ရင့်ကျက်သောစိတ်..။ (အပိုင်း ၂)

ပြဌာန်းခံဝါဒ( Determinism) ဆိုတဲ့ အယူအဆတရပ် ရှိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အကြောင်းတရားရဲ့ စီရင်ပြဌာန်းမှုကို ခံနေရသူများ ဖြစ်တယ်လို့ သည်အယူအဆက ခံယူထားပါတယ်။

ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက် မိသားစုက ဖန်တီးလိုက်တာ ဖြစ်တယ်၊ ရာဇ၀တ်သားဆိုတာ ပတ်ဝန်းကျင်မကောင်းလို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်၊ စသည်ဖြင့် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှအတွက် ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတဲ့ ၀ါဒ ဖြစ်ပါတယ်။

သည်အယူအဆကို မျက်စိပိတ်လက်ခံလိုက်ရင် နောက်ဆုံးတော့ လူဟာ လည်စင်းခံရတဲ့ ယာဇ်ကောင်လို ဘ၀မျိုးကို ရောက်ရတော့တာပါပဲ။ ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ်စနစ်တို့ အာဏာရှင်စနစ်တို့ရဲ့ အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒပဲ ဖြစ်ပါတယ်။

ပြဌာန်းခံဝါဒရဲ့ လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ အတွက် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲ ပစ်ရပါမယ်။ လူဟာ ပတ်ဝန်းကျင်ပြုသမျှ နုရမယ့်သူမျိုး မဟုတ်၊ ကိုယ့်ဘ၀ကို ကိုယ်လိုသလို ပြုပြင်ဖန်တီးနိုင်သူသာ ဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးနိုင်တဲ့သူ ဖြစ်တယ်၊ စသဖြင့် ကိုယ့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ လိုပါတယ်။

သည်အမြင်က ဗုဒ္ဓဘာသာဝင်တွေ ကိုင်စွဲရမယ့် အမြင်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးပန်းတိုင်ဟာ လွတ်မြောက်မှု ဖြစ်ပါတယ်။ လွတ်မြောက်တဲ့ လူသား တယောက် အဖြစ် ရှင်သန်နိုင်ရေး ဖြစ်ပါတယ်။ လွတ်မြောက်မှုဆိုတာက ကိုယ်ကိုယ်ကိုယ် ပိုင်စိုးခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်း၊ အမှီအခို ကင်းရှင်းခြင်း၊ အစွဲအလန်းအနှောင်အဖွဲ့မှ ကင်းလွတ်ခြင်း၊ လွတ်မြောက်ခြင်း စတဲ့ ဂုဏ်ရည်တွေဟာ ဖြစ်တည်မှုတခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။ သည်ဂုဏ်ရည်အနှစ်သာရများဟာ ပြဌာန်းခံဝါဒကို ဆန့်ကျင်တဲ့ အမြင်မှာ မြစ်ဖျားခံပါတယ်။

ပြဌာန်းခံဝါဒရဲ့အောက်မှာ နှစ်ပေါင်းများစွာ ရပ်တည်နေရတဲ့ လူသားမျိုးနွယ်တွေ အနေနဲ့  ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးခြင်းဆိုတာ ဘယ်လိုမှ စိတ်ကူးလို့ မရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းတဲ့အခါတုန်းက တချို့ ကျေးကျွန်တွေဟာ ၀မ်းပမ်းတနည်း ကြေကွဲခဲ့ကြတယ်လို့  ဆိုပါတယ်။ သူတို့ ဟာ အရှင်သခင်နဲ့  ကင်းလွတ်ပြီး မနေချင်ကြပါဘူး။ ဒါကြောင့် ကျေးကျွန်အဖြစ်က မလွတ်မြောက်ချင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးတဲ့ ဘ၀ကို မလိုချင်ကြပါဘူး။ လွတ်မြောက်တဲ့ဘ၀မှာ အရှင်သခင် မရှိဘဲ ကိုယ့်တာဝန် ကိုယ်ယူရမယ့် အခြေအနေကို ရင်မဆိုင်လိုကြပါဘူး။

"လွတ်လပ်ခြင်း ဆို တာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူခြင်းနဲ့  အတူတူ ဖြစ်တယ်။ ဒါကြောင့် လူတွေက လွတ်လပ်မှု ကို ကြောက်ကြတယ်" လို့  စာရေးဆရာကြီး ဘားနတ်ရှောက ပြောဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရမှာ ကြောက်တဲ့အတွက် ပြဌာန်းခံဝါဒကို ထွေးပိုက်ရင်း ကျေးကျွန် ဘ၀မှာ နစ်မွန်းနေတတ်တဲ့အကြောင်းကို စိတ်ပညာရှင် အဲရစ်ဖရွမ်း (Eric Fromm) က လွတ်လပ်မှုမှ ထွက်ပြေးခြင်း (Escape from Freedom) " လို့ အမည်ပေးထားတဲ့ စာအုပ်မှာ အကျယ်တ၀န်း ရေးသားတင်ပြထားပါတယ်။

ကျေးပိုင်ကျွန်ပိုင် ပဒေသရာဇ် စနစ်မှ နာဇီဝါဒအထိ လူလူချင်း အနိုင်ကျင့်နှိပ်စက်တာတွေ၊ ညှဉ်းပမ်းသတ်ဖြတ်တာတွေဟာ ပြဌာန်းခံဝါဒ မှာ မြစ်ဖျားခံတယ်လို့  သူက ဆိုပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ယွန်းပေါဆတ် ကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူရဲသူတွေကို မရိုးသားသူတွေလို့ ကင်ပွန်းတပ်ပါတယ်။

လူ့ ဘောင်လောကကြီး ရင့်ကျက်လာတာနဲ့ အမျှ လူသားတွေဟာလည်း ကျေးတော်မျိုး ကျွန်တော်မျိုး အဆင့်ကနေ လွတ်လပ်တဲ့လူသားများ အဆင့်ကို တက်လှမ်းလာနေပြီ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ ဘ၀ဖြစ်စဉ်ဟာလည်း အလားတူ ဖြစ်ရပါမယ်။ မွေးဖွားကာစ အရွယ်မှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ရပေမယ့် ကြီးပြင်းလာတာနဲအမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး နိုင်တဲ့ လွတ်လပ်လူသားများ ဖြစ်လာရပါမယ်။

ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်သူဖြစ်တယ်လို့  ရင့်ကျက်သောစိတ် အကြောင်း ရေးသားတဲ့ ဆရာကြီး အိုဗာစထရိက ဆိုပါတယ်။ လူသားဟာ ဘယ်လို တာဝန်မှ မရှိဘဲ မွေးဖွားခဲ့တာ ဖြစ်ပြီး လူ့ လောကကြီး အတွင်း ၀င်ရောက်လာရဖို့  သူ့ဖာသာသူ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်တွေကို တိုးတိုးပြီး ယူလာ ရမှာဖြစ်တယ်လို့  ဆိုပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ လူတယောက်က သူလူဖြစ် လာရတာဟာ သူ့တောင်းဆိုချက်ကြောင့် ဖြစ်လာရတာ မဟုတ်တဲ့အတွက်ကြောင့် သူ့ဘ၀အတွက် ဘာမှ တာဝန်မယူနိုင်ပါဘူးလို့  ဆင်ခြေပေးနေရင်တော့ အဲသည်သူကို မရင့်ကျက် သူလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အကြောင်း ဆရာကြီး အိုဗာစထရိက ပြောပါတယ်။ တာဝန် ကွင်းဆက်ကို ခိုင်မာစေဖို့ အတွက် ဖြည့်ဆည်းရမယ့် အချက်သုံးချက် ရှိတယ်လို့ သူက ဆိုပါတယ်။

- ပထမအချက်မှာ မိမိဧ၊၊် လူသားကဏ္ဍကို လက်ခံရန်ဖြစ်သည်။ လူဖြစ်ဖို့  မတောင်းဆိုရပါဘဲလျက် လူဖြစ်လာရပါသည် ဟူသော သိမ်ဖျင်းသည့် ဆင်ခြေမျိုးကို ပေးလျှင် အလားတူ ဆင်ခြေမျိုးကို တခြားသူအားလုံးကလည်း ပေးနိုင်သည် ဆိုသောအချက်ကို သူ မေ့ပြီး ပြောနေခြင်းသာ ဖြစ်သည်။ သူ့ဘ၀အတွက် တာဝန်ကို တခြားသူတွေက ယူရမည်ဆိုလျှင် သူ့ကို မွေးထုတ်ခဲ့သူတို့ကလည်း အလားတူဆင်ခြေမျိုးပေးပြီး တာဝန်ကို ရှောင်လွှဲနိုင်ပါသည်။

စင်စစ် လူ့ လောကအတွက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နေကြသူတို့ သည်လည်း လူအဖြစ် ရရောက်ရေးကို တောင်းဆိုခဲ့ကြသူများ မဟုတ်ပါ။ ရင့်ကျက်မှုအတွက် တဖြည်းဖြည်း တိုးမြှင့်လက်ခံရမယ့် အချက်တချက်မှာ လူသားတယောက်ဧ။် အတွေ့အကြုံကို လူသား အားလုံးက မျှဝေခံစားရသည် ဟူသော အချက် ဖြစ်သည်။ တိုးတက်မှုကို ဖြစ်စေ ဆုတ်ယုတ်မှုကို ဖြစ်စေ လူသားအားလုံးက မျှဝေခံစားရသည်ဟူသောအချက်ကို မြင်ရန်လိုသည်။ လူသားတယောက်က လူသားမျိုးနွယ်စုကြီးနှင့် မဆက်စပ်ဘဲ ကိုယ့်ကိုယ်ကိုယ် သီးခြားလို မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်ပေသည်။

- ဒုတိယအချက်မှာ ကိုယ်လုပ်ရမည့်အလုပ်ကို သိရှိရန် ဖြစ်သည်။ ကိုယ်တာဝန်ယူထား ရသည့်အလုပ်ကို မသိသေးသရွေ့ ၊ တာဝန်ယူထားရသည့်အလုပ်ကို စိတ်ပါလက်ပါ မထမ်း ဆောင်သေးသရွေ့ ၊ ယင်းအလုပ်ကို လေးလေးနက်နက် တန်ဖိုးမထားသေးသရွေ့  ထိုသူသည် ရင့်ကျက်မှု မရှိသေးသူသာ ဖြစ်သည်။

ဥပမာ ပြရလျှင် အမျိုးသားတယောက်သည် အိမ်ထောင်ပြုပြီးသည့်နောက်တွင် မိန်းမဖြစ်သူဧ။် အပြုအစု ကိုသာ ခံယူလိုပြီး မိသားစု စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေရခြင်းကို ခိုင်းနွား တကောင်ဧ။် အလုပ် အဖြစ်သာ မြင်နေလျှင် ရင့်ကျက်မှု မရှိသူသာ ဖြစ်သည်။

အမျိုးသမီးတယောက် သည်လည်း အိမ်ထောင်ရေးဧ။် အကျိုးကျေးဇူးကို ခံစားနေပါလျက် အိမ်မှုကိစ္စကိုမလုပ်ချင်၊ သားသမီးကို ကျွေးမွေးစောင့်ရှောက်မှု မလုပ်လိုလျှင် မရင့်ကျက်သူသာ ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်ထံမှရသည့် အကျိုးကျေးဇူးနှင့် ဂုဏ်သိက္ခာကို ခံစားလိုသော်လည်း အလုပ်ကို အပင်ပန်းခံပြီး မလုပ်လိုသူသည် မရင့်ကျက်သူသာ ဖြစ်သည်။

- တတိယအချက်မှာ ကိုယ်လုပ်သည့်အလုပ်ကို စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်သည်။ ကလေးသည် မည်သည့်အလုပ်ကိုမှ စနစ်တကျ မလုပ်တတ်။ အကြောင်း နှင့် အကျိုး ဆက်စပ်နေပုံကို မတွက်ချက်တတ်သေးသည့်အတွက် ဘာလုပ်လျှင် ဘာဖြစ်မည်ကို မသိ။ ထိုကြောင့် ရည်ရွယ်ချက်တခုဖြင့် စီမံကိန်းချပြီး လုပ်နိုင်စွမ်း မရှိသေး။ " လေပွေရူးနှယ် ကလေးငယ်" ဆိုသော စကားကဲ့သို့ ပင် ကလေးငယ်တယောက်ဧ။် စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်နေတတ်သည်။ အချို့ သူများသည်လည်း အသက်ကြီးပါလျက် စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ တွေးခေါ်စဉ်းစားတတ်ခြင်း မရှိဘဲ ကလေးငယ်ကဲ့သို့  ဖြစ်နေတတ်သည်။ ထိုသူများကား မရင့်ကျက်သေးသည့် ကလေးကြီးများ ဖြစ်ပေသည်။

- ကလေးကြီးတချို့ကား အာရုံထွေပြားလှသည်။ သူတို့ စိတ်သည် ဘာကိုမှ စူးစိုက်နိုင်ခြင်း မရှိ။ သစ်ကိုင်းတကိုင်းမှ နောက်တကိုင်းသို့  မပြတ်တမ်းကူးနေသော မျောက် တကောင် ကဲ့သို့  သူတို့ စိတ်က အစဉ်ပြောင်းလဲနေသည်။ စကားပြောလျှင်လည်း ဦးတည်ချက် တခုကို အဓိကထားပြီး မပြောတတ်။ ဟိုရောက်လိုက် သည်ရောက်လိုက် ဦးတည်ချက်တွေ များလွန်းနေရာ နောက်ဆုံးတော့ ဘယ်ကိုမှ မရောက်တော့။ သူတို့ အတွက် ဘ၀သည် ဆုပ်ကိုင် မရနိုင်သော အရာ ဖြစ်နေသည်။ ဘ၀ကို ပိုင်စိုးနိုင်ဖို့  ပျာယာခတ် ကြိုးပမ်းသော်လည်း သမာဓိမရှိသည့် ထိုကလေးကြီးများအတွက် ဘ၀ဟူသည် ဖမ်းမရ နိုင်သော ငါးရှဉ့် တကောင် ဖြစ်နေသည်။

- ကလေးကြီးတချို့ ကတော့ အာရုံမထွေပြားစေကာမူ အလုပ်ကို သေသေသပ်သပ် မလုပ်တတ်ဘဲ ပလုံးပထွေး ဖြစ်နေသည်။ ထို့ ကြောင့် ရည်ရွယ်ချက်ကောင်းပြီး ဇွဲလုံ့လ ရှိသော်လည်း ကြောင်းကျိုးဆင်ခြင်ဥာဏ် ခေါင်းပါးလေရာ လုပ်သမျှကိုင်သမျှသည် အမှားအယွင်း အချွတ်အချော်နှင့်သာ ပြည့်နေတော့သည်။

ကလေးကြီးတချို့ကတော့ ကိုယ့်အမှားကို တာဝန်မယူဘဲ ဆင်ခြေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်ခွင့် ပေးနေတတ်သည်။ အချိန်နောက်ကျခြင်းကို ခွင့်လွှတ်ရန်အတွက် သူတို့တွင် နောက်ကျသော နာရီတလုံး အမြဲ ရှိနေသည်။ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုနှင့် အမြဲ တိုးနေတတ်သည်။ သို့မဟုတ် အိမ်မှထွက်ကာနီးတွင် စကားကြောရှည်သော မိတ်ဆွေ တယောက်နှင့် အမြဲ တွေ့နေတတ်သည်။ သို့မဟုတ်လျှင်လည်း ကိုယ့်ကိုယ်ကိုယ် ထူးခြားသော လူတယောက်ကဲ့သို့ ခံယူနေတတ်သည်။ ပါရမီရှင်ဆိုသည်မှာ အချိန်ကို ဂရုမစိုက်တတ်သူ ဖြစ်သည်ဟူသော အယူအဆမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နေချင်သည်။

အထက်က ဖော်ပြချက်များဟာ ဆရာကြီး အိုဗာစထရိရဲ့ ယူဆချက်များဖြစ်ပါတယ်။ ရင့်ကျက်တဲ့ လူတယောက်ဟာ တာဝန်သိရမယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားတာတွေပါ။ ကလေးငယ်ဘ၀မှာ တာဝန်ဆိုတာကို မသိနားမလည်ပေမယ့် ရင့်ကျက်တဲ့သူ ဆိုတာကတော့ ကိုယ့်တကိုယ်တည်းအတွက် တာဝန်ကိုသာမက လူ့လောကအတွက်ပါ တာဝန်ယူတတ်သူ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။

ဒါပေမယ့် တာဝန်ယူတတ်သူအဖြစ်ကို အလိုအလျောက် ရောက်မှာ မဟုတ်ဘူး၊ ရောက်ရှိဖို့အတွက် ကြိုးပမ်းအားထုတ်ရမယ်၊ သည်လို ကြိုးပမ်းအားထုတ်နိုင်ဖို့ အတွက် ကိုယ့်မှာ ရှိတဲ့ အကျင့်စွဲတွေ အသိစွဲတွေကို ဖြတ်ကျော်ဖို့  လိုတဲ့အကြောင်း သည်လို ဆက်ပြောပါတယ်။

တာဝန်မသိမှုမှ တာဝန်သိမှုဆီသို့ လျှောက်လှမ်းရသောဘ၀သည် ဘေးအန္တရာယ်တို့နှင့် ပြည့်နေသည်။ ကလေးငယ်ဘ၀တွင် လုံခြုံရေးပြဿနာကိုလည်းကောင်း၊ အရေးပါ အရာရောက်အောင် လုပ်ရသည့် ပြဿနာကိုလည်းကောင်း ရင်ဆိုင်ရသည်။ သို့သော် မိမိ လိုချင်သည့်အရာကို ရအောင် ကြိုးပမ်းရန်အတွက် စွမ်းရည် စွမ်းအား လုံလုံလောက်လောက် မရှိသေးသဖြင့် တစုံတယောက်ကို အားကိုးမှီခိုနေရသည်။ ယင်းသို့  မှီခို နေရစဉ်အတွင်း "အောင်မြင်စွာ မှီခိုတတ်သော အကျင့်" ကို ခိုင်မာအောင် လုပ်မိလာတတ်သည်။ ထိုသို့ လုပ်မိလျှင် တာဝန်ယူတတ်သည့်စိတ်သည် မဖွံ့ဖြိုးလာတော့။ ယင်းမှာ ပထမ အန္တရာယ်ဖြစ်သည်။

ဒုတိယအန္တရာယ်မှာ သူတပါးကို မှီခိုရင်း သိမ်ငယ်စိတ် ၀င်သွားတတ်သည့်အချက် ဖြစ်သည်။ မှီခိုခြင်းကင်းပြီး လွတ်လပ်သည့်ဘ၀သို့  ဦးတည်သည့် စိတ်ဆန္ဒနေရာတွင် အညံ့ခံ အရှုံးပေးတတ်သည့် ကျွန်စိတ်က အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ခံပြင်းစိတ်ကြောင့် ဘယ်အရာကိုမဆို မှုန်ဆန်ပုန်ကန်တတ်သည့် စိတ် ၀င်လာတတ်သည်။

အရွယ်ရောက်သူတွေရဲ့ တာဝန်မဲ့အပြုအမူများရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့  ဆရာကြီး အိုဗာစထရိက ယူဆပါတယ်။ ကလေးငယ်ဘ၀မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့  ထိန်းချုပ်ခံခဲ့ရတာမျိုး၊ မှီခိုအားထားတတ်တဲ့ အကျင့်နဲ့ နေထိုင်ရင်း ကယ်တင်ရှင်ကိုပဲ မျှော်လင့်နေတတ်တာမျိုး ၊ သည်လို အကျင့်မှား အသိမှားတွေက မသိစိတ်ထဲမှာ ကိန်းအောင်းသွားတာကြောင့် တာဝန်မယူတတ်တော့တာလို့ သူက ကောက်ချက်ချပါတယ်။

ဘာပဲဖြစ်ဖြစ် လူဟာ အမှီအခိုကင်းတဲ့ ဘ၀ကို ရောက်ဖို့  ကိုယ့်ဖာသာ ကြိုးပမ်းအားထုတ်ရမှာပဲလို့  ဆရာကြီးက ဆိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့ စိတ်တွေဟာ အလိုအလျောက် မဖြစ်လာတတ်ဘူး၊ ကိုယ့်ဖာသာ လေ့ကျင့်အားထုတ်ရလိမ့်မယ်၊ လူသားဟာ ရင့်ကျက်သူအဖြစ်ကို ရရောက်ဖို့  တာဝန်ယူခြင်း ကွင်းဆက်ကို ခိုင်မာအောင် လုပ်ရမယ်၊ တာဝန်ယူခြင်းကွင်းဆက် ချို့တဲ့အားနည်းရင် အချောင်သမား အဖြစ်ပဲ ရပ်တည်နေရလိမ့်မယ်လို့  သူက သတိပေးထားပါတယ်။ ။





ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet

မောင်သာမည

(ရင့်ကျက်မှုအတွက် ကွင်းဆက်များ -၂၀၀၃ စာအုပ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါ သည်။)


Credit to http://myanmarinsingapore.com/

ရင့်ကျက်သောစိတ်..။ (အပိုင်း ၁)

လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ

ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။

လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြတာပါ။

လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။

အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။

"နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး" လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါးနေရတာကို ဆိုလိုချင် ပုံရပါတယ်။

"အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်" လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  "ရင့်ကျက်မှု" ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန်နည်းပါးနေပါသေးတယ်။

နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။

ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။

ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။

သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။ ။



အသိပညာကွင်းဆက်

လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ

သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။



- လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။ ----



ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊ ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊ အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို ရှင်းပြပါတယ်။

- ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍ မရနိုင်ပါ။



- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင် သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည် နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။ ----



သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။ လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။ ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်

လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။

- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင် မရင့်ကျက်သူ ဖြစ်သည်။



- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့ ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။ - - -

လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။

- လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။



- ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး

ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။------

ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့ နောက်မှာ " အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။

- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ် ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။



- ပုံစံပြရလျှင် ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။

- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။ ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။ ။

Credit to http://myanmarinsingapore.com/

စက်တင်ဘာ ၁၈

နေ့တစ်နေ့ကုန်ကာသွား၏..။ Assignmentတစ်ခုကလည်း မပြီးသေး..။ လက်စသတ်ရန်လိုသေးသည်..။ ကျန်တဲ့သူတွေလုပ်နေတဲ့နောက်တစ်ခုကလည်းမပြီးသေး..။ သူတို့ပြီးအောင်လုပ် မလုပ်အားကြသေးပေ..။

မုန့်ဟင်းခါးတော့ တစ်ခါချက်ဘူးသွားပြီ..။ အကောင်းကြီးမဟုတ်သော်လည်း စားဖြစ်ရုံထက်တော့ ပိုပါသည်..။ ဘာကြောင့်မှန်းမသိ..။ စားလိုက်တာနှင့် အီနေတာကို ခံစားရသည်..။ ဟင်းရည်ချက်သည့်အခါတွင်မတော့ ဆီမထည့်ပါ..။ သို့သော်အီကာနေ၏..။ ဟင်းရည်မှာလည်း ပျစ်လွန်းနေသည်..။ အကောင်းလွန်ကာသွားသည်..။

အဆိုင်းမင့်ကိုပြီးဆုံးအောင်ဘာလုပ်ရမလဲဆိုသည့် လမ်းစရခဲ့သည်..။ လုပ်ဖို့ပဲကျန်တော့သည်..။ မုန့်ဟင်းခါးချက်ဘူးသွားပြီ..။ မကောင်းသေးသော်လည်း နောက်တစ်ခါဘယ်လိုချက်ရမလဲဆိုတာ သိသွားပြီ..။ နေ့တစ်နေ့ကုန်ကာသွား၏..။ အကျိုးအမြတ်ကားဘာမှမရှိဟု ခံစားရသည်..။ သို့သော်မလုပ်ဘူးသေးတာတစ်ခု လုပ်ဘူးသွားတာ အမြတ်ဟုကြံဖန်ဖြေသိမ့်လျှင်ရသော်လည်း အစားအသောက်နှင့် စားကာသောက်ကာနှင့် အချိန်ကုန်၍နေနိုင်သေးသော ဘ၀မဟုတ်သေးသောကြောင့် ကြံဖန်ဖြေသော်လည်း အတွေးကမပျောက်နိုင်ပါ..။

အနံ့ Sensitive..။

မစံပယ်ငယ်စဉ်က မစံပယ်တို့အညာဘက် ဆောင်းရာသီသည် ပြောစမှတ်ပြုအောင် ချမ်းလှပါသည်..။ နွေနှင့်ဆောင်း အပူချိန်ကွာခြားချက်ကြီးလှသည်..။ နွေဍ္ဍ်အပူချိန် ၄၃ ဒီဂရီထိရှိတတ်သည်..။ ဆောင်းဍ္ဍ်အပူချိန်ဒီဂရီ ၁၈ လောက်ထိကျသည်..။ ထို့ကြောင့် မစံပယ်တို့အညာတွင် ပူသည့်အချိန်သာများနေရာ အေးသည့်အချိန်တွင် အအေးမခံနိုင်ကြပါ..။ မစံပယ်တို့အမေသည်ဆောင်းတွင်းရောက်တိုင်း ထင်းမီးဖိုကာ လှူံပါတော့သည်..။ အေးနေတုံးမိုးရွာလျှင် မစံပယ်အလွန်စိတ်ပျက်တတ်ပါသည်..။ အေးရသည့်အထဲ မိုးကရွာလိုက်သေးရာ မစံပယ်တို့ထိုအချိန်ကို ဘယ်လိုစိတ်ပျက်မှန်းမသိပါ..။ တန်ဆောင်မုန်းလများတွင် တစ်နှစ်တစ်လေဍ္ဍ်ထိုသို့ဖြစ်တတ်ပါသည်..။

မစံပယ်ငယ်စဉ်က (၆ တန်း ၇ တန်းလား..၊ ၈ တန်း ၉ တန်းလား မမှတ်မိပါ..။) ဆောင်းတွင်းကြီးအေးနေတုံး မိုးရွာပါသည်..။ မစံပယ်တို့အိမ်ဍ္ဍ် ထုံးစံအတိုင်း အမေကမီးဖိုပါတော့သည်..။ ထင်းများမှာလည်းစိုနေရာ စိုနေသောဟင်းများမှထွက်လာသည့်အနံ့တစ်မျိုးကို မစံပယ်မှာခေါင်းကိုက်ပါတော့သည်..။ ထင်းအမျိုးအစားမတူ၍ ထိုထင်းတုံးကြီးမှထွက်လာသောအနံ့မှာ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေအောင်ခံရပါသည်..။ ကျန်သည့် အမေ၊အဖေ၊အစ်ကို၊ အစ်မ၊ ဦးလေးများဘယ်လိုမှမနေကြပါ..။ အနံ့ကတော့တစ်မျိုးထွက်တာမှန်ပါသည်..။ သူတို့တွေဘယ်လိုမှမနေကြပါ..။ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေပါသည်..။

ယခုလည်းမစံပယ်ခေါင်းကိုက်နေပါသည်..။ မစံပယ်တို့နေသော တိုက်ခန်းသည် ဟင်းချက်လျှင် အနံ့မှာအိမ်တွင်းဍ္ဍ်ပင်ပြန်လုံးနေတတ်သည်..။ မနေ့ညနေက မစံပယ်နှင့်အတူနေရသောအခန်းဖော်က ခေါက်ဆွဲကိုမီးဖိုပေါ်ဍ္ဍ်ပြုတ်ထားခဲ့ကာ လူကအခန်းထဲလာ၍ ဇာတ်ကားကြည့်နေပါသည်..။ ခေါက်ဆွဲပြုတ်အိုးနူးလျှင်ပြေးသွားနိုင်ရန် တံခါးဖွင့်ထားရာ သူကတော့အနံ့နှင့်ပတ်သက်၍ခံနိုင်ရည်ရှိ၍လားမသိရပါ..။ မစံပယ်မှာ ဒီဘက်ကုတင်မှနေ၍ အနံ့နှင့်ခေါင်းကိုက်ကာ နားထင်မှသွေးကြောများ တဒိန်းဒိန်းနှင့်ခုန်သံပင် ကြားနေရပါသည်..။ ညတွင်လည်းစာမကြည့်နိုင်တော့ပါ..။ မစံပယ်မှာသွေးတက်အောင်ပင် ခံရခက်လှပါသည်..။ မစံပယ်ဟင်းချက်လျှင် တစ်ယောက်တည်းရှိချိန်မှအပ မီးဖိုတံခါးကိုဖွင့်ကာချက်ခဲပါသည်..။ မစံပယ်လိုအနံ့မခံနိုင်သူများ အနံ့ကြောင့်ခံရခက်မည်စိုးသောကြောင့်ဖြစ်ပါသည်..။ ခေါင်းကိုက်ကိုက်နှင့်အိပ်သွားကာ မနက်ဍ္ဍ်အစောကြီးနိုးနေပါသည်..။ မစံပယ်စိတ်တိုသောကြောင့် မနေ့ညကချက်ထားသောဟင်းအကျန်ကို ရေပြန်ရောကာ ငံပြာရည်နှင့်ငရုတ်သီးမှူံ့ထပ်ခပ်ပြီးတည်လိုက်ကာ အခန်းတံခါးဖွင့်ထားလိုက်ပါသည်..။ စိတ်ပုပ်သည့်မစံပယ်ပါ..။ အခန်းဖော်မှာအိပ်ပျော်နေဆဲ ဘာမှပင်သတိထားမိပုံမပေါ်ပါ..။ သူအလုပ်သွားကာနီးဆဲဆဲ တံခါးဖွင့်ကာဖီးလိမ်းပြင်ဆင်ဆဲ မစံပယ်နောက်တစ်ကြိမ်ထပ်လုပ်ပါသည်..။ ခံနိုင်ရည်မြင့်သည်ထင်ပါသည်..။ ဘယ်လိုမှနေပုံမပေါ်ပါ..။ မစံပယ်တမင်လုပ်မှန်း သိချင်သိနိုင်ပါသည်..။ သိလျှင်လည်းကောင်းပါသည်..။ ကိုယ်ခံရခက်လျှင် သူတစ်ပါးရောခံရခက်သည်ကို သိစေချင်သောကြောင့်ဖြစ်ပါသည်..။

ယခုမစံပယ်ကျောင်းမှပြန်ရောက်သောအခါ အခန်းဖော်မှာ အခန်းထဲဍ္ဍ်စားသောက်ထားပြန်ပါသည်..။ အဲကွန်းဖွင့်သောအခန်းထဲဍ္ဍ် အောက်သိုးသိုးနံ့ထွက်နေပါသည်..။ မစံပယ်မှာခေါင်းကိုက်လာပြန်ပါသည်..။ တစ်ဘက်မှအခန်းဖော်မှာတော့ ဘာနံ့မှမရဟု ဆိုပါသည်..။ တော်တော်ပင်ခံနိုင်ရည်မြင့်ပေစွ တကား..။ မစံပယ်မှာတော့ ခေါင်းကိုက်လှပါသည်..။ ဘာစားထားတာရှိလဲဟုမေးလိုက်သောအခါ စိတ်မရှည်သံဖြင့်ပြန်ဖြေပါသည်..။ အအေးပဲရှိသည်ဟု ဆိုပါသည်..။ မစံပယ်မှာတံခါးဖွင့်ကာနေရပါသည်..။ အလိုက်ကန်းဆိုးမသိသူများနှင့်နေရသောအခါ ဘ၀သည်နေမပျော်နိုင်ပါ..။ စိတ်ညစ်ရပါသည်..။

ငရုတ်ဆုံ သင်္ခန်းစာ..။

မစံပယ် မန္တလေးတွင် ကျောင်းနေစဉ်ကဖြစ်ပါသည်..။

သီးဆစ်အတွက် ကွန်ပျူတာသုံးရန် လျှပ်စစ်မီးအမြဲလိုမည်ဖြစ်သောကြောင့် မိန်းတက္ကသိုလ်ဝင်းထဲတွင် မီးအချိန်မှန်လာတတ်သောကြောင့် မိန်းဝင်းကြီးထဲတွင် အဆောင်နေရန် စီစဉ်ရပါသည်..။ မစံပယ်နေရမည့်အဆောင်ထားသည့် အိမ်တွင် မစံပယ်တို့သည် အပေါ်ထပ်တွင်နေရပါမည်..။ အိမ်တစ်အိမ်တွင် ၀န်ထမ်းနှစ်စုနေရသောကြောင့် အောက်ထပ်တွင် မိသားစုတစ်စုနေပါသည်..။ မစံပယ်တို့အပေါ်ထပ်တွင် မိန်းကလေးများချည်း နေကြပါသည်..။ အဆောင်ပိုင်ရှင်ဆရာမမှာ ရန်ကုန်မှလာရောက်အမှူထမ်းသော ချောမောလှပသည့် အိမ်ထောင်ရှင်မ ဆရာမတစ်ဦးဖြစ်ပါသည်..။ မိသားစုမပါဘဲ တစ်ယောက်တည်းနေသောကြောင့် အဆောင်ထားပါသည်..။

မစံပယ်ရောက်သွားသောအခါ ထိုဆရာမနှင့်အတူ မိန်းကလေးနှစ်ယောက် အဆောင်နေပါသည်..။ တစ်ယောက်မှာ ကျူရှင်ပြစားသူတစ်ယောက်..၊ တစ်ယောက်မှာ အလုပ်လုပ်သောတစ်ယောက်ဖြစ်ပါသည်..။ ကျူရှင်ပြစားသူတစ်ယောက်သည် ဟင်းအမြဲတမ်းချက်ပါသည်..။ အဆောင်ပိုင်ရှင်ဆရာမနှင့်အတူစားကြရာ သူမက ထမင်းဟင်းပုံမှန်ချက်တတ်ပါသည်..။ မစံပယ်မှာ ထမင်းဟင်းချက်ခွင့်မရသောအဆောင်မှပြောင်းလာကာစဖြစ်ကာ ထမင်းပေါင်းအိုးတည်နည်းကိုသာ မှတ်မိတော့လျက် ဟင်းချက်နည်းများမေ့ကုန်ကာ အစိမ်းကျော်လိုက်..၊ ကြက်ဥကြော်လိုက်နှင့် ပြီးနေပါတော့သည်..။


ထိုမိန်းကလေးမှာတော့ ထုလိုက်ထောင်းလိုက်..၊ ကြော်လိုက်လှော်လိုက်နှင့် မစံပယ်တို့မှာ သားရေကျရပါသည်..။ ထိုအိမ်အပေါ်ထပ်တွင် ငရုတ်ဆုံကြီးလည်းရှိနေပါသည်..။ မစံပယ်မှာ ဟင်းမယ်မယ်ရရမချက်သောကြောင့် ထိုငရုတ်ဆုံကြီးကို အသုံးမပြုဖြစ်ပါ..။ အောက်ထပ်မှဆရာမိသားစုကိုတော့ မစံပယ်က ရင်းနှီးနေပါသည်..။ ညနေတိုင်းကိုရီးယားကား သွားကြည့်သောကြောင့် ဖြစ်ပါသည်..။

တစ်နေ့လည်ခင်း မစံပယ်အပြင်မှပြန်ရောက်ခိုက် မစံပယ်တို့အပေါ်ထပ်တွင် အောက်ထပ်မိသားစုမှ ဆရာကတော် ရောက်နေသည်ကိုတွေ့ရပါသည်..။ အဆောင်ပိုင်ရှင် ဆရာမမရှိပါ..။ ကျန်သောအဆောင်သူဟောင်းနှစ်ယောက်ကိုသာ ဆရာကတော် နာ့စ်မနှင့်အတူတွေ့ရပါသည်..။ မစံပယ်အ၀တ်လဲနေစဉ် အောက်ထပ်မှနာ့စ်မ ထ ပြန်ပါသည်..။ မပြန်ခင်သူ့လက်ထဲတွင်ကိုင်လာသော ပိတ်စအဖြူလေးကို ကျူရှင်သင်သော အဆောင်သူအဟောင်းကို ပေးလိုက်ကာ ငရုတ်ဆုံထောင်းလျှင် ထိုအ၀တ်လေးခံထောင်းပေးပါဟုပြောကာ ဆင်းသွားပါသည်..။

ထိုဆရာမဆင်းသွားမှ ကျန်သောအဆောင်သူနှစ်ယောက်က ငရုတ်ဆုံထောင်းတာ နားငြီးလို့ ပညာသားပါပါ စကားရောဖောရောတက်လာပြီး အ၀တ်စုတ်လာပေးသွားတာဟုဆိုကာ အလုပ်လုပ်သောတစ်ယောက်က ကျူရှင်သင်သောတစ်ယောက်ကို ရယ်ပွဲဖွဲ့ကာပြောပါသည်..။ ကျူရှင်သင်သောတစ်ယောက်မှာ မျက်နှာမကောင်းပါ..။ မစံပယ်တို့အပေါ်ထပ်တွင် ငရုတ်ဆုံသုံးသည်မှာ ထိုတစ်ယောက်သာရှိပါသည်..။ ထို့ကြောင့်ထင်ပါသည်..။ မစံပယ် ညနေခင်း ဇာတ်ကားဆင်းကြည့်ချိန်တွင် မစံပယ်ကိုဟင်းချက်စားသလား..၊ ဘာဟင်းတွေချက်တတ်လဲဟု မေးဖူးသည်ကို အမှတ်ရလိုက်မိပါသည်..။ အစိမ်းကြော်နှင့် ကြက်ဥကြော်မှလွဲလျှင် မချက်ဖြစ်ကြောင်းဖြေလိုက်သောအခါ ငရုတ်ဆုံထောင်းသည်မှာ မစံပယ်မဟုတ်ကြောင်း ရိပ်မိသွားသည်ထင်ပါသည်..။

ထိုကဲ့သို့တက်ပြောချင်နေသည်မှာ ဘယ်အချိန်ကတည်းကမှန်း မသိရပါ..။ မစံပယ်တို့ မီးဖိုဆောင်နဲ့အောက်တည့်တည့်တွင် အောက်ထပ်မှဆရာမ၏မိခင် အဘွားအိပ်ပါသည်..။ အဘွားမည်မျှ ခံရခက်ပါမည်နည်း..။ အပေါ်ထပ်မှ ငရုတ်ဆုံထောင်းလျှင် ခေါင်းကိုလာထုသလို ခံရခက်ပါလိမ့်မည်..။ သူတို့ပြောဖို့ တာစူနေသည်မှာလည်း ကြာပြီထင်ပါသည်..။ မစံပယ်လာမှ ပြောဖို့အထမြောက်သွားသည်ဟု ထင်ပါသည်..။


ထိုအချိန်မှစ၍ မစံပယ်၏နောက်နောင်တစ်သက်တွင် ငရုတ်ဆုံအသုံးပြုပါက ကြီးကြီးသေးသေး အ၀တ်ခံ၍သာ သုံးပါတော့သည်..။ မစံပယ်တို့အိမ်တွင် ငရုတ်ဆုံမှာ မြေပေါ်တွင်ပင်ရှိရာ ခံစရာမလိုပါ..။ ငရုတ်ဆုံမှာလည်း အကြီးကြီးဖြစ်ပါသည်..။ ယခုစလုံးတွင်လည်း မစံပယ်တို့နေသောအိမ်ဍ္ဍ် အိမ်ရှင်ငရုတ်ဆုံ ထားထားခဲ့ရာ မစံပယ်မှာ ငရုတ်ဆုံသုံးတိုင်း မန္တလေးမှအဖြစ်အပျက်ကိုအမှတ်ရမိနေသောကြောင့် အမျိုးသမီးများ သတိပြုမိစေခြင်းငှာ အမျိုးသမီးကဏ္ဍအတွက်ရည်ရွယ်ရေးသားလိုက်ရပါတော့သည်..။

ကျန်ဖို့ခဲယဉ်းမည်..။

မစံပယ်တို့အိမ်သည် မြန်မာနိုင်ငံအထက်ပိုင်းမှ တောတောင်နှင့်မနီးမဝေးနေရာတွင် ရှိလေသည်..။ မစံပယ်တို့ငယ်စဉ်က အမေကအိမ်နောက်ဖေးလမ်းမှဖြတ်သွားသော လှည်းများကိုတားကာ လှည်းအပြတ်ထင်းများဝယ်လိုက်လေသည်..။ အမှန်မှာအိမ်အတွက်လုံလောက်ရုံဝယ်ရင်းမှ ထားစရာနေရာလည်းရှိနေသောကြောင့် လာသမျှလှည်းများကိုတားကာ အိမ်အတွက် တစ်နှစ်စာလိုအပ်သည်ထက်ပိုအောင်ဝယ်ကာ ထင်းရောင်းပါတော့သည်..။ မစံပယ်တို့ငယ်စဉ်က ကစားရင်းပြန်လာလျှင် အိမ်ဍ္ဍ်ထင်းဝယ်သည့်အချိန်နှင့်ကြုံလျှင် ထင်းဝင်ကာသယ်ပေးရပါသည်..။ ထို့နောက်ညနေတိုင်းလာဝယ်သော အကြော်ဆိုင်မှ ထင်းဖောက်သည်များကို နောက်မှလိုက်လံစောင့်ကြည့်ပေးရပါသည်..။ ထိုစဉ်ကဘာမှမစဉ်းစားတတ်ပါ..။ လူကြီးများခိုင်းသောကြောင့်လုပ်လိုက်သည်..။ ထိုအလုပ်၏အကျိုးအပြစ်ကို မစဉ်းစားတတ်ခဲ့ပါ..။

ယခုတော့ မစံပယ်တို့အိမ်တွင် ထင်းမရောင်းတော့ပါ..။ ထင်းမစား မီးသွေးမီးဖိုကိုပြောင်းလဲသုံးစွဲလာသည်ကို တွေ့ရပါသည်..။ မစံပယ်က လျှပ်စစ်မီးဖိုဝယ်ပေးသော်လည်း မီတာခက မီးသွေးဖိုးထက် ဈေးကြီးသောကြောင့်လား..၊ မီးပုံမှန်မလာ၍လားမသိရပါ..။ အမေသုံးတာ သိပ်မတွေ့ရပါ..။ ထိုကဲ့သို့ ကျေးလက်တောရွာ..၊ မြို့ကြီးပြကြီးအကုန် ထင်းမီးနှင့် မီးသွေးမီးကိုသာသုံးကြရာ မည်သည့်တောများ မပြုန်းခံနိုင်ရိုးနည်း..။ အပင်ပေါက်နှူန်းက မည်မျှရှိမည်နည်း..။ လူများခုတ်သည့်နှူန်းက မည်မျှရှိမည်နည်း..။ တကယ်ဂွကျသော ကိစ္စဖြစ်သည်..။

သစ်တောသစ်ပင်ချစ်မြတ်နိုးလို့..၊ နားလည်လို့..၊ဘာလို့ညာလို့မဟုတ်ရပါ..။ ထိုမီးသွေးမီး..၊ ထင်းမီးများသုံးနေတာတွေ့ရတိုင်း နလပိန်းတုံးအသိဖြင့် စိတ်မချမ်းမသာဖြစ်ရသည်ကတော့ အမှန်ဖြစ်ပါသည်..။ ဘယ်တော့များမှ သစ်တောသစ်ပင်ကိုထိန်းသိမ်းနိုင်သောအသိဥာဏ်ရှိသည့် ပြည်သူများအတွက်အမှန်တကယ်လိုအပ်သည်ကို လုပ်ကိုင်ပေးနိုင်မည့်သူ ပေါ်ပေါက်လာနိုင်ပါမလဲ..။

သူတစ်ပါးတိုင်းပြည်ကိုရောင်းစားနေသော ဓာတ်ငွေ့များကို ပြည်တွင်းမှပြည်သူများ ထင်းအသုံးပြုရသက်သာအောင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်လျှင် ကောင်းလေစွ..။ ထိုအတိုင်းဆိုလျှင် သစ်ပင်ခုတ်ရသက်သာလာသောကြောင့် သစ်ပင်များ အချိန်ကြာကြာပေါက်ရောက်ခွင့်ရနိုင်ပေစွဟု ခန့်မှန်းရပေသည်..။

တကယ်ကတော့ ဘာနားလည်လို့ ညာနားလည်လို့မဟုတ်ပါ..။ ထင်းမီး..၊ မီးသွေးမီးအသုံးကို လျော့နည်းစေချင်သော စိတ်ကြောင့် စိတ်မချမ်းမသာဖြစ်ရသောအကြောင်းတစ်ခုကို ချရေးလိုက်ခြင်းသာ ဖြစ်ပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၃)..။

တစ်ရံရောအခါက သိပ္ပံပညာရှင်တစ်ယောက်(အိုင်စတိုင်းဟုထင်ပါသည်။ မသေချာပါ..။)ကို ချောမောလှပသော အမျိုးသမီးတစ်ယောက်က ပြောပါသည်တဲ့..။ ရှင်နဲ့ကျွန်မသာညားရင် ကျွန်မလိုရုပ်ချောပြီး ရှင်လိုပညာတော်တဲ့ ကလေးလေးတွေ မွေးလာမယ်နော် ဟူ၏..။ သိပ္ပံပညာရှင်က ပြန်ပြောပါသည်တဲ့..။ ငါလိုရုပ်ဆိုးပြီး နင်လိုအသုံးအဖြုန်းကြီး(ဒါလည်းမသေချာပါ..။)တဲ့ ကလေးတွေ မွေးလာရင် ဘယ်လိုလုပ်မလဲဟူ၏..။ မိန်းမခပ်ဆိုးဆိုးများနှင့်အိမ်ထောင်ကျကြကုန်သောအမျိုးသားတို့သည် တွေးခေါ်ပညာရှင်များ ဖြစ်လာကြ၏ ဟူ၏..။ ထိုအဆို မှန်မမှန် မစံပယ်သေချာမသိပါ..။ မစံပယ်သိသလောက်မှာတော့ သူတစ်ပါးအတွက် ထည့်စဉ်းစားပေးတတ်သောအကျင့် ထည့်မပေးလိုက်နိုင်သော မိဘများ၏ သားသမီးများနှင့်နေရသည်မှာ တွေးခေါ်ပညာရှင်ဖြစ်လုလုပင် စဉ်းစားတွေးတောကာ ထိန်းသိမ်းနေရပါသည်..။

သူတစ်ပါးအတွက် စဉ်းစားပေးရန် ဆိုဆုံးမပေးလိုက်ခြင်းမခံခဲ့ဘူးသော သူ..။

မနက်အလုပ်သွားလျှင် တံခါးကို မပိတ်ဘဲသွား၏..။ အတွင်းမှလူမှာ အိပ်ပျော်လျက်ကျန်နေခဲ့သည်..။ သူကအလုပ်အစောကြီးသွားရသည်..။ အခန်းတံခါးပိတ်ပေးသွားရမှန်းမသိပါ..။ တမင်ပင် သူအလုပ်သွားချိန် သူ့ကုတင်ဘက်ခြမ်းလေ၀င်ရန်ဆိုကာ လမ်းမှတိုက်ရိုက်မြင်နေရသော အခန်းတံခါးကို တမင်ဖွင့်ကာ အလုပ်သွား၏..။

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရသော သူ..။

နိုးလာသောအခါ တံခါးဖွင့်ရက်ကြီးတွေ့ရသဖြင့် ဒေါသဖြင့် စိတ်တိုကာသွားသည်..။ တံခါးဖွင့်သွားသူ အလုပ်ကိုဖုန်းဆက်ကာ ရန်ထောင်ရမလားဟု စဉ်းစားမိသည်..။ သူအလုပ်အကိုင်ပျက်မှာ မလိုလားသောကြောင့် မပြောဘဲ နေလိုက်သည်..။ ထိုအခါသည် ထိုသူနှစ်ယောက် တစ်ခန်းထဲမှာ အတူစနေကြအချိန်..။ နောက်တစ်ခေါက် ထပ်ဖြစ်မှပဲပြောတော့မည်ဟု စိတ်ကိုဖြေလိုက်သည်..။ နောက်တစ်ရက်ခြားသောအခါ တံခါးဖွင့်ထားခဲ့ကာ အလုပ်သွားပြန်၏..။ ထိုအခါတွင်လည်း ဆိုဆုံးမခံခဲ့ရသူသည် မပြောသေးဘဲ အချိန်စောင့်၏..။ တနင်္ဂနွေတစ်ရက် အိမ်တွင်အေးအေးလူလူရှိကြချိန်ကိုရွေးကာ ဆိုဆုံးမခံခဲ့ရသူက ဆိုဆုံးမမခံခဲ့ရသူကို တံခါးဖွင့်သွားလျှင် လမ်းမဘက်မှ အိပ်နေသည့်နေရာကို လှမ်းမြင်နိုင်သောကြောင့် တံခါးဖွင့်မသွားရန်ဆိုသည့်အကြောင်းကို လေအေးအေးနှင့် ပြောရ၏..။ အမှန်တကယ်မှာမူ ထိုနှစ်ရက်လုံး ဒေါသနှင့် ဆွေ့ဆွေ့ခုန်နေခဲ့သည်..။ ပထမတစ်ရက် သူမေ့လို့နေမှာပါ..။ နောက်ရက်ဆက်မလုပ်ရင် မပြောတော့ဟု စိတ်ဖြေခဲ့သည်..။ တစ်ရက်ခြား၌ ဒုတိယအကြိမ်ဆက်လုပ်သွားသည်..။ ချက်ချင်းမပြောသေးပါ..။ အလုပ်ပိတ်ရက်မှပြောခဲ့သည်..။ ထို့အတွက် ဆိုဆုံးမခံခဲ့ဘူးသူသည် မိမိလုပ်ရပ်မှန်သည်ဟု မိမိကိုယ်ကိုထောက်ခံအားပေးလျက်ရှိခဲ့သည်..။


သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း မခံခဲ့ရဘူး သူ..။

နေ့လည်နေ့ခင်းတွင်လည်းကောင်း...၊ ညဦးယံတွင်လည်းကောင်း အခန်းထဲ၌ ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောရန် ၀န်မလေးသူ...။ တိုးတိုးသက်သာပြောရန်ကိုလည်းကောင်း...၊ အခန်းအပြင်သို့ထွက်ကာပြောရန်ကိုလည်းကောင်း စိတ်ကူးမျှပေါ်လျှင်ပင် သူတစ်ပါးအောက်ကျသည်ဟု ယူဆပုံရှိပါသည်..။ အခန်းထဲတွင် တစ်ယောက်ထဲရှိနေသည့်အလား..၊ အခန်းတစ်ခန်းထဲတွင် သူတစ်ယောက်ပဲနေသည့်အလား သူ့ကုတင်ဘက်မှနေ၍ အော်ကြီးဟစ်ကျယ် ဖုန်းပြောကာ ရယ်မောနေတတ်၏..။ (အသံမှာမည်မျှကျယ်ပါသနည်းဆိုမူ မိမိတို့အိမ်အပြင်ဘက်ကိုလွန်၍ တစ်ခြားအိမ်၏ မျက်နှာသာမှပင် အတိုင်းသားကြားနိုင်အောင် ကျယ်လှသည်..။)

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရ သူ..။

အံ့သြခြင်းကြီးစွာဖြစ်ရပါသည်..။ သူသည်လည်း အသံကျယ်တတ်ပါသည်..။ သို့သော်အခန်းထဲ မိမိတစ်ယောက်တည်းနေရချိန်မဟုတ်သည့်အခါများမှာမူ အသံကျယ်ကျယ်ထွက်ဖို့ ခဲယဉ်းတတ်ပါသည်..။ အသံကျယ်ကျယ်ပြောချင်ပါကဧည့်ခန်းသို့သွားကာ ဘေးမှာတစ်ယောက်မှမရှိချိန်တွင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လောင်လောင်ပြောပါသည်..။ အခန်းထဲတွင် မိမိမဟုတ်သော ဘေးမှတစ်ယောက်ယောက်ရှိချိန်တွင် အသံကျယ်ကြီးထုတ်ကာပြောဖို့ ဘယ်လိုမှမဖြစ်နိုင်အောင် ၀န်လေးတတ်ပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၂)

မစံပယ်တို့အိမ်တွင် အမေ နေ့ခင်းနေ့လည်အိပ်သည့်အခါ အနားမှဖြတ်သွားလျှင် ခြေသံမကြားအောင်..၊ ပစ္စည်းတစ်ခုခုယူလျှင် အသံမထွက်အောင် ယူရ လုပ်ရပါသည်..။ တစ်ခါက မစံပယ်ခြေသံပြင်းသွားသောကြောင့် အိပ်နေတာမသိဘူးလားဟု အငေါက်ခံရပြီးကတည်းက မစံပယ်မှာ မည်သူအိပ်အိပ် ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်အောင် နေရမည်ဟု သတိထားမိကာ ထိန်းသိမ်းနေခဲ့ပါသည်..။ ဘယ်မှာနေနေ အိပ်သည့်သူရှိလျှင် မစံပယ်အသံထွက်အောင် မလုပ်တော့ပါ..။ မလုပ်မဖြစ်လုပ်ရမည်ဆိုပါက အတတ်နိုင်ဆုံး တိုးတိတ်ညင်သာစွာ လုပ်ဖို့ကြိုးစားခဲ့ပါသည်..။ မစံပယ်အိပ်နေစဉ် အသံထွက်ကာဆူညံကြလျှင် မစံပယ်လည်းမကြိုက်..။ ထို့ကြောင့် သူတစ်ပါးအိပ်နေစဉ်လည်း မစံပယ်ဆူညံအောင် မလုပ်မိအောင် ထိန်းသိမ်းသည်..။ မစံပယ်တွင် ထိုသို့သောအသိ ရခဲ့သည်..။

မစံပယ်စင်ကာပူရောက်သောအခါ တစ်ခါမှမသိဘူးသော မိန်းကလေးများနှင့် အတူတူနေရပါသည်..။ ထိုမိန်းကလေးများမှာ အတန်းပညာ အတော်ရကြသည်ဟုဆိုလျှင်ရနိုင်ကြသော်လည်း သူတစ်ပါးအတွက် အလိုက်ကန်းဆိုးသိရမည်ကို ထိုမိန်းကလေးများ၏ ကျောင်းမှလည်းကောင်း..၊ အိမ်မှလည်းကောင်း..၊ မိခင်မှလည်းကောင်း..၊ ဖခင်မှလည်းကောင်း စကားစပ်၍ပင် သင်ကြားခဲ့ဘူးခြင်း ရှိခဲ့ကြပုံ မပေါ်ကြပေ..။ တမင်တကာပင် သေချာမသင်ဘဲထားခဲ့ကြရော့သလား..၊ သင်ရကောင်းမှန်းပင် မသိကြ၍ အသင်မခံခဲ့ရသည်လား တစ်ခုခုပေ..။တစ်ခုခုစိတ်ထားမတိုက်ဆိုင်လျှင် ထိပ်တိုက်ဆွေးနွေးဖို့ ရှောင်ရှားကြပြီး တံခါးများကိုသာ အငြိုးထား၍ ဆောင့်ပိတ်ကြရာ မစံပယ်မှာ ရယ်ရအခက်..၊ ခံရအခက်ဖြစ်နေပါသည်..။ တစ်ယောက်ယောက်ကိုမကြိုက်လျှင် ပွင့်ပွင့်လင်းလင်း မပြောကြပေ..။ မုန်းခံရမည်စိုးကြသောကြောင့် တံခါးများကိုသာ အရွဲ့တိုက်၍ဆောင့်ပိတ်ကြလေသည်..။ မစံပယ်တို့အိမ်ပိုင်ရှင်များသိလျှင် သူတို့တံခါးများအတွက် ရင်မ နေကြလောက်သည်..။

မိန်းကလေးများမှာ ခေတ်ပေါ်ပစ္စည်းများကိုသာ အငမ်းမရ၀ယ်ယူသုံးစွဲ၍ တစ်နေ့တစ်မျိုးမရိုးစေရန် အလှပြင်ဆင်နေကြသော်လည်း စိတ်ဓာတ်များမှာမူ အောက်တန်းသို့တစ်နေ့တစ်ခြား နိမ့်ဆင်းလာလျက် ရှိနေလေသည်..။ ဆံပင်ကိုဘယ်လိုပေါင်း ဘယ်လိုတွန့်လျှင်ကောင်းမလဲ..။ ဘယ်ဟာကို ဘယ်လိုစပ်ဟပ်ဝတ်လျှင်ကောင်းမလဲဆိုသည်များကိုသာ တစ်နေ့တစ်မျိုးမရိုးအောင် အားထုတ်နေကြပြီး စိတ်ထားကိုမူ ပိုကောင်းလာအောင်..၊ ပိုဖြူစင်လာအောင် ကြိုးစားအားထုတ်ကြသည်ဟု တစ်ရံတစ်ဆစ်မှ မကြားမိပါ..။ စိတ်ထားများမှာမူ တစ်နေ့ထက်တစ်နေ့ ညစ်သထက် ညစ်လာကြသည်ကိုသာ တွေ့နေရသည့်မစံပယ်မှာ စိတ်မချမ်းသာလှပါ..။ အမုန်းခံ၍တစ်ခါနှစ်ခါ ပြောသည်မှာပင် တံခါးဆောင့်ပိတ်ခံရခြင်းသာ ခံလိုက်ရသောကြောင့် ပြောဖို့ဆိုဖို့ ဆုတ်ဆိုင်းမိရတော့သည်..။

သူတို့ရွဲ့သလို မစံပယ်ပြန်ရွဲ့လိုက်သောအခါ.... မစံပယ် ကိုယ့်ကိုယ်ကိုပင် စက်ဆုပ်သွားပါ၏..။ အိုးကားရွဲ့လျက်ရှိကြကုန်၏..။ စလောင်းမှာအတည့်အတိုင်းကျန်ရန်ကြိုးစားလျက်ရှိ၏..။ အိုးရွဲ့သည့်အတိုင်း စလောင်လိုက်မရွဲ့မိရန် ကြိတ်မှိတ်ကြိုးစားလျက် ရှိပေတော့သည်..။ ဤသည်လည်း တစ်ဒုက္ခဟုသာ ငြီးတွားမိပါတော့သည်..။