အိမ်

စင်ကာပူမှာအခြေချတော့မည်ဆိုလျှင် စင်ကာပူမှာအိမ်ဝယ်မှဖြစ်မည်..။ အိမ်ရှင်ရှိသည့်အိမ်တွေကတစ်မျိုး..၊ မရှိသည့်အိမ်ဟူ၍လည်း မရှိ..။ အိမ်ရှင်များကလည်း အိမ်ငှားများစည်းကမ်းမဲ့သောကြောင့် အိမ်ငှားနှင့်မနေချင်ကြ..။ မတတ်နိုင်လို့သာထားရသည်..။ တတ်နိုင်သည့်များ အိမ်ငှားမတင်ကြတော့..။ မတတ်နိုင်သေး၍အိမ်ငှားတင်ထားကြသူများကြတော့လည်း မိမိဘက်မှအသာစီးရရန် စည်းကမ်းကလနားအသေအချာချကာ အိမ်ငှားတင်ကြသည်..။ ဘန်းစကားဖြင့်ပြောရလျှင် နှပ်ချေးကြခြင်းသာဟု မစံပယ်  ရိုင်းရိုင်းပြောချင်ပါသည်..။

 မစံပယ်လည်းအိမ်ငှားနေရသောဘ၀မှ ဘယ်အချိန်ကြတော့မှလွတ်ပါမည်လဲ..။ လွတ်ကောလွတ်နိုင်ပါဦးမလား..ဟုကိုယ့်ကိုယ်ကိုခံပြင်းဒေါသထွက်ကာလာသည်..။ ယခုမစံပယ်နေရသောအိမ်သည် ထမင်းဟင်းကိုကောင်းကောင်းမွန်မွန်ချက်ခွင့်မပြုသောအိမ်..။ Light food သာချက်ခွင့်ပြုသောအိမ်ဖြစ်သည်..။ ထို့နောက် မစံပယ်သည်အလုပ်မလုပ်သောကျောင်းသူ..။ အလုပ်မလုပ်သောကျောင်းသူကအိမ်ပိုင်ရှင်များမထားချင်ကြပါ..။ တစ်နေကုန်အိမ်မှာနေကာ မီးသုံးသောကြောင့်မထားချင်ကြ..။ မစံပယ်တို့အိမ်ပိုင်ရှင်အမျိုးသမီးသည်မြန်မာနိုင်ငံတွင် ကျိကျိတက်ချမ်းသာသောအမျိုးအစားထဲတွင်ပါသည်ဟု သူတို့ပြောစကားများအရ သိနိုင်သည်..။ သို့သော် အသုံးအစားအလွန်ပင်ကျစ်လစ်လွန်းသူဖြစ်သည်..။ တစ်နည်းအားဖြင့် သူတို့အိမ်မပိုင်ခင်က သူများအိမ်တွင်စုနေကြစဉ်အခါကလည်း ရေဖိုးမီးဖိုးစုခံကြစဉ်ကလည်း အ၀တ်အစားနည်းနည်းကိုလည်း စက်နှင့်ထည့်လျှော်ခဲ့သူဟူ၏..။ သူမအိမ်ဝယ်နိုင်သောအခါ အိမ်ငှားများကို တစ်ပတ်တွင်တစ်ခါ တစ်ရက်သာအလျှော်ခံခဲ့သူ..။ မီးဖိုးချောင်သုံးသည်ကိုလည်း တကောက်ကောက်နောက်ကလိုက်ကာကြည့်တတ်သည်..။ သူ့ပစ္စည်းများကိုမသန့်သန့်အောင်ထားကာ သူ့ပစ္စည်းများနေရာမှရွေ့မှာ အရာယွင်းမှာ လိုက်လံကြည့်နေတတ်သောသူ..။ ငါအိမ်ပိုင်ရှင်ပဲဟူသောပုံစံဖြင့် ဧည့်ခန်းကိုအပိုင်စီးကာ မည်သည့်အိမ်ငှားကိုမှ အိမ်ရှေ့မထွက်စေခြင်းငှာ ဆောင်ကြဉ်းတတ်သူ..။
အိမ်ပိုင်ရှင်အမျိုးသားမှာလည်း မိန်းမဂုဏောအနန္တော..၊ ယောက္ခမဂုဏောအနန္တာ..၊ ခယ်မဂုဏောအနန္တောဟု ညတိုင်းရွတ်ဆိုကာအိပ်ယာဝင်တတ်သည်နှင့်တူပါသည်..။ မိန်းမပြောသမျှ အကောင်းမှတ်ကာ ဘာကိုမှဝေဖန်ပိုင်းခြားခြင်း မရှိတော့သူတည်း..။ သူ့တစ်သက်တာတွင်ထိုကဲ့သို့သောမိန်းမတစ်ယောက်ကိုယူလိုက်နိုင်ခြင်းသည် သူ့ဘ၀လမ်းဆုံးဟုသတ်မှတ်ပုံရပါသည်..။

မစံပယ်အိမ်ပိုင်လျှင်ကောသူတို့လိုမကျင့်သုံးမိဘဲနေမလား..?

နေနိုင်အောင်ကြိုးစားမည်ဟု မစံပယ်စိတ်ကူးထားပါသည်..။ အိမ်ငှားများကို အိမ်ရှေ့ထမင်းစားခန်းတွင်ထမင်းစားခွင့်တော့ သေချာပေါက်မစံပယ်ပေးမည်..။ ဧည့်ခန်းသုံးခွင့်မပေးဟု အခုအချိန်တွင်အိမ်ငှားမတင်ဘဲနေနိုင်နေပြီဖြစ်သော အသိအစ်မကြီးက သူမတို့အိမ်မှစည်းကမ်းကို ပြန်ဖောက်သည်ချပါသည်..။ အော..။မစံပယ်တို့လို ဧည့်ခန်းသုံးခွင့်မရှိတဲ့အိမ် ဒီတစ်အိမ်မှမကာတာပဲဟုတွေးမိကာ ဧည့်ခန်းမသုံးရခြင်းကို စိတ်ထဲမှာမည်သို့မျှမနေတော့..။ အ၀တ်လျှော်ခွင့်ဘယ်နှစ်ခါပေးမည်လဲ..။ အနည်းငယ်ကန့်သတ်သင့်သည်ဟုတော့ထင်ပါသည်..။ သို့သော်မည်ပုံသတ်မှတ်လျှင် သူ့ဘက်ကိုယ့်ဘက်ခံသာမည်လဲ မစံပယ်စဉ်းစားရပါဦးမည်..။ ရောင့်တက်လာ၍ မစံပယ်စေတနာပျက်ရလျှင်လည်း မစံပယ်ငရဲရနိုင်သည်..။ ထို့ကြောင့်ချစ်ခင်တုံးမုန်းစကားပြော..၊ စလာကတည်းကရှင်းရှင်းပြောထားသည်သာကောင်းသည်ဟု မစံပယ်မြင်ပါသည်..။ ထမင်းကိုချက်ခိုင်းမည်..။ သို့သော်မစံပယ်စိတ်မပျက်ရအောင် သူ့ဘက်ကိုယ့်ဘက်မျှအောင် မည်သို့သတ်မှတ်ရေးဆွဲထားရမည်လဲ.. မစံပယ်စဉ်းစားရပါဦးမည်..။

အဲကွန်းကိစ္စ..။

မစံပယ်အဲကွန်းမခံနိုင်ပါ..။ ကားထဲရထားထဲတွင် မစံပယ်ကြက်သီးထအောင်ချမ်းတတ်သည်..။ အိမ်ငှားများမကြိုက်ဆိုလျှင် မစံပယ်အဲကွန်းထည့်မပေးပါ..။ ကြိုက်သည်ဆိုမှသာမစံပယ်ထည့်ပေးပါမည်..။ ထိုပုံအတိုင်းဆိုလျှင် မစံပယ်အစီအစဉ်တွေလွဲချော်ကာအိမ်ဝယ်ဖို့အရေးတကြီးငွေစုရမည့်ကိန်းဆိုက်နေပါသည်..။ ၀ယ်မည်ဆိုလျှင်လည်းဝယ်လိုက်မည်..။ မစံပယ်လည်းနေရထိုင်ရတာ စိတ်ညစ်သည်..။ တခါမှဒီလောက်စိတ်မညစ်ရဘူးပါ..။ ခုတော့မစံပယ် တကယ်စိတ်ညစ်၏..။ စိတ်ကိုလျှော်ရဦးမည်..။


မစံပယ်