စွဲနစ်နေတဲ့ခံစားချက်တစ်ခု..။

         ဘာရယ်မဟုတ်ပါဘူး..။  အွန်လိုင်းဝင်တိုင်း ဟိုဘလော့ ဒီဘလော့လိုက်လိုက်ဖတ်ရင်း ငွေသုံးနိုင်တဲ့သူတွေ..၊ ငွေကိုအလကားနီးပါးရနေတဲ့သူတွေရဲ့ အံ့သြဘနန်း ပါးစပ်ဟနေလောက်အောင် သုံးစွဲကြတာတွေကို ကြားသိရတော့ ငယ်ငယ်တုံးကခံစားခဲ့ရတဲ့ ဝေဒနာလေး ပြန်ပေါ်လာမိလို့ပါ..။
        ဘလော့ရေးတဲ့သူတို့အိမ်က(မစံပယ်တို့အိမ်က) ဈေးဆိုင်အကြီးစားပါ..။ အဓိကကတော့ ဆေးကိုအဓိကရောင်းပါတယ်..။ အမေ့အလုပ်နဲ့ဆိုင်လို့ပါ..။ နောက် ဖိနပ်လည်းရောင်းပါတယ်..။ မိန်းကလေးစီးအလှစီးဖိနပ်နဲ့ အကြမ်းစီးတဲ့ ယိုးဒယားရာဘာဖိနပ်တွေရောင်းပါတယ်..။ မစံပယ်လည်း ၁၀ တန်းအောင်လို့ကျောင်းတွေပိတ်ထားတဲ့အချိန်မှာ အဖေနဲ့ဦးလေးကိုကူညီပြီးဈေးရောင်းပေးခဲ့ရတယ်..။ ဦးလေးကသူမိန်းမယူတော့မှာမို့ ဆိုင်ကို မစံပယ်လက်ထဲလွှဲနေတဲ့သဘော သင်ရင်းရောင်းရင်းပေါ့..။
          ဒီမှာမစံပယ်သတိထားမိလာတာက မစံပယ်တို့ဆိုင်မှာ ဆင်ကြယ်တံဆိပ် ယိုးဒယားရာဘာဖိနပ်ကို မစံပယ်တို့နယ်က တောသူတောင်သားတွေ ကြိုက်နှစ်သက်ကြတာကိုပါ..။ ဆင်ကြယ်ဖိနပ်ကရောင်းအကောင်းဆုံးဖိနပ်ပါပဲ..။ သူကတစ်ရံဝယ်ထားရင် နှစ်နှစ်နီးပါးလောက်ခံတယ်..။ တောသူတောင်သားတွေအဲဒီဖိနပ်ကိုမက်မောကြတယ်..။ အဲဒီဖိနပ်ဝယ်ဖို့ပိုက်ဆံကိုသေချာစုကြရတယ်လို့လည်း သိရတယ်..။ မစံပယ်ဈေးစရောင်းကာစ အဲဒီဖိနပ်တစ်ရံက ၃၀၀ ကျော်ကျော်ပါ..။ အခုတော့ ၃၀၀၀ ကျော်နေပြီထင်ပါတယ်..။ လူတွေ (တောသူတောင်သားတွေ) သီးနှံပေါ်ချိန်ရောက်မှ အဲဒီဖိနပ်လေးကိုဝယ်နိုင်ကြတယ်..။ သီးနှံပေါ်ချိန်ရောက်မှ အလုပ်လေးလိုက်လုပ်ပြီးမှ ရလာတဲ့လုပ်အားခလေးနဲ့ အဲဒီဖိနပ်ကိုဝယ်ကြတယ်..။သီးနှံမပေါ်မချင်း အဲဒီဖိနပ်ကိုမ၀ယ်နိုင်လို့ အောင့်နေကြရတယ်..။
        မစံပယ်မှတ်မိသေးတယ်...။ မစံပယ်တို့ရွာနီးချူပ်စပ်ကတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်..။ ချိုင်းကြားမှာ ဈေးခံတောင်းကိုညှပ်လို့..။ မစံပယ်တို့အဲဒီဆင်ကြယ်ဖိနပ်တွေထားတဲ့နေရာကို ကြည့်သွားတာ..။ ခြေထောက်မှာ အပ်ချိတ်(တွယ်ချိတ်)နဲ့တည်းထားရတဲ့ ဆင်ကြယ်ဖိနပ်နောက်မြီးတိုနဲ့..။ မစံပယ်ရင်နင့်သွားတယ်..။ လူတွေဖိနပ်တစ်ရံဝယ်ဖို့တောင် အနိုင်နိုင်ဆိုတာ သဘောပေါက်စာနာမိလာတယ်..။ သူ့ရဲ့ဝီရိယကပဲနည်းလို့လား...။ ကြိုးစားအားထုတ်မှူမမှန်လို့ ဒီဖိနပ်လေးကို မ၀ယ်နိုင်တာလား မစံပယ်ခွဲခြားမသိပါဘူး..။
           မစံပယ်ကျောင်းတွေဖွင့်လို့ကျောင်းပြန်တက်တော့ အလှအပအသုံးအဆောင်တွေဝယ်ချင်တိုင်း အဲဒီဆင်ကြယ်ဖိနပ်နောက်မြီးတို အပ်ချိတ်တွဲထားတဲ့ဖိနပ်လေးက မျက်စိထဲမှာ ပြန်ပြန်ပေါ်နေတယ်..။ တစ်ခုခုဝယ်မယ်လုပ်တိုင်း (အထူးသဖြင့် တစ်သောင်းကျော်တန်လောက်ကိုဝယ်မယ်လုပ်တိုင်း)  ဒါဆိုရင် ဆင်ကြယ်ဖိနပ် ၁၀ ရံလောက်ဝယ်လို့ရတယ်ဆိုပြီး ၀ယ်ဖို့လက်တွန့်တွန့်နေမိတယ်..။ လိုအပ်တဲ့ပစ္စည်းမှန်သမျှရှိနေမှကျေနပ်တဲ့မစံပယ်အတွက် အပိုသုံးပစ္စည်း..၊ မလိုအပ်ဘဲအပိုသုံးဖို့ပစ္စည်းဝယ်ဖြစ်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်..။ ကိုယ်တတ်နိုင်တိုင်းသုံးနေလို့မဖြစ်ဘူး..၊ ဖိနပ်ကိုတောင်လူတန်းစေ့အောင်ဝယ်မစီးနိုင်တဲ့သူတွေရှိသေးတယ်ဆိုပြီး ကိုယ့်လိုအင်ဆန္ဒကိုထိန်းချူပ်မိမိနေတယ်..။ ပြန်စဉ်းစားတိုင်းအဲဒီ ဆင်ကြယ်ဖိနပ်နောက်မြီးတို အပ်ချိတ်တွယ်ထားတဲ့ ဖုန်အထပ်ထပ်ကပ်နေတဲ့ ခြေထောက်တစ်စုံကို ပြန်မြင်မိနေတယ်..။
             ဒါပေမယ့်ကိုယ်ဒီလိုခံစားမိရပေမယ့် အဲဒီတတ်နိုင်သူတွေ ခံစားချင်မှခံစားဖူးမှာပေါ့နော်..။ အဲဒီတော့ သူတို့လိုချင်တာ..၊ သူတို့တတ်နိုင်တာကို တတ်နိုင်တဲ့အလျောက် ၀ယ်ကြတော့တာ ဆန်းတော့မဆန်းပါဘူး..။ ဒါပေမယ့် မစံပယ်သူတို့ကိုပြောပြချင်တယ်..။ မြန်မာနိုင်ငံမှာထမင်းနပ်မမှန်တဲ့..၊ လူတန်းစေ့မနေနိုင်တဲ့သူတွေ အများကြီးဆိုတာလေ..။

No comments:

Post a Comment