Showing posts with label အချက်အပြုတ်. Show all posts
Showing posts with label အချက်အပြုတ်. Show all posts

ညနေစာ ချဉ်ပေါင်ရွက် စပ်ချဉ်ချက်..။




မရည်ရွယ်ဘဲ ချက်လိုက်ပြီး မရည်ရွယ်ဘဲ ဖေ့စ်ဘုတ်ပေါ် တင်လိုက်မိတဲ့ ပို့စ်လေးပါ..။ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သော် တောင်းပန်ပါတယ်..။ မြန်မာနိုင်ငံကလူတွေအတွက် ချဉ်ပေါင်စပ်ချဉ်ချက်က မထူးဆန်းပေမယ့် အဝေးကလူတွေတစ်ချို့အတွက် စိတ်ရှိတိုင်းစားခွင့်မရတဲ့ ဟင်းတစ်ခွက်ပါ..။


ချက်ချင်းချက်.. ချက်ချင်းတင်လိုက်တာပါ..။ အတင်းကျက်ခိုင်း အတင်းဓာတ်ပုံရိုက်တင်လိုက်တာပါ..။:D


လုံးချက်ချက်တာပါ..။ (ဟင်းချက်ရင် စိတ်မရှည်လို့ အများအားဖြင့် ဟင်းတွေက မကောင်းပါဘူး..။)

လွယ်လည်းလွယ်၊ မြန်လည် မြန်..။ ၅ မိနစ်ကျော်ကျော်ပဲ ရှိမလား...။


ချဉ်ပေါင်ရွက်..၊ခရမ်းချဉ်သီး..၊ ဆနွင်း..၊ ဆား..၊ ငပိ...နဲ့ ဆီတွေအရင်ထည့်ပါတယ်..။ မီးကလည်း ဖွင့်ထားပါပြီ..။ မီး နည်းနည်းနဲ့ပဲ ချက်လေ့ရှိပါတယ်..။ မီးအမြင့်ကြီး မသုံးပါဘူး..။


ဖျစ်ဖျစ်မြည်ပြီး လုံးနေတုံး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အစိပ်ကြီးတွေလှီးထားတာကို ငရုတ်ဆုံနဲ့ထောင်းပါတယ်..။ ထောင်းတာရပြီဆို မီးဖိုပေါ်ကလုံးနေတာတွေနဲ့ရောထည့်ပြီး အားလုံးကိုရောချေပေးပါတယ်..။ ခရမ်းချဉ်သီးကြောင့် တော်တော်နဲ့မခြောက်ပါဘူး..။


အဲဒီအချိန်မှာပဲ ငရုတ်သီးအနီအစပ်တောင့် လေးတောင့် ငရုတ်ဆုံနဲ့ထောင်းပါတယ်..။ ထောင်းနေတုံး အိုးက ကပ်ချင်လာပါပြီ..။


ငရုတ်သီးခပ်ပြီးတာနဲ့ ငရုတ်ဆုံကိုရေနဲ့ကျင်းပြီး ဆုံထဲကရေကို ဟင်းအိုးထဲထည့်ပါတယ်..။ ရေနည်းနည်းခမ်းအောင် စောင့်ရပါတယ်..။ ရေက ဆုံဆေးရေနဲ့ပဲ လောက်ပါတယ်..။ ရေက ဆန်ချင်ခွက်နဲ့ တစ်ခွက်စာလောက်ပဲ ရှိပါမယ်..။ ဟင်းချိုတည်သလောက် များများမထည့်ရပါဘူး..။ ရေခမ်းအောင် နည်းနည်းစောင့်ရပါတယ်..။


ဟင်းခပ်မှုံ့ထည့်ဖို့မေ့တာ နောက်မှ သတိရတယ်..။ ပုစွန်ခြောက်လေးထောင်းထည့်ရင် ပိုကောင်းမယ်..။ ဒါမှမဟုတ် ငါးငါးသေးလေးတွေထည့်..။ ဒါမှမဟုတ် ပုစွန်ဆိတ်လေးတွေထည့်..။ ဒါတွေကတော့ Optional တွေပါ..။ ရှိရင်ထည့်လည်းရ မထည့်လည်းရပါတယ်..။


မစံပယ်ခုမှချက်ရင်း ဖြစ်သွားတာလေးပါ..။ ချက်နည်းမှားနေတယ်လို့ လာမပြောလောက်ဘူးလို့ ထင်ပါရဲ့..။ ကြိုကာထားတာပါ..။ ဟိုနေ့က ချဉ်ပေါင်ကြော်တစ်ခု အခြေအတင်ဖြစ်နေကြတာတွေ့လိုက်ရတယ်..။ မစံပယ်တော့ ဒီလောက်ပဲချက်တယ်..။ ဒီလောက်ဆို စားလို့ဖြစ်ပါပြီ..။ စိတ်မရှည်တတ်တော့ အရမ်းဟင်းကောင်းတွေစားဖို့ မမျှော်လင့်ဘူး..။ ကိုယ့်ဘာသာစားလို့ဖြစ်ရင် လုံလောက်ပါတယ်..။

အညာသင်္ဘောသီးသုပ်..။



မစံပယ်တို့ဒေသမှာ သင်္ဘောသီးသုပ်က ဆောင်းတွင်းမှာပဲရောင်းကြသည်ထင်သည်..။ အချိန်ပြည့်မရပါ..။ သင်္ဘောသီးသုပ်ဝါ၀ါထိန်ထိန်လေး စားရလျှင် မစံပယ်မှာ ကြိုက်လှသည်..။ (ဟမ်..မကြိုက်တာဘာရှိလို့လဲ..။ ရှိပါဘူး..။:D) တစ်ခါကလည်း ဖေ့စ်ဘုတ်ထဲကအစ်ကိုတစ်ယောက်က သူ့ဒေသက သင်္ဘောသီးသုပ်ပုံတင်ကာ သူ့သူငယ်ချင်းတွေကို ကလိသည်..။ ထိသွားသည်ကတော့ မစံပယ်တည်း..။ သင်္ဘောသီးသုပ်စားချင်သည်..။ သင်္ဘောသီးအစိမ်းသည်ရှာသည်..။ သြော်..တွေ့ပြီ..။ မစံပယ်ဝယ်နေကျဆိုင်မှာ နေ့တိုင်းရသည်ပဲ..။ ဈေးလည်းသက်သာသည်..။ အိုကေ..။ သင်္ဘောသီးအတွက် အဆင်ပြေပြီ..။


သင်္ဘောသီးနန်းဆွဲဖို့ နန်းပြားဝယ်ရဦးမည်..။ ဆိုင်တွေမှာတွေ့သည်..။ ဈေးက မသက်သာလှ..။ ဒါနဲ့ တကူးတကကို တစ်ခြားအရပ်ကိုသွားပြီး နန်းဝယ်လိုက်သည်..။ အိုကေပြီ..။


ကြက်သွန်ဖြူလေးဆီသတ်ပြီး ဆီဝါချက်သည်..။ ဟမ်း..မွှေးလှသည်..။


ပဲမှုံ့က လက်ဆောင်ရတာ အစိမ်းမှုံ့ပဲရှိသည်..။ ကိစ္စမရှိ..။ အိုးပူပေးကာ ပဲမှုံ့စိမ်းကိုလှော်လိုက်သည်..။ ပဲမှုံ့အကျက်ဖြစ်သွားပြီ..။ လူကြံဘာခံနိုင်မလဲလေ..။


သင်္ဘောသီးကို အခွံနွှာရသည်..။ ထက်ခြမ်းခွဲကာ အစေ့ထုတ်ရသည်..။ နန်းဆွဲရသည်..။ အစားအတွက်ဆို အပင်ပန်းခံသည်..။ နန်းဆွဲပြီးသားသင်္ဘောဖတ်လေးများကို နှယ်ရလွယ်မည့်ဇလုံကြီးကြီးထဲထည့်ကာ ပဲမှုံ့..၊ ဆီကျက်..၊ ငါးငံပြာရည်..၊ ဆား..၊ မန်းကျည်းသီးမှည့်ရေ..(ရေဆေးပြီး ရေနွေးစိမ်ထားသည်..။ အနှစ်ရလွယ်အောင်..။)..။ ပုစွန်ခြောက်မှုံ့လေးထောင်းကာထည့်သည်...။ ပိုပြီးချိုမြိန်အရသာရှိစေသည်..။ အားရပါးရနှယ်ရသည်..။ လက်ညောင်းအောင်နှယ်ရတတ်သည်..။ အပေါ့အငံမြည်းပြီး ပဲမှုံ့များများထည့်ရသည်..။


အိုး... မွှေးလှ၊ကြိုင်လှ၊စပ်လှသော အညာသင်္ဘောသီးသုပ်လေး စားရပြီ..။ အိမ်အလွမ်းပြေသည်..။ ကောင်းလေစွ..။


မှတ်ချက်။ ။ ပဲမှုံ့ပြတ်လပ်သွားလျှင် အာလူးကိုပျော့အောင်ပြုတ်ပြီး အအေးခံကာ သင်္ဘောသီးနှင့်ရောနှယ်လည်းရသည်..။ ပဲမှုံ့ပြတ်သွား၍ မစံပယ်ဒီနည်းကို အားကိုးနေရသည်..။ (ဤကားစကားချပ်..။) ဓာတ်ပုံနောက်မှတင်မည်..။ စာရေးချင်၍ ကောက်ရေးထားလိုက်သည်..။

မားသားအလွမ်းပြေ နှမ်းပြစ်..။





မစံပယ်တို့က အမေ့ကိုစပြီး မာမီမာသားအမေလို့ ခေါ်လေ့ရှိပါတယ်..။ အခုတော့ဖုန်းခေါ်ရင်း အတိုကောက် မားသားလို့ပဲခေါ်ပါတယ်..။ မစံပယ်တို့အမေက အိမ်မှာမနက်ခင်းစာဆိုလည်း တစ်ရက်နဲ့တစ်ရက်မတူအောင် လုပ်ကျွေးလေ့ရှိပါတယ်..။ ထမင်းကြော်၊ မုန့်တီဖတ်သုတ်၊ ခေါက်ဆွဲသုတ်..၊ ထမနှဲ..၊ ကောက်ညှင်းပေါင်း..။ တစ်နေ့တစ်မျိုးမရိုးရအောင် ပူပူနွေးနွေးကျွေးလေ့ရှိပါတယ်..။ မစံပယ်တို့ငယ်ငယ်က ကျောင်းကမုန့်ဆိုင်သေးသေးလေးတွေကနေ နေကြာစေ့၊အချဉ်ထုတ်တွေတော့ စားတတ်ပါတယ်..။ ဒါပေမယ့် လက်သုပ်စုံလိုမျိုးတွေကျတော့ စားလေ့မရှိပါဘူး..။ အမေက အပြင်စာတွေကို ကျွေးလေ့မရှိတာမို့ မစံပယ်လည်း အပြင်စာစားဖို့ဆိုရင် တွန့်နေတတ်ပါတယ်..။ နောက်မှသာ အိမ်နဲ့အဝေးမှာနေရတော့ အပြင်ထမင်းဆိုင်လိုမျိုးတွေမှာ ကြုံသလိုစားရတတ်ပေမယ့် တတ်နိုင်သလောက် မစံပယ်ကတော့ ကိုယ်တိုင်ချက်ပြုတ်စားဖို့ပဲ အားထုတ်လေ့ရှိပါတယ်..။ဆီများများနဲ့ ဟင်းချိုမှုံ့တွေထည့်ချက်တတ်တဲ့ ကိုယ်မမြင်ရာမှာချက်တဲ့အပြင်စာတွေကိုစားရမှာ မစံပယ်နောက်တွန့်တတ်ပါတယ်..။


အစပိုင်းကတော့ အပြင်စာမစားတတ်ပဲရှိပေမယ့် ကိုယ်တိုင်ကလည်း ကောင်းကောင်းမချက်တတ်ပါဘူး..။ အခုမှ ဟိုဘလော့ဒီဘလော့ဖတ်ရင်း မစံပယ်မှာ မီးဖိုချောင်ပစ္စည်း တော်တော်များများရှိလာပါပြီ..။ ကိုယ်တိုင်ချက်..၊ ကိုယ်တိုင်အ၀အပြဲစားရတာလည်း သဘောကျပါတယ်..။ လုပ်ရင်းနဲ့ပိုလုပ်တတ်လာတာ တွေ့ရပါတယ်..။


ညနေက ဖေ့စ်ဘုတ်မှာ အင်္ဂလန်ကဆရာမ နှမ်းလှော်နဲ့ပျားရည်နဲ့နှယ်စားနေတာတွေ့ရတာနဲ့ မစံပယ်လည်း မလုပ်ဖြစ်တာကြာပြီဖြစ်တာ အမေ့လက်ရာလိုမျိုး နှမ်းပြစ်စားချင်စိတ်ဖြစ်လာလို့ ထလုပ်လိုက်ပါတယ်..။ အမေတို့လာတုံးကယူလာတဲ့နှမ်းလှော်ထုတ်ကြီးကလည်း တစ်ဝက်လောက်ကျန်နေပါသေးတယ်..။ မြေပဲဆံရောဦးမလို့လုပ်တာ ရောရင်မကောင်းပါဘူးဆိုပြီး မရောဘဲထားလိုက်ပါတယ်..။






ဆီများနေပုံ
လုပ်နည်းကတော့ ဆီဒယ်ပိုင်းအရင်တယ်ပါတယ်..။ ဆီကျက်ရင် ဒီက၀ယ်တဲ့ထန်းလျက်ခဲသုံးခဲ ထည့်လိုက်ပါတယ်..။ ထန်းလျက်တွေက အပူထဲမှာဖြည်းဖြည်းချင်းပျော်ပါတယ်..။ မစံပယ်က ဇွန်းနဲ့ထိပြီး ဆီထဲမှာ လှည့်မွှေပေးပါတယ်..။ မွှေရင်းနဲ့ထန်းလျက်ခဲက သေးသေးလိုက်လာပြီး ပျော်ကျသွားပါတယ်..။ ဆားနည်းနည်းနဲ့ မန်ကျည်းသီးမှည့်တကယ့်နည်းနည်းကို ရေဆေးပြီးထည့်ပါတယ်..။ ထန်းလျက်ချိုချိုထဲမှာ အဲဒီမန်ကျည်းနှစ်လေးစားလိုက်ရရင် အအီပြေသွားတတ်ပါတယ်..။ ခဏမွှေပေးပြီး ထန်းလျက်နံ့လည်းမွှေးနေပြီ..၊ အရောင်လည်းပိုညိုလာပြီဆိုမှ နှမ်းလှော်ကို လိုသလောက်(သင့်တော်သလောက်)လောင်းထည့်လိုက်ပါတယ်..။ လင်းပန်ထဲကိုလည်း ဆီနည်းနည်းထည့်ပြီး ဇွန်းလေးနဲ့ပွတ်ပေးထားပါတယ်..။ လင်ပန်းနဲ့ထန်းလျက်နဲ့ကပ်မနေအောင်ပါ..။ ပြီးတာနဲ့ ထန်းလျက်နဲ့နှမ်းလှော်ဒယ်ပိုင်းကို လင်ပန်းထဲလောင်းထည့်လိုက်ပါတယ်..။ မစံပယ်လုပ်တာ ဆီထည့်တာနည်းနည်းများသွားလို့ ဆီတွေအပေါ်ကဝေ့တက်နေပါတယ်..။ ဇွန်းဖင်လေးနဲ့ မျက်နှာပြင်ညီအောင် လိုက်သပ်ပေးပြီး ဝေ့နေတဲ့ဆီတွေကို ပန်းကန်လေးထဲကို ကဲ့ပစ်လိုက်ပါတယ်..။ တကယ်ကတော့ မစံပယ်ဆီများများစားခဲပါတယ်..။ အခုတော့ သင့်တော်ရုံဆိုပြီး အရင်ကထက်တော့ ပိုစားနေပါပြီ..။


မစံပယ်က အချိုတွေ၊ အအီတွေ စားလှပါတယ်..။ အခုနှမ်းပြစ်လုပ်တာလည်း ဆီထည့်တာ မှန်းတာလွဲလို့ နည်းနည်းများသွားပါတယ်..။ ၅ ကျပ်သားနီးပါးလောက်ရှိသွားပါတယ်..။ ထန်းလျက်သုံးလုံးနဲ့ဆို ဆီကအဲလောက်မလိုတာ တွေ့ရပါတယ်..။ ဆီကများလွန်းတော့ ပေါင်းမသွားဘဲ အပေါ်မှာအိုင်ထွက်နေတာကို ကဲ့ထားလိုက်ပါတယ်..။ ထမင်းလည်းအစားများပါတယ်..။ ၀က်ပုပ်ကြီးဖြစ်မှာစိုးပေမယ့် တခါတလေလည်းစားတာပါပဲ..။ တခါတလေတော့ လေ့ကျင့်ခန်းထလုပ်ပါတယ်..။ မလုပ်တာက များပါတယ်..။






ဆီကဲ့ပြီးပုံ

မန္တလေး မှောင် မှောင်သည်ဆီက မုန်လာဥချဉ် အလွမ်းပြေ..။



မစံပယ်က အစားကို အကုန်စုံအောင် စားတတ်တာ တွေ့ရပါတယ်..။ :D ချဉ်ချဉ်၊ ချိုချို၊ အီအီ.. အကုန်ကြိုက်ပါတယ် ရှင်..။ ဟင်းချက်နည်းဝက်ဆိုဒ်တကာကိုလှည့်ပြီး သွားရေကျတာလည်း ညတိုင်းနီးပါးပါပဲ...။ အချဉ်လေးလည်း စားချင်တယ်..။ လဘက်လေးလည်း စားချင်တယ်..။ အသားခြောက်ဖုတ်လည်း စားချင်တယ်..။ အကုန်စားချင်တယ်..။

မုန်လာဥချဉ်စားချင်တာ နည်းမတွေ့လို့ တော်တော်နဲ့ လုပ်မစားရဘူး..။ အခုတော့ ကျန်တဲ့စားစရာတွေက အီနေပြီမို့ မုန်လာဥချဉ်တည်ဖို့ အလှည့်ရောက်လာပါပြီ..။ မိုးကောင်းသူဝက်ဆိုဒ်ထဲက မြန်မာမုန်ညင်းချဉ်တည်တဲ့နည်းနဲ့ပဲ မုန်လာဥချဉ်ကို တည်ပါတယ်..။

၁။ ထမင်းအိုးအရင်တည်ပြီး ဆန်ဆေးရေယူပါတယ်..။
၂။ထမင်းမကျက်ခင် မုန်လာဥကိုအခွံခွာ၊ ရေဆေးပြီး အ၀ိုင်းပါးပါးလေးတွေ လှီးပါတယ်..။
၃။ခါကြက်ဥလည်း လှီးပြီး အစိပ်လေးတွေ စိပ်ပါတယ်..။
၎။ထမင်းကျက်ခါနီးရင် ထမင်းအိုးထဲက ထမင်းပူကို နှစ်ဇွန်းကြီးကြီးလောက် ကော်ယူပြီး အအေးခံထားပါတယ်..။
၅။ထမင်းအေးရင် ဟင်းခပ်ဇွန်း နှစ်ဇွန်းစာလောက် ဆားကို ထမင်းပေါ်ထည့်ပြီး စိစိပါအောင် နယ်ပါတယ်..။
၆။ နယ်ပြီးရင် ရေဆေးထားတဲ့ မုန်လာဥဖြူ၊ ခါကြက်ဥတွေနဲ့ ထမင်းဆားနယ်ကို ဇလုံကြီးထဲမှာ ထည့်နယ်ပါတယ်..။
၇။နယ်ပြီးသွားရင် ဗူးခွံထဲထည့်ပြီး ဆန်ဆေးရေ လောင်းထည့်ပါတယ်..။ မီးဖိုထဲမှာပဲ ကျိုးတိုးကျဲတဲနေရောင်လေးအောက် ရောက်အောင် ထားထားပေးပါတယ်..။ သုံးရက်ထိမစောင့်နိုင်လို့ နှစ်ရက်နဲ့တင် ချဉ်သလောက်လေးနဲ့ ပဲမုန့်၊ ငရုတ်သီးစိမ်း..၊ ကြက်သွန်နီပါးပါးလှီးထားတာနဲ့ ငံပြာရည်၊ ဆား၊ ဆီထည့်ပြီး သုပ်စားပါတယ်..။ တော်တော်လေးစားလိုက်ရပါတယ်..။

ဒီနေ့တော့ မုန်လာချဉ်တင်မကဘဲ မုန်လာပွင့်တစ်ဝက်ကိုပါ ဒီနည်းနဲ့ပဲ အချဉ်တည်ထားလိုက်ပြန်ပါပြီ..။ အစားအသောက်ကတော့ အလုပ်လုပ်စရာရှိတာ လုပ်ကိုင်နေရင်းကို စားချင်နေစိတ်က အတွေးကရောက်ရောက်သွားပြီး စားချင်နေတာပါ..။ ဒီရက်ပိုင်းတွေမှာ မစံပယ် ကိုယ်အလေးချိန်တွေလည်း တိုးနေပါတယ်...။ :D



အသိတစ်ယောက်က စားချင်တယ်ဆိုလို့ ဓာတ်ပုံရိုက်ပြထားတာလေးပါ..။ တစ်ခါသုပ်စားထားပြီးကာစ လက်ကျန်ကျန်တဲ့ပုံပါ..။

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ



ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ.... တဲ့ ဗဟုသုတလေးပေါ့ ! ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာတာ ..သူငယ်ချင်းတွေ နဲ့ ကျွန်မအတွက်ရော.. အားလုံး သိရအောင်ဆိုပြီးေ တာ့ ! -------------------------------------------------------------------- ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။

(copy fr: ထူးထူးဆန်းဆန်း )