိုဆရာနဲ့ ၃ ခါတိုင်တိုင် သင်ခဲ့ဖူးပါတယ်..။ ပထမတစ်ခါကတော့ ကျောင်းမှာ တတိယနှစ်မှာ စသင်ရတာပါ..။ သင်တဲ့ဆရာကိုယ်တိုင်က ကျွန်တော်တို့ကိုသင်မယ်ဆိုမှ စာဖတ်ပြီးသင်တာမို့ သူကိုယ်တိုင်က ရှင်းပြရင်း လည်ထွက်နေပါတယ်..။ သူကိုယ်တိုင်လည်း OOP က ဘာဆိုတာ လေ့လာဆဲမို့ ပိုင်ပိုင်နိုင်နိုင် မသင်နိုင်တာပါ..။ စာရေးသူကလည်း ဆရာသင်မှဆိုပြီး ဆရာဆီက ဇွန်းနဲ့ခွံ့ကျွေးတာကို အလိုက်သင့်စောင့်နေတတ်တဲ့ အကျင့်ဆိုးရှိတော့ ဆရာကိုယ်တိုင်က နားမလည်သေးဘူးလို့ ၀န်ခံသံကြားလိုက်တော့ စိတ်ပျက်လက်ပျက်နဲ့ပဲ အတော်အောင်အောင် အားထုတ်ပြီး အတန်းအောင်အောင် လုပ်ခဲ့ရပါတယ်...။ ဒီပညာနဲ့ ကိုယ်ကအသက်မွေးမယ်လို့လည်း အမြင်မရှိတာလည်း ပါပါတယ်...။ စာမေးပွဲအောင်ရင်ပြီးရောလို့ပဲ အားထုတ်ခဲ့ပါတယ်...။

နောက်တစ်ခါ ကျောင်းကဘွဲ့တွေပြီးတော့လည်း OOP သင်တာကောင်းတယ်ဆိုတဲ့ ဆရာမဆီမှာ သေချာထပ်သင်ပါသေးတယ်..။ အဲဒီတော့ ကိုယ်က ဒီဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းတော့မှာလို့ ရေးရေးသဘောပေါက်နေပါပြီ..။ ဒါပေမယ့် သူများသင်ရင် တတ်မယ်လို့ပဲ ယူဆနေတုံးပါ..။ ကိုယ်ဘာသာ ဘာသာရပ်တစ်ခုကိုလေ့လာဖို့ဆိုတာ စာရေးသူရဲ့ ငယ်ရွယ်စဉ်ဘ၀တွေမှာ အိပ်မက်တောင် မမက်ဘူးခဲ့တာပါ..။ဆရာမကလည်း စာရှင်းပြရုံလောက်သင်သွားပြီး လေ့ကျင့်ခန်းလည်းမရှိ၊ ဘာလည်းမရှိ..။စာသင်ချိန်တိတိကျကျမရှိဘဲ ဆရာမကိုလိုက်ဖမ်းနေရတာဆိုတော့ သင်တန်းခပဲ ပက်ပက်စက်စက်ပေးခဲ့ရပြီး ၂ ချိန် ၃ ချိန် သင်ရုံ၊ အိယောင်ဝါးနဲ့ပဲ ပြီးသွားပြီး သဘောမပေါက်ပြန်ပါဘူး..။ :(

တတိယတစ်ကြိမ်ကတော့ သေချာကောင်းကောင်းသင်ရပါရဲ့..။ သင်ပေးတဲ့သူက သူ့အတွက် ဒီသင်ရိုးက ရိုးသွားပြီ..။ အသင်ခံရတဲ့သူတွေက ပြောင်းပြောင်းသွားတယ်..။ သူသင်ပြီးသား သဘောပေါက်ပြီးသားလူတွေမဟုတ်ဘူးဆိုတာ သတိထားမိဟန်မတူဘူး..။ ဗလပ် ဗလပ်နဲ့ ကြက်တူရွေးစာအံသလို ရွတ်ရွတ်သွားပြီး ဘာလေးမေးမေး ကောင်းကောင်းမဖြေချင်တဲ့ ဆရာမပီသတဲ့ သင်တန်းနည်းပြတစ်ယောက်ဖြစ်ပါတယ်..။ အခုမှအဲဒီသင်ရိုးကို ပြန်ဖတ်ကြည့်မိတော့ သင်ရိုးကတော့ တော်တော်ကောင်းမွန်တာ တွေ့ရပါတယ်..။ သင်တဲ့နည်းပြက နိုင်ငံတကာကအတွေ့အကြုံရှိတဲ့ နည်းပြတွေလို မဟုတ်ဘဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲသင်တဲ့ ဘလန်းဘလန်း နည်းပြဖြစ်နေတာက ဆိုးတာပါ..။ အဲဒီဆရာမသင်ကြားမှုအပေါ် သုံးသပ်ချက်ကို Vote ပေးတဲ့အခါ ဆရာမအလုပ်ပြုတ်သွားနိုင်လို့ မှတ်ချက်ဆိုးဆိုးရွားရွားတော့ မရေးခဲ့ပေမယ့် သင်ရတဲ့ အချိန်နဲ့ အားစိုက်မှုအတွက်တော့ နှမြောမိတာ အမှန်ပါပဲ..။ အဲဒီသင်တန်းကနေ ဘာမှမရခဲ့ဘူး..၊ ဘာမှနားလည်ခဲ့တာ မရှိဘူးလို့ ပြောနိုင်ပါတယ်..။

အဲဒီတုံးက ကိုယ်ကမသိခဲ့တာက အတတ်ပညာတစ်ခုကို သူများသင်ပေးနေရုံနဲ့ တတ်မယ်လို့ယူဆခဲ့တာကိုပါ..။ အခုမှသဘောပေါက်လာတာက အတတ်ပညာတစ်ခုက အစပိုင်းတော့နားလည်သူတစ်ယောက်ရဲ့ အကူအညီကိုယူကောင်းယူရမယ်..။ ပြီးရင်တော့ ကျန်တာတဖြည်းဖြည်းနဲ့ ကိုယ်တိုင်ဆက်လုပ်သွားရမယ်..။ ဒါမှတကယ်နားလည်တတ်မြောက်တယ်ဆိုတာ တွေ့လာရတော့ Self Study လုပ်ရတာကို စာရေးသူတော်တော်နှစ်ခြိုက်လာပါတယ်..။ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်သိလိုက်ရတာမှ တကယ်သိတယ်ဆိုတာ ဖြစ်လာပါလားဆိုတာ သဘောပေါက်လာလေ ပိုလေ့လာချင်စိတ် ဖြစ်မိလေ ဖြစ်လာပါတယ်..။

ဒါပေမယ့်စာရေးသူက ကိုယ့်ကိုယ်ကိုသဘောပေါက်မိတာကတော့ တစ်ခုခုကိုယ်နားလည်ထားတယ်ဆိုရင် သူတစ်ပါးကိုလည်း နားလည်အောင်ပြန်ပြောတတ်ပါတယ်..။ တစ်ချို့လူတွေက ကိုယ်နားလည်တာကို သူတစ်ပါးနားလည်အောင်ပြောဆိုရင် မပြောတတ်ကြတာ များပါတယ်..။ စာရေးသူရဲ့ပင်ကိုယ်သဘာဝမှာ ကိုယ်နားလည်ထားတာကို သူတစ်ပါးကလိုချင်တယ်..၊ လက်ခံတယ်ဆိုရင် နားလည်အောင် ပြောပြတတ်တယ်လို့ ကိုယ့်ကိုယ်ကို မြင်ပါတယ်..။ ဒါပေမယ့် ကိုယ်နားလည်အောင်လုပ်ရတဲ့အဆင့်တွေက စာရေးသူအတွက် ပိုခဲယဉ်း၊ ပိုအချိန်ယူရပါတယ်...။ လက်ပေါက်ကတ်တတ်တဲ့ စာရေးသူ သဘာဝကြောင့် တော်တော်တန့်တန့်နားလည်ရုံနဲ့ နားလည်ပြီလို့ မသတ်မှတ်လို့ နားလည်ပြီဆိုတဲ့အဆင့်ရောက်အောင် တခါတရံ တော်တော်အချိန်ပေးရတတ်ပါတယ်..။

နောက်အခန်းကတော့ OOP နိဒါန်းလာပါမယ်..။ စကားချီးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်..။

မစံပယ်

1 comment: