မစံပယ်နှင့် အူကြောင်ကြောင်နိုင်ခြင်းများ..။




တခါတရံ လွယ်လွယ်လေးကို မသိဘဲ ခက်နေတာလေးတွေ ကြုံဖူးကြမှာပါ..။ မစံပယ်က ခဏခဏကြုံပါတယ်..။ တစ်ချို့အခက်အခဲလေးတွေက Google က ကူညီပေးတယ်..။ တစ်ချို့ကို YouTube က ကူတယ်..။ တစ်ချို့ကို စာတွေဖတ်ရင်း ဖတ်ရင်း သိလာတယ်..။ တခါတခါကျတော့ ဘယ်လိုမှ အကူအညီမရတာတွေ ကြုံဖူးတယ်..။


မစံပယ်ဟန်းဆက်အသစ်စကိုင်တော့ ကိုယ်ဘာသာ install လုပ်..၊ ကိုယ်ဘာသာ လက်ပ်တော့ဆီ ကော်နက်ရှင်ပြောင်းဖို့ ကြိုးစား..၊ ကိုယ်တိုင် Root လုပ်ဖို့ကြိုးစားနဲ့ Google နဲ့ YouTube ထဲမှာ တလည်လည်...။ ဖုန်းဝင်လာတော့ (ဟဲ ဟဲ..) ဘယ်လိုလက်ခံရမှန်းမသိဘူး..။ အဲဒီရက်ပိုင်းတုံးကလည်း ကိစ္စတစ်ခုရှိလို့ ဖုန်းကခဏခဏ၀င်နေချိန်..။ မစံပယ်က ဖုန်းလက်ခံအစိမ်းလေးပေါ်လာတာကို ပွတ်လိုက်ပြီး ဖုန်းလက်ခံရတာကို မသိဘူး..။ ဒါနဲ့ ဖုန်းဝင်လာတိုင်း ဖုန်းချပြစ်ပြီး ၀င်လာတဲ့နံပါတ်ကို ပြန်နှိပ်ပြန်ခေါ်ရတယ်..။ အဲဒါနဲ့ဖုန်းခေါ်တဲ့သူကလည်း ဇဝေဇ၀ါ ဘာလို့ဖုန်းပြန်ခေါ်ခေါ်နေတာလဲ..။ ဘာလို့သူခေါ်တာ ချချပြစ်တာလဲလို့ မေးလာတယ်..။ မစံပယ်က ဘာမှပြန်မဖြေပါဘူး..။ ဖုန်းဘယ်လိုလက်ခံရမှန်း မသိပါဘူးလို့..။ (ဟား ဟား..။)အဲဒါအတွက်တော့ Google နဲ့ YouTube ထဲ မရှာမိပါဘူး..။


အဲဒါနဲ့ အသိတစ်ယောက်နဲ့တွေ့တော့ ဖုန်းဘယ်လိုကိုင်ရတာလဲလို့ မေးယူရတယ်..။ ဟောဗျာ.. ဒီလိုလေးဆိုပြီး ရယ်ကာမောကာ သဘောကောင်းစွာနဲ့ ပြပေးပါတယ်..။ အထင်သေးရှုံ့ချလိုတဲ့ အသံနဲ့ဟန်မရှိလို့ မစံပယ်မှာ ကျေးဇူးတင်ရပါတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် ဒါလေးတောင်မသိရကောင်းလို့ အထင်သေးဆက်ဆံခံရမှာလည်း မကြိုက်ပါဘူး..။ တခါတရံ လွယ်လွယ်လေးနဲ့ မသိတာတွေ ရှိတယ်ဆိုတာသိလို့ မစံပယ်လည်း ကူညီရမယ်ဆို အိုက်တင်မခံ.. တတ်နိုင်သလောက် ကုသိုလ်စိတ်လေးထားပြီး ကူညီရတာ ပျော်ပါတယ်..။


မစံပယ်အပြင်ထွက်ရင် ဟန်းဆက်လေးနဲ့ YouTube ကြည့်သွားချင်ပါတယ်..။ ဒါပေမယ့် နားကြပ်တတ်တော့လည်း အသံက ဟန်းဆက်ကနေပဲ ထွက်နေပါလား..။ ဘာလို့ အသံက နားကြပ်ထဲကမထွက်တာပါလိမ့်ဆိုပြီး ကြည့်ချင်တဲ့ YouTube လေးမကြည့်ဘဲ အပြင်ထွက်ရပါတယ်..။ ဒီလိုပဲနေနေတာ လချီလာပါပြီ..။ အခုခဏတော့ အားလပ်တုံးဆိုပြီး နားကြပ်လေးတတ်ပြီး အသံကိုကြိုးစားကြည့်တာ အသံက နားကြပ်ထဲဝင်မသွားပါဘူး..။ ဒါနဲ့ ဖုန်းထဲကနေ Google ထဲဝင် ဟိုမေးဒီမေးလုပ်..၊ အလကားရတဲ့ဆော့ဝဲ သုံး လေးခုတောင် ဒေါင်းပြီးပါပြီ..။ Google ကြီးကလည်း ဟိုလှည့်မေးလည်းမရ..။ ဆော့ဝဲတွေသွင်းပြီးလည်း အသံက နားကြပ်ထဲမ၀င်..။ ဒါနဲ့ YouTube ထဲဝင်မေးကြည့်ပါတယ်..။ မရပါဘူး..။ နားကြပ်ကြော်ငြာတွေပဲတွေ့တယ်..။ ဒါနဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်း နောက်ဆုံးအဖြေကတော့ Facebook ကနေ Status တင်ပြီး မေးမယ်လို့စိတ်ကူးလိုက်ပါတယ်..။ မစံပယ်ရဲ့ရင်းနှီးတဲ့အသိတစ်ယောက် IT Field က ဆရာပါ..။ သူနဲ့မှပိုရယ်ရတာက မစံပယ်ကတစ်ခုခုမေးလိုက်ရင် သူကအကျင့်ပါနေကြအတိုင်း အမြင့်ကြီးတွေစဉ်းစားပါတယ်..။ မစံပယ်အခုမေးလိုက်ရင် သူက ဖုန်းဆော့ဝဲကြောင်တာလား..၊ အထဲထဲဆော့ဝဲအလုပ်မလုပ်တာလားလို့ အမြင့်ကြီးတွေစဉ်းစားမှာမို့ မစံပယ်သူ့လည်း မမေးချင်ဘူးဆိုပြီး ဖုန်းနဲ့ပဲ စတေးတပ်စ် ရေးနေတုံး ဖုန်းဝင်လာပါတယ်..။ အရင်တစ်ခါ ဖုန်းဘယ်လိုကိုင်ရလဲဆိုတာ ပြောပြတဲ့ အသိပါပဲ..။ ဒါနဲ့စကားပြောရင်း နားကြပ်ဘယ်လိုလုပ်ရတာလဲလို့ ဖမ်းမေးလိုက်တော့ ဆက်တင်ချိန်းရတယ် ဘာညာပြောပြီး နားကြပ်ဂျက်ပင်ကို ဖိချရသေးတယ်နော်လို့ ပြောပါတယ်..။ ဒါနဲ့မစံပယ်က ဖိချတာပဲလို့ အတွန့်တက်ရင်း ထပ်ဖိချလိုက်တော့ နားကြပ်က နှမ်းတစ်ထောက်လောက်လွတ်နေတာလေးက ထပ်ဝင်သွားပြီး ပြောနေတဲ့ဖုန်းသံကပါ ပျောက်သွားပြီး နားကြပ်ထဲကနေ အသံထွက်လာပါတယ်..။ ဟား ဟား ဟား..။ တော်သေးတယ်..။ အချိန်မီလေ..။ မစံပယ် ဖေ့စ်ဘုတ်မှာ စတေးတပ်စ်တင်တော့မလို့..။ စာကိုရိုက်ပြီးနေပြီ..။ အိုင်တီကဆရာကိုမေးရင်လည်း ဒါလေးတောင်မသိဘူးလားဆိုပြီး ဟားခံရဦးမှာ..။ အဟားခံရမှာလည်း မခံချင်ဘူး..။ အခုပြောပေးတဲ့အသိက အိုင်တီနယ်က မဟုတ်ဘူး..။ သာမာန်တစ်ယောက်ပဲ..။ ဒါပေမယ့် သူကလည်း ကိုယ်နဲ့ဖုန်းအမျိုးအစားတူကိုသုံးနေတော့ သူသုံးတာက ကြာပြီဆိုတော့ သူ့မေးလိုက်ရင် သိရတာ ပိုလွယ်တယ်..။ ဟား ဟား ဟား..။


နားကြပ်ဂျက်ပင်ကို ၀င်တဲ့ပထမအထစ်မှာပဲ ရပ်ထားပြီး ဂူဂဲအားကိုး ယူကျူ့အားကိုးလုပ်နေတာ.. တခါတလေ ဂူဂဲမကယ်နိုင်..၊ ယူကျူ့မကယ်နိုင်တဲ့ မစံပယ်ရဲ့ အူကြောင်ကြောင်အဖြစ်အပျက်များပါပဲ..။