စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
ဖေ့စ်ဘုတ်ပေါ်မှာ စာလုံးအမှားတွေကနေ တွေးမိတာတွေ..။
အရှိမဲ့ (မှန်) (မဲ့=မရှိ..။)
ဒါပေမဲ့(မှား) ဒါပေမယ့်(မှန်)
အစဉ်ပြေ(မှား) (အစဉ်=အချိန်ပြကြိယာဝိသေသန)
အဆင်ပြေ(မှန်)
ဘာပြောတာလည်း(မှား)(လည်း=လည်းပဲ၊လည်းကောင်း)
ဘာပြောတာလဲ(မှန်)(လဲ=အမေး)
ငယ်ငယ်တုံးက စလုံးနဲ့ ဆလိမ် အသံထွက်ကွာတာ မသိဘူး..။ ဆားကိုလည်း စား လို့ပဲ အသံထွက်တယ်..။ နွေရာသီကျောင်းပိတ်ရက် အဖေ့ရွာကိုပြန်ရတော့ မောင်လေးက အမှားပြင်ပေးတယ်..။ မမ နင်က ဆားကိုလည်း စားလို့အသံထွက်နေတယ်...။ ဆားက ဆား..။ စားက စားဆိုပြီး လျှာကိုသေချာအသံထွက်ပြတယ်..။ သွားစေ့ထားတာကို လျှာဖျားနဲ့ထိုးရင် စား ဆိုတဲ့အသံရတယ်..။ (သွားမစေ့ဘဲ လျှာဖျားနဲ့ထိုးလည်း ရတာပဲနော်..။) ဆားက အသံနည်းနည်းပြင်းတယ်..။ သွားစေ့ထားတာကို လျှာအဖျားနဲ့မထိုးဘူး..။ လေသံပြင်းနဲ့ လျှာဖျားထိပ်နောက်နားလောက်နဲ့ ထိုးရင် ဆား ဆိုတဲ့ အသံပြင်းပြင်းကို ရတယ်....။ အဲဒီတော့မှ စ နဲ့ ဆကို လေသံနဲ့ခွဲဖို့လိုတယ်ဆိုတာ သဘောပေါက်သွားတယ်..။ သူငယ်တန်း တစ်တန်းဆရာမက မသင်တာလား..၊ ကိုယ်ကပဲ မသိတာလား မမှတ်မိတော့ဘူး..။
စာရေးတော့လည်း မျဉ်းမပါရင် မျဉ်းဖြောင့်အောင်မရေးတတ်ဘူး..။ မျဉ်းပါတာတောင်မှ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ လက်ရေးလက်သားက အကောင်းကြီးထဲ မပါဘူး..။ တကယ်က မြန်မာစာလုံးမှာဖြစ်ဖြစ် အင်္ဂလိပ်စာလုံးမှာဖြစ်ဖြစ် အလယ်မှာရှိရမယ့်စာလုံး..၊ အောက်ထိဆွဲရမယ့် စာလုံး..၊ အပေါ်တင်ရမယ့်စာလုံး အစရှိသဖြင့် သူ့ဖလိုးအတိုင်းသွားရင် လက်ရေးက မလှပေမယ့်လည်း အပေါ်တက်လိုက် အောက်ကျလိုက် ဖြစ်စရာမရှိဘူးလို့ ဆရာမကြီးတစ်ယောက်ထောက်ပြမှ အတန်းတော်တော်ကြီးမှကို သိတော့တယ်..။
မြန်မာဆရာ၊ဆရာမကောင်း သိပ်အရေးကြီးတယ်..။(အင်္ဂလိပ်လည်း ဘာထူးလဲနော်...။)
အဆိုးဆုံးတစ်ခုကတော့ ကျွန်တော်တို့ဒေသက လူတွေက နသတ်နဲ့ ငသတ် မခွဲနိုင်ကြတာပဲ...။ နသတ်မှာလည်း ငသတ်သံနဲ့ထွက်တယ်..။ ငသတ်မှာလည်း ငသတ်သံနဲ့ပဲ ထွက်တယ်..။ နသတ်သံထွက်နည်းကို ထောင်တတ်တဲ့နား မရှိကြဘူးလို့ ပြောရမယ်..။ ကျွန်တော့်နာမည်မှာ နသတ်နဲ့ဆုံးတာ တစ်ခုပါတယ်..။ ကျွန်တော့်သူငယ်ချင်းအရင်းအချာက ငသတ်သံနဲ့ပဲ ခေါ်တယ်..။ သူ့နာမည်မှာ ငသတ်နဲ့ဆုံးတာ တစ်လုံးပါတယ်..။ ကျွန်တော်က သေချာသတိထားပြီး ဂရုစိုက်ပြီးသေချာခေါ်တာမှာ နသတ်သံနဲ့ သွားထွက်တယ်..။ ပါးစပ်ကငသတ်သံထွက်အောင် သေချာရွဲ့ပဲ့ထွက်တာကို နသတ်သံသွားဖြစ်နေတယ်..။ ကျွန်တော်တို့နဲ့ကပ်ရက်ကရွာတွေက အဲဒီလိုမဖြစ်ဘူး..။ ဆရာတစ်ယောက်က ထောက်ပြလို့ သေချာသတိထားခေါ်တယ်..။ မရဘူး..။ ကျွန်တော့်နာမည်ကိုလည်း ကျွန်တော့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေက ငသတ်သံနဲ့သေချာအသံထွက်ပြီး ရယ်စရာစ ကြတယ်..။ တစ်ခြားဒေသကလူတွေမှာ တစ်ခြားပြဿနာတွေ ရှိတယ်..။ စသတ်နဲ့ ကသတ်နဲ့မကွဲတဲ့ဒေသလည်း ရှိတယ်..။ သူတို့ကတော့ တစ်နယ်လုံးလို့ပြောရမယ်..။ တော်တော်ဆိုးတယ်..။ ဒေသအများစုကတော့ သနဲ့ တနဲ့ မကွဲကြဘူး..။ သ နေရာမှာ တ တွေနဲ့ပြောကြတယ်...။ ကျွန်တော့်အဖေရွာမှာ အဲလိုတွေ သုံးတယ်..။ တ၀မ်းပူသံကြီး များများကြားရတယ်..။ လျှာဖျား(လျှာထိပ်) မထိုးကြတာ..။ နားထောင်ရတာ ရယ်ချင်စရာကြီး..။
ကျွန်တော်ကတစ်ခြားဒေသကလူတွေက ကျွန်တော့်နာမည်ကို ငသတ်သံနဲ့ရယ်စရာစကြတော့ အိမ်ကိုပြန်ပြောပြဖြစ်တယ်..။ ပြောနေတုံး ကျွန်တော်တို့ဒေသမှာပဲမွေး အဲဒီဒေသမှာပဲ ကြီး တစ်နယ်ရပ်ခြားသွားခဲတဲ့ အပျိုကြီးမကြီးကို ကျွန်တော့်နာမည်ကိုခေါ်ခိုင်းကြည့်တယ်..။ ခပ်တည်တည်ပဲ ငသတ်သံနဲ့ပဲထွက်လာတယ်..။ လွဲနေတာ မျိုးဆက်၁၀ဆက်လောက်ရှိပြီလို့ ပြောရမလားပဲ..။
မန္တလေးမှာတွေ့တဲ့ ပျဉ်းမနား၊ နေပြည်တော် တပ်ကုန်းဒေသကလူတွေက ရှ နဲ့ ချ နဲ့ လွဲနေကြသလား..၊ အားလုံးကို ရှ သံပဲ ထွက်နေကြသလားတော့ မပြောတတ်ဘူး..။ ချစ်တယ်ဆိုတာကတော့ ရှစ်တယ်ပဲ...။ ရှစ်ပြောရင်တော့ ချစ်ထွက်သလား မသိဘူး..။ ချဉ်တာလည်း ရှဉ်တာပဲ...။ ဘလော့တစ်ခုထဲမှာဖတ်ဖူးတယ်..။ စလုံးမှာမွေးတဲ့ကလေးကို ပျဉ်းမနားကအဒေါ်ကိုလှမ်းခေါ်ပြီးထိန်းခိုင်းတာ အဒေါ်နဲ့အနေများတဲ့ကလေးက အဒေါ်ဆီကနေရယ်..၊ အဖေဆီကနေရယ်..၊ အဒေါ့်သား အစ်ကိုဝမ်းကွဲကနေရယ် ရှစ်တယ်..၊ ရှဉ်တယ်..ဆိုတာတွေပဲကြားနေရတော့ အမေ့မှာ ဘယ်လိုပြင်ပေးပေး မရဘူးဖြစ်နေတာဆိုတာ ရယ်စရာအနေနဲ့ရေးထားတာ တွေ့ဖူးတယ်..။
အဲဒါကြောင့် စကားပြောတာနားထောင်ရင် ဒေသကိုမှန်းနိုင်တယ်ဆိုတာ ဖြစ်နေတာပေါ့..။ ချနဲ့ရှကို ဒေသနဲ့ချီပြီးမှားတဲ့အမှားကတော့ ဆိုးလွန်းသလားလို့..။ ဘယ်သူတွေဆီက ရတာလဲဆိုတော့ ဆရာမတွေကလည်း ရှလို့အသံထွက်ပြီးသင်တာပဲလို့ ပြောတာကြားဖူးတယ်..။ အဲဒီဒေသကတစ်ယောက်ကို မေးကြည့်ဖူးတာပါ..။ ကျောင်းမှာကို ဆရာမက ရှသံထွက်ပြီးသင်တယ်တဲ့..။ ဒါပေမယ့် ဒေသခံမဟုတ်တဲ့ တစ်ခြားဒေသကဆရာမတွေလည်း ရှိတာပဲဆိုတော့ အိမ်မှာ မိသားစုထဲမှာ ရှနဲ့ပြောတော့ တစ်ခြားဒေသကလာတဲ့ဆရာမတောင် နောက်ပိုင်း ရှ သံဖြစ်သွားနိုင်တာပဲ..။ ဘာပဲပြောပြော ကျောင်းသားမမှန် ဆရာ့ခေါင်း..၊ သားသမီးမမှန် မိဘခေါင်းဆိုတော့ ဆရာမိဘ ပေါင်းထိန်းကြမှ အမှန်ရောက်လိမ့်မယ်ထင်ပါတယ်..။
Labels:
ရောက်တတ်ရာရာ
မစံပယ်နှင့် အူကြောင်ကြောင်နိုင်ခြင်းများ..။
တခါတရံ လွယ်လွယ်လေးကို မသိဘဲ ခက်နေတာလေးတွေ ကြုံဖူးကြမှာပါ..။ မစံပယ်က ခဏခဏကြုံပါတယ်..။ တစ်ချို့အခက်အခဲလေးတွေက Google က ကူညီပေးတယ်..။ တစ်ချို့ကို YouTube က ကူတယ်..။ တစ်ချို့ကို စာတွေဖတ်ရင်း ဖတ်ရင်း သိလာတယ်..။ တခါတခါကျတော့ ဘယ်လိုမှ အကူအညီမရတာတွေ ကြုံဖူးတယ်..။
မစံပယ်ဟန်းဆက်အသစ်စကိုင်တော့ ကိုယ်ဘာသာ install လုပ်..၊ ကိုယ်ဘာသာ လက်ပ်တော့ဆီ ကော်နက်ရှင်ပြောင်းဖို့ ကြိုးစား..၊ ကိုယ်တိုင် Root လုပ်ဖို့ကြိုးစားနဲ့ Google နဲ့ YouTube ထဲမှာ တလည်လည်...။ ဖုန်းဝင်လာတော့ (ဟဲ ဟဲ..) ဘယ်လိုလက်ခံရမှန်းမသိဘူး..။ အဲဒီရက်ပိုင်းတုံးကလည်း ကိစ္စတစ်ခုရှိလို့ ဖုန်းကခဏခဏ၀င်နေချိန်..။ မစံပယ်က ဖုန်းလက်ခံအစိမ်းလေးပေါ်လာတာကို ပွတ်လိုက်ပြီး ဖုန်းလက်ခံရတာကို မသိဘူး..။ ဒါနဲ့ ဖုန်းဝင်လာတိုင်း ဖုန်းချပြစ်ပြီး ၀င်လာတဲ့နံပါတ်ကို ပြန်နှိပ်ပြန်ခေါ်ရတယ်..။ အဲဒါနဲ့ဖုန်းခေါ်တဲ့သူကလည်း ဇဝေဇ၀ါ ဘာလို့ဖုန်းပြန်ခေါ်ခေါ်နေတာလဲ..။ ဘာလို့သူခေါ်တာ ချချပြစ်တာလဲလို့ မေးလာတယ်..။ မစံပယ်က ဘာမှပြန်မဖြေပါဘူး..။ ဖုန်းဘယ်လိုလက်ခံရမှန်း မသိပါဘူးလို့..။ (ဟား ဟား..။)အဲဒါအတွက်တော့ Google နဲ့ YouTube ထဲ မရှာမိပါဘူး..။
အဲဒါနဲ့ အသိတစ်ယောက်နဲ့တွေ့တော့ ဖုန်းဘယ်လိုကိုင်ရတာလဲလို့ မေးယူရတယ်..။ ဟောဗျာ.. ဒီလိုလေးဆိုပြီး ရယ်ကာမောကာ သဘောကောင်းစွာနဲ့ ပြပေးပါတယ်..။ အထင်သေးရှုံ့ချလိုတဲ့ အသံနဲ့ဟန်မရှိလို့ မစံပယ်မှာ ကျေးဇူးတင်ရပါတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် ဒါလေးတောင်မသိရကောင်းလို့ အထင်သေးဆက်ဆံခံရမှာလည်း မကြိုက်ပါဘူး..။ တခါတရံ လွယ်လွယ်လေးနဲ့ မသိတာတွေ ရှိတယ်ဆိုတာသိလို့ မစံပယ်လည်း ကူညီရမယ်ဆို အိုက်တင်မခံ.. တတ်နိုင်သလောက် ကုသိုလ်စိတ်လေးထားပြီး ကူညီရတာ ပျော်ပါတယ်..။
မစံပယ်အပြင်ထွက်ရင် ဟန်းဆက်လေးနဲ့ YouTube ကြည့်သွားချင်ပါတယ်..။ ဒါပေမယ့် နားကြပ်တတ်တော့လည်း အသံက ဟန်းဆက်ကနေပဲ ထွက်နေပါလား..။ ဘာလို့ အသံက နားကြပ်ထဲကမထွက်တာပါလိမ့်ဆိုပြီး ကြည့်ချင်တဲ့ YouTube လေးမကြည့်ဘဲ အပြင်ထွက်ရပါတယ်..။ ဒီလိုပဲနေနေတာ လချီလာပါပြီ..။ အခုခဏတော့ အားလပ်တုံးဆိုပြီး နားကြပ်လေးတတ်ပြီး အသံကိုကြိုးစားကြည့်တာ အသံက နားကြပ်ထဲဝင်မသွားပါဘူး..။ ဒါနဲ့ ဖုန်းထဲကနေ Google ထဲဝင် ဟိုမေးဒီမေးလုပ်..၊ အလကားရတဲ့ဆော့ဝဲ သုံး လေးခုတောင် ဒေါင်းပြီးပါပြီ..။ Google ကြီးကလည်း ဟိုလှည့်မေးလည်းမရ..။ ဆော့ဝဲတွေသွင်းပြီးလည်း အသံက နားကြပ်ထဲမ၀င်..။ ဒါနဲ့ YouTube ထဲဝင်မေးကြည့်ပါတယ်..။ မရပါဘူး..။ နားကြပ်ကြော်ငြာတွေပဲတွေ့တယ်..။ ဒါနဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်း နောက်ဆုံးအဖြေကတော့ Facebook ကနေ Status တင်ပြီး မေးမယ်လို့စိတ်ကူးလိုက်ပါတယ်..။ မစံပယ်ရဲ့ရင်းနှီးတဲ့အသိတစ်ယောက် IT Field က ဆရာပါ..။ သူနဲ့မှပိုရယ်ရတာက မစံပယ်ကတစ်ခုခုမေးလိုက်ရင် သူကအကျင့်ပါနေကြအတိုင်း အမြင့်ကြီးတွေစဉ်းစားပါတယ်..။ မစံပယ်အခုမေးလိုက်ရင် သူက ဖုန်းဆော့ဝဲကြောင်တာလား..၊ အထဲထဲဆော့ဝဲအလုပ်မလုပ်တာလားလို့ အမြင့်ကြီးတွေစဉ်းစားမှာမို့ မစံပယ်သူ့လည်း မမေးချင်ဘူးဆိုပြီး ဖုန်းနဲ့ပဲ စတေးတပ်စ် ရေးနေတုံး ဖုန်းဝင်လာပါတယ်..။ အရင်တစ်ခါ ဖုန်းဘယ်လိုကိုင်ရလဲဆိုတာ ပြောပြတဲ့ အသိပါပဲ..။ ဒါနဲ့စကားပြောရင်း နားကြပ်ဘယ်လိုလုပ်ရတာလဲလို့ ဖမ်းမေးလိုက်တော့ ဆက်တင်ချိန်းရတယ် ဘာညာပြောပြီး နားကြပ်ဂျက်ပင်ကို ဖိချရသေးတယ်နော်လို့ ပြောပါတယ်..။ ဒါနဲ့မစံပယ်က ဖိချတာပဲလို့ အတွန့်တက်ရင်း ထပ်ဖိချလိုက်တော့ နားကြပ်က နှမ်းတစ်ထောက်လောက်လွတ်နေတာလေးက ထပ်ဝင်သွားပြီး ပြောနေတဲ့ဖုန်းသံကပါ ပျောက်သွားပြီး နားကြပ်ထဲကနေ အသံထွက်လာပါတယ်..။ ဟား ဟား ဟား..။ တော်သေးတယ်..။ အချိန်မီလေ..။ မစံပယ် ဖေ့စ်ဘုတ်မှာ စတေးတပ်စ်တင်တော့မလို့..။ စာကိုရိုက်ပြီးနေပြီ..။ အိုင်တီကဆရာကိုမေးရင်လည်း ဒါလေးတောင်မသိဘူးလားဆိုပြီး ဟားခံရဦးမှာ..။ အဟားခံရမှာလည်း မခံချင်ဘူး..။ အခုပြောပေးတဲ့အသိက အိုင်တီနယ်က မဟုတ်ဘူး..။ သာမာန်တစ်ယောက်ပဲ..။ ဒါပေမယ့် သူကလည်း ကိုယ်နဲ့ဖုန်းအမျိုးအစားတူကိုသုံးနေတော့ သူသုံးတာက ကြာပြီဆိုတော့ သူ့မေးလိုက်ရင် သိရတာ ပိုလွယ်တယ်..။ ဟား ဟား ဟား..။
နားကြပ်ဂျက်ပင်ကို ၀င်တဲ့ပထမအထစ်မှာပဲ ရပ်ထားပြီး ဂူဂဲအားကိုး ယူကျူ့အားကိုးလုပ်နေတာ.. တခါတလေ ဂူဂဲမကယ်နိုင်..၊ ယူကျူ့မကယ်နိုင်တဲ့ မစံပယ်ရဲ့ အူကြောင်ကြောင်အဖြစ်အပျက်များပါပဲ..။
Labels:
မစံပယ်နှင့် အလွဲများ
မားသားအလွမ်းပြေ နှမ်းပြစ်..။
မစံပယ်တို့က အမေ့ကိုစပြီး မာမီမာသားအမေလို့ ခေါ်လေ့ရှိပါတယ်..။ အခုတော့ဖုန်းခေါ်ရင်း အတိုကောက် မားသားလို့ပဲခေါ်ပါတယ်..။ မစံပယ်တို့အမေက အိမ်မှာမနက်ခင်းစာဆိုလည်း တစ်ရက်နဲ့တစ်ရက်မတူအောင် လုပ်ကျွေးလေ့ရှိပါတယ်..။ ထမင်းကြော်၊ မုန့်တီဖတ်သုတ်၊ ခေါက်ဆွဲသုတ်..၊ ထမနှဲ..၊ ကောက်ညှင်းပေါင်း..။ တစ်နေ့တစ်မျိုးမရိုးရအောင် ပူပူနွေးနွေးကျွေးလေ့ရှိပါတယ်..။ မစံပယ်တို့ငယ်ငယ်က ကျောင်းကမုန့်ဆိုင်သေးသေးလေးတွေကနေ နေကြာစေ့၊အချဉ်ထုတ်တွေတော့ စားတတ်ပါတယ်..။ ဒါပေမယ့် လက်သုပ်စုံလိုမျိုးတွေကျတော့ စားလေ့မရှိပါဘူး..။ အမေက အပြင်စာတွေကို ကျွေးလေ့မရှိတာမို့ မစံပယ်လည်း အပြင်စာစားဖို့ဆိုရင် တွန့်နေတတ်ပါတယ်..။ နောက်မှသာ အိမ်နဲ့အဝေးမှာနေရတော့ အပြင်ထမင်းဆိုင်လိုမျိုးတွေမှာ ကြုံသလိုစားရတတ်ပေမယ့် တတ်နိုင်သလောက် မစံပယ်ကတော့ ကိုယ်တိုင်ချက်ပြုတ်စားဖို့ပဲ အားထုတ်လေ့ရှိပါတယ်..။ဆီများများနဲ့ ဟင်းချိုမှုံ့တွေထည့်ချက်တတ်တဲ့ ကိုယ်မမြင်ရာမှာချက်တဲ့အပြင်စာတွေကိုစားရမှာ မစံပယ်နောက်တွန့်တတ်ပါတယ်..။
အစပိုင်းကတော့ အပြင်စာမစားတတ်ပဲရှိပေမယ့် ကိုယ်တိုင်ကလည်း ကောင်းကောင်းမချက်တတ်ပါဘူး..။ အခုမှ ဟိုဘလော့ဒီဘလော့ဖတ်ရင်း မစံပယ်မှာ မီးဖိုချောင်ပစ္စည်း တော်တော်များများရှိလာပါပြီ..။ ကိုယ်တိုင်ချက်..၊ ကိုယ်တိုင်အ၀အပြဲစားရတာလည်း သဘောကျပါတယ်..။ လုပ်ရင်းနဲ့ပိုလုပ်တတ်လာတာ တွေ့ရပါတယ်..။
ညနေက ဖေ့စ်ဘုတ်မှာ အင်္ဂလန်ကဆရာမ နှမ်းလှော်နဲ့ပျားရည်နဲ့နှယ်စားနေတာတွေ့ရတာနဲ့ မစံပယ်လည်း မလုပ်ဖြစ်တာကြာပြီဖြစ်တာ အမေ့လက်ရာလိုမျိုး နှမ်းပြစ်စားချင်စိတ်ဖြစ်လာလို့ ထလုပ်လိုက်ပါတယ်..။ အမေတို့လာတုံးကယူလာတဲ့နှမ်းလှော်ထုတ်ကြီးကလည်း တစ်ဝက်လောက်ကျန်နေပါသေးတယ်..။ မြေပဲဆံရောဦးမလို့လုပ်တာ ရောရင်မကောင်းပါဘူးဆိုပြီး မရောဘဲထားလိုက်ပါတယ်..။
မစံပယ်က အချိုတွေ၊ အအီတွေ စားလှပါတယ်..။ အခုနှမ်းပြစ်လုပ်တာလည်း ဆီထည့်တာ မှန်းတာလွဲလို့ နည်းနည်းများသွားပါတယ်..။ ၅ ကျပ်သားနီးပါးလောက်ရှိသွားပါတယ်..။ ထန်းလျက်သုံးလုံးနဲ့ဆို ဆီကအဲလောက်မလိုတာ တွေ့ရပါတယ်..။ ဆီကများလွန်းတော့ ပေါင်းမသွားဘဲ အပေါ်မှာအိုင်ထွက်နေတာကို ကဲ့ထားလိုက်ပါတယ်..။ ထမင်းလည်းအစားများပါတယ်..။ ၀က်ပုပ်ကြီးဖြစ်မှာစိုးပေမယ့် တခါတလေလည်းစားတာပါပဲ..။ တခါတလေတော့ လေ့ကျင့်ခန်းထလုပ်ပါတယ်..။ မလုပ်တာက များပါတယ်..။
Labels:
အချက်အပြုတ်,
အမေ
OOP အခြေခံများ (သို့) C# အခြေခံများ..(အဆက်..။)
Comments
Comments ဆိုတာက Program ရေးနေရင်းနဲ့ Program ထဲမှာပဲ Program နဲ့ပတ်သက်တဲ့ ရှင်းပြချက်တို့၊ Programmer အချင်းချင်း ရှေ့လူလုပ်တာကို နောက်လူသိအောင် ဘာ့ကြောင့်ဒီလိုရေးပါတယ်ဆိုတာ ချိတ်ဆက်မိအောင်...၊ ကိုယ်ရေးတာကိုပဲ နောက်တစ်ခါပြန်အကြည့်မှာ ဘာကြောင့်ဒီလိုရေးထားတယ်ဆိုတာသိအောင် ရေးတဲ့နေရာမှာ သုံးပါတယ်..။ Program ကိုထိရောက်မှုမရှိစေပါဘူး..။ ဘယ်နှစ်ကြောင်းရေးရေး Program ကိုထိရောက်မှုမရှိစေချင်ရင်..၊ ကိုယ်ရေးတဲ့ကုဒ်က သိပ်မသေချာရင် comment ပိတ်ထားခဲ့ရင် အဲဒီကုဒ်က Program ကို သက်ရောက်မှုမရှိစေတော့ပါဘူး..။
ကိုယ်ရေးတဲ့စာက တစ်ကြောင်းတည်းဆိုရင်၊ ဒါမှမဟုတ် တစ်ကြောင်းပြီးတစ်ကြောင်း line by line ဆိုရင် (//)မျဉ်းနှစ်ကြောင်းနဲ့ တစ်ကြောင်းချင်းရှေ့ကနေ ပိတ်သွားရပါတယ်..။
ကိုယ်ရေးတဲ့ Comment က တစ်ကြောင်းထက်ပိုတယ်..၊ စာတစ်ပိုဒ်လောက်ရှည်တယ်ဆိုရင်လည်း ဘယ်နှစ်ကြောင်းပဲဖြစ်နေနေ အစမှာ (/*) နဲ့ အဆုံးမှာ (*/)အဲလိုပိတ်ပေးရပါတယ်..။ ကြားထဲမှာ စာဘယ်နှစ်ကြောင်းရှိရှိ အစမှာတစ်ခါနဲ့ အဆုံးမှာ တစ်ခါပဲ စပေး၊ ပိတ်ပေးလိုက်ရုံပါပဲ..။
နောက်တစ်မျိုးက documentation comment ဆိုတာ ရှိသေးတယ်..။ XML file တွေကို comment ပိတ်တယ်ဆိုရင် သူတို့က file အမျိုးအစားတွေမို့ documentation comment နဲ့ပိတ်ရတယ်..။ tag အစကနေ line by line စာကြောင်းဆုံးသလောက် တစ်ကြောင်းချင်းရှေ့မှာပိတ်သွားရမယ်..။
Cover Letter ဘယ်လိုရေးရင်ကောင်းမလည်း - နိဂုံးပိုင်း
ဒီတခါတော့ နောက်သိပ်အရေးကြီးတာတခုပြောပြချင်ပါတယ်၊အဲဒါကတော့ Cover Letter ရေးတာပါပဲ၊ တကယ်တော့ cover letter ဆိုတာမိတ်ဆက်စာပေါ့။ အလုပ်ခန့် မဲ့သူ၊scholarship ပေးမဲ့သူကို လက်တို့ ပြီး”ခင်ဗျားတို့ ကျနော့ CVကိုဖတ်ကြည့်စမ်းပါ၊ကျနော့မှာခင်ဗျားတို့ အလုပ်နဲ့  ကိုက်ညီမဲ့အရည်အချင်းတွေရှိတယ်ဗျ၊ ခင်ဗျားတို့ သဘောကြ မှာပါ“…ဆိုတဲ့စာမျိုးပေါ့။
အဲဒီလိုcover letter မျိုး ဘယ်လိုရေးရင်ကောင်းမလဲ…
ကျနော်တို့ ဘယ်လိုရေးတတ်သလဲဆိုတော့….”Dear Sir/Madam, I would like to apply for this position of---.Please see attached my CV.”ကျနော် ခင်ဗျား ခေါ်တဲ့ အလုပ်ရာထူး၊နေရာ အတွက် လျောက်ထားချင်ပါတယ်၊ ကျေးဇူးပြုပြီးကျနော့CV ကိုကြည့်ပေးပါ….ဆိုတဲ့ပုံစံမျိုးပေါ့။ CV မြင်ကထဲက..အလုပ်၊ scholarship လျှောက်တာဆိုတာ လူတိုင်းသိတာပဲ၊ဒီစာ၂ကြောင်းလောက်နဲ့ တော့ ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး၊ အမှိုက်ခြင်းထဲရောက်သွားမဲ့ cover letter မျိုးပေါ့။
အဲဒီတော့ သူတို့ စိတ်ဝင်စားအောင်၊ကိုယ့်CV ချက်ချင်းဖတ်ချင်စိတ်ပေါက်လာအောင်ဘယ်လိုရေးမလဲ…
ကျနော်အနေနဲ့ cover letter မှာ paragraph စာပုဒ် ၃ပုဒ် ရေးပါ လို့ အကြံပေးချင်တယ်၊ သိပ်မတိုလွန်း၊မရှည်လွန်းတဲ့  စာကြောင်း၃/၄ကြောင်းပါတဲ့ စာပုဒ်တွေပေါ့။
ပထမ အပုဒ်က…ကိုယ့်အကြောင်းပြောပြတာပါ၊ကိုယ့်မှာ ဘယ်လို ဘွဲ့ ၊ဒီဂရီတွေရှိတယ်၊ ကိုယ့်လုပ်ငန်း အတွေ့ အကြုံကဘာတွေ၊ ဘယ်လိုအရည်အချင်း၊ အောင်မြင်မှုမျိုးတွေရှိတယ်.. အစရှိတာတွေရေးပါ။(ကျနော်ရှေ့ မှာ ပြောခဲ့သလို ကိုယ်လျှောက်မဲ့ အလုပ်၊Scholarship programme နဲ့ ဆီလျှော်မဲ.အကြောင်းတွေပေါ့)
ဒုတိယအပုဒ်က…သူ့လုပ်ငန်းအကြောင်း နဲ့ အခု သူ ခန့်မဲ့ အလုပ်၊နေရာအကြောင်း ကိုယ်သိတယ် ဆိုတာ ပြောပြရမှာ။အဲဒါကတော့ အလုပ်တခုလျှောက်တော့မယ်ဆိုရင် ကိုယ်လုပ်ရမယ့်company၊ လုပ်ငန်းအကြောင်း နဲနဲတော့သိနေ ရမှာပေါ့၊ ဘာလို.လဲဆိုတော့ အလုပ်ခန့် ရင် အဲဒီအဖွဲ့ အစည်းမှာသွားလုပ်ရမှာလေ။ ကိုယ်နဲ့ ကိုက်မကို်က် လေ့လာထားရမှာပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်၊နေရာအတွက် ဆိုပိုသိအောင်လုပ်ထားရအုန်းမယ်၊ (ဒါကလဲသိဖို့ လွယ်ပါတယ်၊အလုပ်ခေါ်တဲ့၊Scholarship ခေါ်တဲ့ ကြော်ငြာမှာရေးထားတာပဲ၊သေချာဖတ်ဖို့ ပဲလိုတာ။)အဲဒီိလို သူ့လုပ်ငန်းအကြောင်း၊အခု သူခန့်မဲ့ အလုပ်၊နေရာအကြောင်း ရေးပြလိုက်ရင်အလုပ်ခန့် မဲ့သူ၊ Scholarship ပေးမဲ့သူက သိပ်သဘောကြတာပေါ့၊ငါတို့ အလုပ်အကြောင်းကောင်းကောင်းသိတယ်၊ အလုပ်လျှောက်ကထဲ ကကောင်းကောင်ြး ပင်ဆင် ထားတယ်ဆိုပြီးတော့ပေါ့၊ CV မဖတ်ရသေးဘူး၊cover letter နဲ့ကို ခင်ဗျားကိုတော်တော်အထင်ကြီးသွားပြီ၊လူဆိုတာကလဲ ကိုယ်ကိုစိတ်ဝင်တစား ရှိရင် သိပ်သဘောကျ တတ်တာ မျိုးမဟုတ်လား။
တတိယအပုဒ် ကတော့အရေးကြီးအပုဒ်၊သူနဲ့ ကိုယ်နဲ့ ချိတ်ဆက်ပြတော့မယ့်အပုဒ်ပေါ့၊ ဘယ်လို ရေးရမလဲ ဆိုတော့…”ခင်ဗျားကလဲဒီလို အရည်အချင်း၊ဒီလိုအတွေ့ အကြုံရှိတဲ့သူရှာနေတယ်၊ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊အတွေ့ အကြုံတွေရှိတယ်၊ဒါကြောင့် ကျနော့်ကိုသာခန့်လိုက်ရင် ခင်ဗျားအားကိုးရမှာပါ၊ခင်ဗျား အလုပ်အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူး.ဗျာ၊ကျနော်ကလဲ ကျနော်အရည်အချင်းတွေအစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို အလွန်စိတ်ဝင်စားတယ်၊ဒါကြောင့် လျှောက်ဖြစ်တာ၊ CVလေးဖတ်ကြည့်ဘာအုန်း”…ပေါ့။
ကဲ..ဒီထက်ကောင်းတဲ့ မိတ်ဆက်စာရှိအုန်းမလား။
ဒီမှာနဲနဲပြောချင်တာက.. Dear Sir/Madam ဆိုတဲ့နေရာမှာ အလုပ်/scholarship ခေါ်တဲ့သူရဲ့ နာမည်သိရင် နာမည်ထဲ့ရေး၊ ဌာနသိရင်ဌာန နာမည် ထည့်ရေးပါ၊အဲဒါက Dear Sir/Madam ဆိုတာထက် ပိုကောင်းတယ်၊ သူတို့ ကိုသိတယ်၊ပိုရင်းနှီးတယ်ဆိုတာကိုပြချင်တာ၊ခင်ဗျားတို့ ပဲ စဉ်းစားကြည့်လေ၊ကိုယ့်ကို ဟိုလူကြီးလို့ ရမ်းအခေါ်ခံရ တာထက်..နံမည်ခေါ်ရင် ပိုကြိုက်၊ပိုမရင်းနှီး ဘူးလား။
ကဲ..ကျနော့ကတော့ အလုပ်ခန့်မဲ့သူ၊scholarship ခေါ်တဲ့သူ သေချာပေါက်ကြိုက်မယ့်၊interview ချက်ချင်းခေါ်ချင်မယ့် CV နဲ့ Cover letter ဘယ်လိုရေး ရမယ်..ဆိုတာပြောပြီးပြီ။
အခုခင်ဗျားတို.အလှည်.ပဲ။စတွေး၊စရေးကြတော။၊ပြီးရင်အလုပ်ခေါ်တာတွေ၊Scholarship ခေါ်တာတွေကို ယုံယုံကြည်ကြည်၊ရဲရဲဝင့်ဝင့်သာလျှောက်၊မကြာခင် Interview အတွက်လာဖို့ ဖုန်းသံကို ကြားရလိမ့်မယ်။
(တကယ်လို.CV နဲ့ Cover Letter ရေးထားတာ နဲ့ ပါတ်သက်လို့ ရှိတိုင်ပင်ချင်ရင် ကျနော်ရဲ့ TOFLA email account ဖြစ်တဲ့ tofla2011@gmail.com ကိုပို့ ပေးပါ၊ကျနော်အားတဲ့အချိန် မှာတတ်နိုင် သမျှ စစ်ပေးပြီး လူငယ်တွေကို ကူညီ ပါ့ မယ်)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(နောက်သီတင်းပါတ်တွေမှာ အလုပ်ကိုဘယ်လိုရှာရမလဲဆိုတာနဲ့  Interview ဖြေနည်းတွေရေးပေးပါ့မယ်)
Labels:
အလုပ်
Subscribe to:
Posts (Atom)




