ကျွန်တော်နှင့် Facebook ပေါ်မှ အလွဲများ..။

ဘာမှတလွဲမလုပ်ရလျှင် စားမ၀င်အိပ်မပျော်တတ်သော မစံပယ်တစ်ယောက်သည် ဖေ့စ်ဘုတ်တွင်လည်း ပျော်ပျော်ကြီးကိုလွဲပါတော့သည်..။ ထိုလွဲကျင့်လွဲကြံကို ဘယ်ကရခဲ့သည်က စပြောချင်ပါသည်..။

မစံပယ်သဘောကျလှသော ဘ၀ဆန်သော ဟာသဆန်သော စာရေးဆရာနီကိုရဲ၏ အလွဲများကို မစံပယ်ကပျော်ပျော်ကြီး သဘောကျရယ်မောတတ်ပါသည်..။ ရိုးသားသည့် စာရေးဆရာကိုလည်း မစံပယ် ခင်မင်စိတ်ပေါက်မိပါသည်..။ ထိုစိတ်ကို ထူးအိမ်သင်က ထပ်ပြီး ပင့်မြှောက်ပေးပါသည်..။ လွဲလွဲလေးပဲ ကောင်းပါသည် ဟု..။ မနက်ခင်းကတည်းက ညနေထိ အလွဲကြီးလွဲနေသော လူတစ်ယောက်အကြောင်း ဗီစီဒီ သရုပ်ဖော်လေးလည်း မစံပယ် သဘောကျလှသည်..။ ထိုအချိန်မှစ၍ မစံပယ်မှာ သဘာဝကျသောအလွဲများကို ခပ်သောသောရယ်မော သဘောကျမိကာ ကိုယ်တိုင်လည်း လွဲလွဲလေးများ လုပ်မိလာပါတော့သည်..။

ဖေ့စ်ဘုတ်ကို မစံပယ်မသုံးတတ်ပါ..။ မစံပယ်ဖေ့စ်ဘုတ်ထဲမှာ ဂျီတော့ခ်ထဲမှသူများသာ..။ ဂျီတော့ခ်ထဲလည်း သူတို့..။ ဖေ့စ်ဘုတ်ထဲလည်း သူတို့သာမို့ မစံပယ်ဖေ့စ်ဘုတ်မှာ ဘာမှစိတ်ဝင်စားစရာမရှိပါ..။ နောက် အတန်းကဆရာက facebookholic တစ်ယောက်မို့ ဖေ့စ်ဘုတ်မသုံးမနေရ သုံးဖြစ်ရာမှ ဟိုလူတစ်ယောက်အက်လိုက်..၊ ဒီလူတစ်ယောက်အက်လိုက်နှင့် မစံပယ် အက်တတ်လာပါသည်..။ မစံပယ်ကိုလာအက်လျှင် လက်မခံတတ်ပါ..။ မစံပယ်လိုက်အက်သူများမှာ မစံပယ်စိတ်ဝင်စားတတ်သော နယ်ပယ်အကြောင်း ရေးသားတတ်သူများဟု ယူဆသူများကိုသာ မစံပယ် အက်ခြင်းဖြစ်ရာ မစံပယ်ကိုလာအက်သူများကို ဘယ်နယ်ပယ်ကမှန်းမသိရ၍ လိုက်မအက်ဖြစ်ပါ..။

မစံပယ်news feed မှနေ၍ ဒေါ်အောင်ဆန်းစုကြည်သွားရာနောက် တစ်ကောက်ကောက်ပါနေကာ မစံပယ်နေ့များမှာ အဓိပ္ပာယ်ရှိလှပါသည်..။ ဂျာနယ်ပေါင်းစုံ အစုံတကာအစုံကိုလည်း အက်ထားပါသည်..။ ထိုထိုဤဤ များလှသောအကောင့်များကို မစံပယ်လိုက်အက်ရင်း သူတို့တက်လာသမျှကို တမေ့တမောစောင့်ဖတ်ရာ အကောင့်တော်တော်များများကို ပုံလေးနှင့်တကွ မှတ်မိလာရပါသည်..။ ထိုထဲမှအကောင့်တစ်ခုမှာ မိသားစုပုံလေးတင်ထားပါသည်..။ (မစံပယ်အလွဲလေး လာပါပြီ..။) အကောင့်နာမည်ပိုင်ရှင်မှာ မန္တလေးမှ နာမည်ကြီးစာအုပ်ထုတ်ဝေရေးမှဖြစ်မည်ထင်ပါသည်..။ ပုံမှာလည်း မိသားစုပုံတင်ထားရာ မစံပယ်မှာ ထိုအကောင့်ပိုင်ရှင်ကို အမျိုးသမီးဟုသာ ထင်မှတ်ထားမိပါသည်..။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ ထိုအကောင့်၏အောက်မှကွန်းမင့်တွင် ကို...တပ်ခေါ်ထားသောအခါ မစံပယ်မှာ ထိုကွန်းမင့်ရေးသူကိုပင် တလွဲကြီးခေါ်သည်ဟု ထင်နေမိခဲ့သည်..။ မနေ့ကမှသေချာသွားသည်..။ ထိုအကောင့်ပိုင်ရှင်မှာ ယောကျာ်းဖြစ်သည်..။ မစံပယ်ကမိန်းမနာမည်ဟုယူဆသော အကောင့်နာမည်သည် ယောကျာ်းနာမည်ဖြစ်၏..။ (အဟိ အဟိ.......။ ငယ်ငယ်တုံးက ရယ်မောသံ..။ အခုတော့ ဟား ဟား ဟား..။ မစံပယ်မှာ အသက်ကြီးပေပြီ..။)

နောက်အကောင့်တစ်ခုကျတော့ ဘိုနာမည်နောက်က အဖေနာမည်လိုက်ထားသည်..။ မစံပယ်က ယောကျာ်းထင်သည်..။ ပုံကတော့ အမျိုးသမီးကြီးကြီးတစ်ယောက်၏ပုံဖြစ်သည်..။ မစံပယ်က အကောင့်ပိုင်ရှင်ယောကျာ်း၏ မိန်းမပုံဟုထင်နေမိသည်..။ နောက်မှ ထိုဓာတ်ပုံပိုင်ရှင် အမျိုးသမီးသည် ထိုအကောင့်ပိုင်ရှင်ဖြစ်ပြီး အကောင့်မှာလည်း မစံပယ်ထင်သလို ယောကျာ်းအကောင့်မဟုတ်ဘဲ မိန်းမဖြစ်နေခြင်းပင်..။

မစံပယ်နှစ်ခြိုက်သောဘလော့ဂါ၏ နာမည်နှင့်တူသော အကောင့်တစ်ခုကိုလည်း ဖေ့စ်ဘုတ်နေ၍ မစံပယ်အက်ပါသည်..။ ထိုဖေ့စ်ဘုတ်အကောင့်မှာလည်း ဘလော့ဂါနည်းတူ စာအရေးအသားကောင်းကာ မစံပယ်သဘောကျသော နယ်ပယ်အကြောင်းရေးသားသူလည်းဖြစ်ပြန်သည်..။ မစံပယ်ကတော့ ကိုယ်ဘာသာသေချာနေသည်..။ ထိုဘလော့ဂါနှင့် မစံပယ်အက်ထားသော ဖေ့စ်ဘုတ်အကောင့်သည် အတူတူလို့..။ စာအရေးအသား အတွေးအခေါ်ကလည်း ကောင်းတာချင်းတူလှပေသကိုး..။ မှားပါတယ် .. ညီမလေးရယ်..။ ညီမလေးမစံပယ်ထင်တဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်နဲ့ ဘလော့ဂါတို့ဟာ တစ်ယောက်စီ၊ တစ်နေရာစီကပါ..။ တစ်ယောက်တည်း မဟုတ်ပါဘူးတဲ့ ရှန်..။ (လွဲပြန်ပြီ.. တစ်ခါ)

မလွဲရလျှင် မနေနိုင်သောမစံပယ်သည် ဘယ်သူ့ကိုမှမလွဲရလျှင် ဒဲ့ဒိုးအကောင့်များကိုပင် တစ်လွဲထင်ကာလွဲလွဲနေပါတော့သည်..။

(မှတ်ချက်။ ။ မစံပယ်ဖေ့စ်ဘုတ်အကောင့်မှာ ဘလော့အကောင့်နှင့် နာမည်မတူပေ..။)

မစံပယ်ဖတ်ဖို့ စာ..။

ဆရာတော် ဦးဇောတိက၏ ဒေါသ၊သောက နည်းစေရန် နည်းလမ်းများ


လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါ

စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး

ပင်ပန်း သွား တဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။


• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။

ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်း လျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင် မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင် တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။

လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာ မဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။

သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီး အရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။

တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။...

credit to http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:5911

Confusing

သတိနဲ့သိအောင်နေရင် လုပ်နေတဲ့ကိစ္စတစ်ခုကို သိအောင်ကြိုးစားနေရင် ကိုယ်လုပ်နေတဲ့အလုပ်ကြီးကို whole heartedly မဖြစ်သလိုပဲ..။ သိနေတာက တစ်ခု၊ လုပ်နေတာက တစ်ခု နှစ်ခုကြီးဖြစ်နေတော့ half heartedly ဖြစ်နေသလိုပဲ..။ ဆရာတော်ဟောတာနဲ့ ကွဲနေတယ်..။ ဘယ်လိုလုပ်ရမလဲ မေးချင်တယ်..။

မစံပယ်နှင့် ခါးနာခြင်း...။

မစံပယ်တစ်ယောက် ခါးနာပြန်ပေါ်နေပါသည်...။ နာတာမှ တစ်နေရာထဲပင်မကပါ..။ တစ်ခုက အလေးအပင်မတာ မူမမှန်၍ခါးနာခြင်း ဖြစ်ပေါ်ခဲ့သည့်ဒဏ် ပြန်ပေါ်ခြင်းပင်..။ ဇန်န၀ါရီလဆန်းက မစံပယ်အိမ်ပြောင်းရပြန်သည်..။ ပစ္စည်းများ အမအပြုဍ် မစံပယ်ခါးနာ ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်..။ သက်သောင့်သက်သာနားလိုက်နိုင်လျှင် သုံးလေးရက်နှင် ပျောက်သွားနိုင်သော်လည်း မစံပယ်မှာ သက်သောင့်သက်သာနေနိုင်သောအခြေအနေမရှိပါ...။ ကျောင်းခဏအားတုံး ဆပ်စရာအကြွေးများကြေအောင် အချိန်ပိုင်းအလုပ်ကို ကုန်းကာလုပ်ရသည့်အတွက် ခါးနာပြန်ပေါ်သည်ကို အရေးမစိုက်နိုင်အားဘဲ ခါးနာရက်နှင့် ဆက်အလုပ်လုပ်ရာ နာနေသည့်ခါးမှာ သက်သာမလာသည့်ပြင် ထပ်ဆင့်ကာဆိုးလာခဲ့ပါသည်...။


ပုံထဲကလို မမိလို့ ခါးနာပြန်ပေါ်လာတာ..။ အဲဒီနာသွားတဲ့ဒဏ်က အလေးအပင်မတိုင်း ပြန်ပြန်ပေါ်တတ်တယ်...။ တစ်သက်လုံးဆင်ခြင်ပေရော့ပဲ...။ ဘာမှ လေးလေးပင်ပင် သိပ်မမနိုင်တော့ဘူး..။

ပုံထဲကလို နေရာကနာတာ...။ လက်ဖနောင့်နဲ့ဖွဖွထုလိုက်ရင် နာတဲ့နေရာ ခပ်အောင့်အောင့်လေးဖြစ်သွားတယ်..။ မြန်မာနိုင်ငံမှာတုံးကတော့ မစံပယ် Volteron ဆိုတဲ့ဆေးလုံးလေးတွေကို အစာအိမ်နာပျောက်တဲ့ဆေးနဲ့ တွဲသောက်တယ်..။ ဒူးနာပေါ်ရင်သောက်ဖို့ဆောင်ထားတာ..။ ခါးနာလာရင်လည်း အဲဒါလေးသောက်ပေးရတယ်..။ အခုစလုံးရောက်မှ မနာတာကြာပြီ..။ ခုမှပြန်နာလာတာ...။ သောက်စရာဆေးက ပါလာလား ၊ မပါလာလားကို မသိတော့ဘူး..။ ဆေးဗူးကိုက အခန်းထဲမှာထားစရာနေရာမရှိလို့ အထုပ်ထဲကမဖြေရသေးတော့ ခါးနာသက်သာတဲ့ဆေး ပါလား မပါလားကို မသိတော့ဘူး...။ အဲဒါက ဒဏ်ပိလို့နာတဲ့အနာ...။

နောက်တစ်နာကျန်သေးတယ်..။ ဒီနာတာက ဘာကဘယ်လိုဖြစ်လာမှန်းကို မသိဘူး..။ ခုပြန်ပေါ်လာတာကတော့ မစံပယ်အခုငှားနေတဲ့အခန်းက ကုတင်မှာသစ်သားပြားခံပေးမထားတော့ ညအိပ်ရင် မွေ့ယာက ကုတင်သံကိုသွားထိနေတော့ ကျောနာတာနဲ့ မစံပယ်က ကုတင်ကိုဖယ်ပစ်လိုက်ပြီး ကုတင်မပါဘဲ မွေ့ယာကို ကြမ်းပေါ်ချအိပ်တာ...။ ခါးနာနေတဲ့မစံပယ် မွေ့ယာပေါ်ထိုင်ဖို့လုပ်လိုက်တိုင်း အဲဒီနေရာကလည်း နာနာလာတယ်..။ ခုမှသတိထားမိတာ..။ မစံပယ်က ဘာတစ်ခုလေးလုပ်လိုက်လုပ်လိုက်၊ ဖြစ်လိုက်ဖြစ်လိုက် ပြီးပြတ်အောင်၊ သက်သာပျောက်ကင်းအောင် မလုပ်ခဲ့ဘူးဆိုတာကိုလေ..။ အခုတော့တစ်ခုဖြစ်တာနဲ့ နောက်တစ်ခုက ပြန်ပေါ်လာနေပြီ...။ ကုတင်ပါရင် ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်ရုံပဲဆိုတော့ ဒီနေရာနာတာက ပြန်ပေါ်ချင်မှပေါ်မယ်..။ ခုတော့ ကြမ်းပြင်ပေါ်ကို ကုန်းထိုင်ရတာဆိုတော့ အနာပေါ်အနာဆင့် ဒီနေရာနာတာကပါ ထပ်ဆင့်ပြန်ပေါ်လာတယ်..။

မစံပယ်ကတော့ Pelvis လို့ခေါ်တဲ့ တင်ဆုံရိုးကွင်းက နာတယ်လို့ယူဆမိတာပဲ..။ ကြားဘူးနားဝတွေနဲ့ ရမ်းသမ်းမှန်းတုတ်တာလေ..။ မြန်မာနိုင်ငံမှာ body fitness သွားကစားတုံးက မှတ်မှတ်ရရ စဖြစ်ခဲ့တာပဲ..။ ဘယ်လိုကနေဘယ်လိုဖြစ်မှန်းကို တကယ်မသိတော့ဘူး..။ မွေ့ယာနဲ့အိပ်လို့ဖြစ်တာလို့ပြောလို့ မြန်မာနိုင်ငံမှာကတည်းက မစံပယ် မွေ့ယာနဲ့အိပ်ကျင့်မလုပ်တော့တာ ကြာပြီ..။ ခုတော့ အဲဒီအနာနှစ်ခုလုံးပြန်ပေါ်နေတာ..။ ဆရာဝန်ပဲပြရတော့မလို..။ City Hall မှာပဲ ဆေးရှာဝယ်ပြီးသောက်ရတော့မလိုဖြစ်နေတယ်..။

ခုတော့ ကုတင်မပါ၊ စာကြည့်စားပွဲမပေးတဲ့ အခန်းထဲမှာ ကြမ်းပေါ်မှာ မွေ့ယာခင်းလို့ ကိုယ့်ရဲ့စားပွဲပုလေးနဲ့ပဲ စာဖတ်မလို့ထိုင်လိုက်တိုင်း ငါးမိနစ်မပြည့်ခင် နာလာတဲ့ အရိုးအကြောတွေကြောင့် မစံပယ်မှာ တစ်နေကုန် အိပ်ယာထဲလှဲပြီး စာဖတ်နေရကြောင်းပါ..။

မစံပယ်နှင့် ဖိနပ် ၉ ရံ....။

မစံပယ် စလုံးရောက်သည်မှာ တစ်နှစ်ကျော်၍၃လစွန်းစွန်း ၄ လထဲဝင်ရုံသာရှိသေးသည်..။ တွက်ကြည့်လိုက်တော့ ဖိနပ် ၉ ရံ ပြတ်ပြီးပြီး..။ မစံပယ်တို့ မြန်မာနိုင်ငံတုံးကဆို ဖိနပ်တစ်ရံ အနည်းဆုံး ၆ လကနေ တစ်နှစ်လောက်ထိစီးရသည်..။ မစံပယ်တို့က ဖိနပ်ကို တစ်ရံထဲပုံသေးထားစီးတာမျိုးမရှိဘဲ ဟိုတစ်ရံစီးလိုက်၊ ဒီတစ်ရံစီးလိုက်ဆိုတော့ ဖိနပ်တွေက ပြတ်ခဲသည်..။ စီးမကောင်းတော့ဘဲ ကျသွားတာမျိုးသာရှိသည်..။

မစံပယ်စလုံးကိုလာတော့ ရေချိုးခန်းစီးဖိနပ်တစ်ရံနှင့် ဒေါက်ဖိနပ်တစ်ရံ..၊ ကွင်းသိုင်းတစ်ရံပါလာသည်..။ ရေချိုးခန်းစီးဖော့ဖိနပ်က ခုထိစီးလို့ရဆဲ..၊ နောက်ဖေးမီးဖိုးစီးဖိနပ်လုပ်ကာထားသည်..။ ဒေါက်ဖိနပ်ကလည်း ရံဖန်ရံခါသာစီးသည်မို့ ခုထိစီးလို့ရဆဲ..။ ကွင်းသိုင်းဖိနပ်မှာ မစံပယ်မှာ မြန်မာနိုင်ငံမှာ ၁၂၀၀၀ ပေး၍ အောင့်အောင့်အင့်အင့် ၀ယ်လာရသောဖိနပ်ဖြစ်သည်..။ စလုံးရောက်မှ စစီးပြီး စီးပြီးတစ်လမကြာခင် ဖိနပ်က ခါးကျိုးသလို ပျော့စိစိဖြစ်နေပါတယ်လို့ စိတ်ထဲမသင်္ကာလို့ကြည့်လိုက်တော့ တကယ်ခါးကျိုးကာနေလေသည်..။ မစံပယ်မှာ မယုံနိုင်အောင်ပင်ဖြစ်သွားရသည်..။ စီးသည်မှမကြာသေး..။ စီးသာကျသည်ဆိုရုံသာရှိသေးသည်..။ ခါးမှပြတ်ထွက်သွားသည်..။ (ဖိနပ်ပုံကို google မှာရှာတာ ပုံစံတစ်ထပ်တည်းတူတာ မတွေ့ပါ..။ ဖိနပ်တံဆိပ်ကလည်း မေ့သွားခဲ့ပြီ..။ ဈေးသာကြီးပြီး ပေးရကျိုးလုံးဝမနပ်သည့် ဖိနပ်...။)

မစံပယ်၏ ပထမဆုံးလေဒီရှူးပုံ..။ (ဂူဂဲမှ ရှားထား၏..။)
နောက်တော့ စလုံးမှာ အချိန်ပိုင်းအလုပ်စလုပ်သည်..။ ဈေးဆိုင်မှာ တောက်တိုမယ်ရအလုပ်..။ ဖိနပ်ထိပ်ပိတ်စီးရမည်ဆိုသည်..။ လေဒီရှူးတစ်ရန်ဝယ်လိုက်သည်..။ လေဒီရှူးလို ဖိနပ်အလုံပိတ် စီးနေမကျသဖြင့် မစံပယ်ခြေထောက်မှာ ထုပ်စည်းထားသလိုဖြစ်ကာ ဖိနပ်များ ဒလစပ်ပေါက်လျက် ခြေမနှစ်ဘက်စလုံးညိုပုပ်ကာသွားလေသည်..။ ခြေအိတ်စွပ်ကာစီးတော့မှ အနည်းငယ်သက်သာသွားပါသည်..။ ဖိနပ်ထိပ်ပိတ်မစီးခဲ့ဘူးသော အညာသူ၏ခြေထောက်ကားကားမှာ လေဒီရှူးအလုံပိတ်ဒဏ်ကို အတော်ပင်ခံလိုက်ရပါသေးသည်..။ ထိုဖိနပ်လေးမှာ မဆိုးဟုဆိုရမည်..။ နှစ်လကျော် သုံးလလောက်စီးလိုက်ရသည်..။ တော်သေးသည်ဟု ဆိုရမည်..။

ထို့နောက် မစံပယ်ကျောင်းတက်ရက်ရောက်သဖြင့် ကျောင်းတက်ရာ အလုပ်မလုပ်ဖြစ်တော့ဘဲ ထိုဖိနပ်လေးကို ကျောင်းသွားလည်းစီးသွားဖြစ်ရာ သုံးလထဲအရောက်ဍ် မြင်မကောင်းအောင်ကျသွားတော့သဖြင့် မစီးဘဲထားလိုက်ရတော့သည်..။ မိုးရေတစ်ခါလောက်ထိလျှင် ဖိနပ်မှာ ဒုတ်ဒုတ်ထိ ကျသွားတော့ကာ စီးလို့လည်းမကောင်းတော့..။


မစံပယ်နှစ်ရံကို ၃၀နှင့်ဝယ်သောဖိနပ်သည် ပုံထဲကဖိနပ်လောက် အမျိုးအစားမကောင်းပါ..။ (ဒီဖိနပ်က နှစ်ရံ...။ အနက်ရောင်တစ်ရံ.၊ အသားရောင်တစ်ရံ...။)

ထိုဖိနပ်လေးကျသွားတော့ (စီးမဖြစ်တော့) မစံပယ်မှာ ဖိနပ်ဝယ်ဖို့အားထုတ်ရပြန်သည်..။ ရောက်ကာစဖြစ်ကာ စလုံးမှပစ္စည်းများအားလုံးမှာ ဈေးကြီးကြသဖြင့် မစံပယ်မှာ ဖိနပ်တစ်ရံဝယ်ရန်အတွက် တော်တော်ပင် စဉ်းစားအားထုတ်ရပါသည်..။ ၁ ဒေါ်လာကို ငွေ ၇၀၀ နှင့်တွက်ကာ ဘာကိုမှမ၀ယ်ရဲအောင်ပင် ဖြစ်နေပါသည်..။ ထိုသည်နှင့် မစံပယ် ဖိနပ်ဆိုင်သွားသည်..။ တစ်ရံ ၂၀ ကျပ်ဆိုသည့်ဖိနပ်ကို နှစ်ရံဝယ်လျှင် ၃၀ ဆို၍ နှစ်ရံဝယ်ကာလာသည်..။ ဖိနပ်ဒီဇိုင်းလေးက မစံပယ်ကြိုက်သည်..။ စီးလိုက်တော့ အသားမကျ..။ ခြေထောက်နာလှသည်..။ အစပိုင်းမို့နာသည်ထင်ကာဆက်စီးတော့ နောက်ပိုင်းလည်း နာမြဲနာလျက်..။ ဖိနပ်ကိုက ဒီဇိုင်းလှဖို့သာအသားပေးထားသည်..။ သက်သောင့်သက်သာမရှိ..။ မစံပယ်မှာ အနာခံကာ အောင့်အည်းလျက် စီးရပါသည်..။ ပိုက်ဆံ၃၀ တောင် အောင့်အောင့်အင့်အင့်ထွက်ထားသည့်အတွက် မစံပယ်မှာ နောက်ထပ်အကုန်မခံနိုင်၍ ကြိတ်မှိတ်ကာ စီးနေလိုက်ပါသည်..။ သို့သော်မရပါ..။ ဖိနပ်စီးထားတိုင်း နာလှ၍ မဲ့ခွက်ကာစီးရပါသည်..။ ဖိနပ်စီးဖို့အရေးပင် ကြောက်မိသည့်တိုင်အောင် ဖြစ်လာပါသည်..။ ဈေးချိုချင်သည်သာသိ၍ စီးလို့ကောင်းမည် မကောင်းမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားနိုင်မှူ အားနည်းလှပါသည်..။ ဈေးဘယ်လောက်ချိုစေကာမူ ကိုယ်စီး၍မရလျှင် ပေးရသမျှပိုက်ဆံမှာ အလကားဆိုသည်ကို မစံပယ်ထည့်မစဉ်းစားတတ်ပါ..။ ဈေးချိုရေးကိုသာ ဦးစားပေးတတ်ပါသည်..။ ထိုနှစ်ရံသည် မစံပယ်၏ ဒုတိယအကြိမ်မြောက် ဖိနပ်နှစ်ရံဖြစ်ပါသည်..။


မစံပယ်၏တတိယမြောက်ဖိနပ်တစ်ရံမှာ charles and keith ဖိနပ်ဖြစ်သည်..။ သူငယ်ချင်းကခေါ်သဖြင့်သွားဝယ်ကြရာ မစံပယ်မှာ အိတ်တစ်လုံးနှင့် ဖိနပ်တစ်ရံပါလာ၏..။ ဖိနပ်မှာကွင်းသိုင်းလေးနှင့် ချစ်စရာကောင်းရာ မစံပယ်မှာ ကျောင်းသွားတိုင်း ထိုဖိနပ်လေးကို စီးပါတော့သည်..။ ဖိနပ်မှာ ကော်သံပေးလှ၏...။ ခြေနင်းလိုက်တိုင်း တဂတ်ဂတ်နှင့်..။ သို့သော် မစံပယ်သဘောကျသည်..။စီး၍မှ တစ်ပတ်မပြည့်သေး..။ ကျောင်းမှာ ကင်န်တင်းအသွား ကိုယ့်စိတ်ကူးနှင့်ကိုယ်လမ်းလျှောက်လာစဉ် နောက်မှ ပျာယိပျာယာ မကုလားမက ဘာတွေအရေးကြီးနေမှန်းမသိ မစံပယ်ဖိနပ်နောက်မြီးကို တက်နင်းသွားရာ မစံပယ့်ဖိနပ်မှ အသိုင်းလေးမှာ ပြတ်၍သွားခဲ့သည်..။ မစံပယ်မှာကြောင်အနေစဉ် ကုလားမမှာ ဆောရီးတစ်လုံးသာပြောကာ ပျာယာပျာယာ ဆက်သွားနေချေပြီ..။ မစံပယ်မှာ ဖိနပ်ပြတ်ကြီး တဲစီးကာ ကင်န်တင်းသို့ရောက်အောင်သွားရ၏..။ ထို့နောက် လက်ချာတစ်ချိန် တက်ရသေး၏..။ ထို့နောက်တော့ အဲဒီဖိနပ်ကလေးမှာ ဘယ်လိုမှစီး၍မဖြစ်နိုင်တော့သောကြောင့် ပစ်ရမှာလည်း နှမြောကာ ဖိနပ်ပုံးလေးထဲဍ် ဒီအတိုင်းထည့်ကာထားလိုက်ရလေသည်..။


ကျောင်းပိတ်ရက်ဍ် အချိန်ပိုင်းအလုပ်လုပ်ရပြန်ချေပြီ..။ လေဒီရှူး ၂၀ ကျော်တန် အနက်ကလေးတစ်ရန် သူများစီးတာလှလို့ဟုဆိုကာ ၀ယ်လာပြန်ချေ၏..။ တိုပါရိုးဘုရားသို့အသွား john little မှ ဈေးချ၍ ၀င်ဝယ်ခြင်းဖြစ်သည်...။ ဖိနပ်ကလေးက စီးပြီးတစ်လမကြာခင် အောက်ခံအခင်းက စက္ကူများထွက်လာ၏...။ ဖိနပ်စီးထားစဉ် ရေကိုနင်းမိ၍ ခဏနှင့်ကွာထွက်လာသည်...။ လှိမ့်ပိန့်၍သာစီးရသည်..။ တစ်လပင်ကောင်းကောင်းမခံချင်...။ မြန်မာနိုင်ငံငွေနှင့်တွက်လျှင် ၂၀ ကျော်ဆိုလည်း တစ်သောင်းကျော်ပင်..။ စီးလိုက်တော့ဘာမှမခိုင်..။ နှမြောဖို့ကောင်းလှ၏...။


ဒါနဲ့နောက်တစ်ရန်ထပ်ဝယ်ရပြန်သည်..။ ဈေးကြီးပေး၍မ၀ယ်ချင်တော့...။ လျှော့ဈေးထဲမှဝယ်ရန်စိတ်ကူးသည်...။ အလုပ်ကိုအသွား Vivocity မှာ ဆိုင်ကြီးကြီးတစ်ဆိုင်ထဲဍ် မြန်မာပရိုမိုတာများရောင်းသောဆိုင်မှ မှတ်မှတ်ရရ ၉.၉၀ ပေးကာ ၀ယ်လာပြီးစီးသည်..။ မည်မျှခိုင်သည်ထင်ပါသနည်း...။ ဗေဒင်မေးစရာမလိုပါ..။ တစ်လပြည့်အောင်ပင် မခိုင်ပါ..။ ယိုယွင်းပျက်စီးကာ ပန်းထိပ်ဖူးများပြုတ်ကွာလျက် ဘယ်လိုမှ တစ်လတင်းတင်းပြည့်အောင်ပင် မခိုင်လိုက်ပါ...။


ဒီတစ်ခါတော့တော်ပြီ။ နပ်သွားပြီ...။ လေဒီရှူးအလှလေးတွေ ဘယ်တော့မှ မစီးတော့ဟု ဆုံးဖြတ်ပြီး လျှော့ဈေးမှဝယ်လာသော converse ဖိနပ်နှင့်အလုပ်လုပ်တော့သည်...။ ထိုဖိနပ်များကမှ တန်သည်..။ အစုတ်အပြတ်များကိုသာ ဈေးချသည်မဟုတ်..။ အကောင်းကိုလည်းဈေးချသောကြောင့် ရှူးဖိနပ်မှာ အကြမ်းပတမ်းစီးသော်လည်း နှစ်လကျော် သုံးလကြာမှ ဘေးခွံများကွာကာလာသည်...။ နေ့စဉ်အကြမ်းစီးတာနှင့်စာလျှင် အတော်လေးစီးလိုက်ရသည်...။ ဒီတော့ ကျောင်းတက်ရင်းစီးရန် ဖိနပ်ကောင်းကောင်းလေးဝယ်မည်ဟု ဆုံးဖြတ်ကာ ဖိနပ်ကောင်းကောင်းလေးလှည့်ကြည့်ရပြန်၏..။ ဖိနပ်ဝယ်လျှင် John Little နှင့်သာ ညားသည်..။ ထိုဆိုင်မှဖိနပ်များကိုသာ အကြိုက်တွေ့ကာဝယ်မိသည်...။ မျက်စိထဲသူများစီးတာလှသောဖိနပ်လေးများကို ထိုဆိုင်တွင် သွားသွားတွေ့သည်.....။ မခိုင်တာကို မမှတ်..။ ၀ယ်ပြန်၏ .။ နောက်တစ်ရံ...။ ကျောင်းသွားတုံးသာ စီးသည်ကို ရေနင်းမိတာနှင့် ခဏနှင့်ရွဲလိုက်လာသည်..။ ရွဲပြီးတာနှင့် သားရေဖတ်များ ပြတ်ကာထွက်လာသည်..။ ဟာ..။ စီးတဲ့အကြိမ်ရေမှ ဘယ်လောက်မှမရှိသေး...။ ကျောင်းက တစ်ပတ်မှတစ်ကြိမ်သာသွားရရာ တစ်ပတ်တစ်ကြိမ်ပဲ ထိုဖိနပ်စီးဖြစ်သည်...။ နောက်ကြိုကြားကြိုကြားသာစီးဖြစ်သည်..။ အချိန်အားဖြင့် သုံးလလောက်သာကြာသည်..။ စီးဖြစ်သည်အကြိမ်ရေက တစ်ပတ်တစ်ခါလောက်သာ..။ သို့ပေမယ့် သားရေဖတ်များပြုတ်ကာထွက်လာ၏..။ မကောင်းချေ..။

နောက်တစ်ရန်လာပြန်ချေပြီ...။ ကျောင်းသွားရင် formal နဲ့စီးဖို့ဆိုပြီး John Little ကပင် ၀ယ်မိပြန်ချေသည်...။ ၂၀ ကျော်ပဲ..။ မခိုင် မခိုင်ပါကွယ်..။ တစ်လကျော်အကြာမှာ ပြုတ်ပျက်ထွက်..။ ပန်းပွင့်တွေကအရင်ပြုတ်ထွက်..။ တစ်ဘက်ကပန်းပွင့်တပ်လျက်...။ နောက်တစ်ဘက်ကပြုတ်ရက်နဲ့ ဒီတိုင်း တဲပြီးစီးနေတာလည်း မရပါကွယ်..။ တစ်လတောင် သီသီလေးစွန်းရုံသာစွန်းရုံ အနိုင်စီးရပါတယ်..။

အောင်မလေးစလုံးရယ်...။ နင်တို့ ၂၀ ကျော်ဆိုတာ ငါတို့ ၁၂၀၀၀ ကျော်ပါဟယ်..။ ငါတို့ဆီမှာ ၁၂၀၀၀ ကျော်တန်ဆို တကယ့်အကောင်းဆုံး အခိုင်ဆုံးတွေကို ရတယ်..။(မစံပယ်ရဲ့ မြန်မာနိုင်ငံက ၀ယ်လာခဲ့တဲ့ ဖိနပ်မပါ...။) နင်တို့ဆီမှာ ၂၀ ကျော်တန်ဆိုတာ တကယ့်ရောင်းတန်းအဆင့် ကော်ကပ်တွေလောက်ပဲ ရတာပါလားဟယ်..။

မစံပယ်အ၀ယ်အများဆုံးက ဖိနပ်ပဲ...။ ၀ယ်ပေမယ့် ခုလောလောဆယ် ဖိနပ်စီးစရာ တစ်ရန်မှမရှိလို့ အိမ်နေရင်းစီးရတဲ့ ပလတ်စတစ်ကော်ဖိနပ်ကို အပြင်ထွက်လည်း ဒါပဲကောက်စွပ်စီးနေရတယ်...။ နောက်တစ်ရံဝယ်ဖို့ရာ တော်တော်စဉ်းစားနေရပြီ..။ မခိုင်တာကြီးကို သည်းကိုမခံနိုင်ဘူး..။ ဖိနပ်တစ်ရံ ၇၀ ၈၀ ပေးဝယ်ဖို့ရာကျတော့လည်း တွန့်နေပြန်တယ်..။ စိတ်ကလက်မခံဘူး..။ ဒါနဲ့အပေါစားဝယ်..။ ခဏနဲ့ပျက် သံသရာက လည်နေတော့တာပါပဲ...။