အမေး

မေး။   ။ကျောင်းကိုဘာလို့တက်ချင်တာလဲ..။ စာကျက်ချင်လို့လား..။ ပညာတတ်ချင်လို့လား..။ တကယ်သိချင်တတ်ချင်လို့လား..။ ပညာတတ်လို့အထင်ခံချင်လို့လား..။

     ပညာတတ်လို့အထင်ခံချင်လို့လားဆိုတဲ့ အသုံးအနှူံးက မစံပယ်ကို ကိုယ့်ကိုယ်ပြန်သုံးသပ်ဖို့ သတိထားသွားမိစေပါတယ်..။ မစံပယ် အခုချိန်ထိအလုပ်ကောင်းကောင်းမလုပ်ဘူးသေးဘူး..။ စာကိုသင်လို့မဆုံးနိုင်ဘူးဖြစ်နေတယ်..။ အဲဒါတစ်ခု လွဲနေမှန်းတော့ မစံပယ်သိတယ်..။ ဘယ်လိုတည့်ရမလဲဆိုတာ မစံပယ်မသိဘူးဖြစ်နေတယ်..။ ပညာတတ်လို့အထင်ခံချင်လို့တော့ မဟုတ်တာသေချာတယ်..။ မစံပယ်ခင်တဲ့အစ်ကိုကြီးက မစံပယ်ကို တစ်ခြားသူတွေနဲ့မိတ်ဆက်ပေးရင် သူကမြန်မာနိုင်ငံကလည်း မာစတာပြီးလာတဲ့သူ..။ ဒီမှာလည်း မာစတာထပ်တက်နေတယ်လို့ မိတ်ဆက်ပေးရင် မစံပယ်စိတ်ထဲမှာ ကြွားသလိုလို မသက်မသာဖြစ်မိတယ်..။ မစံပယ်အဲလိုထည့်ပြောတာ မကြိုက်ဘူး..။

     မစံပယ် ပညာတတ်တွေကိုလေးစားတာတော့အမှန်ပဲ..။ စာရေးဆရာမ ဂျူး ပေါ့..။ ဆရာဝန် စာရေးဆရာမ....။ နောက် ဆရာမဒေါ်ခင်နှင်းယုရဲ့သမီး မေ့ဆေးအထူးကု ဒေါက်တာ မိကျော်သောင်း..၊ နောက် မစံပယ်ရဲ့ တက္ကသိုလ်ဆရာမ မာစတာ နှစ်ထပ်ကွမ်းဆရာမအပျိုးကြီးတစ်ယောက်..၊ မစံပယ်ရဲ့ စံမော်ဒယ်တွေက ပညာတတ်ယောကျာ်းမိန်းမတွေပဲ..။ ပိုက်ဆံချမ်းသာတဲ့သူကို မစံပယ်သိပ်အထင်ကြီးလေးစားတာမျိုးမရှိဘူး...။ ပညာတတ်တာကို ပိုအထင်ကြီးလေးစားတယ်..။

    ဘာလို့အခုချိန်ထိ မရပ်မနား စာတွေသင်နေတာလဲ..လို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတယ်..။ ဟန်ဓာတ်ခုတ်ချင်လို့လား..၊ ပညာတတ်အမျိုးသမီးလို့ အထင်ခံချင်စေလို့လား..။ ဒီလိုဘွဲ့တွေရတာ ကိုယ်တစ်ယောက်တည်းမှမဟုတ်တာနော်..။ ကျန်တဲ့သူတွေ မစံပယ်လောက် ဂုဏ်တယူယူမရှိကြပါဘူး..။ သူတို့ဆို ပြောရရင် မစံပယ်ထက်တောင် ပိုတော်သေးတယ်လို့ပြောလို့ရတယ်..။


   မစံပယ်ရဲ့ ငယ်ဘ၀စိတ်လွှမ်းမိုးမှူကြောင့်လို့ပြောရင်ရမယ်ထင်တယ်..။ မစံပယ် ကျောင်းပိတ်တိုင်း စာအုပ်တွေ ဖတ်ပြီး စာတွေအများကြီးသင်ချင်တဲ့စိတ်ဝင်လာတယ်..။ စာသင်ဖို့အားပေးတဲ့ စာရေးဆရာတွေရေးတာကို နှစ်ခြိုက်ခဲ့မိတယ်..။ မစံပယ်ပုံစံက ဒါကိုဂုဏ်ယူတဲ့ပုံပေါက်နေတယ်ဆိုရင် မစံပယ်အမေနဲ့တူလို့ဆိုတာ ထည့်ပြောရမယ်ထင်တယ်..။ အမေ့ပုံစံနဲ့သွားတူနေလို့ မစံပယ်က ဒါကိုဂုဏ်ယူနေတဲ့ပုံထွက်နေတာဖြစ်လိမ့်မယ်..။

   အင်း..။ မစံပယ် အဖြေရှာနေဆဲပါလေ...။


                                                                            မစံပယ်

ကမ္ဘာပျက်တော့မယ်ဆိုရင်..။

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ...

အမေနဲ့ နောက်ထပ် မစံပယ်ချစ်ရတဲ့ ကိုကိုကြီးတစ်ယောက်နဲ့

(၂) ဘာတွေ ခံစားနေရမလဲ...

ကြောက်ရွံ့တုန်လှူပ်မိမှာပေမယ့် တရားစာရွတ်ရင်း သွေးအေးနေမယ်ထင်ပါရဲ့..။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ…

သေချာတယ်ဆိုရင်တော့ ကုသိုလ်ကောင်းမှူတွေ ပိုလုပ်မိမှာပါ..။ စိတ်ထားကို အတတ်နိုင်ဆုံးဖြူနေအောင်ထားမယ်..။ ဒေါသ၊ မာန နည်းနိုင်သမျှပိုနည်းအောင်နေမယ်..။

(၄) ၀မ်းနည်းမိမှာက…

ကိုယ့်ကြိုးစားမှတွေ အကောင်အထည်မပေါ်ခင် ကိုယ်ကလောကကြီးပေါ်ကနေ အချိန်မတန်သေးဘဲထွက်ခွာသွားရမှာ မလိုလားဘူး..။

(၅) ကြောက်လန့်မိတာက...

ဘယ်လိုပုံကမ္ဘာပျက်မလဲဆိုတာ မသိတော့ ဘယ်လိုပုံစံကြောက်ရမှန်းမသိဘူး..။

(၆) ဆောင်ထားချင်တာ...

ကမ္ဘာပျက်ရင်ဘာတွေဖြစ်မလဲဆိုတာ သိအောင်လုပ်ရဦးမယ်..။ ဘာတွေဆောင်ထားရမလဲဆိုတာ မသိသေးဘူး..။ ရေလား၊ စားစရာလား..။

(၇) ဘာတွေ ရေးမိမလဲ…

ဘာမှမရေးမိလောက်ဘူး..။ ဘုရားစာရွတ်ရင်း စိတ်အေးအောင်ပဲ ကြိုးစားနေမိတော့မှာ..။

(ဂ) တွေးမိတွေးရာ အတွေး…

တကယ်ဖြစ်မှသိမှာပဲ..။ ဘာတွေတွေးမိနေမလဲ..။ နောင်ကျင်လည်ရာဘ၀မှာ အကောင်းဆုံးနေဖို့ တွေးမိနေမယ်ထင်တယ်..။

(၉) ဂုဏ်ယူချင်တာက…

ဂုဏ်ယူနိုင်စရာသိပ်မရှိသေးပါဘူး.. ဘ၀မှာလေ..။


(၁၀) ရှာကြံဖြေသိမ့်မိတာက…

ဖြေသိမ့်စရာလည်း မရှိသလိုပဲ..။ အမေ့ကိုလည်း ဘာကျေးဇူးမှမဆပ်ရသေးဘူး..။ အမေ့ကိုစိတ်မဆင်းရဲစေရအောင် အမေပဲဘ၀မှာအရေးကြီးခဲ့တာတော့ အမှန်ပဲ..။ ကျေးဇူးဆပ်တဲ့ဇာတ်လမ်းကို မရောက်သေးဘူး..။


(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
လူရယ်လို့ဖြစ်လာရင် သေရမှာအမှန်ပဲ..။ မီးစာကုန် ဆီခမ်း၊ ဆီမခမ်း မီးစာအကုန်ဘဲ ဥပစ္ဆေဒကံနဲ့ သေရမှာမျိုးကို မလိုလားဘူး.။ ရှောင်လွှဲမရဘူးဆိုတော့လည်း မတတ်နိုင်ဘူးလေ..။ ဥဒါန်းကျူးရင့်စရာလည်း မရှိပါဘူး..။


                                                                                                      မစံပယ်

အဖေ

အဖေဟု အသံခဏခဏမထွက်ရတာကြာပြီ..။ ခုစာကျက်ရင်းနဲ့ အဖေ အဖေ လို့ ဆက်တိုက်ခေါ်ကြည့်တာ ကိုယ်ခေါ်နေမကျတဲ့အသံကိုထွက်ရသလို မရင်းနှီးတဲ့စကားလုံးကြီးလိုဖြစ်နေတယ်..။ အင်း.. အဖေဆုံးတာ ၉ နှစ်တောင်ပြည့်တော့မှာပဲ..။ ကိုယ့်အဖေအရွယ်တွေကို အဖေလိုသဘောထားလိုက်တယ်..။ အဖေဖြစ်စေချင်တာတွေ ဖြစ်အောင်ကြိုးစားတယ်..။ အဖေမဖြစ်စေချင်တာတွေ မဖြစ်အောင်နေခဲ့တယ်..။ လောကကြီးမှာ အဖေ့ကိုအားအကိုးဆုံးနဲ့ စိတ်ချအယုံကြည်ဆုံးပဲ..။ အခုအဖေမရှိတော့ ကိုယ်ဘာသာပဲအားကိုးရုန်းကန်နေရတယ်..။ အဖေနဲ့နေခဲ့ရတဲ့အချိန်တွေက တိုလိုက်တာ..။ ၂၃ နှစ်တည်း..။ ကံကောင်းတဲ့သူများကျတော့ ၅၀ ၆၀ ထိ အဖေ အမေနဲ့ အတူတူနေကြရတယ်..။ ကောင်းလိုက်တာ..။

စိတ်ထဲရှိတာ ပြောချင်တာ..။

မေး။       ။ မစံပယ်ဘာအကြိုက်ဆုံးလဲ..။
ဖြေ။       ။ ဟဲ့ ဘာကြိုက်ရမှာလဲ..။ အခုစိတ်ထဲရှိတာတော့ နှိမ့်ချတာကို ကြိုက်တယ်လို့ ဖြေချင်တယ်..။ အစ်မစိတ်ထဲ ပညာတော်ရဲ့သားနဲ့ မမောက်မာဘဲ ရိုးသားတဲ့သူ၊ နှိမ့်ချတဲ့သူတွေကို အထင်ကြီးလေးစားစိတ်ဖြစ်မိတယ်..။ အဲဒီအတွက် အစ်မရဲ့ Ideal တွေကတော့ ဆရာမဂျူးနဲ့ ဆရာမကြီးဒေါ်ခင်နှင်းယုတို့ကို လေးစားမိတယ်..။ ဂျာနယ်ကျော်မမလေးကိုတော့ စမတ်ကျပြီးဇွဲကြီး၊ အစွဲအလမ်းကြီးလို့ နှစ်ခြိုက်တယ်..။ မစံပယ်ကြိုက်တာ တော်တော်များပါတယ်..။


 မစံပယ်

ဆရာအတ္တကျော်ရဲ့ဆိုဒ်မှာ မစံပယ် ကွန်းမင့်ဝင်ရေးထားတာလေး..။

အင်း….ဆရာ..။
အဲဒါ အခုကျောင်းမှာ သင်ရတယ်..။ Flow Chart ကလေးနဲ့..။ ဆရာ့ကိုတောင်လှမ်းပြောရမလား စိတ်ကူးနေတာ..။ ဆရာက စာများများဖတ် စာများများဖတ်..၊ စာအုပ်နဲ့မျက်နှာမကွာစေနဲ့..။ ဆရာလည်း စစ်သားတွေ ဆရာဝန်ဘွဲ့ကြီးတွေရတာမဟုတ်ဘဲနဲ့ စာအဖတ်နာလို့ ကွန်ပျူတာတောင် ဟိုလျှောက်ကလိ ဒီလျှောက်ကလိ စာလိုက်ဖတ်ရင်းလုပ်လို့ တတ်တာဆိုတာ သိလိုက်ရတော့ စာဖတ်နေရင် လူကရပ်မနေဘူးပေါ့..။ အဲဒီတော့ ကျွန်တော်တွေးတာက စာဖတ်နာခြင်းသည် information များများရလာတယ်..။ Data အဆင့်ကိုကျော်ခဲ့ပြီပေါ့နော်..။ information ရှိတဲ့သူအတွက် knowledge ရောက်လာပြီ..။ knowledge ရှိလာတဲ့လူအတွက် Decision Making ချတဲ့နေရာမှာ အမှားနည်းတယ်..။ (ကျွန်တော်က wisdom ကို ကောင်းကောင်းထည့်မစဉ်းစားမိဘူး ..။)ကျွန်တော်စိတ်ဝင်စားခြင်းသည် Decision Making ပဲ..။ ဘာလို့စိတ်ဝင်စားလဲဆိုတော့ ကျွန်တော့်အဖေက Decision Making ကောင်းတယ်လို့ ကျွန်တော်သုံးသပ်မိလို့ပဲ..။ အဖေက ကျွန်တော့်အသက် ၂၃ မှာ ဆုံးသွားခဲ့ပြီ..။ အဲဒီတော့ ကျွန်တော်သွားလေရာမှာ အဖေမပါနိုင်သလို အဖေ့ဆီက Decision Making ကိုလည်း လှမ်းတောင်းလို့ ရနိုင်စရာမရှိတော့ဘူး..။ အဲဒီတော့ Decision Making ကို ကျွန်တော်ကိုယ်တိုင်ချရမယ်..။ ကျွန်တော်ကိုယ်တိုင်လုပ်ရမယ်..။ အဲဒီတော့ ကျွန်တော့်မှာ Knowledge ရှိဖို့လိုလာပြီ..။ Knowledge ရှိဖို့ Information လိုလာပြီ..။ Information ရဖို့ ကျွန်တော် စာဖတ်နေဖို့ လေ့လာနေဖို့ အမြဲလိုအပ်တယ်လို့ သိလာရပြီ..။

ကျွန်တော့်အဖေကတော့ Decision Making လို့မသိပါဘူး..။ အဖေ့စကားက သိပ်လှတယ်..။ ရှေ့ခေါ်နောက်မျှော်တဲ့..။ အဖေ့ညီ ကျွန်တော့်ဦးလေးတွေ အဖေ့နောက်ကွယ်မှာ ရယ်ကြတဲ့ စကားလုံးပေါ့..။ အခုတော့ သူတို့ကိုယ်တိုင်လည်း သူတို့မိသားစုမှာ ရှေ့ခေါ်နောက်မျှော်ဆိုတဲ့စကားကို လှိုင်လှိုင်သုံးနေကြပြီ..။
ဒီနေရာမှာ Decision Making ချတတ်ဖို့ရာ အတန်းပညာများများစားစားကြီးမလိုဘူးလို့တောင် ကျွန်တော်လက်ခံမိနေပါတယ်..။ မှန်မမှန်တော့ မသိပါဘူး..။ အဖေက ၁၀ တန်း ခ ပဲ အောင်တာပါ..။ ဒါပေမယ့် သူကြုံလာတဲ့ သူဖြတ်သန်းလာခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး..၊ လူတွေရဲ့သဘာဝကို နားလည်ပြီး ရှေ့ရေးကိုစဉ်းစားတာ ကောင်းလာတာပဲ..။ မိသားစုအတွက်အဖေစီစဉ် စဉ်းစားပေးခဲ့တာတွေက အခုအချိန်အထိ အဖေ့အစီအစဉ် အတွေးအခေါ်တွေက အကျိုးကျေးဇူးရှိနေဆဲပါ..။ ကျွန်တော်သိတဲ့ မိသားစုတစ်ခုမှာလည်း သူတို့အဖေက Decision Making ကောင်းတာကို သတိပြုမိပါတယ်..။ အဲဒီဦးလေးဆို အတန်းပညာ တော်တော်နည်းပါတယ်..။ ဒါပေမယ့် ဘ၀ကိုကောင်းကောင်းမွန်မွန်သုံးသပ် ကြိုးစားနိုင်တဲ့အတွက် သပ်သပ်ရပ်ရပ် အိနြေ္ဒရရ နေနိုင်တာကို တွေ့ရပါတယ်..။
ဆရာပြောနေတာက knowledge ရှိနေရုံလေးက power မဟုတ်ဘူး..။တွေးခေါ်ဆင်ခြင်ဥာဏ်ပါတာကမှ power လို့ဆိုချင်တာ ကျွန်တော်သဘောပေါက်မိတယ်..။ ဟုတ်လားတော့မသိဘူး..။ ဟုတ်တာပေါ့လို့ပြောရမယ်လို့ ပြောစရာအကြောင်းတစ်ခုရှိတယ်..။ ခုလောလောဆယ် ကျွန်တော့်သူငယ်ချင်းအရင်းကြီးနဲ့ ကျွန်တော်နဲ့ စိတ်ဆိုးနေတယ်..။ ဖုန်းမဆက်ကြဘူး..။ ကျွန်တော်က မြန်မာနိုင်ငံမှာ programming project ကို ဆရာနဲ့ရေးလာတယ်..။ သင်သင်ရေးရေးပေါ့..။ သိပ်မရေးတတ်ပါဘူး..။ ဒါပေမယ့် application program တစ်ပုဒ်ဘယ်လိုရေးရတယ်..။ ဘယ်လိုတွေးရတယ်ဆိုတဲ့ idea ရလာခဲ့တယ်..။ ကျွန်တော့်သူငယ်ချင်းက အဲလိုသင်တန်းမတက်ခဲ့ရဘူး..။ ဒီမှာကျောင်းပြီးပြီ..။ Library ကစာအုပ်တွေငှားဖတ်ပြီး ဟိုစမ်းဒီစမ်း စမ်းရင်း တော်တော်လေးတီးမိခေါက်မိရှိလာပြီ..။ စာဖတ်အားကောင်းတယ်..။ ၀ီရိယလည်းကောင်းတယ်..။ ဆရာမပါဘဲ သူဘာသာ နားလည်အောင်ဖတ်နိုင်တယ်..။ ကျွန်တော့်ထက်တောင် သူက ပိုနားလည်တယ်..။ ခု ဒီရက်ပိုင်းမှာ သူအလုပ်ရှာရင်း သူ့သူငယ်ချင်းကုမ္ပဏီမှာ လိုနေတဲ့ ဆော့ဝဲကို သူက outsourcing ရေးပေးနေတာ..။ သူ တကယ်တန်းဝင်အောင်မရေးနိုင်ဘူး..။ တကယ့်တကယ်ချရေးတော့ အဆင်မပြေဘူးဖြစ်နေတယ်..။ အဲဒါ ကျွန်တော်က ဖုန်းနဲ့ ဒါဆိုဒီလိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာ အကြံဥာဏ်လှမ်းပေးတာ သူကမခံချင်ဘူး..။ အဲလိုလုပ်လို့ဖြစ်နိုင်တယ်ဆိုရင် သူ့ကိုလုပ်ပေးပါ..။ လုပ်လို့ရတယ်ဆိုရင် ဘာပေးမယ်ညာပေးမယ်ဆိုပြီး မခံချင်ဖြစ်နေတယ်..။ သူကရေးလို့မရလို့စိတ်တိုနေတာ ကျွန်တော်က ဒီလိုလုပ်ရင်လွယ်လွယ်လေးဆိုပြီးသွားပြောလိုက်တာ ဘာပြန်ပြောလဲဆိုတော့ နင်ငါလောက် စာမဖတ်ဘူးဘူး..။ ငါနင့်ထက်ပိုပြီးစာဖတ်ဖူးတယ်..။ ငါ့ထက်နင်ပိုမလုပ်နိုင်ဘူး ဘာဘူးတွေဖြစ်လာတော့တာ..။ အဲဒီတော့ကျွန်တော်လည်းစိတ်ပေါက်လာရော..။ ဟဲ့ နင် ဘာသာ NLB တစ်ခုလုံးကုန်အောင်ဖတ်ဘူးလည်း ဘာမှမှမရေးဘူးတာ ဘယ်လိုလုပ်သိမှာလဲလို့ ပြောလိုက်တယ်..။ အဲဒီတော့ သဘောတရား စာကို ၅ နှစ်လောက်ထိုင်ဖတ်လည်း ၂ နှစ်လောက်လက်တွေ့လုပ်ဘူးသူကိုမမီဘူးဆိုတာ လာပြနေတယ်ပေါ့နော်..။

အင်း.. တစ်ခုမေးချင်တာရှိလို့ဝင်လာတာ..။ ဒါလေးစိတ်ဝင်စားလို့ ၀င်ဖတ် ၀င်ရေးနေတာ..။ တစ်ခါတည်းပြီးအောင် ဒီနေရာမှာပဲ မေးသွားတော့မယ်..။ Comment ရေးတတ်တယ်လို့ ထင်ထင်၊ မရေးတတ်ဘူးလို့ ထင်ထင်..။ ဘူးနဲ့ဖူး ကွဲအောင်မရေးတတ်လို့ ဆရာရဲ့..။ မလုပ်ဘူး မစားဘူး မသွားဘူး..။ အဲဒီဘူးကသိတယ်..။ ဖူးက ဘယ်နေရာသုံးရတာလဲဗျ..။

နောက် ပြည့်နဲ့ပြေ့က ဘယ်လိုအသံထွက်ပြီး ဘာကွာတာလဲ..။ ကျွန်တော့်သူငယ်ချင်း မပြေ့မ ဆိုတဲ့တစ်ယောက်နာမည်ကို ကျွန်တော်တို့ဆရာမက မပြိမ ဆိုတဲ့အသံနဲ့ထွက်တယ်..။ ကျွန်တော့်တို့က မပြည့်မ ဆိုပြီးပဲခေါ်တာ..။ ဆရာမကို ဒီလို ယပင့်နဲ့ပေါင်းထားတော့ ဒီလိုပြိလို့ထွက်ရတာပေါ့ ပြန်ပြောတယ်..။ တကယ်တော့ ကျွန်တော်က အဲလိုကွဲမှန်းကို မသိလို့ပါဆရာရယ်..။ ဆရာသိတာလောက် တစ်ဆိတ်လောက် အချိန်အားရရင် ဆရာ့လေသံလေးနဲ့ အာပေါင်အာရင်း သန်သန်လေးနဲ့ ရှင်းပြပေးပါဦး ဆရာ..။
ခင်မင်စွာဖြင့်

ကျောင်းလခတွေ ဈေးတက်ပြန်ပြီ..။

မစံပယ်တို့ကျောင်းလခက မနှစ်က ၁၁၀၃၀ တဲ့..။ ဒီနှစ် ၁၂၃၄၀ တဲ့..။ ၁၃၁၀ ကိုတက်သွားပါလား စင်ကာပူအစိုးရရယ်..။ ကျောင်းလခတွေ လျှော့ပေးပါဗျာ..။ အိမ်သာမီးတွေလည်း မလိုဘဲထွန်းမထားပါနဲ့..။ ကျောင်းလခဈေးတက်လွန်းလို့ပါ..။ လက်ဆေးဆပ်ပြာတွေလည်း မလိုဘဲ တအားထည့်မထားပါနဲ့..။ ကျောင်းလခတွေ ဈေးတက်လွန်းလို့ပါဗျာ..။



                                                                                     မစံပယ်

သီချင်းခေါင်းစဉ် သိချင်တယ်..။

နောင်သံသရာဖန်လာကတည်းက မင်းကို

မောင်ရင်မှာ ဘယ်လိုမုန်းလို့ရမယ်..။

မတွေ့လိုလို့ မြိုင်ရပ်တောခြေထဲ မနှင်ပါနဲ့ကွယ်..။

(ဆိုတဲ့သူကတော့ လွှမ်းမိုး ထင်တာပဲ..။ ဟုတ်လားမသိ..။)

အဲလိုခေတ်ဟောင်း အလွမ်းသီချင်းတွေ မစံပယ်ကြိုက်တယ်..။



                                                           မစံပယ်