စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
မစံပယ်၏ ၀ဋ်ကြွေးများ (၁)
စင်ကာပူစရောက်တော့ အကူအညီလှမ်းတောင်းထားရတဲ့ အသိအစ်ကိုတစ်ယောက်က အခန်းငှားပေးထားတယ်..။ သုံးယောက်ခန်းမှာပဲ ရတယ်တဲ့..။ ကျောင်းတက်ချင်သေးတာဆိုတော့ ကျောင်းနဲ့နီးတဲ့နေရာ ငှားပေးတာတဲ့..။ ဟုတ်ကဲ့..။ ရပါတယ်ပေါ့..။ လူတော့များတယ်တဲ့..။ ပြီးမှ ပြန်ပြောင်းတဲ့..။ သူတို့အခန်းထပ်ရှာပေးမယ်တဲ့..။
ကိုယ်ကလည်းအကြောင်းမကောင်းခဲ့လို့ နေပါလိမ့်မယ်..။ ပထမရောက်ကာစ အတူနေရတဲ့ ညီအစ်မနှစ်ယောက်နဲ့က အဆင်ပြေသေးတယ်ပြောရတယ်..။ ကိုယ်အိပ်နေတုံး ခြေထောက်တက်နင်းခံရတာကလွဲလို့ပေါ့လေ..။ ကိုယ်နဲ့အတူနေပြီးသုံးလလောက်အကြာမှာ အကြောင်းကြောင်းကြောင့် ပြောင်းသွားတော့တယ်..။ သူတို့ပြောင်းသွားပြီးတာနဲ့ ဟိုဘက်ခန်းက နှစ်ထပ်ကုတင်နဲ့လေးယောက်နေတဲ့အခန်းက တစ်ယောက်ပြောင်းလာတဲ့..။ နောက်တစ်ယောက်က မြန်မာနိုင်ငံကအလုပ်လာရှာကာစ တစ်ယောက်..။ ကိုယ်ကအသက်အကြီးဆုံးဆိုတော့ မြန်မာနိုင်ငံကရောက်လာကာစတစ်ယောက်ကိုလည်း သေချာဖေးမတယ်..။ စာကြည့်စားပွဲက ကိုယ့်မှာပဲရှိတာလေ..။ ဒါနဲ့ ညီမလေး..၊ အစ်မက စာအပြင်သွားကြည့်တာက များတယ်..။ အစ်မစားပွဲပေါ် လက်တော့သုံးချင်လည်းရတယ်နော်လို့ ကူညီပေးလိုက်တယ်..။ သူက အလယ်ကုတင်က..။ သူ့မှာ ဘာမှ အပိုတင်စရာမရှိဘူး..။ ကိုယ်က ပြတင်းပေါက်ဘေးက..။ စာကြည့်စားပွဲက ကိုယ့်ခြေရင်းမှာ..။ ကိုယ်ကကျောင်းတက်တဲ့သူဆိုတော့ အိမ်ပိုင်ရှင်က မသုံးဘဲထားတဲ့စားပွဲရှိတယ်...။ ကိုယ်ဘာသာယူသုံးဆိုလို့ လုံချည်တန်းတွေအောက်က စားပွဲသွားထုတ်..၊ ဖုံသုတ်ပြီးသုံးရတာ..။ကိုယ်မရှိတုံး သူသုံးပေါ့..။ သူလည်း အလုပ်ရှာနေဆဲဆိုတော့လေ..။
ဟိုဘက်ခန်းကနေ ဒီဘက်ခန်းရွှေ့လာတဲ့တစ်ယောက်ကလည်း ကိုယ့်ထက်အသက်ငယ်တယ်လေ..။ သူက စင်ကာပူရောက်တာ ၄ နှစ်ရှိပြီတဲ့..။ သူတို့နှစ်ယောက်နဲ့ အခန်းထဲသုံးယောက် စ စုံတုံး ညီမတို့လို့ အစ်မစာကြည့်ရင် အပြင်ထွက်ကြည့်ပေးမယ်..။ ညီမလေးတို့ အိပ်ချိန်ရောက်ရင်ပေါ့လို့ပြောလိုက်တယ်..။ ကိုယ်ဆိုလိုတာက ၁၀ နာရီ ၁၁နာရီပေါ့..။ အိမ်သူကြီးလုပ်သူက ဒါတွေ သူတို့တာဝန်မဟုတ်ဘူးဆိုပြီး ညှိမပေးပါဘူး..။ ကိုယ်ဘာသာညှိပါလို့ ဆိုပါတယ်..။ လူစုံကာစ ၇ နာရီ ၈ နာရီလောက်မှာပြောလိုက်တာ..။ ည ၉ နာရီခွဲလည်းရောက်ရော ဟိုဘက်ကရွှေ့လာတဲ့တစ်ယောက်က ဖျတ်ကနဲ့မီးပိတ်ပြီး အိပ်တော့မယ်တဲ့..။ သဘောက အပြင်ထွက်ကြည့်တော့ပေါ့..။ အလယ်ကုတင်က အလုပ်လာရှာကာစတစ်ယောက်ကလည်း ကုတင်ပေါ်လှဲရက် ရုရှားနဲ့ချက်နေတယ်..။ မြန်မာနိုင်ငံက ချက်ခဲ့ရတာ အားမရ...၊ စင်ကာပူရောက်မှ အတိုးချချက်နေတော့တယ်..။ သူလည်း ချက်လက်စကြီး..။ ကိုယ်လည်း စာကြည့်လက်စကြီး..။ စိတ်က အဲဒီမှာ မျက်သွားပေမယ့် စာကြည့်တုံးစိတ်မတိုချင်တာနဲ့ အပြင်ထွက်ခဲ့ရပါတယ်..။ ကိုယ်ကလည်း မြန်မာနိုင်ငံကလာကာစ သည်းခံတတ်တယ်ပေါ့..။ အပြင်မှာလည်း ထမင်းစားစားပွဲတစ်ခုပဲရှိတာ..။ တစ်ခြားလူတွေ ထမင်းစားလို့ မပြီးကြသေးဘူး..။ ထမင်းစားပွဲကလည်း မအားဘူး..။ အဲဒါနဲ့ အောက်ဆင်းပြီးစာကြည့်ရပါတယ်..။
စာကြည့်ပြီး ၁၂ နာရီ.. ၁ နာရီရောက်မှ အပေါ်ပြန်တက်ရပါတယ်..။ ကိုယ်တက်တော့ တစ်အိမ်လုံးအိပ်ကြပြီဆိုတော့ အသံမမြည်အောင် သတိထားလုပ်ပါတယ်...။ ဘယ်မီးမှလည်း မဖွင့်ပါဘူး..။ အခန်းထဲရောက်တာနဲ့ တန်းအိပ်တာပါပဲ..။ ညမှာညဉ့်နက်တဲ့ကိုယ်က မနက်လည်း မထနိုင်ဘူးပေါ့လေ..။ ကျောင်းတက်တဲ့စားရိတ်က အရမ်းကြီးတော့ စာမေးပွဲကျမှာ ကိုယ်ကလည်းကြောက်..။ မနက်လည်းလင်းရော အလုပ်သွားဖို့ပြင်ဆင်တာဆိုပြီး မီးတွေဖွင့်တော့ ကိုယ်ကအိပ်နေတုံး မီးအလင်းမျက်စိထဲဝင်တော့ ဆတ်ကနဲ့နိုးပြီး ကိုယ်ကခေါင်းတွေကိုက်တော့တာပဲ..။ ဖုန်းတွေက တစ်တွီတွီမြည်ပါပြီ..။ ကိုယ်ကနိုးပြီပေါ့..။ အ၀တ်ရှာတာ..၊ သွားကာနီးမှ မီးပူတိုက်ကြတာတွေနဲ့ မနက်လင်းကာစ တစ်နာရီခွဲလောက်က ကိုယ့်အတွက် ငရဲခန်းပါပဲ..။ သူတို့ပြင်နေတုံး ကိုယ်ကမထနိုင်ပေမယ့် အကုန်ကြားနေရတာပေါ့..။ သူတို့သွားကြပြီဆိုမှ တစ်နာရီလောက်ဆက်အိပ်ရတယ်..။ အဲဒါမှ ခေါင်းကိုက်ကလည်း နည်းနည်းပြန်သက်သာတယ်..။
ညတိုင်း သူအိပ်ချင်တိုင်း မီးမှိတ်မှိတ်သွားတာ..၊ အချိန်သတ်သတ်မှတ်မှတ်မဟုတ်ဘဲ မီးမှိတ်မှိတ်သွားတော့ အိမ်သူကြီးကိုပြောခိုင်းပေမယ့် ကိုယ်ဘာသာရှင်းလို့ပဲ ပြန်ပြောခံရပါတယ်..။ ဒါနဲ့ ၁၀နာရီမှာမှ မီးမှိတ်မယ်လေ..။ ၁၀နာရီမတိုင်ခင် အိပ်ချင်သူရှိရင် မီးဖွင့်ရက်အိပ်ပေါ့..။ ၁၀နာရီမှ မီးပိတ်မယ်လေလို့ညှိတော့ မလှုပ်ပါဘူး..။ သောကြာလို့ စနေလိုမှာဆို သူအိပ်တဲ့ ၁၁..၊ ၁၂ မှ မီးပိတ်ပါတယ်..။ မီးခလုတ်ကို အပိုင်စီးထားတာပါ..။ ခလုတ်ကလည်း သူ့ဘက်မှာရှိတာလေ..။ သူ့မှာက မျှတတဲ့စိတ်ထားမရှိဘူး..။ သူက ဟိုဘက် ၄ ယောက်ခန်းမှာလည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်ဖူးသတဲ့..။ ကိုယ်က အော်ကြီးဟစ်ကျယ် ပြောရမှာ ရှက်တယ်..။ ကိုယ်က အသက်ကြီးပြီ..။ အော်ကြီးဟစ်ကျယ်ပြောရမယ့် လူလည်းမဟုတ်တော့ဘူးလို့ သတ်မှတ်ထားတယ်..။ ကိုယ့်အရင်ရောက်နေတဲ့သူတွေကို အဲလိုပဲလို့ သူကအဲလိုလုပ်နေတယ်..။ ဘယ်လိုလုပ်ရမှန်းမသိဘူးလို့ အကြံဥာဏ်တောင်းကြည့်တော့လည်း မလှုပ်ကြဘူး..။ ပြဿနာမဖြစ်ရင်ပြီးရော ကိုယ်သက်သာသလိုနေကြတယ်..။
ကိုယ်ကအဲလိုညှိတော့ မီးခလုတ်အပိုင်စီးထားတဲ့တစ်ယောက်က အစ်မတံခါးဖွင့်တာ ကြမ်းတယ်တဲ့..။ ကိုယ်က တံခါးကို အသာကြိတ်လှည့်ဖွင့်တာပါ..။ လွှတ်ချပြီးလည်း မပိတ်ဘူး..။ သေချာဖွဖွ စေ့ပိတ်ပေးတာပေမယ့် တံခါးက ကိုယ်ကအထာမကျလို့လားပဲ အသံကတော့ နည်းနည်းထွက်တယ်..။ သူပိတ်ရင် အသံမထွက်ဘူး..။ ကိုယ်ကြိုးစားလုပ်ပေမယ့် တံခါးက ကိုယ်ပိတ်ရင် သော့ကိုကြိတ်လှည့်တဲ့အသံတော့ ထွက်တယ်..။ သူကလည်း ဆတ်ဆတ်ထိမခံနေမယ်..။ မရ ရတာနဲ့ အပြစ်လှည့်တင်တာပေါ့..။ ကိုယ်ကအပြစ်လှည့်တင်တာမဟုတ်ဘူး..။ ပြေလည်အောင်လုပ်တာ..။ တံခါးက အစ်မသေချာအသံမမြည်အောင်ပိတ်တယ်..။ ဒါပေမယ့် အသံထွက်တာတော့ တမင်လုပ်တာမဟုတ်ဘူးဆိုပြီး သူနဲ့စကားဆက်ပြောချင်စိတ်ကုန်သွားလို့ မပြောတော့ဘူး..။ သူက သူအနိုင်ရချင်တာ..။ ပြေလည်ချင်စိတ်ရှိတာ မဟုတ်ဘူး..။ သူ့ဓာတ်ပုံလေးပြတုံးက ကြည့်ဖူးလိုက်တယ်..။ ပြီးခဲ့တဲ့ ၄ နှစ် စရောက်ကာစက သူ့မျက်နှာက နုနုလေးတဲ့..။ အခု တော်တော်ရင့်သွားပြီတဲ့..။ ဟုတ်တာပဲ..။ ဟိုးအရင်ကလို နုနုဖတ်ဖတ်လေး မဟုတ်တော့ဘူး..။ သူ့ဒေါသကြောင့်ဖြစ်မှာပဲ..။ ဟိုဘက် ၄ ယောက်ခန်းမှာလည်း နေလို့သာနေနေတာ..။ ဘယ်သူနဲ့မှ စကားမပြောဘူး..။ အကုန်လုံးနဲ့ လှည့်စကားများထားတယ်တဲ့..။
အဲဒီတစ်ယောက်နဲ့နှစ်လလောက်နေလိုက်ရတယ်..။ သူလည်း တစ်နေရာပြောင်းသွားတော့တယ်..။ သူ့နေရာကို အလုပ်လာရှာတဲ့တစ်ယောက်က နေရာယူလိုက်တယ်..။ သူရွှေ့သွားတော့ ကိုယ်က လမ်းကြုံတာနဲ့ အထုပ်တွေသယ်ပေးလိုက်ပါသေးတယ်..။ ကိုယ့်မှာ သေးငယ်တဲ့စိတ်ထားမရှိဘူးဆိုတာ ပြလိုက်တာပါ..။
အလုပ်လာတဲ့တစ်ယောက်က အလုပ်လွယ်လွယ်ကူကူရသွားပါတယ်..။ သူက ကိုယ်နဲ့အသက်အတော်ငယ်ပေမယ့် ဘယ်သူ့ကိုမှ တလေးတစားရှိပုံမရပါဘူး..။ ကိုယ်က စားပွဲသုံးနော်လို့ပြောထားတာဆိုတော့ သူ့လက်တော့ပ်က ကိုယ့်စားပွဲပေါ်က မဖယ်တော့ပါဘူး..။ ကိုယ်စာကြည့်တော့မယ်မှန်းသိလည်း ဖယ်ပေးရကောင်းမှန်းမသိပါဘူး..။ ဒါနဲ့ပဲ နောက်တော့ ကိုယ့်စာအုပ်တွေအကုန်တင်ထားခဲ့ပြီး သူ့ကိုမသုံးနဲ့တော့ဆိုတဲ့ အရိပ်အကဲပြလိုက်ပါတော့တယ်..။ ဒါပေမယ့် အလုပ်ကပြန်လာပြီးလည်း ကျန်တာတွေမလုပ်နိုင်သေးဘဲ ရုရှားနဲ့ ချက်ရ..၊ ဂျီတော့ပြောရပြန်ပါတယ်..။ သူဂျီတော့ပြောရင်း အညောင်းဆန့်တာ ဒီဘက်ကုတင်မှာတင်ထားတဲ့ ကိုယ့်ဖုန်းကိုတိုက်မိပြီး ဖုန်းကျပြီး ပါဝါကိုပိတ်သွားပါတယ်..။ ကိုယ်လည်း တော်တော်စိတ်ဆိုးပါတယ်..။ ကျောင်းတက်တဲ့သူ..၊ ပိုက်ဆံကိုအိမ်ကမှာသုံးရသူဆိုတော့ အပိုနှစ်ခုသုံးခု မသုံးနိင်ပါဘူး..။ပြန်တောင်းပန်ရမှန်းလည်း မသိပါဘူး..။ လျော်ရမှာစိုးလို့ မသိသလိုပဲနေပါတယ်..။
အလုပ်ရသွားတဲ့ တစ်ယောက်က ပိုဆိုးတာက ရုရှားနဲ့ ဂျီတော့ပြောလွန်းတာပါ..။ သူက တိုးတိုးပြောတာပါလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် ဂျီတော့နဲ့တိုးတိုးဆိုတာ ဘယ်လောက်တိုးနိုင်မှာလဲ..။ တစ်နာရီလည်း မပြီး..၊ နှစ်နာရီလည်း မပြီးပါ..။ ကိုယ့်အကြောင်းအကျိုးပဲလို့ အခုမှပြန်မြင်နိုင်ပါတယ်..။ သူကလည်း သူ့ဂျီတော့အသံထွက်တာကို ကိုယ်မကြည်မှန်းသိတော့ ညဆိုမီးစောစောပိတ်ပါတော့တယ်..။ မနက်ဆိုလည်း ကိုယ့်မျက်နှာတည့်တည့်ပေါ်ကမီးကို ကိုယ်တမင် မနိုးနိုးအောင် ဖွင့်ပါသေးတယ်..။ ကိုယ့်အကုသိုလ်တွေလည်း ဒီဘ၀ဒီမျှ ကုန်ပါစေတော့လို့ ဆုတောင်းချင်ပါတယ်..။
ကိုယ်ကညနက်အောင် စာကြည့်ရသူ..။ နောက်ပြောင်းလာတဲ့ အလယ်ကုတင်ကတစ်ယောက်ကလည်း သွားကာနီးမှ မီးပူတိုက်တတ်သူ..။ ကိုယ်ဟာ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် စာကြည့်ခွင့်..၊ အိပ်ခွင့်ပါမလာသူပဲနေမလား..။ ခြောက်လ အဲဒီအခန်းမှာ ၀ဋ်ခံခဲ့ရတယ်..။ အဲဒါပြီးတော့ ကိုယ့်ရဲ့သည်းခံနိုင်တဲ့စိတ်လေးက တစ်ဆစ်လောက်ပြန်ဝင်သွားတယ်လို့ ယူဆနိုင်ကောင်းတယ်..။ အဲဒီအခန်းမှာ လူတွေအားလုံးက သာမာန်လခစားတွေချည်းပဲ..။ ဘယ်သူမှထူးထူးချွန်ချွန်များနေတဲ့သူ မပါဘူး..။ ဒါပေမယ့် ဘွဲ့ရတွေချည်းပဲလို့ပြောရမယ်နော်..။
အခုလည်း တစ်ယောက်တည်းနေလာတာ တစ်နှစ်ကျော်အကြာမှာ နှစ်ယောက်နေဖို့ အကြောင်းဖန်လာပြန်တယ်..။ နှစ်ယောက်နေတော့ ကိုယ်နဲ့အခန်းဖော်က သန့်ရှင်းရေးအလုပ်သမား..၊ ပြည်ကြီးတရုတ်မ..။ ညကို အခန်းပြင်ထွက် လက်တော့သုံးဖို့ Request လုပ်တယ်..။ ရပါတယ်ပေါ့..။ မနက်ခင်းမှာ မီးမဖွင့်ဖို့ အိမ်ပိုင်ရှင်ကိုပြောခိုင်းတော့ အိမ်ပိုင်ရှင်က ပြောမပြော သေချာမသိရဘူး..။ ဒါပေမယ့် မနက်ခင်းမှာ အေးအေးဆေးဆေးပဲ..။ မီးလည်းမဖွင့်ဘူး..။ အသံကြားတာနဲ့နိုးတတ်တဲ့ကိုယ်ကလည်း သူထတာနဲ့ နိုးပါတယ်..။ ဒါပေမယ့်ဘာမှ ဆူဆူညံညံသံမထွက်ဘူး..။ အ၀တ်ဗီရိုက ဆီနည်းလို့မြည်တဲ့အသံ..၊ တံခါးကြိတ်ဖွင့်သံတွေပဲကြားရတယ်..။ ဖျတ်ဖျတ်ဆို ခဏနဲ့ငြိမ်သွားတာပါပဲ..။
ဆိုတော့ ကျွန်တော်တို့ဘွဲ့ရတွေရဲ့အသိက အလုပ်သွားရမှာမို့ စောစောမီးမှိတ်ချင်တယ်ဆို အိပ်တာနောက်ကျလို့ မထနိုင်သေးသူအတွက် မီးမထွန်းသင့်ဘူး..၊ မီးပူမတိုက်သင့်ဘူးဆိုတာ သူတို့အကဲမခတ်နိုင်ဘူးလား..။ မကြိုက်လည်း ငါအဆင်ပြေရင်ပြီးရော..၊ ငါလုပ်ချင်လုပ်မှာပဲဆိုတဲ့ ငါတကော ကော နေတဲ့စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအဆင်ပြေကြတော့မလဲ..။ဆိုတော့ကျွန်တော်တို့ရဲ့ ပညာရေးနဲ့ဆိုင်မလား..၊ လူမှုပတ်ဝန်းကျင်..နဲ့ဆိုင်မလား..။ အစိုးရအုပ်ချုပ်ရေးမကောင်းလို့ လူတွေရိုင်းကုန်တာလို့ အပြစ်ပုံချရမလား..။ လောကနီတိမသင်ပေးလိုက်လို့ပဲ အပြစ်တင်ရမလား..။ မြန်မာတွေများရင် အဆင်မပြေကြတော့ဘူး..။ ဒါကို ကျွန်တော်တို့ဘယ်လို ဖြေရှင်းကြမလဲ..။ လောကနီတိမသင်ရင် ဘယ်လိုမှမရနိုင်ဘူးလို့ ကျွန်တော်တော့မြင်မိတယ်..။
ဆွေးနွေး ငြင်းခုံခြင်း..။
ဂေါတမ မြတ်စွာဘုရားသည် ယနေ့အချိန်ထိ သက်ရောက်မှုရှိနေသည့် ဓမ္မ (တရား)နည်းလမ်းကျသော အပြန်အလှန် ဆွေးနွေးမှုများအား အောက်ပါ အတိုင်း အချက်ကြီး ၁၀ ချက်ဖြင့် ဟောကြားခဲ့လေသည်.....
(၁) ပညာရှိသည် မဆန့်ကျင် မထောင်လွှားပဲ ဆွေးနွေးသင့်၏
(၂) မပြန့်လွင့်သည့် စိတ်နှင့် ဆွေးနွေးသင့်၏
(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုပဲ ဆွေးနွေးသင့်၏
(၄) ငြူစူခြင်းမရှိပဲ ဆွေးနွေးသင့်၏
(၅) ကောင်းစွာသိ၍သာ ဆွေးနွေးသင့်၏
(၆) သူတစ်ပါးကို ချုပ်ချယ် စောင်းမြောင်းခြင်း မပြုသင့်
(၇) ချွတ်ချော်သော စကားကိုလည်း အပြစ်ဟု မယူသင့်
(၈) ပါဠိ ပါဋ္ဌ်သားများအား ရွတ်ဆို၍လည်း မလွှမ်းမိုးသင့်
(၉) အကြောင်းပြပြီး ဖိနှိပ်ခြင်းလည်း မပြုသင့်
(၁၀) အမှန်၊ အမှား ရောထွေးသော စကားကို မပြောသင့်ဟု အင်္ဂုတ္ထိုရ် တိကနိပါတ်၊ ကထာဝတ္ထု သုတ်တွင် ဟောကြားခဲ့ပေသည်.....။
အဆိုပါ ဟောကြားချက်များသည် ယနေ့အချိန်အခါတွင် မည်သည့်ဆွေးနွေးမှုမျိုးတွင်မဆို ကျင့်သုံးနိုင်ပါက လွန်စွာပင် ကောင်းမွန်ပေသည်..... အမှတ်စဉ် (၈) နေရာတွင် ဘာသာရေး ဆွေးနွေးခြင်းအစား နိုင်ငံရေးဆွေးနွေးရာတွင် စကားလုံးကြီးများနှင့် ဖိနှိပ်မှုဟုယူသော် ရပေလိမ့်မည်......။ Credit to James Mint
ဗုဒ္ဓဟောသည့် မဆွေးနွေးသင့်သောပုဂ္ဂိုလ်များ
________________________________________
၁။ ပြဿနာကို မေးလိုက်တဲ့အခါ တိုက်ရိုက်ဖြေဆိုသင့်ပါလျက်နဲ့ တိုက်ရိုက်မဖြေသူ
၂။ ဝေဖန်ပြီး ဖြေဆိုရမယ့် ပြဿနာကိုလည်း ဝေဖန်ပြီး မဖြေသူ
၃။ ပြန်မေးပြီး ဖြေရမယ့် ပြဿနာမျိုးကိုလည်း ပြန်မေးပြီး မဖြေသူ
၎။ ပြဿနာကို မေးမြန်းတဲ့အခါ အကြောင်း ဟုတ်သည် ၊ မဟုတ်သည်ကိုလည်း မကြည့်
၅။ ကြံဆအပ်သော အရာကိုလည်း မကြံဆ
၆။ သိရမည့် ၀ါဒကိုလည်း မပြနိုင်
၇။ ဖြေဆိုသူတို့ ၏ ကျင့်ဝတ်နှင့်လည်း မတည်
၈။ပြဿနာကို မေးမြန်တဲ့အခါ စကားကြောင်းလွဲပြီး ဖုံကွယ်သူ
၉။မေးတဲ့ ပြဿနာနဲ့ မဆိုင်တဲ့ အပြင်စကားများကိုပြုပြီး ပြဿနာကို ပယ်သူ
၁၀။ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်မှုကို ထင်ရှားအောင်ပြုသူ
၁၁။ ပြဿနာမေးမြန်းတဲ့အခါ ပါဠိပါဋ္ဌ်သားများကို တသီကြီးရွတ်ပြီး တဖက်သားကို လွှမ်းမိုးဖို့ ကြိုးစားသူ
၁၂။ အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်တတ်သူ
၁၃။ တတ်ယောင်ကား ပုံစံဖြင့် မေးသူအား သံသယပွားလာအောင် ဟားတိုက်သူ
မစံပယ်ကတော့ စိတ်လှုပ်ရှားမှုပြင်းထန်ကာ မိမိအသက်အရွယ်၊ ပညာကိုမထောက်..၊ သူတစ်ပါး၏ကိုယ်ကျင့်တရားကိုမငဲ့ကွက်..၊ ကလေးဆန်လှသော အပြုအမူရှိသူများနှင့် အပြိုင်ငြင်းရမှာ စိတ်ပျက်လှပါသည်..။ တစ်ဘက်လူဘာပြောချင်သည်ကို အလေးမထား..၊ တစ်ဘက်လူ၏အခြေအနေ..၊ သဘောသဘာဝ..၊ ဖြေရှင်းချက်ကိုလက်သင့်ခံကြားနားခြင်းမရှိ..။ မိမိပြောသည်သာအမှန်..၊ အသင့်တော်ဆုံးဟုထင်သည့် ကလေးကလားဆန်သူများနှင့် စကားတုဖက်ပြိုင်ပြောရမည်ကို စိတ်ပျက်လှသော်လည်း လူမှုအသိုင်းအ၀န်းတွင်နေနေရသည်ဖြစ်ရာ ရှောင်လွှဲမရ ကြုံလာလျှင်လည်း ပြန်တုံ့ပြန်ရန် စဉ်းစားထားရပါသည်..။
စကားပြောရာတွင် မစံပယ်ထည့်စဉ်းစားသည်မှာ စကား၏ဆိုလိုရင်းသည် ဘာလဲ..။ သူနားလည်အောင် ဘယ်လိုပြောမလဲ..။ ဘယ်နည်းနှင့်ပြောလျှင် သူခံသာမလဲ..၊ သူ့ဂုဏ်သိက္ခာမထိခိုက်စေရန် မည်သို့ပြောမည်လဲ..စသောအချက်များကို စဉ်းစားပါသည်..။ စကားသည် လူတစ်ယောက်၏ စိတ်နေစိတ်ထား..၊ အဆင့်အတန်းကို ကိုယ်စားပြုဖော်ပြသည်ဟု မှတ်ယူပါသည်..။ မိမိ၏အပြောအဆို အပြုအမူကြောင့် သူတစ်ပါးဂုဏ်သိက္ခာထိပါးမည်ကိုလည်း အလေးထားထားမိရ၏..။
အချို့လူများ၏ ကိုယ်မှန်လျှင်ပြီးရော..၊ ကျန်တာ ဘာမှဂရုမစိုက်ဟူသောသဘောများကို အံ့သြမိသည်..။ ကိုယ်မှန်လျှင် မည်သူနှင့်ချဲရချဲရ..၊ စကားများရများရ.. ကိစ္စမရှိဟု အမှန်နှင့်အနိုင်ကို တွဲလိုက်တတ်သူများ၏ ကလေးဆန်မှု..၊ မပြည့်ဝမှုသဘောတရားများကို မျက်ဝါးထင်ထင် ကြုံခဲ့ရာမှ ပြည့်ဝသူများ၏ တုံ့ပြန်ပုံများကို ရှာဖွေမှတ်သား အတုယူရသည်..။
စိတ်သဘောထားပြည့်ဝသူများသည် မငြင်းခုံတတ်..၊ ငါ့စကားနွားရ ကိုယ်မှန်လျှင်ပြီးရော ရောမချတတ်..။ ရန်မလိုတတ်..။ ထိုသူမျိုးဖြစ်အောင် မစံပယ် ကြိုးစားရပါဦးမည်..။ ထိုသဘောရှိသောသူများနှင့် ကွေကွင်းခဲ့ရသည့်အတွက်လည်း မစံပယ်မှာ ကိုယ့်ကြမ္မာကိုယ် ၀မ်းသာအားရ.. ကျေနပ်လက်ခံမိနေပါတော့သည်..။
ညီညွတ်မှုရှိဖို့လို..။
ကျောင်းအတူတက်ခဲ့ဖူးသော သူငယ်ချင်းတစ်ယောက် ဂေါက်သွားသည်ဟု သတင်းကြားရပါသည်..။ အံ့သြစရာမကောင်းပါ..။ သူသည် အပတ်တကုတ်ကြိုးစားသော်လည်း အမှတ်နည်း၍ မစံပယ်တို့ကျောင်းသို့သာရောက်လာပါသည်..။ သူ့ပုံစံက သူများနှင့်ခွဲထွက်နေပါသည်..။ မိန်းကလေးများကို အဝေးကရှောင်ပါသည်..။ မစံပယ်တို့မှာ ကျောင်းစရောက်ကာစ သူ့ကိုဘာပုံကြီးမှန်းမသိဘူးဟု မှတ်ချက်ချမိတဲ့အချိန်မှာ တစ်ခြားကောင်မလေးတွေကတော့ ဂေါက်နေတာနေမှာဟု မှတ်ချက်ချပါသည်..။ ကံဆိုးစွာ မစံပယ်တို့မှာ မေဂျာလာတူနေပါသည်..။
ကျောင်းတက်ကြရင်းမှ သူ့အကြောင်းတဖြည်းဖြည်းသိလာရပါသည်..။ သူကရည်မှန်းချက်ကြီးကြီးထားသည်..။ မိန်းကလေးများက သူသွားမည့်လမ်းမှာ အနှောင့်အယှက်ဖြစ်မည်မလိုလား၍ မိန်းကလေးများကို ဝေးဝေးရှောင်သည်ဟုဆိုသည်..။ နွေနေပူတွင် တိုက်ပုံကြီးတကားကားနှင့်..။ သုံးတန်းလောက်တက်လာသောအခါ မစံပယ်တို့နှင့်ရင်းနှီးလာပါသည်..။ မစံပယ်အဆောင်သို့ စာအတူလာကြည့်တတ်ပါသည်..။ မစံပယ်တို့နားမလည်သောစာများကိုလည်း သေချာရှင်းပြတတ်ပါသည်..။ စာမတိုတတ်ပါ..။ အတူစာကြည့်သောအခါမှ သူ့စကားများမှာ သူ့ကိုယ်သူဂုဏ်ယူသံများ ၀င့်ကြွားသံများ မကြာခဏပါနေသည်ကို သတိထားမိလာရပါသည်..။ သို့သော် သာမာန်သတိထားမိခြင်းသာ..။
တဖြည်းဖြည်းအတန်းကြီးလာမှ အတန်းထဲမှလူတွေနှင့် အတော်အတန်ရင်းနီးလာမှ သူ့အကြောင်းကောင်းကောင်းသိလာရပါသည်..။ သူတို့အမေဘက်တွင် စိတ်ဂယောင်ခြောက်ခြားဖြစ်ကာ ဂေါက်နေသောသူရှိသည်ဟူ၏..။ မစံပယ်တို့လည်း တီးတိုးသာသဖန်းပိုးထိုးရသည်..။ မစံပယ်တို့ထိုသူငယ်ချင်းလည်း ဂေါက်နိုင်ခြေရှိ၏ဟု..။ စကားပြောတခါတရံလွန်ကဲရုံကလွဲ၍ ထူးထူးခြားခြားပြောင်းလဲတာ မတွေ့ရပါ..။ မစံပယ်တို့မှာ အတန်းကြီးလာသောအခါ စိတ်တထင့်ထင့်နှင့် ဘယ်အချိန်ထဂေါက်မလဲဆိုတာ စောင့်ကြည့်နေရပါသည်..။ ကျောင်းအတူပြီးကြပါသည်..။ ကျောင်းပြီးသည်အထိ မစံပယ်တို့ယူဆသလို ထိုသူငယ်ချင်း မဂေါက်ပါ..။ ကျောင်းပြီးသူက ကျောင်းဆရာဝင်လုပ်သည်ဆိုသည်..။ မစံပယ်တို့က အတန်းတွေဆက်တက်သည်..။ ရေစက်ကပါချင်တော့ ဆရာတွေကျောင်းပြန်တက်ရ၍ ထိုသူငယ်ချင်းနှင့် ပြန်တွေ့ရသည်..။ မစံပယ်ကအရင်ရောက်သူဆိုတော့ သူလိုအပ်တာတချို့တလေ ကူညီပေးခဲ့ရသည်..။
အခုမတွေ့တာ သုံးနှစ်နီးပါးမှာ ဂေါက်သွားခဲ့ပြီ ဟူ၏..။ မစံပယ်မှာနှမြောရပါသည်..။ ထိုအတန်းဖော်သူငယ်ချင်းသည် စာမှစာ..၊ စာအားလုံးသူသာနားလည်သည်ဟု ထင်၏..။ မစံပယ်တို့နှင့်စာအတူကြည့်လျှင်လည်း သူကသာရှင်းပြတတ်ပါသည်..။ အတန်းထဲတွင် သူ့လောက်နားလည်သူမရှိဟု လက်ခမောင်းခတ်တတ်သည်..။ သူထိုသို့ပြောဆို လက်ခမောင်းခတ်လျှင် မစံပယ်တို့မှာ အသံတိတ်ကာ ရင်ထိတ်နေရသည်..။ ထများဂေါက်သွားတော့မလားဟု..။
အမှန်တကယ်တော့ မစံပယ်လည်းဘ၀မှာကျောင်းစာသာအရေးအကြီးဆုံးဟု သတ်မှတ်ခဲ့ဖူးပါသည်..။ ဘာကြောင့်သတ်မှတ်မိသည်လဲဆိုတာ အကြောင်းမယ်မယ်ရရရှာမရပါ..။ ဖတ်ခဲ့ဖူးသောစာများ..၊ အထင်ကြီးလေးစားခဲ့သူများမှာလည်း ပညာတတ်များကိုသာ အထင်ကြီးလေးစားပါသည်..။ ထို့ကြောင့် စာမှစာ တစ်ဘွဲ့ပြီးတစ်ဘွဲ့ ယူခဲ့ပါသည်..။ ယခုမစံပယ်အသက်ကြီးလာချိန်မှာတော့ ပညာရေးဆိုသည်မှာ အသက်မွေးဝမ်းကြောင်းပြုရန်အတွက် အဓိကအထောက်အကူဖြစ်ပြီး အတွေးအခေါ် အကျင့်အကြံ အမူအကျင့်များလည်း ပညာမြင့်သလိုလိုက်မြင့်ဖို့လိုအပ်သည်ဆိုတာ သဘောပေါက်လာပါသည်..။ ထိုမျှနှင့်လည်း ဘ၀သည်ပြည့်စုံသွားပြီဟူ၍ ပြောမရပါ...။ ပညာရေးပြီး၍ အသက်မွေးဝမ်းကြောင်းအဆင်ပြေပြီဆိုခြင်းသည် ဘ၀၏ သုံးပုံတစ်ပုံသာပြီးပြည့်စုံခြင်းရှိပါသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောပါတယ်..။ အခုတော့ မစံပယ်တွေ့ရတဲ့ လူတော်တော်များများကတော့ ဘွဲ့ကောင်းကောင်းရ၊ အလုပ်ကောင်းကောင်းလုပ်ဆိုတာနှင့်ပင် ဘ၀ကပြီးနေကြသည်ကို တွေ့ရပါသည်..။
မစံပယ်သူငယ်ချင်းဆိုသူမှာလည်း စာမှစာအတင်းတွန်းလုပ်ပါသည်..။ စာပြီးရင်းစာ လုပ်နေပါသည်..။ သူ့ပုံသဏ္ဍာန်သည် လူတွေနှင့်ဆက်ဆံလျှင် အဆင်မပြေတော့ပါ..။ သဘောကောင်းလျှင်လည်း ဖြူးနေပါသည်..။ သူ့သဘောထားမကောင်းတော့ဘူးဆိုလျှင်လည်း သင့်တော်သည် မသင့်တော်သည်မစဉ်းစားနိုင်တော့ဘဲ Balance ပျက်နေပါသည်..။ နှစ်ပေါင်းများစွာ စာအုပ်များထဲမှာပဲ ဘ၀ကိုနှစ်မြုပ်ထားတဲ့အတွက် အပြင်လူတွေနှင့်စကားပြောသောအခါ အဆင်မပြေ မချောမမွေ့ဖြစ်နေသည့်သူ့ကိုကြည့်ကာ မစံပယ်မှာ ထိုသို့မဖြစ်ရန် မိမိကိုယ်ကို ထိန်းသိမ်းရပါသည်..။
မစံပယ်တို့တစ်တွေမှာ ကျောင်းစာကိုအာဂုံဆောင်ဖို့ပဲ စဉ်းစားနေကြပြီး ကျောင်းမှပေးသော ပညာရေးကိုရအောင်မယူနိုင်ခဲ့ပါ..။ ထို့ကြောင့်မိမိအစွမ်းကိုအားကိုးသောစိတ်၊ ယုံကြည်သောစိတ်လည်း ပျက်နေပါသည်..။ မစံပယ်မှာထိုအရာနှစ်ခုကို အသက်ကြီးသောအခါမှ လေ့ကျင့်ယူခဲ့ရပါသည်..။ မစံပယ်ကမိမိလိုအပ်ချက်ကို စေတနာမှန်နှင့်ထောက်ပြလာသူရှိပါက ကျေးဇူးတင်ကာပြင်ဆင်ဖို့ကြိုးစားပါသည်..။ ထိုသို့ပြင်ရင်းပြင်ရင်း နေ့စဉ်ဖြတ်သန်းသောလက်တွေ့ဘ၀ကို သင်္ခန်းစာယူရင်းသွားပါသည်..။ မစံပယ်၏ အဒေါ်၊အစ်မ၊ဦးလေးတို့ကလည်း မစံပယ်လိုအပ်ချက်ကို ထိန်းသိမ်းကြပ်မတ်ပေးနေကြပါသည်..။ ထိုသို့လေ့လာရင်း ပြင်ဆင်ရင်းနှင့်ပင် မစံပယ်ဘ၀ကို ညီညွတ်မျှတဖို့ ကြိုးစားရပါသည်..။ မစံပယ်အတန်းဖော်သူငယ်ချင်းလေးမှာ ထိုသို့ပြင်ဆင်ဖို့ထောက်ပြမယ့်သူများပဲ မရှိတာလား..၊ သူကိုယ်တိုင်ကပဲလက်ခံပြင်ဆင်ဖို့ စိတ်မကူးတာလားမသိရဘဲ စိတ်ဂယောင်ချောက်ခြားဖြစ်သည့်သူတစ်ယောက်ဘ၀သို့ ရောက်ရှိသွားပါပြီ..။
သူသည် မစံပယ်ထက် အသက်ငယ်ပါသည်..။ထိုသူငယ်ချင်းအတွက် မစံပယ်စိတ်မကောင်းပါ..။
အဆုံးမှာတော့..။
မီးဖိုဆီမှပဲဟင်းနံ့ထွက်လာသည်။ မရှေမနှောင်းမှာပင် ထမင်းစားစို့ဟူသော မိန်းမအသံကိုကြားရသည်...။ သူနာခံစွာထမင်းစားခန်းသို့ထွက်လာလိုက်သည်..။ သူသေချာရွေးချယ်ယူလိုက်သောဤမိန်းမသည် သူ့အကြိုက် ခပ်ရိုးရိုးပုံစံနှင့်ပင်ဖြစ်သည်..။ ရိုးသမျှဘာပုံမျှမထွက်သော အရိုးအအပုံမိန်းမတစ်ယောက်ဖြစ်သည်..။
သူထမင်းကို စိတ်မပါလက်မပါစားနေမိသည်..။ မိန်းမကတော့ ဘာကိုဘယ်လိုဝယ်ပြီး ဘယ်လိုရောချက်လိုက်တာဟု ထုံးစံအတိုင်းစီကာပတ်ကုံး ဘေးမှထိုင်ပြောနေသည်ကို အရင်လိုစိတ်မပါနိုင်တော့..။ သူတို့အိမ်ထောင်သက် ၁၀ နှစ်ကျော်ကြာခဲ့ပြီ..။ ကလေးမရလာသေးပါ..။ သူသေချာစိတ်ကြိုက်ရွေးချယ်ယူခဲ့သော မိန်းမသည် သူတို့အတွက် မျိုးဆက်ချန်ထားပေးနိုင်လောက်အောင်ထိ ကျန်းမာရေးပြည့်စုံသူတစ်ယောက်ဖြစ်မနေခဲ့ပါ..။ ဒီအချက်ကို သူမသိခဲ့..။ အိမ်ယာထူထောင်ကာ လူနှစ်ယောက်အတူတူနေကြလျှင် ကလေးသည်အလိုလိုရလာတတ်သောအရာဟုသာ သူယူဆခဲ့မိသည်..။
သူတို့ငှားနေသောအခန်းလေးသည်လည်း သူ့စိတ်ကြိုက်နှင့်လျော်ညီစွာ နှစ်ယောက်ကုတင်ကြီးသာ အလည်ကောင်ဍ်ကန့်လန့်တည်ရှိနေပြီး သူစာထိုင်ကြည့်စရာစားပွဲ၊ကုလားထိုင်ပင်မရှိပါ..။ ဒါကလည်းသူကဂုဏ်ယူစွာဖြင့် ချိုးခြံချွေတာခြင်းဟု သတ်မှတ်ခဲ့သည်သာဖြစ်သည်..။ ကုတင်အောင်၊ ကုတင်ခြေရင်း တံခါးဘောင်တို့ဍ် သူ့အ၀တ်များသည် တိုးလိုးတန်းလန်းကျနေကြသည်..။ ကိစ္စမရှိပါ။ ခြိုးခြံချွေတာရပါမည်..။ ပိုသမျှငွေကို မိန်းမဘက်သို့ပို့ကာ ပိုသမျှပိုက်ဆံများကို ဘဏ်မှာစုထားပါမည်..။ တစ်လတစ်လတိုးလာသောကိန်းဂဏန်းများကို မြင်ရုံမျှဖြင့် သူတို့ပင်ပန်းခံရကျိုးနပ်သည်ဟု ခံစားရပါသည်..။
ဘ၀တစ်လျှောက်လုံး စာပြီးရင်စာ တစ်စာစာကြိုးစားလာခဲ့သောသူ့ဘ၀တွင် စာသည်သာကိုးကွယ်ရာဖြစ်ပါသည်..။ ကျောင်းဍ်အမှတ်ကောင်းကောင်းရခြင်းသည် သူ့အတွက်ဘာနှင့်မျှမလဲနိုင်သော အောင်မြင်မှုရလဒ်ဖြစ်ပါသည်..။ ထိုအောင်မြင်မှုအတွက် သူငယ်ချင်းများစွာကို စတေးခဲ့ရသည်...။ သူ့ဍ်ယခုအချိန်တွင် သူငယ်ချင်းဟူသောလူများမရှိတော့ပါ..။ တစ်အိမ်ပြီးတစ်အိမ်ငှားနေခဲ့ရသောအခန်းများဍ် တွေ့ရာလူနှင့်ကြုံသလိုဆက်ဆံကာ နေလာခဲ့တာကြာပါပြီ..။ ထိုကဲ့သို့နေနိုင်ခြင်းကိုလည်း ဂုဏ်ယူပါသည်..။ ဘယ်သူ့ကိုမှအားမကိုးဘဲ မိမိဘာသာရပ်တည်နိုင်သောလူတစ်ယောက်အဖြစ် သူ့ကိုယ်သူဂုဏ်ယူလို့မဆုံးပါ..။
သူ့စိတ်ဍ်တစုံတခုကြောင့် မပျော်နိုင်ဖြစ်နေသည်ကို သူ့ကိုယ်သူရိပ်မိပါသည်..။ ဘာအကြောင်းပါလဲ..။ သူငယ်စဉ်က ရိုးသားကြိုးစားသောသူ့ကို သမီးရှင်များကသမက်ဖမ်းကြပါသည်..။ ထိုအထဲမှ သူ့စိတ်ကြိုက်နှင့်ညီသော သူ့အမေနှင့်အဆင်ပြေနိုင်ဆုံးဖြစ်သော ယခုမိန်းမကိုယူလိုက်ပါသည်..။ ယခုမိန်းမသည်လည်း မိန်းမထဲမှမိန်းမတစ်ယောက် ပီသစွာ ငွေမက်၊ဂုဏ်မက်ရုံမက စကားများအတင်းအဖျဉ်ပြောတတ်သော မိန်းမတစ်ယောက်ဖြစ်နေပါသည်..။ သူ မရွေးချယ်ခဲ့သော နံပါတ် ၁ မှာ အိမ်ထောင်ကျသွားပြီဟူ၏..။ သူခံသာပါသည်..။ ထိုနံပါတ် ၁ မှာ သူလိုကိုယ်လိုမိသားစုဘ၀ကို ပိုင်ဆိုင်ထား၍..။ သူခံရခက်သည်မှာ နံပါတ် ၂ အတွက်ဖြစ်သည်..။ ထိုနံပါတ် ၂ မိန်းမကို သူကြည့်မရခဲ့ပါ..။ စာပြိုက်ဘက်လည်းဖြစ်ခဲ့သည်...။ အတန်းထဲမှာလည်း အော်ကြော့လန် ဆူညံခေတ်ရှေ့ပြေးနေ၍ သူကြည့်မရခဲ့..။ သူသေချာဆုံးဖြတ်ထားသည်..။ ထိုမိန်းမမျိုး သူ့ဘ၀တွင်ဘယ်တော့မှမရွေးဟူ၍..။ ဒါပေမယ့်ထိုနံပါတ်၂ မိန်းမသည် သူတို့ကျောင်းမှစီနီယာတစ်ယောက်နှင့် အိမ်ထောင်လာကျကာ ရာထူးမြင့် အရည်အချင်းရှိသောယောကျာ်းကောင်းကိုရလျက် အိမ်ပိုင်၊ကားပိုင်တို့ဖြင့် တင့်တင့်တယ်တယ်နေနေသည်ကိုတွေ့ရသောအခါ သူအကဲခတ်မှားခဲ့သည်ကို နောင်တရမိပါသည်..။ ထိုမိန်းမသည် အိမ်ထောင်အထိန်းအသိမ်းကောင်းမွန်ကာ စိတ်သဘောထားပြည့်ဝမှုကြောင့် အပေါင်းအသင်းမိတ်ဆွေပေါများလှသည်ဟု သူကြားရသောအခါ စိတ်မှာအံ့သြစိတ်ဝင်ရပါသည်..။ သူသိဘူးသလောက် ထိုမိန်းမသည် အသံကျယ်ကျယ်၊ ကလက်တက်တက်နှင့် ဘယ်လိုမှအိနြေ္ဒမရသောမိန်းမတစ်ယောက်ဟုဆိုကာ သူပယ်ချခဲ့တာဖြစ်သည်..။ ဘယ်လိုကဘယ်လိုပြောင်းလဲကာ စိတ်သဘောထားနူးညံ့မှန်ကန်ပြီး လူချစ်လူခင်များသော၊ ကူညီတတ်သော၊ သားယောကျာ်းချည်း သုံးယောက်မွေးထားသော အိနြေ္ဒရပြည့်စုံနေသောမိန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားပါလိမ့်..။
နံပါတ်သုံးအမျိုးသမီးမှာတော့ သူ့ရင်ကိုကိုင်လှုပ်နိုင်ခဲ့ပေမယ့် ဟိုလိုလိုဒီလိုလိုယောင်ဝါးဝါးနှင့်သာ ပြီးသွားခဲ့ပြီး သူမလည်းအိမ်ထောင်ကျ သာမာန်မိန်းမတစ်ယောက်ဖြစ်နေပါပြီ..။ ဘ၀တွင် ကျောင်းတက်၊စာကြိုးစား၊ အလုပ်ကောင်းကောင်းလုပ်၊ ရာထူးကြီးကြီးဖြစ်၊ ပိုက်ဆံကောင်းကောင်းဝင်လျှင် အိမ်ထောင်ကျ၊ သားသမီးမွေးဖြင့် ဘ၀ကိုပြီးသွားပြီဟု ယူဆခဲ့ပါသည်..။ ကျောင်းကတည်းကလေ့လာလိုက်ရတဲ့စာ အခုအလုပ်ထဲမှာလည်း နေ့စဉ်လေ့လာ၍မပြီးစီးနိုင်ပါ..။ သူ့ခေါင်းထဲ သူ့ဦးနှောက်ထဲတွင် စာသာရှိပါသည်..။ မိန်းမသည်သူ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးရုံ အရန်သက်သက်မျှသာဖြစ်သည်..။ သူ့ခေါင်းထဲ သူ့အလုပ်၊သူ့စာလွဲ၍မရှိပါ..။ သူတစ်ပါးတွေပျော်ရွှင်နေချိန်တွင် သူမပျော်ရွှင်အားပါ..။ ထိုသို့ပျော်ရွှင်လိုက်လျှင် အချိန်တွေကုန်သွားမည်ကိုတွေးကာ နှမြောသည်...။ သူများတွေလှုတန်းသွားလာနေလျှင်လည်း မလှုတန်းမသွားလာအားပါ..။ လစဉ်တိုးနေသောကိန်းဂဏန်းများ လျော့နည်းသွားမှာ သူစိတ်ပူပါသည်..။
သူ့စိတ်ထဲယခုတွေးနေမိသောကိစ္စမှာ နံပါတ် ၂ မိန်းမအကြောင်းသာဖြစ်သည်..။ ထိုမိန်းမ မည်သို့ပြောင်းလဲသွားသနည်း..။ ဘာ့ကြောင့်အောင်မြင်သောဘ၀(ဟုသူသတ်မှတ်သော)ကိုပိုင်ဆိုင်နေရသနည်း..။ သူ့ဘ၀မှာဖြင့် ကြိုးစားရုန်းကန်ရသည်မှာ မပြောပါနှင့်တော့..။ ဘ၀တစ်ခုလုံးကို စာသင်စာကျက်ဘွဲ့ယူအလုပ်လုပ်ဟုသာ ထင်မြင်ခဲ့သည်..။ အတူတူထွက်လာသောကျောင်းသားများထဲတွင် သူ့လောက်သိသောတတ်သောသူမရှိဟု ဂုဏ်ယူခဲ့ရသည်..။ ယခုအချိန်တွင်မတော့ ကျောင်းစာအတော်ကြီးမဟုတ်သော်လည်း သူ့ထက်လခကောင်းနေသော သူများအကြောင်းကြားနေရသည်မှာ စိတ်ဆင်းရဲစရာကောင်းလှပါသည်...။ သူသာလခကောင်းကောင်း ရသင့်ပါသည်...။ သူများတွေထက် သူပိုကြိုးစားခဲ့ပါသည်..။ ထို့ကြောင့်သူသာလခကောင်းကောင်းရဖို့ ထိုက်တန်ပါသည်...။ ဘာလေးလိုချင်ချင် သူအချိန်အနည်းငယ်လေ့လာရုံနှင့် အောင်မြင်အောင်လုပ်နိုင်ပါသည်..။ ဘာ့ကြောင့်သူ သူများတွေလောက် လခကောင်းကောင်းမရသနည်း..။
လောကကြီးသည် မတရားဟုထင်ပါသည်..။ ရိုးသားကြိုးစားသောသူ့မှာ ကြည့်ပျော်ရှူပျော်သောစတိုင်မရှိပါ..။ လူကြားသူကြားသွားလျှင် သူ့ကိုအင်ဂျင်နီယာအလုပ်ဖြင့်အသက်မွေးနေသူဟူ၍ မည်သူမျှမထင်ကြတာ သူသိပါသည်..။ သူအချိန်ပိုင်းအလုပ်လုပ်ရစဉ်ကဆိုလျှင် သူ့ကိုစာမတတ်သူဟူ၍ပင်ထင်ကြပါသည်..။ ၀မ်းမနည်းပါ..။ ၀မ်းရေးအတွက်ရုန်းကန်နေရခြင်းဖြစ်၍ ဘာထင်ထင်ဂရုမစိုက်ပါ..။
သူပေးလိုက်ရသော အချိန်နှင့်အင်အားစိုက်ထုတ်မှုတို့အတွက် သူရလာသည်များကတော့ ပုံမလာပန်းမလာ ကလေးမမွေးသောမိန်းမတစ်ယောက်..၊ တိုးလာသော ဘဏ်မှကိန်းဂဏန်းများ၊ အိပ်ချင်မူးတူးပုံအမြဲပေါက်နေသော အူကြောင်ကြောင်နိုင်သော၊ လူတောမတိုးသောသူ့ပုံသဏ္ဍာန်တို့သာ အဖတ်တင်ကျန်ရစ်ပါသည်...။
စိတ်တိုလာလျှင် ဘာလုပ်တတ်သနည်း..။
မစံပယ်စိတ်တိုလာလျှင် အော်ငေါက်တတ်လေ့ရှိလေ့ပါသည်..။
ဘယ်သူတွေကို အများဆုံးအော်ငေါက်တတ်သနည်း..။
အများဆုံးကတော့ အမေဖြစ်သည်..။ ပြီးတော့ အစ်မနှင့်တူဖြစ်သည်..။
ဘာ့ကြောင့်အော်ငေါက်စိတ်တိုတတ်သနည်း..။
ဒေါသဖြစ်သည်..။ မစံပယ် ဒေါသကြီးတတ်သည်..။ အော်ငေါက်လိုက်ရမှ စိတ်တိုတာ ရပ်သွားသည်..။ ပြီးတော့ အော်ငေါက်မိသည့်အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားနေခဲ့ရသည်..။
ဘာ့ကြောင့် အမေ့ကို အော်ငေါက်တာလဲ..။
အဓိကခိုင်လုံသော အကြောင်းပြချက်သည် မစံပယ့်အမေသည် မစံပယ်ကို ချိုချိုချဉ်ချဉ် ခွင့်လွှတ်တတ်သူဖြစ်သည်..။ မစံပယ်လုပ်ချင်ရာကို ဖြည့်ဆည်းပေးချင်သူဖြစ်သည်..။ မစံပယ်စိတ်ကို အလုံးစုံနားလည်သည်မဟုတ်သော်လည်း လုံးဝသည်းခံ လိုက်လျော ဖြည့်ဆည်းပေးချင်သူဖြစ်သည်..။
ဘာလို့ မစံပယ်အမေကို မစံပယ်အော်ငေါက်တတ်တာလဲ..။
မစံပယ်အတွက်အမေသည် လောကတွင်အရင်းနှီးဆုံးဖြစ်သည်..။ အမေ့လောက်ရင်းနှီးသူ ဤလောကတွင်မရှိ..။ မစံပယ်၏ အကောင်းအဆိုး အားလုံးကိုလက်ခံသူဟု မစံပယ်စိတ်ချယုံကြည်သောကြောင့် မစံပယ်၏ စိတ်ရင်းအတိုင်း အမေကိုဆက်ဆံခြင်းဖြစ်သည်..။ မစံပယ်မှာ စိတ်ထဲရှိသည့်အတိုင်း အရင်းအတိုင်းပြောရမှ ကျေနပ်တတ်သူဖြစ်ရာ အမေတို့နှင့်ဆက်ဆံရာတွင် စိတ်ရင်းအတိုင်း ဒေါသအလျောက်၊ မောဟအလျောက်၊ လောဘအလျောက် စိတ်ထဲရှိသည့်အတိုင်း ပြောဆိုဆက်ဆံမိရာ ဆက်ဆံမိသည့်အကြိမ်တိုင်း မစံပယ် စိတ်ထိခိုက်ရပါသည်..။ အထူးသဖြင့် ယနေ့လိုအမေနှင့်ခွဲရကာစ မစံပယ်စိတ်ထဲတွင် ဟာတာတာငိုချင်ဝမ်းနည်းမိသည်မှာ ဘယ်အခါနှင့်မှ မတူပါ..။ ထိုအထဲတွင် ခရီးလမ်းပမ်း အဖုအထစ်ကြုံရသေးရာ မစံပယ်မှာ ပို၍ပင် ငိုချင်နေမိပါသည်..။ အခန်းသို့ပြန်ရောက်သောအခါတွင်လည်း ဟာတာတာ ၀မ်းပန်းတနည်းနှင့် အော်ဟစ်၍သာ ငိုချင်နေမိပါသည်..။
တစ်ခြားလူတွေကိုရော အော်ငေါက်တတ်သလား..။
လူသိပ်မရင်းလျှင်တော့ မစံပယ်ဒေါသမထွက်တတ်ပါ..။ စိတ်သဘောထားမတိုက်ဆိုင်လျှင်လည်း ဒီတိုင်းသာနေလိုက်တာသာ ဖြစ်သည်..။ လူရင်းဆိုလျှင်တော့ မစံပယ်ဒေါသတွေကို ထိုသူတွေအပေါ် ဖောက်ခွဲမိတတ်သည်...။ အထူးသဖြင့်တော့ မစံပယ် အမေ၊ အစ်မနှင့် မစံပယ်တူများ..၊ ထို့နောက် တစ်ယောက်သောသူ..၊ မစံပယ်ကို ခွင့်လွှတ်မည်ဟု စိတ်ချယုံကြည်မိသူများအပေါ်တွင် မစံပယ့်ဒေါသဖောက်ခွဲတတ်လေ့ရှိပါသည်..။
ဒေါသသည်ဘာနှင့်တူသနည်း..။
ဒေါသသည် သံမီးခဲနှင့်တူသည်..။ အရင်ဆုံးမိမိကိုယ်ကို လောင်မြိုက်ရသည်..။ ထို့နောက်မှသူတစ်ပါးကိုပါ ပစ်ပေါက်မိပြန်သည်..။ သူတစ်ပါးလည်း မိမိဒေါသကြောင့် အချောင်နာကျဉ်ရသည်..။ မိမိဒေါသပြေလျော့သွားသည့်အခါ သူတစ်ပါးနှင့်ဆက်ဆံရေးသည် ပုံမှန်ကျန်ခဲ့ဖို့ ခဲယဉ်းပါသည်..။ ဆက်ဆံရေးသည် မိမိဒေါသလျောက် ပျက်ပြားပြီးသားဖြစ်သွားသည်မှာ အကြိမ်ကြိမ်ဖြစ်သည်..။
ဒေါသဖြစ်ပြီးနောက် မည်သို့ခံစားရသနည်း..။
အမေ့ကိုဒေါသအလျောက် အော်ဟစ်ပြောဆိုမိပြီးသည့်အခါ ၀မ်းနည်းမှု၊ ယူကျုံးမရမှု များစွာခံစားကျန်ရစ်သည်..။ ဘာလို့ ဒီလောက်ကျေးဇူးကြီးမားသော အမေကိုအော်ငေါက်မိသနည်း..။ ဒေါသမရှိသည့်အခါ ဒီအမှားကိုကောင်းကောင်းမြင်သည်..။ ဒေါသထွက်လာသည့်အခါ ဆင်ခြင်တုံတရားသည် ဘယ်နားဆီမှာ မသိပါ..။
တော်ပြီ..။ မရေးတတ်တော့ပါ..။ လတ်တလောမစံပယ်စိတ်ထဲမှာ ၀မ်းနည်းမှု၊ စိတ်မကောင်းမှုများစွာ..။ ငိုချင်နေမိသည် အမှန်ပါ..။
မနာလိုသောစိတ်..။
မိမိသာရ၍ သူတစ်ပါးမရစေချင်သော စိတ်..။ သူတစ်ပါးကောင်းစားနေသည်ကို ငါသာရလိုက်ပါတော့ဟု တပ်မက်သောစိတ်..။ သူတစ်ပါးရနေသည်ကို မနာလိုသောစိတ်..။ အရင်းစစ်လိုက်သောအခါ ပစ္စုပ္ပုန်ကြိုးစားအားထုတ်မှုကိုသာ ယှဉ်နိုင်မည်..။ အတိတ်ကုသိုလ်ကံကို မယှဉ်နိုင်ပါ..။
သူတစ်ပါးအောင်မြင်နေသာအခြေအနေတွင် မိမိအားစိုက်ထုတ်ပေးလိုက်ရမှု မပါဝင်ပါ..။ သူ့အကျိုးနှင့် သူ့အကြောင်းနှင့် အောင်မြင်နေသည်သာ ဖြစ်ပါသည်..။ ထို့အတွက် မနာလိုစိတ်ဖြစ်ပေါ်စရာ မလိုပါ..။
မနာလိုစိတ်ဖြစ်ပေါ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်ချက်မရှိခြင်းမှ အရင်းခံသည်..။ မိမိအားထုတ်မှု ဇွဲလုံ့လနှင့် ဆန္ဒဇောကို ယုံကြည်စိတ်ချနေလျှင် ဘာကိုမှ မလိုစရာအကြောင်း မရှိတော့ပါချေ..။
မျက်မှန် ဥပမာ..။
မစံပယ်သတိထားမိလာတဲ့အကြောင်းအရာတစ်ခုကို စဉ်းစားကြည့်ချင်လို့ပါ..။သာမာန်ပဲခင်ဘူးလိုက်တာပေမယ့် မစံပယ်အတွက်တော့ ထူးဆန်းနေမိရတဲ့ ဂုဏ်ယူတတ်မှုကြောင့် ထည့်ရေးလိုက်တာပါ..။ အဲဒီယောကျာ်းကအလုပ်ထဲမှာသူများခိုင်းတာလုပ်၊ အိုဗာတိုင်ကြေးနဲ့ဘာနဲ့ဆိုရင် လခမဆိုးဘူးပြောရမယ့်အလုပ်မှာရပါတယ်..။ အလုပ်မရှိတဲ့အချိန်မှာ ဘီယာလေးတမြမြနဲ့ မူးမူးရူးရူးနေတတ်တဲ့သူမျိုးပါ..။ ပင်ပန်းလာလို့ ဘီယာနဲ့အပန်းဖြေတာပါတဲ့..။ အဲဒီလူအမြဲသုံးနေကျစကားက ငါမဟုတ်တာမလုပ်ဘူးတဲ့....။ သူကအဲလိုစကားအမြဲထည့်ထည့်ပြောတော့ အဲဒီစကားထည့်ပြောရကောင်းမှန်းမသိတဲ့ မစံပယ်က ကိုယ်ဘာသာစဉ်းစားတယ်..။ ငါရောမဟုတ်တာလုပ်သလား လို့..။ မလုပ်ပါဘူး..။ ဒါပေမယ့် ဒါကို စကားလုပ်ပြောနေရမယ်လို့ မစဉ်းစားဘူးပါဘူး..။ အဲဒီစကားထည့်ထည့်မပြောတဲ့တစ်ခြားသူတွေကိုရော စဉ်းစားကြည့်တယ်..။ သူတို့ရောမဟုတ်တာလုပ်သလားလို့..။ သူတို့လည်းမဟုတ်တာမလုပ်ကြပါဘူး..။ ဒါပေမယ့် စကားထဲထည့်မပြောကြပါဘူး..။ အဲဒီတော့ မစံပယ်ကောက်ချက်ချကြည့်တယ်..။ ဒီလူဟာ သူအရက်သောက်ပြီး မူးတာရှိမယ်..။ မကောင်းတဲ့မိန်းမတွေဆီသွားတာရှိမယ်..။ ဒါပေမယ့် သူဘာသူဒါတွေအတွက်လည်း Guilt ဖြစ်နေတယ်..။ ဒါကြောင့်မို့ပဲ သူဘာသာသူ ငါမဟုတ်တာမလုပ်ဘူးလို့ အမြဲအားတင်းထားနေတဲ့ သဘောရှိတယ်..။ သူဟာ မျက်မှန်နဲ့အသားမကျသေးတဲ့လူလိုမျိုးပဲလို့..။
ဒါဆို မစံပယ်ကိုယ်မစံပယ် အကဲခတ်ကြည့်ရအောင်..။ မစံပယ်မှာရော မျက်မှန်နဲ့အသားမကျသလို အကျင့်မျိုးမရှိဘူးလားဆိုတော့ ရှိနေပြန်ရော..။ ဘာလို့သတိထားမိလာတာလည်းဆိုတော့ ဆရာတော်ဦးဇောတိကရဲ့တရားတွေနာပြီး ကိုယ့်စိတ်ကတွေးနေတိုင်း ဘာတွေတွေးမိတတ်လဲဆိုတာ သတိထားမိအောင်ကြိုးစားကြည့်တဲ့အခါမှာ မစံပယ်ရဲ့စိတ်ဓာတ်ကိုပြန်တွေ့လာရပါတယ်..။ မစံပယ်က ငါဟာယောကျာ်းတစ်ယောက်ကလက်တွဲမယ်ဆို လက်တွဲချင်စရာကောင်းတဲ့ အပြလှတဲ့သူမျိုးဆိုတာ မစံပယ်ကိုယ်တိုင်ရဲ့နှူတ်ကနေ ခင်မင်ရတဲ့ညီမနှစ်ယောက်ကို ပြောလိုက်မိဘူးပါတယ်..။ အဲဒီမှာ အဲဒီညီမတွေရဲ့မျက်နှာမှာ မစံပယ်ကိုတစ်မျိုးဖြစ်သွားတဲ့မျက်နှာတွေနဲ့ ကြည့်တာကို သတိထားမိလိုက်ပါတယ်..။ မစံပယ်ဘာလို့ဒီစကားပြောထွက်တာလဲ..။ မစံပယ်စိတ်ထဲ ဘာစိတ်အခံရှိနေလို့ ဒီလိုပြောထွက်တာလဲ..။ အဲဒီမှာ မစံပယ်ရဲ့အငုံ့စိတ်တစ်ချို့ကိုသွားတွေ့ပါတယ်..။(ဒီစိတ်ကို အကျယ်ချဲ့မပြောချင်ပါဘူး..။) အော်..ငါ ဒီစိတ်ကိုကာကွယ်ချင်လို့ ဒီလိုပြောထွက်သွားတာပါလားဆိုတာ နောက်မှသဘောပေါက်မိရပါတယ်..။
နောက်တစ်ခါကတော့ အစ်ကိုအရွယ်ယောကျာ်းတစ်ယောက်ကို မစံပယ်တို့အိမ်မှာ ကားရှိတယ်ဆိုတာ သိစေချင်တဲ့အဓိပ္ပာယ်မျိုးသက်ရောက်သွားစေတဲ့ စကားပြောမိလိုက်တာပါပဲ..။ မစံပယ်က တော်တော်ကိုတုတ်ထိုးအိုးပေါက်ပြောမိတဲ့အခါ ပြောတတ်လွန်းပါတယ်..။ အရင်ကတော့ သတိထားရမယ်ဆိုတာ သိပေမယ့် သတိဆိုတာဘယ်လိုထားရမလဲဆိုတာ မသိခဲ့ဘူး..။ အခုတော့ ဦးဇောတိကတရား တော်တော်နာထားတာနဲ့ သိနေအောင်ကြိုးစားဖြစ်တာနဲ့ စကားပြောလည်း အမှတ်မဲ့မပြောဖြစ်တော့ဘူး..။ သိနေပြီးပြောဖြစ်လာတော့ ဘယ်လိုစိတ်အထာနဲ့ပြောနေလဲ..၊ ဘာရည်ရွယ်ချက်နဲ့ပြောနေလဲဆိုတာ အမြဲသတိထားမိဖြစ်လာတော့ အမှားနည်းလာတာတစ်ခု ကောင်းကျိုးတွေ့ရတယ်..။
နောက်တစ်ခါ ခင်တဲ့အစ်မအရွယ်တစ်ယောက်ကို မစံပယ်အမေသည် မစံပယ်ကို လိုသလောက်ထောက်ပံ့နိုင်သောသူဖြစ်ကြောင်း ပြောမိလိုက်တာရယ်..။ ဘယ်လိုစိတ်အထာနဲ့ပြောမိလိုက်တာလဲ..။ (မစံပယ်စိတ်ထဲက အငုံ့စိတ်ကိုကာကွယ်ချင်စိတ်နဲ့ပြောလိုက်မိတယ်မှန်း အခုတော့တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်..။)မစံပယ်မကြာခဏအဲလိုပြောပြောထွက်နေခြင်းဟာ မျက်မှန်နဲ့အသားမကျသေးတဲ့စိတ်အထာတွေနဲ့ ပြောမိလိုက်ကြောင်း ပြန်အမှတ်ရမိတယ်..။
နောက်ထပ်ဥပမာကျန်ပါသေးတယ်..။ မစံပယ်တို့စလုံးမှာကျောင်းတက်တဲ့ကျောင်းသားကျောင်းသူတွေဟာ အချိန်ပိုင်းအလုပ် လုပ်ကြတဲ့သူများပါတယ်..။ အဲဒီအခါ ဘာမှသိပ်ဦးနှောက်သုံးစရာမလိုတဲ့အလုပ်တွေမှာ လုပ်ကြရတာ များပါတယ်..။ မစံပယ်လည်း အချိန်ပိုင်းအလုပ်ကို ငွေသိမ်းတဲ့အလုပ်မှာ လုပ်ပါတယ်..။ ဒီအခါမှာ မစံပယ်ကိုသင်ပြပေးတဲ့သူဟာ မြန်မာပြည်ပေါက် တရုတ်မတစ်ယောက်ဖြစ်ပါတယ်..။ အဲဒီမှာ အဲဒီတရုတ်မအစ်မကြီးဟာ မစံပယ်ကို ခဏခဏသူနဲ့လာလုပ်ပေးဖို့ ခေါ်လေ့ရှိပါတယ်..။ မစံပယ်ကလည်း ကိုယ့်ကိုလုပ်တတ်ကိုင်တတ်အောင်သင်ပြပေးတဲ့သူဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်ရင် သွားလုပ်ပေးပါတယ်..။ သူနဲ့အနေများလာတဲ့အခါ သူ့ရဲ့မျက်မှန်အကျင့်ကို သတိထားမိလာရပြန်ပါတယ်..။ ငါတို့က ကိုယ်ချင်စာစိတ်နဲ့အလုပ်လုပ်တာတဲ့..။ အဲဒီစကား ခဏခဏပြောတတ်ပါတယ်..။ မစံပယ်သတိထားမိလာသလောက် သူနဲ့အလုပ်တွဲလုပ်ကြတဲ့သူတော်တော်များများဟာ မတတ်သာလို့သာလုပ်ကြရတယ်..။ ဘယ်သူမှသူနဲ့မလုပ်နိုင်ကြ..၊ မလုပ်ချင်ကြတာတွေ့ရပါတယ်..။ သူက သူဖြစ်စေချင်သလိုဖြစ်နေမှ ကျေနပ်တဲ့သူမျိုးဖြစ်ပါတယ်..။ သူဖြစ်သလိုဖြစ်မနေရင် မြည်တွန်တောက်တီး..၊ ဒေါသထွက်..၊ စကားများဖို့လည်း ၀န်မလေးပါဘူး..။ သူနဲ့အဆင်မပြေသူတိုင်းကိုလည်း အလုပ်ကနေထုတ်ထုတ်ပစ်ပါတယ်..။ ပြောတာကတော့ ငါမတရားတာ မလုပ်ဘူးလို့ ပြောလေ့ရှိပါတယ်..။ သူပြောချင်တဲ့အခါ မစံပယ်အပါအ၀င် ကျန်တဲ့သူတွေအားလုံးကို နှစ်ပြားမှမတန် ရစရာမရှိအောင် ပြောလေ့ရှိပါတယ်..။ သူသည်သာ တာဝန်အကျေဆုံးလို့လည်း ဂုဏ်ယူတတ်ပါတယ်..။ အလုပ်လည်းတကယ်လုပ်ပါတယ်..။ ကျောင်းသူကျောင်းသားအပါအ၀င် ငွေရေးကြေးရေးအခက်အခဲကြောင့် အချိန်ပိုင်းအလုပ်ထပ်လုပ်တဲ့ အင်ဂျင်နီယာအစ်ကိုတစ်ယောက်ကိုလည်း သူလောက်မှမတတ်ဘူးလို့ ရေရွတ်တတ်ပါတယ်..။ မစံပယ်ကတော့ မစံပယ်တို့သည် ကျောင်းသာအဓိကထားရသော ကျောင်းသားများဖြစ်ကြောင်းနှင့် အလုပ်နှင့်ကျောင်း နှစ်ခုမျှထားသလိုဖြစ်နေသည့်အတွက် သူ့လောက်အားစိုက်မလုပ်မိဘူးဆိုတာ ၀န်ခံပါတယ်လို့ပဲ အေးအေးဆေးဆေးပြောလိုက်ပါတယ်..။ အဲဒီအလုပ်သည် သူမအတွက် ပင်မသွေးကြောအလုပ်ဖြစ်တယ်..။ မစံပယ်တို့အတွက် ပင်မအလုပ်မဟုတ်တဲ့အတွက် အလေးထားတာကွာနေတာဖြစ်ကြောင်း ပြောလိုက်ပါတယ်..။ အင်ဂျင်နီယာနဲ့ကျောင်းပြီး ရာထူးတွေဘာတွေနဲ့အလုပ်လုပ်ခဲ့တဲ့အစ်ကိုတစ်ယောက်က ဒီမှာ အင်ဂျင်နီယာအလုပ်ရှာမရလို့ ရရာဝင်လုပ်လိုက်တဲ့အခါ အဲဒီအစ်မရဲ့ အရင်အလုပ်ဖြစ်တဲ့ သန့်ရှင်းရေးမှာ အလုပ်သမားအဖြစ်ဝင်လုပ်တဲ့အခါ အဲဒီအစ်မရဲ့စိတ်ထဲမှာ အင်ဂျင်နီယာတွေသည် သူ့လောက်မစွံဘူးလို့ မြင်လာပါတော့တယ်..။
မစံပယ်စဉ်းစားမိတာတွေကို ကောက်ချက်ချမိတာကတော့ လူတစ်ယောက်ယောက်က တစ်ခုခုကိုသူ့ကိုယ်သူဂုဏ်တင်ပြောနေပြီဆိုရင်တော့ အဲဒီဂုဏ်တင်တဲ့အချက်ဟာ သူ့အားနည်းချက်ဆိုတာပဲ..။ မဟုတ်တာမလုပ်ဘူးဆိုတာ မဟုတ်တာများများလုပ်တတ်တဲ့သူ ပြောလေ့ရှိတဲ့စကားပဲ..။
ငါတို့က ကိုယ်ချင်းစာစိတ်နဲ့အလုပ်လုပ်တာလို့ ထုတ်ဖော်ပြောပြီဆို သူကိုယ်ချင်းစာစိတ်နည်းတာ သေချာသလောက်ရှိပြီဆိုတာ သဘောပေါက်ပေတော့..။ သူ့ကိုယ်ချင်းစာစိတ်က ရှိတော့ရှိမယ်..။ ရှိရင်လည်းရေတွက်လို့ရလောက်အောင် နည်းနေလိမ့်မယ်..။ ကိုယ်ချင်းမစာမနာလုပ်လိုက်မိတာတွေ ပိုများလိမ့်မယ်...။
နောက်ထပ်ရေးစရာ ဥပမာတစ်ချို့ကျန်သေးပေမယ့် မရေးတော့ဘဲ ရပ်လိုက်ပါပြီ..။ ရေးရင် မကောင်းတတ်လို့ပါ..။
အိမ်ငှားစည်းကမ်းများ..။
၁။ အတူနေသောအခန်းတွင်းစည်းကမ်းများ..(မာစတာခန်းသုံးယောက်လိုက်နာရမည့် စည်းကမ်းများ..။)
အခန်းအတွင်းဍ် အတူနေသောသူများသည် နှစ်ရှည်လများသိကျွမ်းလာပြီးသူများ ဖြစ်ရန်အလားအလာနည်းပါသည်..။ တစ်ယောက်အကြောင်း တစ်ယောက်မသိသူများ အခြေအနေအရ အတူနေထိုင်ရန်ဖန်လာခြင်းကြောင့် အတူတူနေကြရပါသည်..။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေမှူများမဖြစ်ကြစေရန်နှင့် တစ်ယောက်ကြောင့် တစ်ယောက်မှာအနှောင့်အယှက်မဖြစ်စေရန် အားလုံးညီတူမျှတူလိုက်နာသင့်သောအချက်များ သတ်မှတ်ထားသင့်သည်ဟု ယူဆပါသည်..။
၁.၁ အခန်းတွင်း ည ၉ ခွဲကျော်လျှင် ဆူညံစွာနေခြင်း… ခွင့်မပြုပါ..။ တိတ်ဆိတ်အေးချမ်းစွာဖြင့် လေ့လာစရာရှိသည်ကိုလေ့လာ..၊ မီးပူတိုက်စရာရှိလျှင်တိုက် ညင်သာစွာလုပ်ကိုင်ပါ..။ ည ၉ ခွဲကျော်လျှင် ဇာတ်ကားများအသံထုတ်ကာကြည့်ခြင်း..၊အခန်းတွင်း ကုတင်ပေါ်မှာနေ၍ ဖုန်းစကားမပြီးပြတ်အောင် ပြောခြင်း..၊ နိုင်ငံတွင်းနှင့်အခြားနိုင်ငံမှလူများနှင့် ဂျီတော့ခ်ပြောခြင်း များ ခွင့်မပြုပါ..။ တစ်ပါးသူကိုအနှောင့်အယှက်ဖြစ်ပါသည်..။ ၉ ခွဲကျော်လျှင် ဖုန်းပြောခြင်း နှင့် ဂျီတော့ပြောခြင်းကိုအခန်းအပြင် ဧည့်ခန်းတွင်လုပ်ရပါမည်..။ အခန်းအတွင်း လူသုံးယောက်စုံနေသည့်အခါ အခြားသူကိုအနှောင့်အယှက်ဖြစ်စေသော ဆူညံသံမျိုး မလုပ်မိအောင် သတြိပုရပါမည်..။ အခန်းအတွင်း တစ်ယောက်တည်းရှိသောအချိန်တွင် စိတ်ကြိုက်နေချင်သလို နေနိုင်ပါသည်..။
၁.၁.၁မီးကို ည ၁၁ ထိဖွင့်နိုင်ပါသည်..။ မအိပ်ချင်သေးသောသူတစ်ယောက်ရှိပါက မီးအဖွင့်အပိတ်ကြောင့် အနှောင့်အယှက်ဖြစ်ရနိုင်ပါသည်..။ ထို့ကြောင့် စောစီးစွာအိပ်သောသူသည် ၁၁ နာရီမထိုးမချင်း မီးဖွင့်လျက်သားအိပ်ရမည်..။ ၁၁ ထိုးလျှင် မီးပိတ်နိုင်သည်..။ (ဆောင့်ကြီးအောင့်ကြီးမပိတ်ရပါ..။)၁၁ထိုးနောက်ပိုင်းထိမအိပ်သေးသောသူသည် မီးပိတ်လျက်သာ ကွန်ပျူတာသုံးခြင်း ဇာတ်ကားကြည့်ခြင်း လုပ်ရမည်..။ အားလုံးသဘောတူပါက စိတ်ကြိုက်ဖွင့်၍ ရပါသည်..။ တစ်ယောက်ကမီးဖွင့်ချင် တစ်ယောက်ကမီးပိတ်ချင်တာမျိုးကြုံလာသောအခါ ထိုစည်းကမ်းအတိုင်း ကျင့်သုံပါမည်..။
၁.၁.၂ ည (၁၀) နာရီကျော်လျှင် ဆူညံခြင်း..၊ ကျယ်လောင်စွာ စကားပြောခြင်း.၊ အသံထွက်ရယ်မောခြင်း မလုပ်ရတော့ပါ..။ ကွန်ပျူတာသုံးကာ ဇာတ်ကားကြည့်လျှင် နားကြပ်တပ်ကာကြည့်ရပါမည်..။
၁.၁.၃ မနက်ခင်းနှိုးစက်ကို ကျယ်လောင်စွာပေးထားခြင်း မလုပ်ရပါ..။ နှိုးစက်ပေးလျှင် ဖုန်းမှနှိုးစက်ကို အသံအလယ်အလတ်ထားကာ နှိုးစက်ပေးရပါမည်..။
၁.၁.၄မနက်ခင်းအလုပ်သွားစရာစီစဉ်ချိန်တွင် တိုးတိတ်ညင်သာစွာ သတိထားလုပ်ကိုင်ပါ…။ အ၀တ်အစားများကို မနက်သွားကာနီးမှ မီးပူတိုက်ခြင်း ခွင့်မပြုပါ..။ မီးပူကိုညကတည်းက တိုက်ထားရပါမည်..။ ရေချိုးခန်းတံခါးဖွင့်ခြင်း..၊ အ၀တ်ဗီရိုတံခါးဖွင့်ခြင်း..၊ ဖီးလိမ်ပြင်ဆင်ခြင်း..၊ အခန်းတံခါးဖွင့်ခြင်း ပိတ်ခြင်းတို့ကို အတတ်နိုင်ဆုံးညင်သာစွာ သတိထားလုပ်ဆောင်ရပါမည်..။
၂။ အားလုံးနှင့်ဆိုင်သောစည်းကမ်းများ..။
- အလုပ်မသွားခင် နှင့် အပြင်သို့မထွက်ခင် မီးခလုတ်များ၊ ကွန်ပျူတာများကို သေချာစွာ ပိတ်၍သွားရပါမည်..။ အခန်းတံခါး သေချာစွာ ပိတ်ထားခဲ့ရပါမည်..။
-အလုပ်မသွားခင် အိမ်သာတက် ၊ သွားတိုက်ရေချိုးလုပ်ရာတွင် စိမ်ပြေနပြေလုပ်၍မရပါ..။ အားလုံးအလုပ်သို့ အချိန်မီရောက်ရန် အရေးကြီးကြပါသည်..။ ၁၀-၁၅ မိနစ်ပတ်ဝန်းကျင်သာ ရေချိုးခန်းသုံးရန် ခွင့်ပြုပါသည်..။ ညနေခင်းနှင့် ကျန်သောအချိန်တွင် အခြေအနေပေါ်မူတည်ကာ အချိန်ယူနိုင်ပါသည်..။
-ရေချိုးခန်းတွင် ရေချိုးပြီးတိုင်း ရေစစ်ပေါက်ကိုသေချာစွာသန့်ရှင်းခဲ့ပါ..။ ဆံပင်ချည်များကျန်နေခဲ့ခြင်း ရှိမရှိ သေချာစွာ စစ်ပါ..။ ရှိနေလျှင် သေချာစွာကောက်၍ အိမ်သာပေါက်မှ ရေဆွဲချပါ..။
-အိမ်သာရေ သေချာစွာဆွဲပါ..။ ကိစ္စပြီးလျှင် သန့်ရှင်းခဲ့မရှင်းခဲ့ စစ်ဆေးပါ..။
-ချက်ပြုတ်ပြီးလျှင် သေချာသန့်ရှင်းထားခဲ့ပါ..။ လက်ဆေးဘေစင်တွင် ထမင်းကျန် ဟင်းကျန်အဖတ်များ ကျန်မနေစေခဲ့ရပါ..။ ပန်းကန်ဆေးပြီးပါက ထမင်းကျန် ဟင်းကျန်အဖတ်များကို အမှိုက်ပုံးတွင် သေချာစွာသွန်ခဲ့ပါ..။ ပန်းကန်များမဆေးဘဲ ရေစိမ်ထားခဲ့ခြင်းကို ခွင့်မပြုပါ..။
-တစ်ပတ်တစ်ခါ အလှည့်ကျသန့်ရှင်းရေးလုပ်ရမည်..။ ဧည့်ခန်း၊ ရေချိုးခန်းနှင့် မီးဖိုချောင်အတွက် ဖြစ်သည်..။ မာစတာခန်းမှသန့်ရှင်းရေးကျသောသူသည် ဗုဒ္ဒဟူးနေ့တွင် အမှိုက်သွန်ရမည်..။ common room မှ သန့်ရှင်းရေးကျသောသူသည် တနင်္ဂနွေတွင် အမှိုက်သွန်ရမည်..။ မာစတာခန်းမှတစ်ယောက်နှင့် common room မှတစ်ယောက် အလှည့်ကျ တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ရမည်..။ (ဧည့်ခန်းကြမ်းတိုက်ရန်နှင် မီးဖို၊ ဘေစင် ဆေးကြောရန်..၊ မီးဖိုကြမ်းပြင်ကြမ်းတိုက်ရန်..။)
-မိမိအသုံးအဆောင်များသန့်ရှင်းရေးနှင့်အခန်းတွင်းမှ မိမိကုတင်နှင့်ကိုယ်ပိုင်ပစ္စည်းများသန့်ရှင်းရေးကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ရမည်..။ ပုံမှန်မလုပ်ပါက အကောင်ပလောင်များ ပေါက်ပွားမည်စိုးသောကြောင့် ဖြစ်ပါသည်..။
-အိမ်လခကို လဆန်း ၁ ရက်မှ ၃ ရက်အတွင်း လွှဲပါ..။
-အခန်းပြောင်းမည်ဆိုလျှင် အင်္ဂလိပ်လကုန်မှ အင်္ဂလိပ် လဆန်း ၃ရက်အတွင်း ပြောပါ..။ လလယ်၊ လနှောင်းမှပြောခြင်း အကျူံးမ၀င်ပါ..။
-ဧည့်သည်ကိုဧည့်ခန်းတွင် နာရီပိုင်း ခဏမျှ လက်ခံ၍ရပါသည်..။ ညအိပ်ညနေဧည့်သည် လက်မခံပါ..။
-နောက်ဖေးစားပွဲတွင် ပစ္စည်းများတင်ပါ..။ ထမင်းစားစားပွဲတွင် ထမင်းစားရုံသာအသုံးပြုနိုင်ပါသည်..။ ပစ္စည်းတင်ထားခြင်း ကျန်ခဲ့ခြင်း မရပါ..။
-အိမ်ထဲတွင် မည်သည့်နေရာမျှ ဆေးလိပ်မသောက်ရပါ..။ အနားယူအပန်းဖြေသည့်အနေနှင့် ဘီယာသောက်ပါက မိမိအိပ်ခန်းသို့ ယူသောက်နိုင်ပါသည်..။ လူမြင်ကွင်း ဧည့်ခန်း၊ ထမင်းစားစားပွဲတွင် သောက်ခွင့်မရှိပါ..။
-အလုပ်သွားရသည့်နေ့များတွင် မနက် ၈ နာရီခန့်ထိ စကားအော်ကြီးဟစ်ကျယ်ပြောခြင်း.၊ စနေ၊တနင်္ဂနွေပိတ်ရက်တွင် လူအများအိပ်စက်နေစဉ် ကျယ်လောင်စွာစကားပြောခြင်း..၊ ဖုန်းပြောခြင်း..၊ ရယ်မောခြင်း ၊ ဆူညံသံများပြုလုပ်ခြင်း..၊ အခန်းတံခါးခေါက်ကာနှိုးခြင်း..၊ဖိနပ်သံပြင်းပြင်းသွားခြင်း..၊ သီချင်းသံ တရားသံများကျယ်လောင်စွာဖွင့်ခြင်းစသော အိပ်စက်နေသူများအား အနှောင့်အယှက်တစုံတရာဖြစ်စေသောအပြုအမူများ မပြုရပါ..။ မိမိလုပ်စရာရှိသည်များကို တိုးတိတ်ညင်သာစွာ လုပ်ဆောင်ရပါမည်..။
-အဲကွန်းကို ည ၉.၃၀ မှ မနက် ၅.၃၀ ထိ အချိန်ကိုက်ပေးထားပါမည်..။ နေ့ခင်း အဲကွန်းမသုံးရပါ..။
-အ၀တ်ကိုတစ်ပတ်နှစ်ကြိမ်အများဆုံးသာ လျှော်ရပါမည်..။ တစ်ပတ်နှစ်ကြိမ်ထက် မပိုရပါ..။
-ထမင်းအိုးကျက်လျှင် သေချာစွာခလုတ်ပိတ်ရပါမည်..။ မီးဝါနေလျှင် မီတာခပိုကုန်ကျပါသည်..။
သန့်ရှင်းရေး
ပထမပတ် မာစတာခန်း၁+common room ၁
ဒုတိယပတ် မာစတာခန်း ၂+ common room ၂
တတိယပတ် မာစတာခန်း ၃ + common room ၃
စတုတ္တပတ် common room အတွဲ
မှတ်ချက်။ ။ မာစတာခန်းတွင် မိန်းကလေးသုံးယောက်နေမည်ဟုစိတ်ကူးကာ စည်းမျဉ်းများထုတ်ထားခြင်း ဖြစ်ပါသည်..။ ယခု မာစတာခန်းတွင် ယောကျာ်းလေးသုံးယောက်၊ ကျန်နှစ်ခန်းတွင် ၂ ယောက်စီသာနေသည့်အတွက် မာစတာခန်းသုံးယောက်အတွက်ထုတ်သောစည်းမျဉ်းများမှာ အပိုသဘောဆောင်သွားပါသည်..။
ကျွန်တော်အိမ်သူကြီး..။
သို့သော် စလုံးသည် မြန်မာနိုင်ငံနှင့် lifestyle အနည်းငယ်ကွာပါသည်..။ မြန်မာနိုင်ငံအဆောင်ဆိုသည်မှာ မိန်းကလေးသီးသန့် ယောကျာ်းလေးသီးသန့်သာ အုပ်ချူပ်ရပါသည်..။ စလုံးမှာမှတော့ မိန်းကလေး၊ ယောကျာ်းလေး လင်မယားစုံတွဲများနှင့် အတူတွဲကာနေရပါသည်..။ အဆောင်သဘောမျိုး အလုပ်သမားတစ်ယောက်ယောက်မှ သန့်ရှင်းရေး စပနခပ်သိမ်း လုပ်ပေးနေနိုင်သောသူ မထားနိုင်၊ မရှိနိုင်ကြပါ..။ ထို့ကြောင့် အိမ်တစ်လုံးမှ အခန်းတစ်ခန်း ကုတင်တစ်ကုတင်သည် မိသားစုတစ်ခုဖြစ်ပါသည်..။ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်များသည် အများအားလုံးစုပေါင်းသုံးရသောနေရာဖြစ်ပါသည်..။ ထိုနေရာများမှ စကားသံအကျယ်ဆုံး စတင်ကြားကြရတတ်ပါသည်..။ အိမ်ပိုင်ရှင်ရှိသောအိမ်ဆိုလျှင်အခန်းထဲမှအခန်းပြင် ထွက်မရကြတာကများပါသည်..။ မိမိအခန်းသည်သာ မိမိကမ္ဘာဖြစ်ပါသည်..။ အိမ်ပိုင်ရှင်မရှိသောအိမ်ဆိုပြန်လျှင်လည်း အခန်းဖော်ကအလိုက်မသိ၍ ပြောချင်ဆိုချင်သည့်အခါ တိုက်ရိုက်ပြောဆိုလျှင်လည်း အဆင်မပြေနိုင်ပါ..။ ကြားထဲကတစ်ဆင့်ခံပြောပေးမည့် တစ်ယောက်ယောက်မရှိလျှင် စိတ်ညစ်ရပြန်ပါသည်..။ ထို့ကြောင့် မစံပယ် အိမ်သူကြီးလုပ်မည်..။ မျှတသော စည်းမျဉ်းစည်းကမ်း ထုတ်ထားမည်..။ အိမ်ငှားများသာမက အိမ်သူကြီးဖြစ်သော မစံပယ်တို့ပါ လိုက်နာမည်ဟု မစံပယ်တေးထားပါသည်..။
မစံပယ်တို့ငှားလိုက်သောအိမ်သည် ဧည့်ခန်းကအိမ်တစ်ဝက်စာမျှ နေရာယူထားပါသည်..။ အိပ်ခန်းများမှာ သာမန်ထက်ပင် ကျဉ်းသည်ဟု မစံပယ်ခံစားမိပါသည်..။ အစ်ကိုကြီးသုံးယောက်သည် မာစတာတစ်ခန်းထဲမှာပင် ညီညွတ်မျှတစွာ နေထိုင်ကြပါသည်..။ သူတို့က သူငယ်ချင်းအရင်းအချာများဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်သိတတ်မှူဖြင့် အဆင်ပြေကြသည်ကို တွေ့ရပါသည်..။ မစံပယ်မှာ မစံပယ်နှင့် အတူနေရန် မိန်းကလေးအဖော်တစ်ယောက်နှင့် ကျန်သော common room တစ်ခန်းအတွက် တွက်ကိန်းလွဲကာ လင်မယားတစ်တွဲ ခေါ်တင်လိုက်ပါသည်..။ မစံပယ်အိမ်ငှားဘ၀နှင့်နေစဉ်က မစံပယ်မှာ Fair မဖြစ်သည့်ကိစ္စဆိုလျှင် အလွန်ပင်ခံရခက်လှပါသည်..။ အိမ်ရှင်ဘက်က Fair မဖြစ်ဟုထင်လျှင် မစံပယ်ပြန်ပြောဖို့ ၀န်မလေးပါ..။ အခန်းဖော် Fair မဖြစ်ဟုမြင်လျှင်လည်း မစံပယ်ပြန်ပြောဖို့ ၀န်မလေးပါ..။ အခုတော့ မစံပယ် အိမ်သူကြီး (တစ်နည်းအားဖြင့် အိမ်ပိုင်ရှင်ဖြစ်ပြီ..။) မစံပယ်၏နေရာအနေအထား ပြောင်းလဲသွားပါပြီ..။ မစံပယ်ဘာတွေသည်းခံရသလဲဆိုတာကို ပြောပြချင်ပါသည်..။
မစံပယ်တို့ကထိုအိမ်သို့ လကုန်ရက် ၆ နာရီခန့်တွင်ရောက်ပါသည်..။ အိမ်ငှားများက ၉ နာရီနှင့် ၁၀နာရီခန့်တွင် ရောက်ပါသည်..။ လင်မယားစုံတွဲကအရင်ရောက်လာပါသည်..။ မစံပယ်ကပစ္စည်များသယ်မပေးရန်လိုက်သွားပါသည်..။ အားပါးပါး..။ ပစ္စည်းများမှာ အိမ်တစ်လုံး မိသားစုတစ်စုစာမျှကို ရှိပါလား..။မစံပယ်မြင်လိုက်သောပစ္စည်းများကိုမြင်သည်နှင့် မစံပယ် အံ့သြသွားပါသည်..။ ထိုပစ္စည်းသည်ပင် အကုန်မဟုတ်သေးပါ ဟူ၏..။ တစ်ဝက်သာရှိပါသေးသည် ဟူ၏..။ တကယ်ပါပင်..။ မိသားစုကြီးကြီးမားမား ၇ ယောက် ၈ ယောက်စာမျှပင်ရှိပါသည်..။ မိန်းကလေး၏ပစ္စည်းများဟူ၏..။ တကယ်ကလင်မယားနှစ်ယောက်မှာ မစံပယ်တို့အိမ်ရောက်မှသာ အတူတူစနေကြရမည်ဖြစ်ပါသည်..။ မစံပယ်မှာ ပစ္စည်းများကိုမြင်သောအခါ လူလည်အကျခံရသလိုပင် ခံစားရမိပါသည်..။ တစ်ညနှင့်နောက်တစ်နေ့ သူတို့ပစ္စည်းနေရာချ၍မပြီးနိုင်ပါ..။ ဖြစ်ချင်တော့ မစံပယ်တို့အေးဂျင့်မှာ နှစ်ယောက်အိပ်ကုတင်ကို မွေ့ယာမပေးဘဲ ကပ်သတ်နေပါသည်..။ ထိုလင်မယားနှစ်ယောက်ကို နှစ်ယောက်အိပ်ကုတင်ပေးရမည်မှာ မပေးနိုင်ဘဲဖြစ်နေပါသည်..။ မစံပယ်လည်းအားနာလိုက်သည်မှာ ပြောဖွယ်ရာမရှိပါပြီ..။ သူတို့မှာအလုပ်မှခွင့်ယူကာပင်ပြောင်းရရွှေ့ရပါသည်..။ ပစ္စည်းများမှာ လက်စသတ်မသိမ်းနိုင်ကြ၍ အားနာမိပါသည်..။ သူတို့အခန်းဝတွင် ပစ္စည်းအချို့စုပုံနေရာ မစံပယ်မှာ လက်စသတ်မသိမ်းခိုင်းရဲပါ..။ မိမိက ကုတင်ပေးရမည်ကို မပေးနိုင်သောကြောင့်ဖြစ်ပါသည်..။ လ၀က်မှပင် မွေ့ယာရ၍ သူတို့ကို ကုတင်ပေးလိုက်နိုင်ပါသည်..။ ကုတင်ရသွားသောအခါတွင်လည်း သူတို့အ၀တ်ပုံးတစ်ခုကို အခန်းဝတွင်ပင်ထားကာ မသိမ်းတော့ပါ..။ တစ်နေ့သိမ်းသွားနိုး၊ သိမ်းသွားနိုးနှင့် မစံပယ်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်..။ ဧည့်ခန်းတွင် ဆိုဖာ၊ ထမင်းစားပွဲနှင့် စာကြည့်စားပွဲတို့သာရှိရာ မစံပယ်တို့လည်း ဘာပစ္စည်းမှမထားပါ..။ ရှင်းရှင်းလင်းလင်းရှိနေသည်ကို သဘောကျသဖြင့် သေချာရှင်းလင်းအောင်ထားပါသည်..။ လင်မယားစုံတွဲမှာ အသန့်အရှင်းကြိုက်ကြပါသည်..။ တမြက်စည်းအမြဲလှည်းနေကြပါသည်..။ ဘာနေနေမတွက်ကပ် မစံပယ်တို့နှင့်ရော မစံပယ်နှင့်အတူနေအခန်းဖော်နှင့်ရော အဆင်ပြေလှကြပါသည်..။ အသန့်ရှင်းကြိုက်သောကြောင့် သူတို့အ၀တ်အစားများကို နောက်ဖေးမီးဖိုချောင်တွင်လည်း မလှမ်းနိုင်..။ အပြင်ထုတ်ကာ ၀ါးလုံးနှင့်လှန်းလျှင်လည်း အောက်ပြုတ်ကျမှာစိုး..။ မစံပယ်တို့အခန်းမှာ ထောင့်ချိုးခန်းဖြစ်၍ မျက်နှာသာရှေ့ဍ် နေရာလွတ်ကျယ်ကျယ်ဝန်းဝန်းရှိရာ ထိုနေရာထုတ်လှန်းဆိုသော်လည်း လမ်းသွားလမ်းလာက ဆေးလိပ်မီးနှင့်ထိုးတတ်၍ အ၀တ်များပေါက်ကုန်မည်စိုး၍ ဟူ၏..။ မိန်းမကထိုသို့စိတ်ပူကြောင်းအရိပ်အမြွက်ပြောလိုက်ယုံဖြင့် ယောကျာ်းကအ၀တ်လှန်းစင်ချက်ချင်းသွားဝယ်ကာ အ၀တ်များလှန်း၍ မစံပယ်တို့နှင့်သူတို့အခန်းအထွက်မှ ဧည့်ခန်းထဲ ထမင်းစားပွဲကပ်ရက်ဍ် ထားပါတော့သည်..။ မစံပယ်တို့မှာ သူတစ်ပါးအိမ်နေလာစဉ်ကလည်း မိမိပစ္စည်း မိမိအခန်းနေရာဍ်သာ လုံလောက်အောင်ထားခဲ့ရပါသည်..။ ဧည့်ခန်းထိသွားထားဖို့ စိတ်ကူးမျှပင်မပေါ်ခဲ့ပါ..။ ထိုအနှီသကောင့်သားသည် သူ့အမျိုးသမီးဘာဖြစ်ချင်သနည်း..။ သင့်တော်သည် မသင့်တော်သည် စဉ်းစားချင့်နိုင်ပုံမပေါ်ပါ..။ သူတို့ကအသန့်ရှင်းကြိုက်လွန်း၍ သူတို့ပစ္စည်း ထားစရာနေရာမရှိဖြစ်နေသည်သာ မစံပယ်နှင့် ခရော့စ် ဖြစ်စရာရှိပါသည်..။ ကျန်တာကတော့ အဆင်ပြေပါသည်..။
မစံပယ်နှင့်နေမည်ဆိုသောအစ်မသည် စလုံးရောက်နေသည်မှာ ကြာပြီ..။ အိမ်ပေါင်းများစွာနေခဲ့ဖူးပြီ..။ တစ်ယောက်စာကို အငှားကားခေါ်ကာပြောင်းရပါသည်..။ ပစ္စည်းများပါသည်ဆိုသောမစံပယ်သည်ပင် အောချရအောင်များလှပါသည်..။
မစံပယ်တို့အိမ်သည်ဧည့်ခန်းအလွန်ကျယ်ကာ ကြွေပြားများခင်းထားပါသည်..။ ကြွေပြားပေါ်တွင် မစံပယ်က အိမ်နေရင်းဖိနပ်ကို သေချာဆေးကြောကာ စီးထားချင်ပါသည်..။ အစ်ကိုသုံးယောက်နှင့် လင်မယားစုံတွဲက မစီးဆို၍ မစံပယ်မစီးဘဲနေနိုင်အောင် နေရပါသည်..။ မစံပယ်နှင့်အတူနေသောအစ်မသည် မစံပယ်က request လုပ်သည်ကိုပင် လျစ်လျူရှူကာ ဖိနပ်ကိုတဗြန်းဗြန်းစီးပါသည်..။မစံပယ်မှာ အခန်းဖော်လက်မခံခင်ကပင် စည်းမျဉ်းများထုတ်ကာ အရင်ဦးဆုံးဖတ်စေပါသည်..။ ထိုအချက်များကို လက်ခံနိုင်သည်ဆိုမှ စရန်ပေးပါဟု စီစဉ်ခဲ့ပါသည်..။ ထိုအစ်မသည်ကား စည်းကမ်းအားလုံး လိုက်နာနိုင်ပါတယ်ဟု ပြောခဲ့သူဖြစ်သည်..။ တကယ်တမ်းအတူနေသည့်အခါ ရေချိုးခန်းမှဆံချည်မျှင်များကို ရှင်းမသွားချင်သူ..၊ မနက်ခင်းသောက်သွားပြီးသည့်ကော်ဖီခွက်ကို မဆေးသွားသူ..၊ လူကြုံတိုင်း ပစ္စည်းတစ်ခုမဟုတ်တစ်ခုမှာကာ ၅ မိနစ်ခန့်သွားရသော NTUC ကို လူကြုံတိုင်းမှာချင်သူ..၊ အခန်းထဲတွင် ဖုန်းမနားတမ်းပြောတတ်သူ..၊ တစ်ခုခုမကြည်လင်တာရှိပါကတဘုန်းဘုန်းဆောင့်အောင့်တတ်သူ..၊ မစံပယ်စာကြည့်နေမှန်းသိရက်လည်း သီချင်းဆိုတတ်သူဖြစ်၏..။ သို့သော် သူတစ်ခုနားလည်သည်မှာ မည်သည့်အိမ်မျှ အိမ်ငှားပစ္စည်းကို ဧည့်ခန်းတွင်ထားခြင်းလက်မခံဆိုသည်ကို သူနားလည်ခြင်းပင်..။ သူကဖိနပ်သုံးရံ အိမ်ထဲဍ်သုံးသည်..။ အိပ်ခန်းထဲတစ်မျိုး..၊ ဧည့်ခန်းထွက်လျှင် ကြက်ပေါင်ဖိနပ် တဗြတ်ဗြတ်၊ နောက်ဖေးမီးဖို အတွက် တစ်မျိုး..။ ဘောင်းဘီများကို ယောကျာ်းလေးလှန်းသောတန်းဍ် လှန်းချင်သူ..။ ဂါဝန်များနှင့် စကတ်များကို ခေါင်းပေါ်မှဝါးလုံးတန်းတွင် လှန်းချင်သူ..။ အပြင်ထုတ်လှန်းရန် ခါးကိုင်းလျှင်ပင် ပြတင်ဘောင်မှဖုံမှူန့် သူ့ကိုပေမှာ စိုးသည်ဟူ၏..။ သူ့ထက်သူ လူစွမ်းကောင်းများပါပင်..။ သူတို့အသန့်ကြိုက်သည်မှာ မစံပယ်ကို ခရော့စ်ဖြစ်စေပါသည်..။ မစံပယ်ကတော့ ထိုလောက်ကြီး အသန့်မကြိုက်မိပါ..။ တော်ရုံသန့်ရှင်းရုံဆိုလျှင် မစံပယ်ကျေနပ်ပါသည်..။
သို့သော်မစံပယ်သည်ကား မစံပယ်ဘက်မှတော့ ထွက်သွားပါဟု နှင်မည့်သူမဟုတ်ပါချေ..။ မစံပယ်တို့အိမ်နေရာသည် ထိုအစ်မအလုပ်အတွက် အဆင်ပြေဆုံးသောနေရာဖြစ်ပါသည်..။ ကျန်သည့်ချက်သည့်ပြုတ်သည့်အခန်း မစံပယ်စိတ်မ၀င်စားပါ..။ သူတို့တွေစိတ်လွတ်ကိုယ်လွတ်ချက်နိုင်ပါသည်..။ ရေမီးမှာလည်း ရှယ်ထားရာ တစ်ယောက်တစ်ယောက် တွန့်တိုတွက်ကပ်စရာမရှိပါ..။ သူတို့တွေကို စိတ်လွတ်လွတ်လပ်လပ်လည်းနေစေချင်ပါသည်..။ သို့သော် စည်းကမ်းမရှိဘဲ နေချင်သလိုနေစေဖို့တော့ မဖြစ်နိုင်ပါ..။ မစံပယ်ဖြစ်စေချင်သည်မှာ စည်းကမ်းကျနသော ငြိမ်ဝပ်တိတ်ဆိတ် အေးချမ်းသောနေအိမ်မျိုးလေးသာ ဖြစ်စေချင်ပါသည်..။ အားလုံးသည် စည်းကမ်းကျန ငြိမ်ဝပ်တိတ်ဆိတ်နေသော အိမ်မျိုးလေးသာ ဖြစ်စေဖို့ မစံပယ်ကြိုးစားမိပါသည်..။
အနံ့ Sensitive..။
မစံပယ်ငယ်စဉ်က (၆ တန်း ၇ တန်းလား..၊ ၈ တန်း ၉ တန်းလား မမှတ်မိပါ..။) ဆောင်းတွင်းကြီးအေးနေတုံး မိုးရွာပါသည်..။ မစံပယ်တို့အိမ်ဍ္ဍ် ထုံးစံအတိုင်း အမေကမီးဖိုပါတော့သည်..။ ထင်းများမှာလည်းစိုနေရာ စိုနေသောဟင်းများမှထွက်လာသည့်အနံ့တစ်မျိုးကို မစံပယ်မှာခေါင်းကိုက်ပါတော့သည်..။ ထင်းအမျိုးအစားမတူ၍ ထိုထင်းတုံးကြီးမှထွက်လာသောအနံ့မှာ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေအောင်ခံရပါသည်..။ ကျန်သည့် အမေ၊အဖေ၊အစ်ကို၊ အစ်မ၊ ဦးလေးများဘယ်လိုမှမနေကြပါ..။ အနံ့ကတော့တစ်မျိုးထွက်တာမှန်ပါသည်..။ သူတို့တွေဘယ်လိုမှမနေကြပါ..။ မစံပယ်တစ်ယောက်သာ ခေါင်းကိုက်နေပါသည်..။
ယခုလည်းမစံပယ်ခေါင်းကိုက်နေပါသည်..။ မစံပယ်တို့နေသော တိုက်ခန်းသည် ဟင်းချက်လျှင် အနံ့မှာအိမ်တွင်းဍ္ဍ်ပင်ပြန်လုံးနေတတ်သည်..။ မနေ့ညနေက မစံပယ်နှင့်အတူနေရသောအခန်းဖော်က ခေါက်ဆွဲကိုမီးဖိုပေါ်ဍ္ဍ်ပြုတ်ထားခဲ့ကာ လူကအခန်းထဲလာ၍ ဇာတ်ကားကြည့်နေပါသည်..။ ခေါက်ဆွဲပြုတ်အိုးနူးလျှင်ပြေးသွားနိုင်ရန် တံခါးဖွင့်ထားရာ သူကတော့အနံ့နှင့်ပတ်သက်၍ခံနိုင်ရည်ရှိ၍လားမသိရပါ..။ မစံပယ်မှာ ဒီဘက်ကုတင်မှနေ၍ အနံ့နှင့်ခေါင်းကိုက်ကာ နားထင်မှသွေးကြောများ တဒိန်းဒိန်းနှင့်ခုန်သံပင် ကြားနေရပါသည်..။ ညတွင်လည်းစာမကြည့်နိုင်တော့ပါ..။ မစံပယ်မှာသွေးတက်အောင်ပင် ခံရခက်လှပါသည်..။ မစံပယ်ဟင်းချက်လျှင် တစ်ယောက်တည်းရှိချိန်မှအပ မီးဖိုတံခါးကိုဖွင့်ကာချက်ခဲပါသည်..။ မစံပယ်လိုအနံ့မခံနိုင်သူများ အနံ့ကြောင့်ခံရခက်မည်စိုးသောကြောင့်ဖြစ်ပါသည်..။ ခေါင်းကိုက်ကိုက်နှင့်အိပ်သွားကာ မနက်ဍ္ဍ်အစောကြီးနိုးနေပါသည်..။ မစံပယ်စိတ်တိုသောကြောင့် မနေ့ညကချက်ထားသောဟင်းအကျန်ကို ရေပြန်ရောကာ ငံပြာရည်နှင့်ငရုတ်သီးမှူံ့ထပ်ခပ်ပြီးတည်လိုက်ကာ အခန်းတံခါးဖွင့်ထားလိုက်ပါသည်..။ စိတ်ပုပ်သည့်မစံပယ်ပါ..။ အခန်းဖော်မှာအိပ်ပျော်နေဆဲ ဘာမှပင်သတိထားမိပုံမပေါ်ပါ..။ သူအလုပ်သွားကာနီးဆဲဆဲ တံခါးဖွင့်ကာဖီးလိမ်းပြင်ဆင်ဆဲ မစံပယ်နောက်တစ်ကြိမ်ထပ်လုပ်ပါသည်..။ ခံနိုင်ရည်မြင့်သည်ထင်ပါသည်..။ ဘယ်လိုမှနေပုံမပေါ်ပါ..။ မစံပယ်တမင်လုပ်မှန်း သိချင်သိနိုင်ပါသည်..။ သိလျှင်လည်းကောင်းပါသည်..။ ကိုယ်ခံရခက်လျှင် သူတစ်ပါးရောခံရခက်သည်ကို သိစေချင်သောကြောင့်ဖြစ်ပါသည်..။
ယခုမစံပယ်ကျောင်းမှပြန်ရောက်သောအခါ အခန်းဖော်မှာ အခန်းထဲဍ္ဍ်စားသောက်ထားပြန်ပါသည်..။ အဲကွန်းဖွင့်သောအခန်းထဲဍ္ဍ် အောက်သိုးသိုးနံ့ထွက်နေပါသည်..။ မစံပယ်မှာခေါင်းကိုက်လာပြန်ပါသည်..။ တစ်ဘက်မှအခန်းဖော်မှာတော့ ဘာနံ့မှမရဟု ဆိုပါသည်..။ တော်တော်ပင်ခံနိုင်ရည်မြင့်ပေစွ တကား..။ မစံပယ်မှာတော့ ခေါင်းကိုက်လှပါသည်..။ ဘာစားထားတာရှိလဲဟုမေးလိုက်သောအခါ စိတ်မရှည်သံဖြင့်ပြန်ဖြေပါသည်..။ အအေးပဲရှိသည်ဟု ဆိုပါသည်..။ မစံပယ်မှာတံခါးဖွင့်ကာနေရပါသည်..။ အလိုက်ကန်းဆိုးမသိသူများနှင့်နေရသောအခါ ဘ၀သည်နေမပျော်နိုင်ပါ..။ စိတ်ညစ်ရပါသည်..။
ခလုတ်တိုက်မိသော စရိုက်များ (၃)..။
သူတစ်ပါးအတွက် စဉ်းစားပေးရန် ဆိုဆုံးမပေးလိုက်ခြင်းမခံခဲ့ဘူးသော သူ..။
မနက်အလုပ်သွားလျှင် တံခါးကို မပိတ်ဘဲသွား၏..။ အတွင်းမှလူမှာ အိပ်ပျော်လျက်ကျန်နေခဲ့သည်..။ သူကအလုပ်အစောကြီးသွားရသည်..။ အခန်းတံခါးပိတ်ပေးသွားရမှန်းမသိပါ..။ တမင်ပင် သူအလုပ်သွားချိန် သူ့ကုတင်ဘက်ခြမ်းလေ၀င်ရန်ဆိုကာ လမ်းမှတိုက်ရိုက်မြင်နေရသော အခန်းတံခါးကို တမင်ဖွင့်ကာ အလုပ်သွား၏..။
သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရသော သူ..။
နိုးလာသောအခါ တံခါးဖွင့်ရက်ကြီးတွေ့ရသဖြင့် ဒေါသဖြင့် စိတ်တိုကာသွားသည်..။ တံခါးဖွင့်သွားသူ အလုပ်ကိုဖုန်းဆက်ကာ ရန်ထောင်ရမလားဟု စဉ်းစားမိသည်..။ သူအလုပ်အကိုင်ပျက်မှာ မလိုလားသောကြောင့် မပြောဘဲ နေလိုက်သည်..။ ထိုအခါသည် ထိုသူနှစ်ယောက် တစ်ခန်းထဲမှာ အတူစနေကြအချိန်..။ နောက်တစ်ခေါက် ထပ်ဖြစ်မှပဲပြောတော့မည်ဟု စိတ်ကိုဖြေလိုက်သည်..။ နောက်တစ်ရက်ခြားသောအခါ တံခါးဖွင့်ထားခဲ့ကာ အလုပ်သွားပြန်၏..။ ထိုအခါတွင်လည်း ဆိုဆုံးမခံခဲ့ရသူသည် မပြောသေးဘဲ အချိန်စောင့်၏..။ တနင်္ဂနွေတစ်ရက် အိမ်တွင်အေးအေးလူလူရှိကြချိန်ကိုရွေးကာ ဆိုဆုံးမခံခဲ့ရသူက ဆိုဆုံးမမခံခဲ့ရသူကို တံခါးဖွင့်သွားလျှင် လမ်းမဘက်မှ အိပ်နေသည့်နေရာကို လှမ်းမြင်နိုင်သောကြောင့် တံခါးဖွင့်မသွားရန်ဆိုသည့်အကြောင်းကို လေအေးအေးနှင့် ပြောရ၏..။ အမှန်တကယ်မှာမူ ထိုနှစ်ရက်လုံး ဒေါသနှင့် ဆွေ့ဆွေ့ခုန်နေခဲ့သည်..။ ပထမတစ်ရက် သူမေ့လို့နေမှာပါ..။ နောက်ရက်ဆက်မလုပ်ရင် မပြောတော့ဟု စိတ်ဖြေခဲ့သည်..။ တစ်ရက်ခြား၌ ဒုတိယအကြိမ်ဆက်လုပ်သွားသည်..။ ချက်ချင်းမပြောသေးပါ..။ အလုပ်ပိတ်ရက်မှပြောခဲ့သည်..။ ထို့အတွက် ဆိုဆုံးမခံခဲ့ဘူးသူသည် မိမိလုပ်ရပ်မှန်သည်ဟု မိမိကိုယ်ကိုထောက်ခံအားပေးလျက်ရှိခဲ့သည်..။
သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း မခံခဲ့ရဘူး သူ..။
နေ့လည်နေ့ခင်းတွင်လည်းကောင်း...၊ ညဦးယံတွင်လည်းကောင်း အခန်းထဲ၌ ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောရန် ၀န်မလေးသူ...။ တိုးတိုးသက်သာပြောရန်ကိုလည်းကောင်း...၊ အခန်းအပြင်သို့ထွက်ကာပြောရန်ကိုလည်းကောင်း စိတ်ကူးမျှပေါ်လျှင်ပင် သူတစ်ပါးအောက်ကျသည်ဟု ယူဆပုံရှိပါသည်..။ အခန်းထဲတွင် တစ်ယောက်ထဲရှိနေသည့်အလား..၊ အခန်းတစ်ခန်းထဲတွင် သူတစ်ယောက်ပဲနေသည့်အလား သူ့ကုတင်ဘက်မှနေ၍ အော်ကြီးဟစ်ကျယ် ဖုန်းပြောကာ ရယ်မောနေတတ်၏..။ (အသံမှာမည်မျှကျယ်ပါသနည်းဆိုမူ မိမိတို့အိမ်အပြင်ဘက်ကိုလွန်၍ တစ်ခြားအိမ်၏ မျက်နှာသာမှပင် အတိုင်းသားကြားနိုင်အောင် ကျယ်လှသည်..။)
သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရ သူ..။
အံ့သြခြင်းကြီးစွာဖြစ်ရပါသည်..။ သူသည်လည်း အသံကျယ်တတ်ပါသည်..။ သို့သော်အခန်းထဲ မိမိတစ်ယောက်တည်းနေရချိန်မဟုတ်သည့်အခါများမှာမူ အသံကျယ်ကျယ်ထွက်ဖို့ ခဲယဉ်းတတ်ပါသည်..။ အသံကျယ်ကျယ်ပြောချင်ပါကဧည့်ခန်းသို့သွားကာ ဘေးမှာတစ်ယောက်မှမရှိချိန်တွင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လောင်လောင်ပြောပါသည်..။ အခန်းထဲတွင် မိမိမဟုတ်သော ဘေးမှတစ်ယောက်ယောက်ရှိချိန်တွင် အသံကျယ်ကြီးထုတ်ကာပြောဖို့ ဘယ်လိုမှမဖြစ်နိုင်အောင် ၀န်လေးတတ်ပါသည်..။
ခလုတ်တိုက်မိသော စရိုက်များ (၂)
မစံပယ်စင်ကာပူရောက်သောအခါ တစ်ခါမှမသိဘူးသော မိန်းကလေးများနှင့် အတူတူနေရပါသည်..။ ထိုမိန်းကလေးများမှာ အတန်းပညာ အတော်ရကြသည်ဟုဆိုလျှင်ရနိုင်ကြသော်လည်း သူတစ်ပါးအတွက် အလိုက်ကန်းဆိုးသိရမည်ကို ထိုမိန်းကလေးများ၏ ကျောင်းမှလည်းကောင်း..၊ အိမ်မှလည်းကောင်း..၊ မိခင်မှလည်းကောင်း..၊ ဖခင်မှလည်းကောင်း စကားစပ်၍ပင် သင်ကြားခဲ့ဘူးခြင်း ရှိခဲ့ကြပုံ မပေါ်ကြပေ..။ တမင်တကာပင် သေချာမသင်ဘဲထားခဲ့ကြရော့သလား..၊ သင်ရကောင်းမှန်းပင် မသိကြ၍ အသင်မခံခဲ့ရသည်လား တစ်ခုခုပေ..။တစ်ခုခုစိတ်ထားမတိုက်ဆိုင်လျှင် ထိပ်တိုက်ဆွေးနွေးဖို့ ရှောင်ရှားကြပြီး တံခါးများကိုသာ အငြိုးထား၍ ဆောင့်ပိတ်ကြရာ မစံပယ်မှာ ရယ်ရအခက်..၊ ခံရအခက်ဖြစ်နေပါသည်..။ တစ်ယောက်ယောက်ကိုမကြိုက်လျှင် ပွင့်ပွင့်လင်းလင်း မပြောကြပေ..။ မုန်းခံရမည်စိုးကြသောကြောင့် တံခါးများကိုသာ အရွဲ့တိုက်၍ဆောင့်ပိတ်ကြလေသည်..။ မစံပယ်တို့အိမ်ပိုင်ရှင်များသိလျှင် သူတို့တံခါးများအတွက် ရင်မ နေကြလောက်သည်..။
မိန်းကလေးများမှာ ခေတ်ပေါ်ပစ္စည်းများကိုသာ အငမ်းမရ၀ယ်ယူသုံးစွဲ၍ တစ်နေ့တစ်မျိုးမရိုးစေရန် အလှပြင်ဆင်နေကြသော်လည်း စိတ်ဓာတ်များမှာမူ အောက်တန်းသို့တစ်နေ့တစ်ခြား နိမ့်ဆင်းလာလျက် ရှိနေလေသည်..။ ဆံပင်ကိုဘယ်လိုပေါင်း ဘယ်လိုတွန့်လျှင်ကောင်းမလဲ..။ ဘယ်ဟာကို ဘယ်လိုစပ်ဟပ်ဝတ်လျှင်ကောင်းမလဲဆိုသည်များကိုသာ တစ်နေ့တစ်မျိုးမရိုးအောင် အားထုတ်နေကြပြီး စိတ်ထားကိုမူ ပိုကောင်းလာအောင်..၊ ပိုဖြူစင်လာအောင် ကြိုးစားအားထုတ်ကြသည်ဟု တစ်ရံတစ်ဆစ်မှ မကြားမိပါ..။ စိတ်ထားများမှာမူ တစ်နေ့ထက်တစ်နေ့ ညစ်သထက် ညစ်လာကြသည်ကိုသာ တွေ့နေရသည့်မစံပယ်မှာ စိတ်မချမ်းသာလှပါ..။ အမုန်းခံ၍တစ်ခါနှစ်ခါ ပြောသည်မှာပင် တံခါးဆောင့်ပိတ်ခံရခြင်းသာ ခံလိုက်ရသောကြောင့် ပြောဖို့ဆိုဖို့ ဆုတ်ဆိုင်းမိရတော့သည်..။
သူတို့ရွဲ့သလို မစံပယ်ပြန်ရွဲ့လိုက်သောအခါ.... မစံပယ် ကိုယ့်ကိုယ်ကိုပင် စက်ဆုပ်သွားပါ၏..။ အိုးကားရွဲ့လျက်ရှိကြကုန်၏..။ စလောင်းမှာအတည့်အတိုင်းကျန်ရန်ကြိုးစားလျက်ရှိ၏..။ အိုးရွဲ့သည့်အတိုင်း စလောင်လိုက်မရွဲ့မိရန် ကြိတ်မှိတ်ကြိုးစားလျက် ရှိပေတော့သည်..။ ဤသည်လည်း တစ်ဒုက္ခဟုသာ ငြီးတွားမိပါတော့သည်..။
ခလုတ်တိုက်မိသော စရိုက်များ (၁)..။
မစံပယ်က အခုကျောင်းတက်ဆဲ နောက်ဆုံး semester ကိုရောက်နေပါပြီ..။ အဲဒီတော့ မစံပယ်ကျင်လည်ရတာ ကျောင်းပတ်ဝန်းကျင်ရယ်..၊ အိမ်ရယ်ဖြစ်ပါတယ်..။ အရင်ဆုံးကျောင်းမှာ အဆိုင်းမင့်အတူတွဲလုပ်ကြတဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်..။ မစံပယ်ကျောင်းစတက်မယ်ဆိုတော့ အရင်နှစ်ကပြီးထားပြီးသား ကျောင်းသူက အဆိုင်းမင့်လုပ်ရင် မြန်မာတွေနဲ့တွဲမလုပ်ဖို့ ပြောပါတယ်..။ မစံပယ်အတန်းစတက်တော့ စလုံးတွေနဲ့တွဲဖို့ မဖြစ်နိုင်မှန်းသိလာတာက မမိစကားကို သူတို့ နားမလည်ပါဘူး..။ သူတို့ကိုနှစ်ခါနှစ်ခါပြန်ပြောနေရတာနဲ့ မမိလည်း သူတို့နဲ့စကားပြောဖို့ တွန့်နေပါတော့တယ်..။ အဲဒါနဲ့ မြန်မာနှစ်ယောက်က လာအဖော်စပ်တာနဲ့ သူတို့နဲ့ပဲတွဲလုပ်လိုက်ပါတယ်..။
ပထမဆုံးစလုပ်တဲ့အဆိုင်းမင့်က ခေါင်းစဉ်ကိုအရင်တင်ရမှာဖြစ်ပါတယ်..။ ဘယ်အကြောင်းအရာကိုတင်တင်ရတယ်ဆိုတော့ မစံပယ်တို့က ကျောင်းဒေတာဗေ့စ်ထဲကနေ စာကိုအရင်ရှာပြီး ကိုယ်နည်းနည်းပါးပါးပြင်ရေးပြီး လိုင်ဘရီမှာစာရှာတဲ့ထောင့်ကနေ ပြန်ရေးပြရမှာဖြစ်ပါတယ်..။ အဲဒီတော့ အကြောင်းအရာထက် လိုင်ဘရီဘက်က နည်းပညာကိုပိုပြီးဦးစားပေးပါတယ်..။ အဲဒီတုံးက မစံပယ်က အဆိုင်းမင့်ကဘာကိုလိုချင်မှန်း ဘာကိုဦးတည်မှန်း သိပ်သဘောမပေါက်သေးပါဘူး..။ မစံပယ်တို့အဖွဲ့ထဲက တစ်ယောက်က သူက အတန်းကြီးတဲ့သူနဲ့အဆောင်မှာတစ်ခန်းတည်းတူနေတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာ သူကသဘောပေါက်နေပါပြီ..။ အဲဒီနေ့မနက် ခေါင်းစဉ်ရွေးဖို့တစ်နေရာမှာစုံပြီး ခေါင်းစဉ်အတွက် ဒေတာဗေ့စ်ထဲက ပေပါတွေရှာတော့ အဲဒီတစ်ယောက်က သူရှာလာတဲ့စာတွေကို ပြပါတယ်..။ မစံပယ်က သူရှာလာတဲ့ခေါင်းစဉ်တွေထဲကမှ ဘယ်အကြောင်းအရာကို ကိုယ်ပြန်ရေးနိုင်မလဲဆိုတာ စဉ်းစားနေပါတယ်..။ အဲဒီမှာ အဲဒီတစ်ယောက်က ဒီခေါင်းစဉ်ဆိုကောင်းမယ်ဆိုပြီး စာတစ်ပုဒ်ပြလာပါတယ်..။ အဲဒီခေါင်းစဉ်က မစံပယ်တို့ မြန်မာနိုင်ငံမှာတုံးက ခက်တယ်လို့နာမည်ကြီးတဲ့ ဘာသာရပ်ကပါ..။ မစံပယ်ကအဲဒါဆိုရင်တော့ မလုပ်ချင်တော့ သူကလုပ်ချင်တယ်ဆိုတော့ လုပ်နိုင်မလားဆိုတာ သေချာစဉ်းစားနေတဲ့အချိန်..။
မစံပယ်ရဲ့လက်တော့ပ်မျက်နှာပြင်ကို တဒေါက်ဒေါက်နဲ့လာထောက်ပြီး ဒါကဘာပြောတာ ဒါကဘာပြောတာ ဒါလေးတောင်မသိဘူးလားဆိုတော့ မစံပယ် တော်တော်ကိုခံရခက်ပြီး အောင့်သွားပါတယ်..။ ကိုယ်ကရှေ့ဆက်လည်း လုပ်ရဦးမှာ..။ အဖွဲ့ပြောင်းမယ်ဆိုလည်း မလွယ်တော့တာနဲ့မို့ ရေရှည်ကိုကြည့်ပြီး သည်းခံလိုက်ရတာ..။ တော်တော်မလွယ်ပါလား..။ လူတစ်ယောက်ကိုဒီလိုမဆက်ဆံရဘူးဆိုတာ သူတို့အိမ်က သင်ပေးနိုင်ပုံမပေါ်ဘူး..။ တော်တော်စိတ်ပျက်ဖို့ကောင်းအောင်ကိုရိုင်းတာပဲလို့ မစံပယ်မှတ်ချက်ချပြီး နောက်အတန်းတွေမှာ အဲဒီကောင်မလေးကို အခေါ်အပြော အဆက်အဆံမလုပ်တော့ဘဲ နေလိုက်ပါတော့တယ်..။
အတန်းတူချင်း အသက်ကမစံပယ်ကပိုကြီးတာတောင်မှ ဒီလိုစကားမျိုးသုံးပြီးပြောထွက်တာ တော်တော်အံ့သြဖို့ကောင်းပါတယ်..။ လောကနီတိကို မသိတဲ့သူတွေ တော်တော်များပါလားလို့ မှတ်ချက်မိပါတယ်..။






