အမေကြီး..။

အမေ့အမေကို ဘယ်လိုခေါ်ရသလဲဆိုတာ မစံပယ်တိတိကျကျ မသိပါဘူး..။ မစံပယ်တို့ကတော့ အမေ့အမေကို အမေကြီးလို့ခေါ်တယ်..။ မစံပယ်တို့ငယ်ငယ် အမေကြီးတို့ဆီအလည်သွားပြီဆို မုန့်ဖက်ထုပ် ပူပူလောလောထုပ်ပြီး ကျွေးတတ်တဲ့ အမေကြီးကို မစံပယ်အမြဲသတိရပါတယ်..။

အမေတွေအတွက်တော့ ကိုယ့်သားသမီးကဘယ်အရွယ်နေနေ သူတို့မျက်စိထဲ သူတို့အသိထဲမှာတော့ သမီးဟာသမီးပါပဲ..။ မစံပယ်တို့အဖေဆုံးတော့ အဖေ့အသုဘချပြီးတဲ့ညမှာ မစံပယ်တို့အမေကြီးက ရယ်စရာတွေပြောပြီး တဟားဟားနဲ့အော်ရယ်နေတာ တွေ့ရပါတယ်..။ မစံပယ်တို့ကတော့ရိပ်မိနေတယ်...။ အမေကြီးက သူ့သမီးရဲ့သောကကို နည်းနည်းမှသက်သာသက်သာဆိုပြီး ရယ်စရာတွေပြောပေးနေတယ်ဆိုတာလေ..။

အမေကလည်း တစ်လနှစ်လလောက် သိသိသာသာကို စကားနည်းညှိုးငယ်သွားလိုက်တာ..။ ဒီသမီးကိုစိတ်ပြေအောင် စိတ်သက်သာအောင်လုပ်ပေးနေတဲ့အမေကြီးရဲ့ မိဘမေတ္တာကိုခံစားရတာ ပီတိဖြစ်ဖို့ကောင်းပါတယ်..။

အမေကြီးကစာမတတ်တဲ့ တောထဲက တောသူ..။ ဘဘက မူလတန်းကျောင်းအုပ်ဆရာ..။ စာမတတ်တဲ့အမေကြီးက သားကိုသခင် လင်ကိုဘုရား၊ ဘဘ ဘာကိုပဲ တလိုက် တလိုက် ခုချက်ချင်း သူလုပ်နိုင်တာဆိုထလုပ်ပေးလိုက်တာ အမေကြီးရဲ့ ကြီးမားတဲ့မေတ္တာပါ..။ လောကဓံကိုခါးစည်းခံခဲ့ရင်း ခုဆိုရင်တော့ ဘ၀နေ၀င်ချိန်ကိုရောက်နေပြီပေါ့..။

ဘလော့တစ်ခုကိုသွားဖတ်ရင်း အမေကြီးကိုသတိရလာလို့ မှတ်တမ်းတင်ထားလိုက်တာပါ..။ အမေကြီး ကျန်းမာ ချမ်းသာစွာရှိပါစေလို့ မြေးမဆုတောင်းပေးလိုက်ပါတယ်..။

No comments:

Post a Comment