ကောင်းတဲ့ အကျင့်...။



မစံပယ်တို့ငယ်ငယ်အချိန်တွေတုံးကတော့ မစံပယ်တို့အဒေါ်တွေကပဲ ဘယ်လိုနေသင့်တယ်..၊ ဘယ်လိုမပြုမူသင့်ဖူး..၊ ဘယ်လိုပြောဆိုဆက်ဆံသင့်တယ်ဆိုတာတွေ တတွတ်တွတ်နဲ့ သွန်သင်ဆုံးမတတ်ကြပါတယ်..။ မစံပယ်တို့အရွယ်တွေရောက်လာတော့ မစံပယ်တို့သွားလာရာတိုင်းမှာ အဒေါ်တွေလိုက်ပါဖို့ဆိုတာ ခဲယဉ်းသွားပါပြီ..။ နေရာတကာ သူတို့သွန်သင်မှုကို လိုချင်နေလို့ မရတော့ဘူး..။ ကိုယ်ကိုယ်တိုင်ပဲ သင့်မသင့် ရာမရာ စဉ်းစားချင့်ချိန်ပြီးလုပ်တတ်ရတော့မယ်ဆိုတဲ့အခါ ကိုယ့်ကြောင့် မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်သိက္ခာတွေကျမသွားအောင် သတိနဲ့နေထိုင်ကျင့်ကြံဖို့ ကြိုးစားလာမိပါတော့တယ်..။

မစံပယ်စာမရေးဖြစ်ဘဲ စာတွေဖတ်နေဖြစ်တာ ကြာပါပြီ..။ လေ့လာစရာ တော်တော်များများလည်းရှိနေတာမို့ စာရေးတာကို ဆိုင်းငံ့ထားခဲ့တာပါ...။ မစံပယ်ရဲ့ပင်ကိုယ်ဗီဇ၀ါသနာကဘာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးမိတော့ စာဖတ်တာ၊ စာရေးတာ၊ တရားနာတာနဲ့ တရားထိုင်တာ..။ ရံဖန်ရံခါ သီချင်းဆိုဖို့ ၀ါသနာပါတာတွေ့ရပါတယ်..။ အဲဒီတော့ ၀ါသနာဖြစ်တဲ့ စာရေးတာလေးကိုတော့ အချိန်လေးပေးပြီးလုပ်ဦးမှလို့ ကိုယ့်ကိုယ်ကိုသတိပေးနေမိပါတယ်..။ စာကတော့ ဖေ့စ်ဘုတ်မှာပဲ တမေ့တမောလိုက်ဖတ်နေဖြစ်တတ်ပါတယ်..။ ကွန်းမင့်တွေရေးရင် မဆုံးနိုင်တော့လို့ ကွန်းမင့်မရေးဖြစ်အောင် နေလိုက်ပြီး ဘလော့လေးကိုဖုန်သုတ်ဖို့ ကြိုးစားရပါတယ်..။စာရေးတဲ့အခါမှာလည်း အချိန်ကုန်သက်သာအောင် စာရွက်ပေါ်မှာတစ်ခါချရေးထားပြီးမှ တိုက်ပင်ရိုက်ပါတော့တယ်..။ စဉ်းစားချိန်လျော့ကျသွားပြီး ရေးပြီးသားကိုလိုက်ရိုက်ရတာမို့ အချိန်ကုန် အလွန်သက်သာပါတယ်..။

ပြီးခဲ့တဲ့နှစ်ပတ်က မစံပယ်နဲ့ဆယ်စုနှစ်တစ်ခုကျော်ကျော် ကွဲကွာသွားခဲ့တဲ့ အစ်မတစ်ယောက်လိုခင်ရတဲ့ အစ်မတစ်ယောက်ရဲ့အိမ်မှာ ဆွမ်းကျွေးလို့ ထမင်းစားဖိတ်လို့ သွားခဲ့ပါတယ်..။ အဲဒီအစ်မနဲ့ပြောဆိုနှုတ်ဆက်ပြီး ထမင်းစား၊ ထမင်းစားပြီးတော့ အစ်မရဲ့အမေနဲ့ စကားတွေမနားတမ်းထိုင်ပြောနေရင်း အစ်မရဲ့အပြောအဆို၊ အပြုအမူထဲက သဘောကျစရာတစ်ချက်ကို တွေ့ခဲ့ရလို့ ဒီစာရေးဖြစ်သွားတာပါ..။

မစံပယ်ရဲ့အကျင့်က လူရင်းတွေဆို ဘာဟိတ်ဟန် ဘာပကာသနမှ မရှိဘဲ ပြောဆိုဆက်ဆံရင်း၊ သူတို့နဲ့စကားတွေပေါရင်း အကျွေးအမွေးကိုလည်း လူရင်းတွေလိုပဲ ဘာမှကြည့်ကောင်းအောင်လုပ်မနေတော့ဘဲ ၀ိုင်းဖွဲ့စားလိုက်မှာပါပဲ..။ ဒါပေမယ့် ဧည့်သည်တစ်ချို့ဖိတ်ထားသေးပြီး ဧည့်သည်တွေကလည်း အချိန်အဆင်ပြေသလိုရောက်လာနေကြတော့ ဧည့်ခံတဲ့အစ်မက ဟင်းတွေအနားမှာပဲနေပြီး လိုလေသေးမရှိအောင် စီမံနေတာကို တွေ့ရပါတယ်..။ အသားဟင်းတွေအများကြီးကို ဟင်းတွေကို သပ်သပ်ရပ်ရပ်နဲ့ လှပအောင်တစ်ချိန်လုံးစီမံနေတာ၊ မစံပယ်တို့ သူတို့အိပ်ခန်းထဲမှာ စကားပြောနေတာကို တချက်တချက်ပဲဝင်လာပြီး ရှေ့ကဧည့်သည်တွေနားမှာပဲ သင့်တော်အောင်စီမံနေတာကို မစံပယ်တွေ့လိုက်တော့ ကိုယ်နဲ့တော်တော်ကွာပါ့လားလို့ သတိထားလိုက်မိပါတယ်..။

မစံပယ်သာဆွမ်းကျွေးလုပ်ရင် သူငယ်ချင်းတွေဝိုင်းထိုင်စကားပြော၊ လေပန်းရင်း ဘယ်ဟင်းဘယ်လောက်ကျန်ဖို့၊ ဘယ်လိုချန်ဖို့ကို မေ့နေမိမှာပါ..။ သူငယ်ချင်းတွေနဲ့ဝမ်းသာအားရ စကားပြောရင်း ကျန်တာတွေ အရေးစိုက်မိမှာ မဟုတ်တဲ့ ကိုယ်နဲ့ အဲဒီအစ်မကိုယှဉ်တွေးမိပြီး အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေး ကူးယူလာတာကို အမှတ်ရရင်း ဒီစာကိုရေးလိုက်ပါတယ်..။

မစံပယ်ဆိုရင် မီးဖိုထဲမှာ ချက်စရာတွေပေါလှပါတယ်..။ စိတ်ထဲမှာ စားချင်တာတွေဝယ်ထားပြီး မစားချင်တာတွေ ချောင်ထိုးထားပြီး သုံးမရတော့မှ လွှင့်ပစ်တတ်ပါတယ်..။ လွှင့်မပစ်ရအောင် မစားချင်ပေမယ့်လည်း အထားခံအောင်ပြုပြင်စီရင်တာမျိုး မရှိတော့ အမေပို့သမျှ စားလို့ကုန်တာတစ်ဝက်၊ မစားဘဲလွှင့်ပစ်ရတာ တစ်ဝက်နဲ့ ချီတက်နေခဲ့ါတယ်..။

ဒီနေ့တော့ အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေးယူခဲ့မိတာမို့ မီးဖိုထဲက မစားချင်သေးပေမယ့် ပုပ်သိုးသွားနိုင်မယ့် စားစရာတွေကိုရှာပြီး သင့်တော်အောင်စီမံရေး လုပ်ပါတယ်..။ မှိုတက်ချင်နေပြီဖြစ်တဲ့ အာပြဲခြောက်ရယ်၊ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေရယ်ကို ရေရှည်အထားခံအောင် ကြော်ပြီးသိမ်းရင်း သူတစ်ပါးဆီကကောင်းတဲ့အကျင့်လေးကို ကိုယ်တိုင်ကျင့်သုံးရပါတယ်....။



ရေဆေးထားတဲ့ အာပြဲခြောက်တွေ ကြော်ကာနီး..။



တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေ..။ အခုမှ ကြော်ရတယ်..။ ကောင်းမှကောင်း..။

အသက်တွေရလာပြီး မိဘ၊ အဒေါ်တွေ ကိုယ်နဲ့မကွာပါလာဖို့ ခဲယဉ်းကြတဲ့ ဒေသတွေမှာ နေရသူတွေအနေနဲ့ သူတစ်ပါးဆီက ကောင်းတဲ့အကျင့်ကို အတုယူပြီး..၊ မကောင်းတဲ့အကျင့်တွေကို ကိုယ့်မှာလည်းမရှိစေဖို့ ကြိုးစားရင်း ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ဆရာသမားတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ့်ကြောင့်မထိခိုက်အောင် ထိန်းပြီး ကြိုးစားနေထိုင်ရပါတယ်...။


ဆွမ်းကျွေးက ငပိချက်..။ မစံပယ်လည်း အိမ်မှာချက်စားတာ ကောင်းမှကောင်း..။

No comments:

Post a Comment