“အထွေထွေယဉ်ကျေးခြင်း”



၁။ လူကြီးလူကောင်းများနှင့် လည်းကောင်း၊ လူစိမ်းများနှင့် လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့်၊ ထိုသူကိုကြည့်၍ပြောရာ၏။

၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့်၊ (သူတစ်ပါးသည် သင့်အားအပြစ်ရှာနေသည်ဟုမထင်နှင့်)။

၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ၏။ အကယ်၍ စိတ်မပါသ့ည့်တိုင်အောင် စိတ်မပါသည့် အမူအရာမပြဘဲ စိတ်ပါသကဲ့သို့ နားထောင်ရာ၏။

၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမူအရာနှင့် ရိုသေစွာဖြည့်စွက်ရမည်။(မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့် သဘော၊ ဆရာလုပ်လိုသည့် သဘောဖြင့် ပြောဆိုခြင်းမပြုရ)။

၅။ သူတစ်ပါး၏ အပြစ်ကို ပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။

၆။ ဒေါသထွက်နေသူတစ်ဦး၏ အတုံ့ အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏၊ တစ်ယူသန်သူနှင့်လည်း ယှဉ်ပြိုင်ပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင်ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။

၇။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သော စကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။

၈။ လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကားအသုံးအနှုန်းကိုရှောင်ကြဉ်ရာ၏၊ စိတ်ဆိုးသောအခါမှာပင် မသုံးမိစေရန် သတိထားရာ၏၊ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာလိမ့်မည်)။

၉။ မကောင်းသောစကားကို မပြောမိစေရန်၊ မကောင်းသောအလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင်ရှောင်၍သွားရာ၏၊ တစ်စုံတစ်ရာအား ပေးခြင်း၊ မပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ ( ဤကား ဝတ္တရားဖြစ်ကြောင်း မမေ့အပ်)။

၁၀။ မိမိနှင့် မဆိုင်သောနေရာ အရာဝတ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါမဝင် ရှောင်ကြဉ်ရာ၏။

၁၁။ မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအား သိစေသော အခါမှသာလျှင် သိရာ၏၊ သိလိုဇောနှင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့် ၊ အခွင့်ကိုစောင့်၍ မေးသင့်မှမေးရာ၏။

၁၂။ အခြားသူများ၏ အာရွက်စားတမ်းများအား စောင်းငဲ့ ၍ပင် မကြည့်ရာ၊ (စည်းကမ်းစနစ်ကြီးသူဖြစ်ပါစေ)။

၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမဝင်ချေ၊ အများ၏ အနှောင့်အယှက်ဖြစ်စရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။

၁၄။ မည်သည့်အခါမဆို မျက်နှာကိုကောင်းစွာထားရာ၏။ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ဘဲ မှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။

၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။

၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်းဖြစ်၏၊

၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။

Credit - Original up-loader

No comments:

Post a Comment