မကောင်းမှု ဟူသည်..။



မကောင်းမှုဟူသည် ဘယ်အရာတွေနည်း..။ အကုသိုလ်သည် သတ်မှတ်ချက်မဟုတ်..။ သဘာဝတရားများသာဖြစ်၏..။ စိတ်ဆိုးစိတ်ယုတ်မွေးမိရုံနှင့် အချိန်မဆိုင်းဝဋ်လည်တတ်သော ကုသိုလ်မျိုးရှိတတ်သူဟု မိမိကိုယ်ကိုယ် သတ်မှတ်မိသည်..။ မတရားသောနည်းနှင့်ရသော ပိုက်ဆံသည် လွယ်လွယ်ကူကူနှင့်ပင် အချိတ်ဆက်မိမိပြန်ကာထွက်သွားလေသည်..။



မကောင်းမှုတစ်ခုကို သိသိကြီးနှင့်ကျူးလွန်လိုက်သည်..။ မည်သူမျှမသိပါ..။ မည်သူသိတာမသိတာသည် အရေးမကြီးပါ..။ မိမိကိုယ်ကို သိနေသည်က ပိုဆိုးပါသည်..။ဘယ်လိုခံစားနေရသလဲ..။ အတွေးများမကြည်လင်ပါ..။ နောက်ကျိကာနေသည်..။ မလုပ်ဘဲနေလျှင်လည်းဖြစ်နေသည်ကို လုပ်လိုက်ပြီး တနုံ့နုံ့ခံစားနေရသည်..။ ကျူးလွန်သောအဖြစ်ကလေးနှင့်မတန်အောင်ပင် စိတ်ဒုက္ခကြီးမားလှသည်..။အမျိုးမျိုးကြံဖန်ကာ စိတ်ဆင်းရဲရ တွေးပူရသည်..။



သံသရာတွင်လည်း မကောင်းမှု၏အကျိုးဆက်ကို ပယ်ပယ်နယ်နယ်ကြီးခံရနိုင်သေးသည်..။ ဘယ်အချက်မျှကောင်းသည့်အရာမရှိပါ..။



မစံပယ်၏ nephiew နဲ့ niece...။


မစံပယ်အမှတ်မှားပုံဖြစ်၏..။ မစံပယ်ငယ်ငယ်ကတည်းက မီးနင်းအကျက်သန်လှသည်..။ မနက်ဖြန်စာမေးပွဲဖြေမည်ဆိုလျှင် ဒီနေ့တစ်နေကုန် သင်သမျှအကုန်ကျက်တတ်ရာ အင်္ဂလိပ်ဖြေမည်ဆိုလျှင်လည်း မီးနင်းကအစ တစ်အုပ်လုံးပြန်ကျက်နေတတ်သည်..။ မစံပယ်အစ်မက မီးနင်းဆိုတာ စာမေးပွဲမှာမမေး၍ မကျက်ရဟု အကြံပေးသည်..။ မစံပယ်လက်မခံပါ...။ စာမေးပွဲဖြေသွားမည်ဆိုလျှင် သင်ထားသမျှ အကုန်ကျက်သွားရမှ..။ ထို့ကြောင့်စာအများစုမှာ မစံပယ်ခေါင်းထဲတွင် ကျိုးကြောင်းဆီလျော်စွာချိတ်ဆက်မိမိရောက်လာသည်မဟုတ်ဘဲ ဓာတ်ပုံရိုက်သွင်းထားသကဲ့သို့ မျက်စိထဲတွင် အကွက်လိုက် အကွင်းလိုက်ပေါ်နေတတ်ရာ မစံပယ်၏ကျိုးကြောင်းဆင်ခြင်တုံတရားသည် ထိုကတည်းကနည်းခဲ့လေသလားပင်..။

မစံပယ်မီးနင်းကျက်ချိန်တုံးက nephew ဆိုသည့်စကားလုံးနှင့် niece ဆိုသောမီးနင်းနှစ်လုံးကို မှတ်မှတ်ရရ ၁၀ တန်းနှစ်တွင် သေချာသတိထားမိလာသည်..။ တူမတစ်ယောက်အနေနှင့် ဦးလေးဆီသို့ အမှတ်ရကြောင်းပေးစာအရေးကျင့်သည့်အချိန်တုံးကပေါ့..။
မစံပယ်စိတ်ထဲ ဘယ်လိုမှတ်သလဲဆိုတော့ "ဟင် .. တူဖြစ်တဲ့သူကျတော့ nephew ဆိုပြီး အရှည်ကြီးပေါင်းရတယ်..။ တကယ်ဆို တူဆိုတဲ့ယောကျာ်းလေးက စာလုံးတိုတိုပဲဖြစ်သင့်တယ်..။ ဒါမို့လို့ niece က တူဖြစ်သင့်တယ်..။ nephew ကတူမဖြစ်သင့်တယ်ဟု တွေးခဲ့သည်..။" ထိုတွေးခဲ့သည့်အရှိန်သည် အတော်အတန်ကြီးမားခဲ့ရာ မစံပယ်မှာ niece သည် တူ..၊ nephew သည် တူမဟု အမှတ်မှားသည်အထိ..၊ ရုတ်တရက်ပြောတော့မည်ဆိုလျှင် ဘယ်ဟာကဘာမှန်းဝေခွဲမရတတ်သည်ထိ အခက်အခဲတွေ့တွေ့သွားတတ်ပါသည်..။ သေချာအောင် အင်တာနက်မှာပြန်ရှာမှ nephew သည် တူ..၊ niece သည် တူမဖြစ်နေပါသည်..။ သေသေချာချာမှတ်ထားပြန်ရင်လည်း နောက်တကယ်ပြောမည်ဆိုသောအခါ nephew သည် တူမဖြစ်နေတတ်ပြန်ပါသည်..။ ကလေးအင်္ကျီဆိုင်မှာလည်း ကျားမကလေးဝတ်များကို မိန်းကလေးဝတ်များနေရာတွင် my nephew အတွက်ဟု သွားရှာတတ်ပါသည်..။ အရောင်းဈေးသည်မလေးက ဇဝေဇ၀ါပြန်မေးမှ မစံပယ်လည်း ကြောင်တောင်တောင် ဇဝေဇ၀ါဖြစ်ရပြန်ပါသည်..။

ထိုဇဝေဇ၀ါဖြစ်မှုကို စာအဖြစ်ချရေးဖို့ စိတ်ကူးမိသည်မှာကြာပေပြီ..။ အခုမှ အထမြောက်သည်..။ အခုလိုချရေးပြီးသည့်နောက်တော့ မစံပယ် ဇဝေဇ၀ါမဖြစ်တော့ဘူးရယ်လို့ပင်..။ ဒါပေမယ့် မသေချာသေးပါ..။ ဆက်ဖြစ်ချင်ဖြစ်နေနိုင်သေးပါသည်..။

မျက်မှန် ဥပမာ..။

မျက်မှန်တပ်ကာစ မျက်မှန်နဲ့အသားမကျသားသေးတဲ့သူတစ်ယောက်ဟာ ကိုယ့်မျက်လုံးရှေ့မှာ ၊ ကိုယ့်နှာခေါင်းပေါ်မှာ မျက်မှန်ကြီးပါနေတာကို အမြဲသတိထားမိနေတတ်တယ်..။ မျက်မှန်နဲ့အသားကျသွားတဲ့လူတစ်ယောက်ကျတော့ ကိုယ့်ကိုယ်ကိုမျက်မှန်တပ်ထားလို့တပ်ထားမှန်းမသိအောင်ကို လူနဲ့မျက်မှန်နဲ့အသားကျသွားတယ်တဲ့..။ မစံပယ်လည်းမျက်မှန်သမားတစ်ယောက်ဆိုတော့ အဲဒီအဆိုဟာမှန်တယ်ဆိုတာ ထောက်ခံပါတယ်..။ တခါတလေအပြင်သွားမယ်ဆိုရင် ကိုယ့်ကိုယ်ကို မျက်မှန်တပ်ထားသလား မတပ်ထားသလားဆိုတာကို ပြန်ပြန်စမ်းကြည့်ရပါတယ်..။ တပ်ထားရက်သားနဲ့လည်း မျက်မှန်မပါသေးဘူးထင်ရင် ထင်နေတတ်ပါတယ်..။ မပါဘဲနဲ့လည်း အပြင်ရောက်မှဝါးတားတားဖြစ်ပြီဆိုမှ အပြေးအလွှားပြန်ယူရတာလည်းရှိပါတယ်..။


မစံပယ်သတိထားမိလာတဲ့အကြောင်းအရာတစ်ခုကို စဉ်းစားကြည့်ချင်လို့ပါ..။သာမာန်ပဲခင်ဘူးလိုက်တာပေမယ့် မစံပယ်အတွက်တော့ ထူးဆန်းနေမိရတဲ့ ဂုဏ်ယူတတ်မှုကြောင့် ထည့်ရေးလိုက်တာပါ..။ အဲဒီယောကျာ်းကအလုပ်ထဲမှာသူများခိုင်းတာလုပ်၊ အိုဗာတိုင်ကြေးနဲ့ဘာနဲ့ဆိုရင် လခမဆိုးဘူးပြောရမယ့်အလုပ်မှာရပါတယ်..။ အလုပ်မရှိတဲ့အချိန်မှာ ဘီယာလေးတမြမြနဲ့ မူးမူးရူးရူးနေတတ်တဲ့သူမျိုးပါ..။ ပင်ပန်းလာလို့ ဘီယာနဲ့အပန်းဖြေတာပါတဲ့..။ အဲဒီလူအမြဲသုံးနေကျစကားက ငါမဟုတ်တာမလုပ်ဘူးတဲ့....။ သူကအဲလိုစကားအမြဲထည့်ထည့်ပြောတော့ အဲဒီစကားထည့်ပြောရကောင်းမှန်းမသိတဲ့ မစံပယ်က ကိုယ်ဘာသာစဉ်းစားတယ်..။ ငါရောမဟုတ်တာလုပ်သလား လို့..။ မလုပ်ပါဘူး..။ ဒါပေမယ့် ဒါကို စကားလုပ်ပြောနေရမယ်လို့ မစဉ်းစားဘူးပါဘူး..။ အဲဒီစကားထည့်ထည့်မပြောတဲ့တစ်ခြားသူတွေကိုရော စဉ်းစားကြည့်တယ်..။ သူတို့ရောမဟုတ်တာလုပ်သလားလို့..။ သူတို့လည်းမဟုတ်တာမလုပ်ကြပါဘူး..။ ဒါပေမယ့် စကားထဲထည့်မပြောကြပါဘူး..။ အဲဒီတော့ မစံပယ်ကောက်ချက်ချကြည့်တယ်..။ ဒီလူဟာ သူအရက်သောက်ပြီး မူးတာရှိမယ်..။ မကောင်းတဲ့မိန်းမတွေဆီသွားတာရှိမယ်..။ ဒါပေမယ့် သူဘာသူဒါတွေအတွက်လည်း Guilt ဖြစ်နေတယ်..။ ဒါကြောင့်မို့ပဲ သူဘာသာသူ ငါမဟုတ်တာမလုပ်ဘူးလို့ အမြဲအားတင်းထားနေတဲ့ သဘောရှိတယ်..။ သူဟာ မျက်မှန်နဲ့အသားမကျသေးတဲ့လူလိုမျိုးပဲလို့..။


ဒါဆို မစံပယ်ကိုယ်မစံပယ် အကဲခတ်ကြည့်ရအောင်..။ မစံပယ်မှာရော မျက်မှန်နဲ့အသားမကျသလို အကျင့်မျိုးမရှိဘူးလားဆိုတော့ ရှိနေပြန်ရော..။ ဘာလို့သတိထားမိလာတာလည်းဆိုတော့ ဆရာတော်ဦးဇောတိကရဲ့တရားတွေနာပြီး ကိုယ့်စိတ်ကတွေးနေတိုင်း ဘာတွေတွေးမိတတ်လဲဆိုတာ သတိထားမိအောင်ကြိုးစားကြည့်တဲ့အခါမှာ မစံပယ်ရဲ့စိတ်ဓာတ်ကိုပြန်တွေ့လာရပါတယ်..။ မစံပယ်က ငါဟာယောကျာ်းတစ်ယောက်ကလက်တွဲမယ်ဆို လက်တွဲချင်စရာကောင်းတဲ့ အပြလှတဲ့သူမျိုးဆိုတာ မစံပယ်ကိုယ်တိုင်ရဲ့နှူတ်ကနေ ခင်မင်ရတဲ့ညီမနှစ်ယောက်ကို ပြောလိုက်မိဘူးပါတယ်..။ အဲဒီမှာ အဲဒီညီမတွေရဲ့မျက်နှာမှာ မစံပယ်ကိုတစ်မျိုးဖြစ်သွားတဲ့မျက်နှာတွေနဲ့ ကြည့်တာကို သတိထားမိလိုက်ပါတယ်..။ မစံပယ်ဘာလို့ဒီစကားပြောထွက်တာလဲ..။ မစံပယ်စိတ်ထဲ ဘာစိတ်အခံရှိနေလို့ ဒီလိုပြောထွက်တာလဲ..။ အဲဒီမှာ မစံပယ်ရဲ့အငုံ့စိတ်တစ်ချို့ကိုသွားတွေ့ပါတယ်..။(ဒီစိတ်ကို အကျယ်ချဲ့မပြောချင်ပါဘူး..။) အော်..ငါ ဒီစိတ်ကိုကာကွယ်ချင်လို့ ဒီလိုပြောထွက်သွားတာပါလားဆိုတာ နောက်မှသဘောပေါက်မိရပါတယ်..။

နောက်တစ်ခါကတော့ အစ်ကိုအရွယ်ယောကျာ်းတစ်ယောက်ကို မစံပယ်တို့အိမ်မှာ ကားရှိတယ်ဆိုတာ သိစေချင်တဲ့အဓိပ္ပာယ်မျိုးသက်ရောက်သွားစေတဲ့ စကားပြောမိလိုက်တာပါပဲ..။ မစံပယ်က တော်တော်ကိုတုတ်ထိုးအိုးပေါက်ပြောမိတဲ့အခါ ပြောတတ်လွန်းပါတယ်..။ အရင်ကတော့ သတိထားရမယ်ဆိုတာ သိပေမယ့် သတိဆိုတာဘယ်လိုထားရမလဲဆိုတာ မသိခဲ့ဘူး..။ အခုတော့ ဦးဇောတိကတရား တော်တော်နာထားတာနဲ့ သိနေအောင်ကြိုးစားဖြစ်တာနဲ့ စကားပြောလည်း အမှတ်မဲ့မပြောဖြစ်တော့ဘူး..။ သိနေပြီးပြောဖြစ်လာတော့ ဘယ်လိုစိတ်အထာနဲ့ပြောနေလဲ..၊ ဘာရည်ရွယ်ချက်နဲ့ပြောနေလဲဆိုတာ အမြဲသတိထားမိဖြစ်လာတော့ အမှားနည်းလာတာတစ်ခု ကောင်းကျိုးတွေ့ရတယ်..။

နောက်တစ်ခါ ခင်တဲ့အစ်မအရွယ်တစ်ယောက်ကို မစံပယ်အမေသည် မစံပယ်ကို လိုသလောက်ထောက်ပံ့နိုင်သောသူဖြစ်ကြောင်း ပြောမိလိုက်တာရယ်..။ ဘယ်လိုစိတ်အထာနဲ့ပြောမိလိုက်တာလဲ..။ (မစံပယ်စိတ်ထဲက အငုံ့စိတ်ကိုကာကွယ်ချင်စိတ်နဲ့ပြောလိုက်မိတယ်မှန်း အခုတော့တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်..။)မစံပယ်မကြာခဏအဲလိုပြောပြောထွက်နေခြင်းဟာ မျက်မှန်နဲ့အသားမကျသေးတဲ့စိတ်အထာတွေနဲ့ ပြောမိလိုက်ကြောင်း ပြန်အမှတ်ရမိတယ်..။


နောက်ထပ်ဥပမာကျန်ပါသေးတယ်..။ မစံပယ်တို့စလုံးမှာကျောင်းတက်တဲ့ကျောင်းသားကျောင်းသူတွေဟာ အချိန်ပိုင်းအလုပ် လုပ်ကြတဲ့သူများပါတယ်..။ အဲဒီအခါ ဘာမှသိပ်ဦးနှောက်သုံးစရာမလိုတဲ့အလုပ်တွေမှာ လုပ်ကြရတာ များပါတယ်..။ မစံပယ်လည်း အချိန်ပိုင်းအလုပ်ကို ငွေသိမ်းတဲ့အလုပ်မှာ လုပ်ပါတယ်..။ ဒီအခါမှာ မစံပယ်ကိုသင်ပြပေးတဲ့သူဟာ မြန်မာပြည်ပေါက် တရုတ်မတစ်ယောက်ဖြစ်ပါတယ်..။ အဲဒီမှာ အဲဒီတရုတ်မအစ်မကြီးဟာ မစံပယ်ကို ခဏခဏသူနဲ့လာလုပ်ပေးဖို့ ခေါ်လေ့ရှိပါတယ်..။ မစံပယ်ကလည်း ကိုယ့်ကိုလုပ်တတ်ကိုင်တတ်အောင်သင်ပြပေးတဲ့သူဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်ရင် သွားလုပ်ပေးပါတယ်..။ သူနဲ့အနေများလာတဲ့အခါ သူ့ရဲ့မျက်မှန်အကျင့်ကို သတိထားမိလာရပြန်ပါတယ်..။ ငါတို့က ကိုယ်ချင်စာစိတ်နဲ့အလုပ်လုပ်တာတဲ့..။ အဲဒီစကား ခဏခဏပြောတတ်ပါတယ်..။ မစံပယ်သတိထားမိလာသလောက် သူနဲ့အလုပ်တွဲလုပ်ကြတဲ့သူတော်တော်များများဟာ မတတ်သာလို့သာလုပ်ကြရတယ်..။ ဘယ်သူမှသူနဲ့မလုပ်နိုင်ကြ..၊ မလုပ်ချင်ကြတာတွေ့ရပါတယ်..။ သူက သူဖြစ်စေချင်သလိုဖြစ်နေမှ ကျေနပ်တဲ့သူမျိုးဖြစ်ပါတယ်..။ သူဖြစ်သလိုဖြစ်မနေရင် မြည်တွန်တောက်တီး..၊ ဒေါသထွက်..၊ စကားများဖို့လည်း ၀န်မလေးပါဘူး..။ သူနဲ့အဆင်မပြေသူတိုင်းကိုလည်း အလုပ်ကနေထုတ်ထုတ်ပစ်ပါတယ်..။ ပြောတာကတော့ ငါမတရားတာ မလုပ်ဘူးလို့ ပြောလေ့ရှိပါတယ်..။ သူပြောချင်တဲ့အခါ မစံပယ်အပါအ၀င် ကျန်တဲ့သူတွေအားလုံးကို နှစ်ပြားမှမတန် ရစရာမရှိအောင် ပြောလေ့ရှိပါတယ်..။ သူသည်သာ တာဝန်အကျေဆုံးလို့လည်း ဂုဏ်ယူတတ်ပါတယ်..။ အလုပ်လည်းတကယ်လုပ်ပါတယ်..။ ကျောင်းသူကျောင်းသားအပါအ၀င် ငွေရေးကြေးရေးအခက်အခဲကြောင့် အချိန်ပိုင်းအလုပ်ထပ်လုပ်တဲ့ အင်ဂျင်နီယာအစ်ကိုတစ်ယောက်ကိုလည်း သူလောက်မှမတတ်ဘူးလို့ ရေရွတ်တတ်ပါတယ်..။ မစံပယ်ကတော့ မစံပယ်တို့သည် ကျောင်းသာအဓိကထားရသော ကျောင်းသားများဖြစ်ကြောင်းနှင့် အလုပ်နှင့်ကျောင်း နှစ်ခုမျှထားသလိုဖြစ်နေသည့်အတွက် သူ့လောက်အားစိုက်မလုပ်မိဘူးဆိုတာ ၀န်ခံပါတယ်လို့ပဲ အေးအေးဆေးဆေးပြောလိုက်ပါတယ်..။ အဲဒီအလုပ်သည် သူမအတွက် ပင်မသွေးကြောအလုပ်ဖြစ်တယ်..။ မစံပယ်တို့အတွက် ပင်မအလုပ်မဟုတ်တဲ့အတွက် အလေးထားတာကွာနေတာဖြစ်ကြောင်း ပြောလိုက်ပါတယ်..။ အင်ဂျင်နီယာနဲ့ကျောင်းပြီး ရာထူးတွေဘာတွေနဲ့အလုပ်လုပ်ခဲ့တဲ့အစ်ကိုတစ်ယောက်က ဒီမှာ အင်ဂျင်နီယာအလုပ်ရှာမရလို့ ရရာဝင်လုပ်လိုက်တဲ့အခါ အဲဒီအစ်မရဲ့ အရင်အလုပ်ဖြစ်တဲ့ သန့်ရှင်းရေးမှာ အလုပ်သမားအဖြစ်ဝင်လုပ်တဲ့အခါ အဲဒီအစ်မရဲ့စိတ်ထဲမှာ အင်ဂျင်နီယာတွေသည် သူ့လောက်မစွံဘူးလို့ မြင်လာပါတော့တယ်..။
မစံပယ်စဉ်းစားမိတာတွေကို ကောက်ချက်ချမိတာကတော့ လူတစ်ယောက်ယောက်က တစ်ခုခုကိုသူ့ကိုယ်သူဂုဏ်တင်ပြောနေပြီဆိုရင်တော့ အဲဒီဂုဏ်တင်တဲ့အချက်ဟာ သူ့အားနည်းချက်ဆိုတာပဲ..။ မဟုတ်တာမလုပ်ဘူးဆိုတာ မဟုတ်တာများများလုပ်တတ်တဲ့သူ ပြောလေ့ရှိတဲ့စကားပဲ..။
ငါတို့က ကိုယ်ချင်းစာစိတ်နဲ့အလုပ်လုပ်တာလို့ ထုတ်ဖော်ပြောပြီဆို သူကိုယ်ချင်းစာစိတ်နည်းတာ သေချာသလောက်ရှိပြီဆိုတာ သဘောပေါက်ပေတော့..။ သူ့ကိုယ်ချင်းစာစိတ်က ရှိတော့ရှိမယ်..။ ရှိရင်လည်းရေတွက်လို့ရလောက်အောင် နည်းနေလိမ့်မယ်..။ ကိုယ်ချင်းမစာမနာလုပ်လိုက်မိတာတွေ ပိုများလိမ့်မယ်...။
နောက်ထပ်ရေးစရာ ဥပမာတစ်ချို့ကျန်သေးပေမယ့် မရေးတော့ဘဲ ရပ်လိုက်ပါပြီ..။ ရေးရင် မကောင်းတတ်လို့ပါ..။


ကုမ္ပဏီတစ်ခုမှ အလုပ်သမားလိုအပ်နေကြောင်း အကြောင်းကြားစာ..။

Network အင်ဂျင်နီယာတစ်ယောက်အလိုရှိနေကြောင်း မေးလ်တစ်စောင်ဒီကနေ့လက်ခံရရှိပါတယ်..။


Our company has an job opening for network engineer who knows how to maintain server 2003/2008.



အီးမေးလ်ကတော့ Email : steve@interaccion.asia ဖြစ်ပါတယ်..။ ကိုက်ညီသူများ လျှောက်ထားနိုင်ကြပါတယ်..။




ခင်မင်စွာဖြင့် မစံပယ်

မိမိကိုယ်ကို ရောင်းချခြင်း..။


အလုပ်တစ်ခုရှာသည်ဆိုခြင်းသည် မိမိအရည်အသွေးကို ရောင်းချခြင်းတစ်မျိုးဟု မှတ်သားမိဘူးပါသည်...။ အလုပ်ရှင်မှလည်း သူ့ဘက်မှလိုအပ်ချက်များများကို ကုန်ကျစားရိတ်နည်းနည်းနှင့် ဖြည့်ဆည်းပေးနိုင်မည့်သူမျိုးကို ရှာဖွေခန့်အပ်ကြဖို့ ကြိုးစားကြသည်မှာ ဓမ္မတာဖြစ်ပါသည်..။ အလုပ်ရှာသူများဘက်မှလည်း အလုပ်ရှင်များလိုအပ်တတ်သောအရည်အချင်းများကို တတ်အားသမျှဖြည့်ဆည်းကာ မိမိနှင့်အရည်အချင်းတူသူများနှင့် အပြိုင်တိုးကြရသောအခါ အရည်အချင်းသာသူများက အခွင့်အရေးပိုရတတ်သည်မှာ သဘာဝတရားဖြစ်ပါသည်..။

ယခုမစံပယ်မှာ အလုပ်လုပ်သင့်သော ဘ၀ထဲသို့ခြေစုံပစ်ဝင်ရမည့်အချိန်သို့ရောက်နေပါပြီ..။ ရောက်ခဲ့သည်မှာ ကြာပါပြီ..။ မစံပယ်ကမသိဟန်ဆောင်ကာ နေခဲ့သမျှ လောကကြီးက မသိကျိုးကျွံမပြုဘဲ နင်အချိန်တန်ပြီဟု လိုက်လံရှာဖွေကာ အလုပ်လုပ်ခိုင်းနေပါပြီ..။ မစံပယ် မသိကျိုးကျွံ မသိလိုက်မသိဘာသာနေ၍ မရတော့ပါ..။ မိုးလင်းသည်နှင့် ကွန်ပျူတာကိုဖွင့် အလုပ်ဝက်ဆိုဒ်များဖွင့်ကာ အလုပ်တစ်ကြော်ကြော်လျှောက်ရခြင်းသည် မစံပယ်၏ နိစ္စဒူဝ အလုပ်ဖြစ်လာပါပြီ..။

အလုပ်အသည်းအသန်ရှာသောအခါတွင်မှ မစံပယ်စိတ်ထဲစွဲနေအောင် သနားလာခဲ့သောအဖြစ်အပျက်တစ်ခုကို ခဏခဏပြန်ပေါ်ပေါ်လာပါတော့သည်..။ မစံပယ်တို့သည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတစ်နေရာမှ ဖြစ်ပါသည်..။ မစံပယ်တို့ကျောင်းတက်သောအခါ မုံရွာသို့သွားကာတက်ကြရပါသည်..။ ချင်းတွင်းမြစ်ကို စက်လှေဖြင့်ကူးရပါသည်..။ ထိုအခါ စက်လှေအတက်ဆင်းဍ်ကုန်တင်ကုန်ချအလုပ်သမားများ၊ ဆိုက္ကားသမားများနှင့်ပြည့်ကြပ်နေကာ ခရီးသည်ခေါ်လေ့ရှိပါသည်..။ဆိုက္ကားသမားများ၊ ကုန်တင်ကုန်ချသမားများမှာ အောက်ခြေလူတန်းစားများဟု ပြောမည်ဆိုကပြောနိုင်ပါသည်..။ ထိုအထဲတွင်အရက်သမားအလုပ်သမားများလည်း ပါပါသည်..။

တစ်ခါကမစံပယ်စက်လှေပေါ်မှအဆင်း မုံရွာဆိပ်ကမ်းအရောက် တောင်းကြီးကြီးတစ်လုံးပါသူခရီးသည်ထံမှ ထိုတောင်းကြီးကို ထမ်းဖို့အရေး အလုအယက်ကြိုးစားနေသော ဦးလေးအရွယ် ယောကျာ်းကြီးတစ်ယောက်ကိုတွေ့မိပါသည်..။ ထိုဦးလေးကြီးမှာ တောင်းကိုမနိုင်မနင်းအတင်းထမ်းဖို့ကြိုးစားနေပါသည်..။ ဘေးမှာသန်မာသော   ယောကျာ်းသားများကအပြည့်ဖြစ်ပါသည်..။ သူကြိုးစားမထမ်းလျှင်သူများကအလွယ်ဝင်ထမ်းသွားမည်..။ သူဒါကိုမထမ်းလျှင် မနက်စာ (အရက်လည်းဖြစ်ချင်ဖြစ်နိုင်ပါသည်..။) ရမည်မဟုတ်ပါ..။ သူ့မှာလုယက်ကာအတင်းဝင်ထမ်းနေပေမယ့် မျက်နှာမှာအရက်သမားပုံစံဖောင်းကြွနေပါသည်..။

"ငါနိုင်ပါတယ်ကွ..။ ငါနိုင်ပါတယ်ကွ" ဟုအတင်းပြောကာ အတင်းလုထမ်းနေသောထိုဦးလေးကြီးပုံကို ခဏခဏပြန်မြင်နေမိသည်မှာ မစံပယ်တို့လည်း အလုပ်တစ်ခုရဖို့အရေး ဘာတွေဘယ်လိုတတ်ကျောင်း အတင်းကာရောပြသနေမိရသမို့ ဖြစ်ပါသည်..။ အလုပ်အတူလျှောက်နေသော..၊ အလုပ်ရှာတာကြာပြီဖြစ်ပေမယ့် အင်တာဗျူးသာကြိုးကြားကြိုးကြားရလျှက် အကြောင်းပြန်ချက်မရသော အစ်ကိုကြီးတစ်ယောက်ကိုကြည့်ကာလည်း ထိုဦးလေးကြီးကိုပြန်အမှတ်ရမိတတ်ပြန်ပါသည်..။ "ငါသန်ပါသေးတယ်..။ ငါ့ကိုခိုင်းကြပါ" ဟု တကြော်ကြော်အော်နေသော်လည်း အလုပ်မှာ ရချင်မှသာရတတ်ပါသည်..။ မစံပယ်လည်း လက်မှတ်တွေ အောင်စားရင်းတွေတပုံတပင်တွေ ကျွန်မ တတ်ပါတယ်ရှင်ဟု လည်ချောင်းကွဲအောင်အော်သော်လည်း မရနိုင်ပါ..။ လက်ချောင်းပူအောင် အလုပ်လျှောက်သော်လည်း အင်တာဗျူးပင်မရလာသေးပါ..။ ထိုအခါတိုင်း ငါနိုင်ပါတယ်ကွ ငါနိုင်ပါတယ်ဆိုပြီး အတင်းလုကာထမ်းနေသော အလုပ်သမားဦးလေးကြီးကိုသာ ပြန်ပြန်အမှတ်ရမိနေပါသည်..။

ကျွန်မလည်းအလုပ်လိုချင်ပါတယ်ရှင်..။ ကျွန်မကို ခိုင်းကြပါ..။