XAMPP Port 21 ပိတ်နေသည်ကို ဖြေရှင်းခြင်း..။


မစံပယ်ဝက်ဆိုဒ်တစ်ခုတင်ဖို့ Tutorial တစ်ခုစမ်းကြည့်တော့ လိုကယ်မှာ ဆာဗာထောင်ဖို့လိုလာပါတယ်..။ ဒါနဲ့သူ့စာအုပ်ထဲမှာပါတဲ့အတိုင်း XAMPP ဆော့ဝဲကိုဒေါင်းပြီး အင်စတောလိုက်ပါတယ်..။ သူပေးတဲ့အဆင့်တွေအတိုင်းလုပ်ပေမယ့် ဆာဗာကတက်မလာပါဘူး..။ ဆော့ဝဲအင်စတောလုပ်တုံးမှာလည်း Apache Server နဲ့ Sql Server ကို အမှန်ခြစ်ခြစ်ပေးပြီး ရွေးခဲ့ရမှာဆိုလို့ ရွေးခဲ့ပါတယ်..။ ဒါပေမယ့် မစံပယ်ဆော့ဝဲမှာ Sql Server ပဲ ကောင်းကောင်းလည်နေပြီး Apache Server ကတော့ လည်မနေခဲ့ပါဘူး..။



အပေါ်ကပုံက Apache ဆာဗာမလည်လို့ တိုင်ပတ်နေတဲ့ပုံပါ..။ အဲဒီတော့ ထုံးစံအတိုင်း ဂူဂဲလ်အားကိုးနဲ့ Apache ဆာဗာဘာလို့မလည်တာလဲဆိုတာ ရှာရပါတော့တယ်..။ တွေ့ပါတယ်..။ Skype ကြောင့်ဖြစ်တာပါတဲ့..။ Skype Software က Port 21 ကိုသုံးတဲ့အတွက် အလားတူ Port 21 သုံးမယ့် Apache Server ကမလည်ပတ်တော့နိုင်တာပါတဲ့..။ အိုကေ..။ ဒါဆို Skype ကိုဖြုတ်မယ်ဆိုပြီး ဖြုတ်လိုက်လည်း Apache Server ကမလည်ပါဘူး..။ (ဟမ်..။ ကယ်ကြပါဦး အရပ်ကတို့ရေ..။ မစံပယ်ရေမကူးတတ်ဘူး..။:P)

ဘယ်လိုလုပ်ရပါ့..။ Port 21 ဆိုတာကြီးဘယ်သူသုံးနေလို့ Apache ကမလည်နိုင်တာလဲဆိုတာ အဖြေရှာရင်း တစ်ပတ်ကျော်ကြာပြီး ဟိုဟာဒီဟာလျှောက်လုပ်နေမိပါတယ်..။ နောက်တော့ ချက်ထဲမှာတွေ့ရတဲ့ မြန်မာနိုင်ငံမှာ Networking လုပ်နေတဲ့ တစ်တန်းငယ်ဂျူနီယာတစ်ယောက်ကို လှမ်းအကူအညီတောင်းရပါတယ်..။ သေချာကူညီပါတယ်..။ Port 21 တိုက်နေလို့ဆိုတော့ ပုံရဲ့ညာဘက်ထောင့်က Netstat ဆိုတဲ့ Button ထဲဝင်ခိုင်းပါတယ်..။



Netstat ထဲဝင်လိုက်ရင် Port 21 ကိုတစ်ခုခုကသုံးနေတယ်ဆိုတာ တွေ့ရမှာပါ..။ မစံပယ်Port 21 ကိုတော့ msdepsvc.exe ကသုံးနေတယ်လို့တွေ့ရပါတယ်..။ အခုမစံပယ်ပြထားတဲ့ပုံမှာ Port 21 ကိုသုံးနေတာတွေ့ရတော့မှာမဟုတ်ပါဘူး..။ မစံပယ်ကအခုဖြုတ်ချလိုက်ပြီးလို့ အဆင်ပြေပြီးမှ ဒီအကြောင်းကိုပြန်ရေးတာမို့ အဲဒီပုံကိုယူမထားလိုက်ရပါဘူး..။



ဟုတ်ပြီ..။ msdepsvc.exe ကသုံးနေတယ်ဆိုတာက ဟုတ်ပါပြီ..။ အဲဒါကိုဘယ်လိုဖြုတ်ချမလဲ..။ မစံပယ်ဖြင့်သူကဘာလဲဆိုတာကို Google ထဲပြန်ရှာဦးမှရမှာပါ..။ သူ့ကိုဘယ်လိုဖြုတ်ချလဲဆိုတာ ဒီမောင်လေးပြောမပေးရင် ဂူဂဲလ်မှာအချိန်များများပေးရဦးမှာပါ..။ အဆင်ပြေတယ်ဆိုရင်တော့ အဖြေကိုလွယ်လွယ်တွေ့မှာပါ..။ အဆင်မပြေရင်တော့ အချိန်ကတစ်ရက်လည်းကြာသွားနိုင်ပါတယ်..။ နှစ်ရက်လည်းကြာသွားနိုင်ပါတယ်..။

Run ထဲကနေ services.msc ကိုရိုက်ထည့်လိုက်ရင် Window ရဲ့ Service ထဲရောက်သွားမှာပါ..။ Control Panel ထဲက Administration Tool ထဲမှာ Service ရှိပါတယ်..။ အဲဒီကသွားလည်းရပါတယ်..။အဲဒီထဲမှာ ဘယ်ဆားဗစ်တွေလည်ပတ်နေတယ်ဆိုတာ ပြနေတဲ့ဇယားရှိပါတယ်..။ အဲဒီဇယားထဲကနေမှ Web Deployment Agent Service ကို Disable လုပ်ပေးလိုက်ရင် Port 21 ကိုသုံးနေတဲ့ဆားဗစ်ကို ဖယ်ပြီးသားဖြစ်သွားပါပြီ..။



ဒီတစ်ခါသေချာသွားအောင် XAMPP ကိုပြန်ဖြုတ်ပြီး ပြန်အင်စတောလုပ်ပါ..။ Apache နဲ့ Sql Server ကိုသုံးမယ်ဆိုတာ ရွေးခဲ့ဖို့ မမေ့ပါနဲ့..။ ဒီတစ်ခါတော့ ကိုယ်သုံးတဲ့ Browser ကနေ localhost လို့ရိုက်ထည့်လိုက်တာနဲ့ XAMPP ဆာဗာလည်ပတ်နေတာကို တွေ့ကြရမှာပါ..။

ဒီပုံကတော့ မစံပယ်ရဲ့စက်ထဲမှာပဲ လိုကယ်ဆာဗာတစ်ခုလည်ပတ်ကောင်းကောင်းလည်ပတ်သွားပြီဆိုတာ မြင်နိုင်ပါပြီ..။ ဒါလေးသိရမှမစံပယ်တင်ချင်တဲ့ဝက်ဆိုဒ်ကို မစံပယ်ရှေ့ဆက်တင်လို့ရမှာပါ..။ မစံပယ်ကိုအကူအညီပေးခဲ့တဲ့ မစံပယ်ရဲ့ဂျူနီယာမောင်လေးကိုလည်း ဒီပို့စ်လေးနဲ့မှတ်တမ်းတင် ကျေးဇူးတင်လိုက်ပါတယ်..။

မစံပယ်ကကျောင်းတွေတက် အလုပ်တွေလုပ်ဖို့သူများတွေကိုအားကျပြီး ရေစီးကြောင်းနဲ့မျောပါလာတာပါ..။ မစံပယ်မှာ ခရီးရှည်ကိုပျံသန်းဖို့ လုံလောက်တဲ့သက်လုံမပါလာဘူးလို့ ကိုယ့်ကိုယ်ကိုဒီရောက်တော့ ပိုသိလာပါတယ်..။ မစံပယ်ရဲ့အတန်းတွေမှန်သမျှ သူများရှာထားပြီးသားအဖြေကိုပဲ အလွတ်ရအောင်ကျက်မှတ်ပြီး ဖြေလာခဲ့လို့ ကိုယ်ဘာသာကိုယ်စဉ်းစားလုပ်ဆိုရင် ဘယ်ကစလုပ်ရမှန်းမသိအောင်ကို ဖြစ်ရပါတယ်..။ မစံပယ်တစ်ကျွန်းကိုစရောက်ကာစက သူများကိုချည်းလုံးလုံးအားကိုးတတ်တဲ့စိတ်က ကြီးစိုးဆဲပါ..။ မစံပယ်ဘ၀မှာ ဘယ်လိုမှထင်မှတ်မထားလောက်အောင် သူတစ်ပါးရဲ့ပစ်ပစ်ခါခါအပြောအဆိုကိုခံရပြီးချိန်မှာတော့ မစံပယ်ကိုမစံပယ် ကြိုးစားပြီးကိုယ်ဘာသာအားကိုးဖို့ စိတ်သွင်းပြီးလေ့ကျင့်ခဲ့တာ မဆိုစလောက်အောင်မြင်မှုရလာပြီလို့ ဆိုနိုင်ပါတယ်..။ အခုတော့အဲလိုဆက်ဆံခဲ့တဲ့သူကို ကျေးဇူးတင်တတ်တဲ့စိတ်ပေါ်လာအောင် ကိုယ့်ကိုယ်ကိုဆုံးမပြုပြင်ဆဲပါ..။ သူဒီလိုမဆက်ဆံလိုက်ရင် မစံပယ်သူများကိုအားကိုးတဲ့စိတ် ဆက်မွေးနေမိဦးမှာပါပဲ..။ အခုတော့ ညတွေတိုင်း Google ထဲမှာ မွှေနှောက်ရှာဖွေနေတတ်ပြီ..။ ဘလော့တွေထဲမှာ ငေးမောအဖြေရှာနေတတ်ပြီ..။ ကိုယ်လိုချင်တာကိုသိဖို့ ဇွဲနဲ့လုံ့လ၊ ၀ီရိယကို လမ်းကြိတ်စက်နဲ့ကြိတ်သလို ဖျစ်ညှစ်ထုတ်တတ်နေတတ်ပါပြီ..။

အခုတော့မစံပယ် အတတ်နိုင်ဆုံး (အတတ်နိုင်ဆုံး)ဘယ်သူ့ကိုမှအားမကိုးဘဲကြိုးစားနေပါတယ်..။ ဘယ်ကိစ္စမှ ဘယ်သူ့ကိုမှ အားမကိုးတော့တာပါ..။ မစံပယ်ဘာသာမစံပယ် ကြိုးစားလို့မရနိုင်တော့တဲ့အဆုံးမှ အခုလိုမေးမြန်းဖို့စဉ်းစားပါတယ်..။ တတ်နိုင်သမျှနည်းလမ်းရှာပြီးလုပ်ကြည့်ပေမယ့် ကိုယ်ကလုံးဝမနီးစပ်တဲ့အခါ အဖြေကလုံးဝရှာမတွေ့ပါဘူး..။ ဒါကြောင့်မို့မစံပယ် အချိန်တော်တော်ယူစဉ်းစားပြီး မစံပယ်ရဲ့ဂျူနီယာဆီလှမ်းမေးလိုက်တာမှာ သူ့အဖို့အပန်းမကြီးဘဲ သူလည်းလက်ရှိသုံးနေတဲ့ ဆာဗာတွေဖြစ်တာနဲ့အဖြေကတစ်ညနေမှာပဲ ရသွားပါတယ်..။

အဲဒါကြောင့် မစံပယ်တူတွေကို မစံပယ်လေ့ကျင့်ပေးဖို့ သင်္ခန်းစာတစ်ခုရရပါတယ်..။ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးဖို့..။ ကိုယ့်အားကိုယ်မကိုးရင် မစံပယ်လိုပဲ ပက်ပက်စက်စက်အပြောခံရနိုင်တယ်ဆိုတာ မစံပယ်ဘ၀နဲ့ရင်းပြီးရတဲ့သင်္ခန်းစာကနေ သင်္ခန်းစာယူဖို့ သင်ပေးရမှာပါ..။ အကူအညီတောင်းမယ့်သူတွေကိုလည်း မစံပယ်လိုမခံရစေဖို့ အကူအညီတစ်ခုမတောင်းခင် အတတ်နိုင်ဆုံးကိုယ်တိုင်အဖြေရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်..။ အမျိုးမျိုးလှည့်စဉ်းစားလို့ မရနိုင်တော့တဲ့အဆုံးမှ အကူအညီကိုတောင်းတဲ့အကျင့်လုပ်ကြဖို့ မစံပယ်တိုက်တွန်းချင်ပါတယ်..။ အကူအညီပေးမယ့်သူတွေကိုလည်း အကူအညီတောင်းလာခဲ့ရင် တတ်နိုင်တာကို မငြိုမငြင်ပေးကြစေချင်ပါတယ်..။ မတတ်နိုင်တာကိုလည်း ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေး ငြင်းကြ၊ပြောကြစေချင်ပါတယ်..။

No comments:

Post a Comment