ဇီးယိုကျွေးတတ်သော မစံပယ်တို့အမေ..။



မစံပယ်အမေသည် ဘာသဘောမှန်းမသိ..။ မစံပယ်မြန်မာနိုင်ငံမှာတုံးကလည်း ကျောင်းပိတ်ချိန်အိမ်ပြန်လျှင် ဇီးယိုကျွေးတတ်သည်..။ မစံပယ်ပြန်တုံးတိုက်ဆိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်အိမ်မှာ ဇီးယိုရှိနေတတ်သည်..။ တခါတရံတော့ မစံပယ်ပြန်လာမှ သေချာဇီးယိုကျိုလိုက်သည်ထင်သည်..။ ထန်းလျက်က၀ယ်၍လွယ်သည်ကိုး..။ ဇီးသီးကဘယ်လိုရရလာသည်မသိ..။

အခုလည်းမစံပယ်ဆီတကူးတကအလည်လာကြသည်..။ ဇီးယိုတစ်ဗူးပါလာပြန်လေသည်..။ သေချာထိုးလာခဲ့သည်တဲ့..။ ဟမ်..။ ၀ိတ်ကလည်း ၁ပိဿနီးနီးစီးနိုင်သည်..။ တပင်တပန်းခံသယ်လာသည်..။ မစံပယ်မှာ သူတို့သယ်လာတာတွေများနေ၍ ပျက်စီးလွယ်သည်များကို အရင်စားကာ ဇီးယိုအလှည့်မကျနိုင်သေး..။ အခုတော့ သူ့အလှည့်ကျဖို့ နီးလာချေပြီ..။ အမေဘယ်လိုစိတ်ကူးနှင့် သယ်လာသည်မသိ..။ မစံပယ်ကို ဇီးယိုကြိုက်သူဟု အမှတ်များမှားနေရော့သလား..။ မစံပယ်ပင်ဇဝေဇ၀ါဖြစ်ရပြန်သည်..။



အမေ့ဇီးယိုဗူး....။

တခါပြောဖူးသည်တော့ အမှတ်ထင်ထင်ရှိမိသည်..။ မစံပယ်မှာ အတွေးများလွန်းသည်ဟု..။ အဲဒါတော့လည်းဖြစ်နိုင်သည်..။ မစံပယ်မှာ တစ်ခုခုလုပ်တော့မည်ဆိုလျှင် ဘာတွေဖြစ်လာနိုင်မလဲ..၊ မဖြစ်ခင်ဘာတွေကြိုပြင်ရမလဲ..၊ ဖြစ်ပြီးနောက်ဘာလုပ်မည်လဲ..ဆိုတာတွေ ခေါင်းထဲမှာတွေးပြီးဖြစ်သွားတတ်သည်..။ တခါတရံအသေးစိပ်ကစ ကြိုတွေးထားတတ်သည်..။ ဖြစ်နိုင်ရန်အလားအလာရှိသည်များကိုလည်း တွေးထားတတ်သည်..။ အထူးသဖြင့် မိသားစုရေးများတွင် မစံပယ်မှာခေါင်းပူအောင်စဉ်းစားတတ်ကာ အားလုံးကိုစိတ်ပူနေတတ်သည်..။ အမေနှင့်စကားပြောရင်း ထိုးအတွေးများကိုပြောမိသည့်အခါ အမေက အတွေးများလွန်းသူဟု မစံပယ်ကိုကောက်ချက်ချလိုက်သည်..။ ထိုအချိန်မှစ၍ မစံပယ်ကို ဇီးယိုကျွေးခြင်းစလာတော့သည်..။

မစံပယ်မှာအတွေးများလွန်း၍ ခေါင်းနောက်ကျိတတ်သည်..။ အတွေးတွေပတ်လည်ရိုက်နေတတ်၍ ခေါင်းမကြည်ဖြစ်ကာ တစ်ချို့အချက်များ သတိလွတ်တတ်သည်..။ သို့ပေသိ ကြိုတွေးတတ်သည့်အကျင့်ကြောင့် ဘာဖြစ်လျှင်ဘာလုပ်ရမည်ဟု အစီအစဉ်တစ်ခါတည်းရှိပြီးဖြစ်သည်..။

ဘာပဲဖြစ်ဖြစ် မစံပယ်တို့အတွက်သာ ဘ၀ပုံပေးထားသလိုဖြစ်နေသော အမေ့ကို မစံပယ်ဒီ့ထက်ပျော့ပျောင်းဖို့..၊ နုးညံ့စွာဆက်ဆံဖို့..၊ ဂရုစိုက်ဖို့လိုပါသေးသည်..။ ယခုမစံပယ်တို့အိမ်ပိုင်ရှင်သားအငယ်မှာ သူ့အဖေရုတ်တရက်ဆုံးပါးသွား၍ အဖေမသေခင်က အမြဲငြင်းခုန်အော်ဟစ်မိတာတွေကို နောင်တရ စိတ်မကောင်းဖြစ်နေသည်..။ သူ့အဖေကအလုပ်သွားရင်းချော်လဲကာ သတိမလည်လာတော့ဘဲ တစ်ခါတည်းဆုံးပါးသွားခြင်းဖြစ်သည်..။ မစံပယ်လည်း မစံပယ်အမေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့..၊ စိတ်ရှည်ဖို့..၊ ဂရုစိုက်ဖို့.. လိုအပ်လှပါသေးသည်..။

မုန့်လက်ကောက်ဖြစ်သွားသော မုန့်လုံးရေပေါ်..။



မစံပယ်ဝယ်ထားတာကြာပြီဖြစ်သော ကောက်ညှင်းဆန်မှုံထုပ်ကလေးရှိနေသည်..။ မသုံးဘဲနေရင် ပိုးဟပ်ဖောက်တာနဲ့ ပစ်ရတော့မည်..။ ဘာကိုမှအလဟဿမပစ်နိုင်ပါ..။ အခုလိုအချိန်အခါတွင် ပိုဆိုးသည်..။ ဘာကိုမှ မပစ်နိုင်ပါ..။ စိတ်ထဲမှာ ချိုချိုစည်းစည်းမုန့်ကလည်း စားချင်နေသည်..။ ရှိတာက ကောက်ညှင်းဆန်ပဲရှိသည်..။ မုန့်လုံးရေပေါ်လုပ်နည်းဖတ်လိုက်တော့ ကောက်ညှင်း ၂ဆ၊ ဆန်မှုံ့ ၁ဆဖြစ်နေသည်..။ ဆန်မှုံ့လည်း ထပ်မ၀ယ်ချင်..။ ဖြစ်ချင်ရာဖြစ် ကောက်ညှင်းထုပ်ကိုဖောက်ကာ ဆား၊ ဆော်ဒါနဲ့နှယ်လိုက်သည်..။ ရေနည်းလို့ရေထပ်ထည့်..၊ ရေများသွားလို့ အမှုံ့ထပ်ထည့်..။ ရေထပ်ထည့်တော့ ပျော့သွားပြန်ပြီ..။ တော်ပြီ အမှုံ့ထပ်ထည့်ရင် တစ်ယောက်တည်းကုန်အောင် မစားနိုင်ဖြစ်နေမည်..။ ပျော့ပျော့ပဲ မုန့်လက်ကောက်လေးလို ကွေးသည်..။ ကွေးမရ..။ ဟား ဟား ဟား..။ ဆီထဲတစ်ခါတည်း ထည့်ရသည်..။ မုန့်လက်ကောက်မဟုတ်..၊ မုန့်ဂျိုးလိမ်မဟုတ်..။ ဘာမှန်းမသိသည့် ပုံသဏ္ဍာန်နှင့်..။

ပထမတစ်ဒယ်..။



မုန့်ကတော့ သေချာတယ် မကုန်ဘူး..။ ဒီတစ်ဒယ်ထဲကတော့ မ၀သေးဘူး..။ နောက်တစ်ဒယ်..။ မကုန်တဲ့မုန့်နှစ် တစ်ဒယ်စာလောက်ကိုရေခဲသေတ္တာထဲထည့်သိမ်းထားလိုက်တယ်..။ ထန်းလျက်မရှိတော့ သကြားနဲ့စားသည်..။ဘလော့တွေဖတ်ခြင်းကနေ မုန့်လက်ကောက်လက်ဖြစ်အိမ်ဖြစ်ကလေး စားရသည်..။ ကောင်းလေစွ ကောင်းလေစွ တကား..။



နေ့မြင်ညပျောက် သံဝေဂ....။



မစံပယ်ငှားနေသော အိမ်ဍ်အိမ်ပိုင်ရှင်မှာ အဘိုးကြီးနှင့်အသက်ကြီးကြီးသားအဖနှစ်ယောက်ဖြစ်ပါသည်..။ အဘိုးကြီးမှာ မနက်ပိုင်းတစ်ဝက် ဘလော့သုံးခုဍ်သန့်ရှင်းရေးလုပ်ပါသည်..။ အသက် ၇၈နှစ်ရှိပြီရှိပြီဆိုသော အဘိုးကြီးဖြစ်မှာ မနက်လေးနာရီလောက်ထကာ စက္ကူစုတ်၊ဘီယာခွံကောက်သေးသည်ဟု ဆိုပါသည်..။ ထောင်ထောင်မောင်းမောင်းနှင့် သန်သန်မာမာပုံကြီးမပေါက်သော်လည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ကိုင်နိုင်ဆဲအခြေအနေဖြစ်ပါသည်..။ မနက် ၆နာရီခန့်မှ သန့်ရှင်းရေးလုပ်ရာသို့သွားပါသည်..။ နေ့လည် ၁၂ ကျော်လျှင်အိမ်ပြန်လာပါပြီ..။ အလုပ်လုပ်ပြီး စားပြီးသောက်ပြီးမှပြန်လာသည်ဟု ဆိုပါသည်..။ အိမ်ရောက်လျှင်အခန်းထဲတန်းဝင်သွားကာ အနားယူသလား အိပ်သလားမသိပါ..။ နေ့လည်နှစ်နာရီကျော်လောက်မှ ထွက်လာကာ မီးဖိုချောင်ဝင်ကာ ထမင်းအိုးရေစိမ်ပါသည်..။ ထို့နောက်မှဟင်းချက်ဖို့ပြင်ပါသည်..။ သို့မဟုတ်ပါကလည်း စက်ဘီးဖြင့်နောက်တစ်ခေါက်ပြန်ထွက်ကာ ဈေးဝယ်သွားတတ်ပြန်ပါသည်..။ များများစားစားဝယ်တာမမြင်ပါ..။ တစ်ခါချက်ရုံ လိုသလောက်သာဝယ်လာတတ်ပါသည်..။ ထို့နောက် ချက်ပြုတ်စားသောက်ကာ ၄ နာရီကျော်လောက်ဆိုလျှင် အခန်းထဲပြန်ဝင်သွားပြီး မထွက်လာတော့ပါ..။ သူတို့အခန်းမှာလည်း ရေချိုးခန်း အိမ်သာရှိရာ အပြင်ထွက်ဖို့လည်း မလို..။ ထွက်လည်းမလာတော့ပါ..။ မစံပယ်ဒီအိမ်ကိုပြောင်းလာပြီး သတိထားမိသလောက် အဘိုးကြီးမှာနေ့တိုင်းအလုပ်မသွားသောရက် မရှိပါ..။ တစ်ရက်မှနားသည်မမြင်ပါ..။ စနေလည်းသွားပါသည်..။ တနင်္ဂနွေလည်း သွားပါသည်..။ အနေအေးသော ရိုးသားရောင့်ရဲသောဟု ကောက်ချက်ချရမည့် အဘိုးကြီးမျိုးဖြစ်ပါသည်..။

သူ့သားကတော့ အလုပ်ကခွင့်ယူထားသည်.၊ ပန်းနာရင်ကျပ်ဖြစ်သည်ဆိုကာ အိမ်မှာ တီဗီကြည့်နေသည်သာ တွေ့ရပါသည်..။ မနက်တိုင်းသွားတော့သွားသည်..။ အလုပ်သွားတာတော့မဟုတ်ပါ..။ ထမင်းဟင်းလည်း အဘိုးကြီးချက်ထားတာသာ စားသည်..။ အပြင်ကစားခဲ့ချင်လည်း စားခဲ့သည်ထင်ပါသည်..။ တီဗီသံအကျယ်ကြီးနှင့် တီဗီကြည့်နေတတ်ပါသည်..။ သို့ပေမယ့် သားအဖ တစ်ခန်းထဲအတူအိပ်ကြပါသည်..။ ပုံမှန်ပင် ဒီလိုပဲလည်ပတ်နေပါသည်...။

ပြီးခဲ့တဲ့ ၁၃ ရက်နေ့ တနင်္လာနေ့က မစံပယ်ဧည့်ခန်းမှာစာကြည့်နေတော့ သူ့သားအပြင်ကပြန်လာပါသည်..။ နေ့လည်၁၂ ကျော်ပြီ..။ ဒီအချိန်ပြန်လာနေကျ မစံပယ်က Grandpa ဟုခေါ်သော အဘိုးကြီးပြန်မလာသေးပါ..။ မစံပယ်စိတ်ထဲတော့ ဘာသိဘာသာ..။ သူ့သားကတော့ နာရီကြည့်ကာမျှော်နေသည်..။ မစံပယ်နားထဲ လူနာတင်ကားသံကြားလိုက်သည်..။ သို့သော် ဒီလိုပဲကြားနေကြဆိုတော့ ထူးပြီးအလေးမထားမိပါ..။ နေ့လည် ၂ နာရီကျော်ကျော်တွင် အိမ်ရှင်သားထံသို့ ဖုန်းလာသည်..။ တစ်ခြားတွင်နေသော သူ့အစ်ကိုကခေါ်သည်တဲ့..။ သူတို့အဖေ အမျိုးသားဆေးရုံကြီးမှာ တင်ထားရသည်..။ လဲကျလို့ဟု ဆိုသည်..။ အိမ်ပိုင်ရှင်သားဖြစ်သူ လိုက်သွားသည်..။

တော်တော်နှင့်ပေါ်မလာ..။ ညကြီးမိုးချုပ်မှပြန်ရောက်လာသည်..။ လဲကျကာ သတိလစ်နေသည်..။ စကားမပြောနိုင်..။ ဒီနေ့ညအခြေအနေကိုကြည့်ကာ မနက်ဖြန် ICU သို့ရွှေ့ချင်ရွှေ့မည်..။ နောက်နေ့ရောက်တော့ အိမ်ပိုင်ရှင်သား ဆေးရုံသွားသည်..။ တစ်နေကုန်ပြန်မလာ..။ ညနက်မှပြန်လာသည်..။ အခြေအနေမကောင်း၍ ICU မပြောင်းတော့..။ အသက်ရှင်ဖို့အလားအလာ ၁၀%သာ ရှိသည်ဟု ဆိုသည်..။ ဟမ်..။ ဟုတ်ပါ့မလား..။ တစ်နေ့ကအထိအကောင်းကြီးရှိသေးသည်..။ လက်ဆေးဗေစင်အကွဲကို အလုပ်သမားခေါ်ကာ ပြင်ခိုင်းနေသည်..။ အင်္ဂတေအအက်များကို ထုံးနှင့်ပြန်ဆက်ခိုင်းနေသေးသည်..။ ထုံးစံအတိုင်း ထမင်း၊ဟင်း ချက်နေသေးသည်..။ ဘယ်လိုဖြစ်တာလဲ..။ ၁၀%ဆိုတာ မှားများမှားရော့သလား..။ အမေတို့ကိုဖုန်းဆက်ပြောမိသည်..။ သူတို့လည်း စိတ်မကောင်းကြ..။

အိမ်ပိုင်ရှင့်သားမှာ အခန်းထဲနားနေပြီး ဗိုက်ဆာမှထွက်လာ စားသောက်နေပါသည်..။ တစ်ညလုံးအိပ်တော့သည် မထင်ပါ..။ တဂျိမ်းဂျိမ်းတဂျောင်းဂျောင်းနှင့် ဘာတွေလုပ်နေသလဲ မသိရပါ..။ မနက်ခင်း ၅နာရီလောက်တွင် ဖုန်းပြောသံကြားလိုက်သည်..။ အဘိုးကြီး ဆုံးလို့လှမ်းဖုန်းဆက်တာလို့ သိလိုက်ရသည်..။ မနက် ၆ နာရီ ၇ နာရီ အိမ်ဘေးမှဘွားတော်ကြီး ဆူညံဆူညံစကားတွေပြောနေသည်..။ ဘာတွေမှန်းမသိ..။ ၇ နာရီထိုးအိပ်ယာထတော့ အိမ်ပိုင်ရှင့်သားကပြောသည်..။ Grandpa ဆုံးပြီဟု..။ မြန်လိုက်တာ..။ နေ့မြင်ညပျောက်..။

မစံပယ်မှာလည်း မိမိလုပ်စရာရှိတာကို လုပ်နေရသေးသည်..။ အသုဘအခမ်းအနားကို မစံပယ်တို့တိုက်အောက်မှာမလုပ်..။ ဟိုဘက်ကတိုက်အောက်မှာ သွားလုပ်သည်..။ သားသမီးသုံးယောက်ရှိသည် ဆို၏..။ အဘိုးကြီး၏တစ်ခြားတွင်နေသောသားဖြစ်သူနှင့် သမီးဖြစ်သူတစ်ခါမှအိမ်လာသည်ကို မမြင်ဘူးပါ..။ အဘိုးကြီးလဲကျသည့်နေ့ကမေးတော့ အဘိုးကြီးနှင့်တည့်လျှင် လာသည်..။ မတည့်လျှင် မလာဟုဆိုသည်..။ မစံပယ်တို့ပြောင်းလာပြီးမှ တစ်ခါမှလာသည်မမြင်မိ..။ အသုဘကိုတော့ အစ်ကိုအကြီးဆုံးက ကြီးကြပ်သည်..။ အိမ်ပိုင်ရှင်သားက အငယ်ဆုံးဆို၏..။ အစ်ကိုကြီးခိုင်းတာ လုပ်ရသည်..။ ဆေးရုံမှပြန်သယ်လာသော ဆုံးသည့်နေ့တစ်ရက်..၊ နောက်ရက်တစ်ရက်..၊ တတိယရက်ဖြစ်သော ဒီနေ့တွင်မှအလောင်းကိုမီးရှို့သည်..။ ပြာကိုဘုန်းကြီးကျောင်းသွားကာ ဘာလုပ်ရသည်လဲမသိပါ..။

အိမ်ပိုင်ရှင်၏သားမှာ ကြိုသိနေသလို၊ ကြိုမျှော်လင့်ထားသလို သိပ်တုန်လှုပ်နေပုံမရှိပါ..။ အသုဘအတွင်း ဖယောင်းမီးမပြတ်အောင်ထွန်းပေးရ၍ မအိပ်ရ၍သာ ပင်ပန်းနေပါသည်..။သူဘာသာရပ်တည်နိုင်၍လည်းဖြစ်မည်..။ သူလည်း သိပ်အဆင်ပြေကြီးရှိဟန် မတူပါ..။ အဖေကိုပင်လာမပြုစုဘူးသော အစ်ကိုကြီးအစ်မကြီးများထံမှ ဂရုစိုက်မှုကိုလည်း ရလိမ့်မည်မထင်ပါ..။ အိမ်ပိုင်ရှင့်သားဖြစ်သူမှာ အသက်ကြီးလာမှ အခက်အခဲနှင့်ရင်ဆိုင်ရမည်ထင်ပါသည်..။ သို့ပေသိ သူတို့နိုင်ငံသဘာဝတွေကို နားမလည်ပါ..။ လူအိုရုံတို့ဘာတို့လည်း ရှိပါသည်..။ သူတို့ဘာသာ ကြံဖန်ရုန်းသွားပါလိမ့်မည်..။ စိတ်ကတော့ သူများအပူ ကိုယ့်အပူဖြစ်နေမိပါသည်..။

လူ့ရွာခဏလာကြတာ..။ အခုပဲအကောင်းကြီးကနေ အခုပဲ ကိုယ့်ဘ၀ထဲကနေထွက်သွားလိုက်တာ.. ခဏပဲကြာလိုက်ပါလား..။ ထင်မထားသေးတာတွေလည်း ဖြစ်တတ်ပါလားလို့ နောက်တစ်ကြိမ် သံဝေဂရရပြန်ပါတယ်..။

စိတ်တိုလာလျှင် ဘာလုပ်တတ်သနည်း..။



မစံပယ်စိတ်တိုလာလျှင် အော်ငေါက်တတ်လေ့ရှိလေ့ပါသည်..။

ဘယ်သူတွေကို အများဆုံးအော်ငေါက်တတ်သနည်း..။
အများဆုံးကတော့ အမေဖြစ်သည်..။ ပြီးတော့ အစ်မနှင့်တူဖြစ်သည်..။

ဘာ့ကြောင့်အော်ငေါက်စိတ်တိုတတ်သနည်း..။
ဒေါသဖြစ်သည်..။ မစံပယ် ဒေါသကြီးတတ်သည်..။ အော်ငေါက်လိုက်ရမှ စိတ်တိုတာ ရပ်သွားသည်..။ ပြီးတော့ အော်ငေါက်မိသည့်အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားနေခဲ့ရသည်..။

ဘာ့ကြောင့် အမေ့ကို အော်ငေါက်တာလဲ..။
အဓိကခိုင်လုံသော အကြောင်းပြချက်သည် မစံပယ့်အမေသည် မစံပယ်ကို ချိုချိုချဉ်ချဉ် ခွင့်လွှတ်တတ်သူဖြစ်သည်..။ မစံပယ်လုပ်ချင်ရာကို ဖြည့်ဆည်းပေးချင်သူဖြစ်သည်..။ မစံပယ်စိတ်ကို အလုံးစုံနားလည်သည်မဟုတ်သော်လည်း လုံးဝသည်းခံ လိုက်လျော ဖြည့်ဆည်းပေးချင်သူဖြစ်သည်..။

ဘာလို့ မစံပယ်အမေကို မစံပယ်အော်ငေါက်တတ်တာလဲ..။
မစံပယ်အတွက်အမေသည် လောကတွင်အရင်းနှီးဆုံးဖြစ်သည်..။ အမေ့လောက်ရင်းနှီးသူ ဤလောကတွင်မရှိ..။ မစံပယ်၏ အကောင်းအဆိုး အားလုံးကိုလက်ခံသူဟု မစံပယ်စိတ်ချယုံကြည်သောကြောင့် မစံပယ်၏ စိတ်ရင်းအတိုင်း အမေကိုဆက်ဆံခြင်းဖြစ်သည်..။ မစံပယ်မှာ စိတ်ထဲရှိသည့်အတိုင်း အရင်းအတိုင်းပြောရမှ ကျေနပ်တတ်သူဖြစ်ရာ အမေတို့နှင့်ဆက်ဆံရာတွင် စိတ်ရင်းအတိုင်း ဒေါသအလျောက်၊ မောဟအလျောက်၊ လောဘအလျောက် စိတ်ထဲရှိသည့်အတိုင်း ပြောဆိုဆက်ဆံမိရာ ဆက်ဆံမိသည့်အကြိမ်တိုင်း မစံပယ် စိတ်ထိခိုက်ရပါသည်..။ အထူးသဖြင့် ယနေ့လိုအမေနှင့်ခွဲရကာစ မစံပယ်စိတ်ထဲတွင် ဟာတာတာငိုချင်ဝမ်းနည်းမိသည်မှာ ဘယ်အခါနှင့်မှ မတူပါ..။ ထိုအထဲတွင် ခရီးလမ်းပမ်း အဖုအထစ်ကြုံရသေးရာ မစံပယ်မှာ ပို၍ပင် ငိုချင်နေမိပါသည်..။ အခန်းသို့ပြန်ရောက်သောအခါတွင်လည်း ဟာတာတာ ၀မ်းပန်းတနည်းနှင့် အော်ဟစ်၍သာ ငိုချင်နေမိပါသည်..။

တစ်ခြားလူတွေကိုရော အော်ငေါက်တတ်သလား..။
လူသိပ်မရင်းလျှင်တော့ မစံပယ်ဒေါသမထွက်တတ်ပါ..။ စိတ်သဘောထားမတိုက်ဆိုင်လျှင်လည်း ဒီတိုင်းသာနေလိုက်တာသာ ဖြစ်သည်..။ လူရင်းဆိုလျှင်တော့ မစံပယ်ဒေါသတွေကို ထိုသူတွေအပေါ် ဖောက်ခွဲမိတတ်သည်...။ အထူးသဖြင့်တော့ မစံပယ် အမေ၊ အစ်မနှင့် မစံပယ်တူများ..၊ ထို့နောက် တစ်ယောက်သောသူ..၊ မစံပယ်ကို ခွင့်လွှတ်မည်ဟု စိတ်ချယုံကြည်မိသူများအပေါ်တွင် မစံပယ့်ဒေါသဖောက်ခွဲတတ်လေ့ရှိပါသည်..။

ဒေါသသည်ဘာနှင့်တူသနည်း..။
ဒေါသသည် သံမီးခဲနှင့်တူသည်..။ အရင်ဆုံးမိမိကိုယ်ကို လောင်မြိုက်ရသည်..။ ထို့နောက်မှသူတစ်ပါးကိုပါ ပစ်ပေါက်မိပြန်သည်..။ သူတစ်ပါးလည်း မိမိဒေါသကြောင့် အချောင်နာကျဉ်ရသည်..။ မိမိဒေါသပြေလျော့သွားသည့်အခါ သူတစ်ပါးနှင့်ဆက်ဆံရေးသည် ပုံမှန်ကျန်ခဲ့ဖို့ ခဲယဉ်းပါသည်..။ ဆက်ဆံရေးသည် မိမိဒေါသလျောက် ပျက်ပြားပြီးသားဖြစ်သွားသည်မှာ အကြိမ်ကြိမ်ဖြစ်သည်..။

ဒေါသဖြစ်ပြီးနောက် မည်သို့ခံစားရသနည်း..။
အမေ့ကိုဒေါသအလျောက် အော်ဟစ်ပြောဆိုမိပြီးသည့်အခါ ၀မ်းနည်းမှု၊ ယူကျုံးမရမှု များစွာခံစားကျန်ရစ်သည်..။ ဘာလို့ ဒီလောက်ကျေးဇူးကြီးမားသော အမေကိုအော်ငေါက်မိသနည်း..။ ဒေါသမရှိသည့်အခါ ဒီအမှားကိုကောင်းကောင်းမြင်သည်..။ ဒေါသထွက်လာသည့်အခါ ဆင်ခြင်တုံတရားသည် ဘယ်နားဆီမှာ မသိပါ..။

တော်ပြီ..။ မရေးတတ်တော့ပါ..။ လတ်တလောမစံပယ်စိတ်ထဲမှာ ၀မ်းနည်းမှု၊ စိတ်မကောင်းမှုများစွာ..။ ငိုချင်နေမိသည် အမှန်ပါ..။