မစံပယ်ဘလော့မရေးဖြစ်တာကြာပြီ..။ ဟိုလိုလိုဒီလိုလိုနဲ့ ဟိုဟာရေးရမလိုလို ဒီဟာရေးရမလိုလိုဖြစ်နေတာကြာပြီ..။ သူများတွေရေးတာဖတ်ရတော့လည်းကောင်းလိုက်တာ..။ ကိုယ့်ဘလော့မှာကျတော့ ဘာကိုဦးစားပေးတဲ့ဘလော့ဖြစ်ရမလဲဆိုတာကို ကိုယ့်ဘာသာကိုမသိနိုင်သေးဘူးဖြစ်နေတယ်..။ တင်ချင်တာ စိတ်ထဲရှိတာ ကောက်ကောက်ရေးလိုက် တင်လိုက်ဖြစ်နေတယ်..။ စိတ်မရှည်တတ်တဲ့ ကိုယ့်သဘာဝကိုလည်း ပြန်မြင်နေရတယ်..။ သူများဘလော့တွေမှာ စာတစ်ပုဒ်ကို စီကာပတ်ကုံးရေးထားလိုက်ကြတာ အရှည်ကြီးတွေ..။ မစံပယ်ကတော့ ဘလော့တစ်ပုဒ်ကို စာတစ်ပိုဒ်တည်းဖြစ်ချင်ဖြစ်နေတတ်သေးတယ်..။ နောက်နေ့မှ edit လုပ်မယ်ဆိုပြီး လုပ်လည်းမလုပ်ဖြစ်ပါဘူး..။ အခုတော့မစံပယ်ဘာလုပ်တတ်လာလဲဆိုတော့ သွားလေရာ မစံပယ်ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်တတ်လာတယ်..။ သူများလို ဓာတ်ပုံလေးနဲ့တကွ တင်ချင်လို့ပေါ့နော်..။ နောက် မစံပယ်ရေးနေကျဖိုရမ်မှာလည်း မစံပယ်စ ထားတဲ့ပို့စ်တွေ ရှေ့မဆက်နိုင်တာလည်းရှိသေးတယ်..။ အဲဒီအတွက်လည်း တာဝန်မကြေသလိုဖြစ်နေလို့ အဲဒီဟာကလည်း ဆက်လည်းမရေးနိုင်လို့ လူက ဟိုလိုလို ဒီလိုလိုဖြစ်နေတယ်..။
အခုတော့မစံပယ်ရိုက်လာတဲ့ဓာတ်ပုံတွေပြန်ကြည့်ရင်း မစံပယ်ထင်မြင်သလို ခံစားမိတာတွေကို ရေးပြချင်ပါတယ်..။
နေရာတကာလူတွေပြည့်ကြပ်နေတဲ့ စင်ကာပူ..။
ကြည့်ပါဦး West Coast တဲ့..။ စင်ကာပူအနောက်ကမ်းခြေတဲ့..။ မစံပယ် မထင်မှတ်တဲ့တနင်္ဂနွေတစ်ရက်က ရောက်သွားတာ..။ ကားပတ်ကင်မှာ ကားထိုးဖို့နေရာမရှိဘူး..။ လိုက်ပို့ပေးတဲ့ ဦးလေးကြီးက ကားပေါ်ကမဆင်းနိုင်ဘဲ ကားပတ်ကင်ရဖို့စောင့်နေခဲ့ရတာ မစံပယ်တစ်ပတ်ပတ်လို့ ပြန်လာတဲ့အထိ ကားပတ်ကင်နေရာမရဘူး..။ စွန်လွှတ်နေကြတယ်..။ စကိတ်စီးနေကြတယ်..။ သဲပေါ်မှာကစားနေကြတယ်..။ ကမ်းခြေနားမှာ ပန်းခြံလုပ်ပေးထားတယ်..။ ဒါလေးနေရာကျဉ်းကျဉ်းလေးကို အရေးတယူလုပ်ပြီး ကစားနေလိုက်ကြတာ..။ စင်ကာပူကလူတွေကို သနားမိပါတယ်..။ နေရာကျယ်ကျယ်လွင့်လွင့်မနေရ..၊ သဘာဝအလှဆိုတာ ဘာမှန်းမသိကြ..။ မသိကြတော့ ခံစားရကောင်းမှန်း မသိကြတော့ဘူးပေါ့ဗျာ...။
မြင်မြင်ရာမှာလူတွေချည်းပဲတွေ့နေရတာ ငြီးငွေ့သလိုကြီးခံစားလာရတယ်..။ Bird Park ဘက်ကိုကားဆက်မောင်းလာရင်း တောင်ထိပ်ကိုကားလမ်းအတိုင်းတက်လာလိုက်ကြတယ်..။ ညနေ၅ နာရီကျော်တာနဲ့ ကားပတ်ကင်အလကားရတဲ့နေရာလေးဖြစ်နေတယ်..။ တောင်ထိပ်လည်းတောင်ထိပ်ဆိုတော့ ကားနဲ့လာကြတဲ့သူတွေပဲရှိတယ်ပေါ့နော်..။ မဆိုးပါဘူး..။ လူသိပ်မရှိဘူး..။ မြန်မာနိုင်ငံက အာလိန်ငါးဆင့်ဆိုတာလိုမျိုး လျှောက်လမ်းကို ပတ်ပြီးဆောက်ထားတယ်..။ အဆောက်အဦးရဲ့အမြင့်ဆုံး သူတို့သတ်မှတ်ထားပြီး ၀င်ခွင့်ပေးတဲ့နေရာထိတက်လာလိုက်တယ်..။ ထိပ်ဆုံးထိတက်ခွင့်မပေးထားဘဲ တက်စရာတစ်ထပ်ကျန်သေးတဲ့နေရာမှာ တံခါးလုပ်ပြီး သော့ပိတ်ထားတယ်..။ အဲဒီနေရာလေးကနေကြည့်ရင် စင်ကာပူကို အမြင့်ကနေမြင်ရတာပေါ့နော်..။ သဘောကတော့ မန္တလေးတောင်ပေါ်ကနေ မန္တလေးကိုအပေါ်စီးမြင်ရသလိုပေါ့ဗျာ..။ ဒါပေမယ့် နေ၀င်တာကိုကြည့်လို့မရ Sun Set ဆိုတာ ဘာမှန်းမသိတဲ့ စင်ကာပူလေးပါဗျာ..။ အပေါ်စီးကနေကြည့်လို့ရရုံဆိုတဲ့ သဘောလေးပါဗျာ..။ မန္တလေးတောင်လို သဘာဝအလှတွေရှိနေတဲ့နေရာတွေမဟုတ်ပါဘူး..။ ဒါပေမယ့် စားသောက်ဆိုင်တော့ရှိတယ်ဗျာ့..။ ညှော်နံ့ပြင်းပြင်းတွေရခဲ့တယ်..။ လိုက်ပို့ပေးတဲ့ဦးလေးက သူစင်ကာပူမှာနေတာ ၁၀ နှစ်ရှိပြီ..၊ ဒီနေရာကိုမသိဘူးတဲ့..။ လူရှင်းတဲ့ဒီလိုနေရာလေးရှိမှန်းသိရင် သူခဏခဏလာပါတယ်ဆိုပြီး ကြိတ်မနိုင်ခဲမရဖြစ်နေတယ်..။
လှသော်လည်း ရနံ့မပါသောပန်းများပွင့်ရာ စင်ကာပူ..။
မစံပယ် part time လုပ်တဲ့ဆိုင်ကလေးရှေ့မှာ အပင်စိမ်းစိမ်းလေးတွေရှိတယ်ပေါ့နော်..။ အဲဒီအပင်ကဘာပင်မှန်းလည်း မစံပယ်နာမည်သေချာမသိပါဘူး..။ ပန်းပွင့်တတ်တဲ့အပင်မှန်းလည်း မသိဘူး..။ ဒီလိုနဲ့မစံပယ်အလုပ်လုပ်တာ တစ်လခွဲလောက်အရမှာ အဲဒီအပင်ကနေ ပန်းလေးတွေပွင့်လာပါတယ်..။ လှကြသားပဲ..။ ၀ါဝါလေးတွေ..။ မစံပယ်စိတ်ထဲပေါ်လာသလိုလျှောက်နာမည်ပေးကြည့်မိတာကတော့ မညှိုးလုံးပန်းလို့ပဲ..။ ဟုတ်လားမဟုတ်လားတော့ မသိ..။ ၀ါဝါအပွင့်လုံးလုံးလေးတွေပွင့်တယ်..။ အပေါ်မှာ အရိုးတံရှည်ရှည်လေးတွေ လုံးလုံးလေးထွက်နေတယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် အဲဒါမညှိုးလုံးပန်းပဲထားလိုက်တော့ဗျာ နော်..။ အပင်စိမ်းစိမ်းလေးမှာ အ၀ါပွင့်လေးတွေ လှတယ်ပေါ့နော်..။ ဘာနံ့မှမထွက်ကြရှာဘူးဗျာ..။ သနားလိုက်တာ..။ မစံပယ်တို့နိုင်ငံမှာ အနံ့မထွက်တဲ့ပန်းတွေ အပင်တွေရှိတော့ရှိတယ်ပေါ့နော်...။ စိန်ပန်းတို့ ပေါက်ပွင့်တို့..။ ဟုတ်တယ်မို့လားဗျာ..။ ဒီအပင်လေး မစံပယ်တို့နိုင်ငံမှာသာ လာပွင့်ကြရရင် အနံ့မွှေးမွှေးလေးတစ်မျိုးတော့ ထွက်လာနိုင်မှာမလွဲဘူးလို့ မစံပယ်ထင်မိတာပဲခင်ဗျာ..။
နောက်တစ်ခု မစံပယ်အံ့သြမိတာတစ်ခုက မစံပယ်တက်နေတဲ့ NTU ကျောင်းထဲမှာ မစံပယ်တို့ဌာနကနေ ကန်တင်းကိုသွားတဲ့လမ်းမှာ စကားဝါပင်တွေစိုက်ထားတာဗျာ..။ စကားပန်းတွေမှ ပွင့်လိုက်ကြတာ အပင်တိုင်းစေ့ပဲ..။ ဘာနံ့မှမထွက်ဘူးဗျာ..။ အံ့သြလွန်းလို့...။ မစံပယ်တို့ဆီ စကားဝါပန်းဆို မွှေးလိုက်တာမှ ထုံနေတာပဲ..။ တစ်ပွင့်ဆိုရင်ကိုမွှေးနေလိုက်တာ ရာသီပန်းမို့ မစံပယ်လည်း နှစ်ခြိုက်လိုက်တာဆိုတာလေ..။ ဒီမှာတော့ အနားကပ်ကြည့်မှ စကားဝါပန်းဖြစ်နေတာတွေ့ရတာ အံ့သြလိုက်တာ..။ မိုးများလွန်းလို့ ပန်းတွေအနံ့မထွက်ကြတော့ဘူးပေါ့လေ..။ ဟုတ်လား .. အဲလိုလားမသိဘူးနော်..။ ဒါပေမယ့် နေလည်းပူပါတယ်နော်..။ ပူတဲ့အခါများဆို ပူတာမှ ခြစ်ခြစ်တောက်ကိုပူတာ..။ ဒါတောင်ပန်းတွေက မမွှေးဘူးတဲ့ အံ့သြလွန်းလို့ပါ တော်..။
စားဖြစ်ခဲ့တဲ့ အစားတွေ..။
မစံပယ်ရေးဖြစ်တဲ့ ဖိုရမ်တစ်ခုရှိတယ်ပေါ့နော်..။ မြန်မာအင်ဂျင်နီယာဖိုရမ်တဲ့..။ မစံပယ်သံယောဇဉ်တွယ်မိတဲ့ ဖိုရမ်လေးပေါ့..။ ဖိုရမ်ထဲကရင်းနှီးခဲ့ရတဲ့သူတော်တော်များများကို မစံပယ် စင်ကာပူကိုရောက်လာတော့မှ အပြင်မှာတွေ့ကြ ရင်းနှီးလာကြတယ်ပေါ့နော်..။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် တနင်္ဂနွေကသူတို့တွေနဲ့ဆုံဖြစ်ကြတယ်..။ မစံပယ်စာမေးပွဲဖြေနေလို့ သူတို့နဲ့မတွေ့ဖြစ်ကြတာကြာနေလို့ တွေ့ဖြစ်အောင်သေချာအချိန်ပေးသွားလိုက်တယ်ပေါ့နော်..။ သူတို့တွေနဲ့မစံပယ် ထိုင်းဆိုင်မှာသွားစားဖြစ်ကြတယ်..။ ဖိုရမ်ထဲမှာ ပို့စ်တော်တော်များများရေးနိုင်တဲ့ အစ်ကိုထွန်းဆိုတဲ့အစ်ကိုက သင်္ဘောသား Superintendent ပေါ့နော်..။ သူကအစားကောင်းစားသလို ဘယ်ဆိုင်မှာ ဘယ်လိုအကောင်းတွေရလည်းဆိုတာ သေချာသိတဲ့အစ်ကိုပေါ့..။ မစံပယ်တို့ကိုခင်မင်သလို လခကောင်း ရာထူးကောင်းတဲ့အစ်ကိုဟာ တွေ့ရင်သူပဲကျွေးတာများပါတယ်..။ အစားအသောက်ကိုဆိုင်တွေမှာစားခဲ့တဲ့မစံပယ်က ဘယ်ဆိုင်ကဘာကောင်းမှန်းမသိသလို ဘယ်ဟာကဘယ်လိုအရသာရှိလဲဆိုတာလည်း မသိပါဘူး..။ အစ်ကိုထွန်းကပဲ အကုန်လုံးဟင်းစပ်တည့်အောင်မှာပြီးကျွေးတာက များပါတယ်..။ (သူ့ရဲ့ချစ်စရာသားလေးလည်းပါတယ်..။) အဲဒီမှာ မစံပယ်ကကြက်သားထမင်းကြော်ပဲစားတယ်..။ အခုဓာတ်ပုံထဲက ငါးကြော်ပေါ်မှာ ငရုတ်သီးအနှစ်အစပ်ရည်တွေလောင်းထားတဲ့ငါးကြော်ကို မစံပယ်ဆိုဘယ်လိုမှာရမှန်းသိမှာမဟုတ်ပါဘူး..။ အစ်ကိုထွန်းကပဲမှာပေးပါတယ်..။ အိမ်သန့်ရှင်းရေးအလှည့်ကြလို့မြန်မြန်ပြီးအောင်လုပ်ခဲ့ရတဲ့မစံပယ်က ထမင်းလည်းဆာနေပါပြီ..။ အဲဒီငါးကြော်ကို မစံပယ်ပဲ စကားပြောရင်း ခက်ရင်းနဲ့ကော်ရင်း အစပ်ကြိုက်တဲ့မစံပယ် အကြိုက်တွေ့ပြီး ဖြည်းဖြည်းချင်းစားလာခဲ့ပါတယ်...။
ဂျူံယိုမဟုတ်တဲ့ ဘာလီယို..။
မစံပယ်ကအညာသူပါ..။ (ချင်းတွင်းမြစ်အထက်ပိုင်းကတော့မဟုတ်ပါ..။)အချိုကြိုက်တယ်..။ အစပ်ကြိုက်ပါတယ်..။ မစံပယ်အိမ်နဲ့ဝေးပြီဆို အရင်ဆုံးလွမ်းတာ အမေ့လက်ရာထမင်းဟင်းနဲ့ အချဉ်နဲ့ အိမ်မှာအမေလုပ်ပေးတတ်တဲ့ မုန့်ပဲသရေစာတွေပါ..။ အဲဒီထဲမှာ ဂျူံယိုလည်းပါပါတယ်..။ ထန်းလျက်နဲ့ အုန်းသီးဆံနဲ့ ဂျူံယိုချိုညိုညိုလေးကို မစံပယ်အလွန်ပဲနှစ်ခြိုက်ပါတယ်..။ မစံပယ်စင်ကာရောက်တော့ မစံပယ်နေတာက NTUC နဲ့ကပ်ရက်ပါ..။ မစံပယ်အဖတ်များတာက ဟင်းတွေကိုတစ်ဆင့်ချင်းသေချာချက်ပြ ရှင်းပြထားတဲ့ ဘလော့တွေပါ..။ ဘယ်ရလဲ..။ NTUC မှာသွားမွှေ... လက်လှမ်းမီရာကို လက်တည့်စမ်းပါတော့တယ်ခင်ဗျာ..။ ကံကောင်းချင်တော့ မြန်မာနိုင်ငံကပြန်လာတဲ့ အစ်ကိုတစ်ယောက်ကလည်း မစံပယ်ကို ထန်းလျက်လက်ဆောင်ပေးထားပါတယ်ခင်ဗျာ..။ NTUC မှာ ဈေးဝယ်ရင်း ဂျုံစေ့တွေနဲ့တူတာကိုမြင်မိပေမယ့် ဂျုံယိုကျိုတတ်မှာမဟုတ်ဘူးဆိုပြီး ပြန်ချထားခဲ့ဘူးတာ အမှတ်ရမိသွားပြီး ဂျုံယိုကျိုသောက်မယဆိုတဲ့စိတ်ကူးရပါတော့တယ်ခင်ဗျာ..။ အဲဒီ Barley ဆိုတဲ့အစေ့က ဂျုံစေ့ကိုပြောတာလားဆိုတာတော့ မစံပယ်သေချာမသိပါခင်ဗျာ..။ (အခုကျိုသောက်ပြီးတာကို ဂဃနဏ သေချာမသိပါခင်ဗျာ..။)အရင်ဆုံဘာလီစေ့ကိုရေစိမ်ထားပြီး ထန်းလျက်ရေဆေးပြီးကျိုသောက်ပါတယ်ခင်ဗျာ...။ ဘာလီစေ့က အီတယ်..။ အများကြီးမထည့်ရဘူးဆိုတဲ့ အစ်ကိုတစ်ယောက်ရဲ့မှတ်ချက်ကိုလည်း စိတ်ထဲအမှတ်ရထားပါတယ်..။ ကျိုလိုက်တော့ ပွားပြီးအများကြီးရပါတယ်..။ ဆားလေးနည်းနည်းထပ်ပြီး သောက်ကြည့်တော့ ထန်းလျက်ချဉ်နံ့ထွက်နေတယ်ခင်ဗျာ..။ ဘာလီစေ့က ချော်ကျိချော်ကျိနဲ့ ဂျုံစေ့တော့မဟုတ်ဘူး ဘာလီစေ့ကသတ်သတ်လို့တော့ စိတ်ထဲသတ်မှတ်မိတာပဲခင်ဗျာ..။ အထုပ်လေးထဲကအစေ့တွေကတော့ ဂျုံစေ့ကိုထောင်းထားတဲ့ပုံစံလေးတွေပါ ခင်ဗျာ..။ သောက်လို့လည်းမကောင်းပါဘူး..။ ဒီတစ်ပန်းကန်ပဲသောက်ပြီး ကျန်တာကိုမသောက်နိုင်လို့ သွန်ပစ်လိုက်ရပါတယ် ခင်ဗျာ..။
ချောကလက် လက်ဆောင်..။
မစံပယ်ချောကလက်ဘူးလေး လက်ဆောင်ရပါတယ်..။ ဘယ်ပုံဘယ်နည်းရလာလဲဆိုတာတော့ မစံပယ်ပြောမပြချင်ပါ..။ အဲဒီချောကလက်လေးက ခါးသက်သက်နဲ့ ၀ါးစားရင် မြေပဲဆံလိုမာနေပြီး လက်ထဲကိုင်ထားရင် အရည်ပျော်ပြီး ပျော့သွားပါတယ်..။ မစံပယ်အတွက် အမှတ်တရ ချောကလက်ဘူးလေးမို့ ဓာတ်ပုံအက်ဆေးမှာ အမှတ်တရအနေနဲ့ ထည့်ရေးလိုက်ပါတယ်..။
ိ
No comments:
Post a Comment