Showing posts with label အမျိုးသမီးကဏ္ဍ. Show all posts
Showing posts with label အမျိုးသမီးကဏ္ဍ. Show all posts

အိမ်ပြောင်းကြမယ်..။





တနယ်တကျေးမှာနေကြသူတွေ အလျဉ်းသင့်သလို အဆင်ပြေသလို တစ်နေရာနဲ့တစ်နေရာ ရွှေ့ပြောင်းနေကြရတာ မထူးဆန်းပါဘူး..။ အိမ်ပြောင်းရင် ဘယ်လိုလေးက အဆင်ပြေသလဲဆိုတာ အတွေ့အကြုံလေး ဝေမျှချင်လို့ပါ..။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က မစံပယ် အိမ်နှစ်ခါ ပြောင်းရပါတယ်..။

ပထမတစ်ကြိမ်ပြောင်းတုံးက မစံပယ်နဲ့အတူနေတဲ့သူငယ်ချင်းက မြန်မာနိုင်ငံ ခဏပြန်သွားချိန်မို့ သူ့ပစ္စည်းတွေထုပ်ပိုးထားခဲ့တာတွေကိုပါ မစံပယ်တစ်ယောက်တည်းက ပြောင်းပေးခဲ့ရတာပါ..။ မစံပယ်တို့ဆီက မောင်လေးတစ်ယောက်က လာကူသယ်ပေးလို့ မစံပယ်က ကားငှားတော့ အလုပ်သမားထည့်မငှားခဲ့ပါဘူး..။ အဲဒီတုံးက မစံပယ်ကအလုပ်ကနေခွင့်ယူပြီးပြန်လာပြီးမှ ပစ္စည်းလက်စသပ်သိမ်းရတာပါ..။ မစံပယ်ပစ္စည်းတွေသိမ်းပြီးချိန်ထိ ၇ နာရီလာမယ်ဆိုတဲ့ ကားက မလာသေးလို့ မစံပယ်က ကားနဲ့ပါလာမယ့် ထရော်လီကို စောင့်ပြီး ပစ္စည်းတွေကို ဧည့်ခန်းမှာပဲထားပြီး စောင့်နေခဲ့ပါတယ်..။ ပစ္စည်းတွေကို ကားလာမယ့်နေရာထိ ကြိုချမထားမိပါဘူး..။

၇ နာရီလာမယ်ဆိုတဲ့ကားက ၈:၃၀ မှာလာပါတယ်..။ ကားလာမှ မစံပယ်တို့နှစ်ယောက် ဧည့်ခန်းကိုပစ္စည်းကို Lift နားတစ်ခါရွှေ့..၊ ပုံထား..။ Lift ကနေ အောက်ကိုတစ်ခါချ..၊ Lift အထွက်မှာ ပုံထား..။ Lift အထွက်ကနေမှ ကားပေါ်တစ်ခါရွှေ့တင် အဲလိုအကြိမ်ကြိမ် လုပ်ရပါတယ်..။ မစံပယ်က အလုပ်သမားထည့်ငှားမထားလို့ ကားပေါ်ပါတဲ့လူနှစ်ယောက်ကို ကူသယ်ပါဦးလို့ အကူအညီမတောင်းပါဘူး..။ ကားပေါ်ကနေပဲ ပစ္စည်းတွေ နေရာချပေးစေရုံတင် လုပ်ပါတယ်..။ ပစ္စည်းတွေတင်ပြီးလို့ မောမောပန်းပန်းနဲ့ ကားမောင်းသမားနားရောက်တော့ ဖုန်းပြောနေပါတယ်..။ မစံပယ်ကလည်း စောင့်ရလို့ စိတ်မရှည်လို့လား..၊ မောပန်းတဲ့အရှိန်ကြောင့်လား မသိပါဘူး..။ ကျွန်တော်တို့က ဘယ်ကလိုက်ရမှာလဲလို့ မေးလိုက်ပါတယ်..။ ကားမောင်းသမားက လုပ်ငန်းပိုင်ရှင်ပါ..။ အလုပ်သမားနှစ်ယောက်က ပစ္စည်းအတင်အချအတွက်ပါ..။ သူတို့ကိုထည့်ငှားရင် တစ်ဈေး..၊ ထည့်မငှားရင် တစ်ဈေးပါ..။ မစံပယ်က ထည့်ငှားမထားပါဘူး..။ အဲဒီလူနှစ်ယောက်က ကားမောင်းသမားဘေးကနေပဲ လိုက်မယ့်ပုံတွေ ပြနေပါတယ်..။ နောက်ခန်းက ပစ္စည်းထည့်တဲ့အခန်းကို ပိတ်နေကြပါတယ်..။ နောက်ခန်းကိုပိတ်လိုက်ရင် သူတို့နှစ်ယောက်က ကားသမားဘေးထိုင်ရင် မစံပယ်နဲ့ မစံပယ်မောင်လေးက ဘယ်မှာထိုင်ရမှာလဲလို့ ကားမောင်းသူကိုသွားမေးတော့ ကားငှားပြီးရှေ့ကသွားပါတဲ့..။ မစံပယ်လည်း အံ့သြပြီးဘာမှပြန်မပြောဘဲ ကားငှားမယ့်ဖို့ လမ်းပေါ်ထွက်အသွားမှာမှ ကားမောင်းသမားက သူ့လူနှစ်ယောက်ကို ဟေ့ကောင်တွေ မင်းတို့နောက်ကပဲ တံခါးဖွင့်လိုက်ခဲ့ကွာဆိုပြီး ပြောပါတယ်..။ အဲဒီတော့မှ မစံပယ်တို့ကို လာ ဆိုပြီး ရှေ့ခန်းကခေါ်ပါတယ်..။

ကားသမားက ပစ္စည်းဟောင်းတွေဝယ်ပြီး ပြန်ရောင်းတဲ့အလုပ်လည်း လုပ်ပါတယ်..။ ပရိဘောဂဆိုင်ပိုင်ရှင်ပါတဲ့..။ ပိုင်ရှင်မို့လို့ အောက်သက်မကြေဘဲ မစံပယ်တို့ကို အထက်စီးကနေ နေပြီး ပြောဆိုဆက်ဆံတာပါ..။ နောက်အိမ်ရောက်တော့လည်း ကားပေါ်ကပစ္စည်းတွေချပြီးတာနဲ့ ပိုက်ဆံရှင်းပြီးတာနဲ့ ကားထွက်သွားတာပါ..။ တစ်ကြောင်း ၅၀ ပေးရပါတယ်..။ ကားကကြီးပါတယ်..။



မစံပယ်က နောက်အဆင်ပြေတဲ့တစ်အိမ်အတွေ့မှာ ထပ်ပြောင်းချင်တာနဲ့ မစံပယ်သူငယ်ချင်းနဲ့အတူ ပြောင်းကြပါတယ်..။ ဒီတစ်ခါတော့ သူငယ်ချင်းမနဲ့ နှစ်ယောက်ပါ..။ ဒီတစ်ခါလည်း အလုပ်သမားမငှားပါဘူး..။ နှစ်ယောက်ထုပ်ပိုးသယ်ထုတ်ပြီး ခါးနာခံပြီး ကားလာမယ့်လမ်းကို ချထားပါတယ်..။ ကားက ၅ နာရီ ချိန်းထားပါတယ်..။ တော်တော်နဲ့မလာပါဘူး..။ ကားမလာတော့ မစံပယ်သူငယ်ချင်းက အခန်းကိုစစ်ရင်း အိမ်ရှင်တွေ ၆ နာရီရောက်မှာမို့ သော့အပ်ခဲ့ဖို့ စောင့်နေပါတယ်..။ မစံပယ်က သော့ကိုဒီတိုင်းထားခဲ့ဆိုတော့ မစံပယ်သူငယ်ချင်းက မထားခဲ့ချင်ဘူး..။ သေချာအပ်ဖို့လိုတယ်ဆိုပြီး စောင့်နေပါတယ်..။ ကားက ၅ ၃၀ လောက်မှာ ရောက်လာပါတယ်..။ မစံပယ်က ပစ္စည်းတွေတင်ပေးပါတယ်..။ အလုပ်သမားနှစ်ယောက်က ကားပေါ်ကနေ နေရာချပါတယ်..။ ဒီနှစ်ယောက်ကတော့ အရင်တစ်ခါလို သူတို့လာမှ အိမ်ထဲကပစ္စည်းထုတ်တာမဟုတ်လို့ ကူရမလို၊ မကူရမလိုနဲ့ ရှိုးတိုးရှန့်တန့်ဖြစ်စရာ မလိုလိုက်ပါဘူး..။ မစံပယ်လည်း ဒါကြောင့်မို့ ပစ္စည်းတွေ ကြိုချထားလိုက်တာပါ..။ ဒီတစ်ခါငှားတဲ့ကားက အရင်တစ်ခေါက်က ကားမဟုတ်တော့ပါဘူး..။ မစံပယ်တို့ပစ္စည်းတွေတင်တာ ၁၅ မိနစ်လောက်ပဲကြာပါတယ်..။ ပစ္စည်းလည်းတင်ပြီးရော ကားကစက်နှိုးပြီး ခေါင်းလှည့်ပြီး ထွက်မလို့လုပ်တော့တာပါပဲ..။ အလုပ်သမားနှစ်ယောက်ကလည်း နောက်ကပစ္စည်းတင်တဲ့အခန်းထံခါးဖွင့်ပြီး ကားပေါ်ရောက်နေပါပြီ..။ မစံပယ်က သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပါတယ်..။ သူငယ်ချင်းက ၁၅ မိနစ်လောက်လေးစောင့်ချင်သေးပေမယ့် ကားသမားကိုမပြောရဲပါဘူး..။ မစံပယ်ကလည်း မပြောမိပါဘူး..။ သူငယ်ချင်းလည်းဆင်းလာရော ကားသမားက မစံပယ်သူငယ်ချင်းကို မျက်စောင်းကြီးထိုးကြည့်နေပါတယ်..။ သူကလည်း လုပ်ငန်းပိုင်ရှင်ပါပဲ..။ သူတို့ရောက်တာသာ နောက်ကျတာ..။ မစံပယ်တို့ကိုတော့ နည်းနည်းမှ စောင့်မပေးချင်ပါဘူး..။ မစံပယ်သူငယ်ချင်းမလေးကိုလည်း မျက်စောင်းကြီးခုတ်ကြည့်တာ မစံပယ် ကိုယ့်သူငယ်ချင်းကိုတောင် သနားပါတယ်..။

နောက်အိမ်ရောက်တာနဲ့ ကားပေါ်ကပစ္စည်းတွေချပေးပြီးတာနဲ့ ကားပြန်ထွက်သွားပါတယ်..။ မစံပယ်တို့မှာ ပစ္စည်းတွေအခန်းထဲရောက်တယ်ဆိုတာနဲ့ နောက်တစ်ခေါက်ပြန်ထွက်ပြီး အိမ်အဟောင်းမှာ သော့သွားအပ်ရပါတယ်..။ မစံပယ်တို့ကပဲ မပြောတတ်မဆိုတတ်လို့လား..၊ သူတို့ကပဲ စိတ်မရှည်တာလား မသိဘဲ မစံပယ်အိမ်ပြောင်းတိုင်း စိတ်ကသိကအောက်ဖြစ်ရပါတယ်..။



ပြီးခဲ့တဲ့ ၄ ၊ ၅ လလောက်က မစံပယ်အသိတစ်ယောက် အိမ်ပြောင်းမယ်ဆိုတာသိရတော့ မစံပယ်သွားကူပေးပါတယ်..။ အလုပ်သမားငှားရင် ပိုက်ဆံပိုကုန်မှာစိုးလို့ ကူညီပေးတာပါ..။ အဲဒီအစ်မက အလုပ်ကနေလုပ်ရင်းတန်းလန်း အိမ်ပြောင်းရမှာပါ..။ ပစ္စည်းက လက်စသပ်စရာတွေ ကျန်သေးတယ်..။ မစံပယ်တို့မရောက်ခင်ပဲ ကားကရောက်နေပါပြီ..။ မစံပယ်က တော်တော်စိတ်ပူသွားပါတယ်..။ မစံပယ်တို့အိမ်ပြောင်းတုံးက ပစ္စည်းတွေအကုန်အောက်ရောက်ပြီးတာတောင် ကားသမားတွေက ခဏလေးမစောင့်ချင်ဘူး..။ အခုက ပစ္စည်းတွေက လက်စတောင်မသပ်ရသေးဘူးဆိုတော့ မစံပယ်တွေးလိုက်တာ..။ ကားသမား အော်တာခံရတော့မှာပဲလို့...။ ဒါပေမယ့် အိမ်ရွှေ့မယ့်အစ်မကတော့ အေးဆေးပါ..။ ကားသမားက သဘောကောင်းတယ်တဲ့..။ လောစရာမလိုဘူးတဲ့..။ မစံပယ်က ပစ္စည်းတွေမြန်မြန်လက်စသပ်သိမ်းပေးတုန်း သူက အိမ်ပိုင်ရှင်နဲ့ အခန်းခရှင်းနေပါတယ်..။ အကုန်ပြီးတာနဲ့ မစံပယ်ကအခန်းပြင်ထုတ်ပေးပါတယ်...။ နောက် ကူသယ်ပေးဖို့ မောင်လေးတစ်ယောက်လည်း ခင်ရာမင်ရာလာကူပါတယ်..။ သူကလည်း အခန်းအပြင်ကို ထုတ်ပါတယ်..။ အပြင်ကနေ ကားသမားမောင်လေးက သပ်သပ်ရပ်ရပ်ဖြစ်အောင် ထရော်လီပေါ်စုတင်ပါတယ်..။ သူကတစ်ခါတည်းတင်ပြီး တစ်ခါတည်းကားပေါ်ထိ သွားတင်ပါတယ်..။ မစံပယ်က မစံပယ်တို့ထုံးစံအတိုင်း Lift နားတစ်ခါရွှေ့..၊ အောက် တစ်ခါရွှေ့..၊ ကားနာတစ်ခါရွှေ့.. ။ သုံးခါရွှေ့ပြီး ကားပေါ်တင်ပါတယ်..။ ကားကတော့ သေးပါတယ်..။ တစ်ယောက်တည်းသမားတွေပြောင်းရင် မဆန့်မရှိပါဘူး..။ ဒီအစ်မပစ္စည်းက မစံပယ်တို့နှစ်ယောက်စာထက် များပါတယ်..။ မစံပယ်တို့ပါ ကားပေါ်တက်ပြီး ကားသမားနဲ့ နောက်မောင်လေးက ကားရှေ့ကတက်ပြီးအဆင်ပြေပြေပါတယ်..။ အစ်မကြီးက ကားစက်နှိုးပြီးတာကို ဖုန်းဆက်လို့ မပြီးသေးပါဘူး..။ အကုန်ကားပေါ်ရောက်တာကို သူ့တူမစောင့်ဖို့လိုသေးတယ်ဆိုပြီး ကားစက်နှိုးရက်ကြီး ၁၅ မိနစ်ကျော်ကျော်လောက် စောင့်ရပါတယ်..။ ကားသမားမောင်လေးနဲ့ မစံပယ်တို့ အတွေ့အကြုံတွေဖလှယ်ပြီး ရယ်စရာတွေ ပြောနေခဲ့ကြပါတယ်..။

နောက်အိမ်ရောက်တော့လည်း ပစ္စည်းတွေကို အခန်းထဲထိ အခေါက်ခေါက်သယ်ပေးပါတယ်..။ အစ်မကြီးက ပစ္စည်းတစ်ခုချင်းနေရာချနိုင်ပြီဆိုမှ သူငယ်ချင်းကူစရာရှိလို့ သွားမယ်ဆိုပြီး ပိုက်ဆံရှင်းပြီးတာနဲ့ မစံပယ်တို့ကိုပါ ဘူတာရုံတစ်ခါတည်းချထားပေးပြီး ပြန်ခဲ့ပါတယ်..။ မစံပယ်မှာ ကိုယ်ကြုံခဲ့တဲ့လူတွေနဲ့ တစ်ခြားစီမို့ အံသြနေမိပါတယ်..။ ကားက တစ်ကိုယ်ရေသုံး အလတ်စားလေးဖြစ်ပါတယ်...။ ပိုက်ဆံကလည်း ၃၅ ဒေါ်လာပဲ ယူပါတယ်..။ တစ်ရက်ကို တစ်ယောက်ပဲ လိုက်ပြောင်းပေးပါတယ်တဲ့..။ သဘောကောင်းကောင်း လူငယ်လေး ဖြစ်ပါတယ်..။ မစံပယ်လည်း အိမ်မပြောင်းဖြစ်သေးလို့ သူ့ကိုခေါ်စရာမလိုသေးပါဘူး..။ ဒါပေမယ့် လိုအပ်တဲ့သူတွေ ငှားနိုင်အောင်လို့ ဒီစာကိုရေးလိုက်တာပါ...။ နာမည်က Oak Max ပါတဲ့..။ မြန်မာနာမည် မသိပါဘူး..။ ဖုန်းနံပါတ်က ၈၆၁၂ ၉၀၀၁ ပါ..။ တခါတလေ ယောကျာ်းလေးတွေကိုပြောင်းပေးရင် နှစ်ခေါက်ပြန်သယ်ပေးတာတွေလည်း လုပ်ပေးပါတယ်တဲ့..။ အိမ်သစ်ရောက်မှ သော့ပါမလာလို့ သော့လိုက်ရှာပေးရတာတွေပါ ရှိပါတယ်တဲ့..။ သဘောကောင်းတဲ့ မောင်ငယ်လေးတစ်ယောက်ပါ..။ ကားသေးပေမယ့် သေချာထည့်တော့ ဆန့်ပါတယ်..။ စိတ်ရှည်ရှည်နဲ့ သေချာထည့်ပေးပါတယ်..။



မစံပယ်မှာ ဒါလေးပြန်အမှတ်ရမိလို့ မရေးဘဲမနေနိုင်ပါဘူး..။ ပင်ပင်ပန်းပန်းအိမ်ပြောင်းတဲ့ကိစ္စတွေမှာ စိတ်ကသိကအောက်မဖြစ်ရဖို့လည်း လိုသေးတယ်လေ..။ မစံပယ်အသိတွေကိုလည်း ဖုန်းနံပါတ်လေး ပေးပေးထားပါတယ်..။ လိုအပ်ရင်သိထားအောင်လို့ပါ..။ ကဲ.. ဘလော့လာတဲ့ ရွှေပွဲလာတွေလည်း အိမ်ပြောင်းတဲ့အခါ ကိုယ်နဲ့သင့်တော်မယ်ဆို ဖုန်းဆက်လိုက်ကြပါနော..။ မစံပယ်လည်း ကြော်ငြာခ လှမ်းတောင်းလိုက်ပါဦးမယ်..။ :D

ကောင်းတဲ့ အကျင့်...။



မစံပယ်တို့ငယ်ငယ်အချိန်တွေတုံးကတော့ မစံပယ်တို့အဒေါ်တွေကပဲ ဘယ်လိုနေသင့်တယ်..၊ ဘယ်လိုမပြုမူသင့်ဖူး..၊ ဘယ်လိုပြောဆိုဆက်ဆံသင့်တယ်ဆိုတာတွေ တတွတ်တွတ်နဲ့ သွန်သင်ဆုံးမတတ်ကြပါတယ်..။ မစံပယ်တို့အရွယ်တွေရောက်လာတော့ မစံပယ်တို့သွားလာရာတိုင်းမှာ အဒေါ်တွေလိုက်ပါဖို့ဆိုတာ ခဲယဉ်းသွားပါပြီ..။ နေရာတကာ သူတို့သွန်သင်မှုကို လိုချင်နေလို့ မရတော့ဘူး..။ ကိုယ်ကိုယ်တိုင်ပဲ သင့်မသင့် ရာမရာ စဉ်းစားချင့်ချိန်ပြီးလုပ်တတ်ရတော့မယ်ဆိုတဲ့အခါ ကိုယ့်ကြောင့် မိဘ၊ ဆရာသမားတို့ရဲ့ ဂုဏ်သိက္ခာတွေကျမသွားအောင် သတိနဲ့နေထိုင်ကျင့်ကြံဖို့ ကြိုးစားလာမိပါတော့တယ်..။

မစံပယ်စာမရေးဖြစ်ဘဲ စာတွေဖတ်နေဖြစ်တာ ကြာပါပြီ..။ လေ့လာစရာ တော်တော်များများလည်းရှိနေတာမို့ စာရေးတာကို ဆိုင်းငံ့ထားခဲ့တာပါ...။ မစံပယ်ရဲ့ပင်ကိုယ်ဗီဇ၀ါသနာကဘာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးမိတော့ စာဖတ်တာ၊ စာရေးတာ၊ တရားနာတာနဲ့ တရားထိုင်တာ..။ ရံဖန်ရံခါ သီချင်းဆိုဖို့ ၀ါသနာပါတာတွေ့ရပါတယ်..။ အဲဒီတော့ ၀ါသနာဖြစ်တဲ့ စာရေးတာလေးကိုတော့ အချိန်လေးပေးပြီးလုပ်ဦးမှလို့ ကိုယ့်ကိုယ်ကိုသတိပေးနေမိပါတယ်..။ စာကတော့ ဖေ့စ်ဘုတ်မှာပဲ တမေ့တမောလိုက်ဖတ်နေဖြစ်တတ်ပါတယ်..။ ကွန်းမင့်တွေရေးရင် မဆုံးနိုင်တော့လို့ ကွန်းမင့်မရေးဖြစ်အောင် နေလိုက်ပြီး ဘလော့လေးကိုဖုန်သုတ်ဖို့ ကြိုးစားရပါတယ်..။စာရေးတဲ့အခါမှာလည်း အချိန်ကုန်သက်သာအောင် စာရွက်ပေါ်မှာတစ်ခါချရေးထားပြီးမှ တိုက်ပင်ရိုက်ပါတော့တယ်..။ စဉ်းစားချိန်လျော့ကျသွားပြီး ရေးပြီးသားကိုလိုက်ရိုက်ရတာမို့ အချိန်ကုန် အလွန်သက်သာပါတယ်..။

ပြီးခဲ့တဲ့နှစ်ပတ်က မစံပယ်နဲ့ဆယ်စုနှစ်တစ်ခုကျော်ကျော် ကွဲကွာသွားခဲ့တဲ့ အစ်မတစ်ယောက်လိုခင်ရတဲ့ အစ်မတစ်ယောက်ရဲ့အိမ်မှာ ဆွမ်းကျွေးလို့ ထမင်းစားဖိတ်လို့ သွားခဲ့ပါတယ်..။ အဲဒီအစ်မနဲ့ပြောဆိုနှုတ်ဆက်ပြီး ထမင်းစား၊ ထမင်းစားပြီးတော့ အစ်မရဲ့အမေနဲ့ စကားတွေမနားတမ်းထိုင်ပြောနေရင်း အစ်မရဲ့အပြောအဆို၊ အပြုအမူထဲက သဘောကျစရာတစ်ချက်ကို တွေ့ခဲ့ရလို့ ဒီစာရေးဖြစ်သွားတာပါ..။

မစံပယ်ရဲ့အကျင့်က လူရင်းတွေဆို ဘာဟိတ်ဟန် ဘာပကာသနမှ မရှိဘဲ ပြောဆိုဆက်ဆံရင်း၊ သူတို့နဲ့စကားတွေပေါရင်း အကျွေးအမွေးကိုလည်း လူရင်းတွေလိုပဲ ဘာမှကြည့်ကောင်းအောင်လုပ်မနေတော့ဘဲ ၀ိုင်းဖွဲ့စားလိုက်မှာပါပဲ..။ ဒါပေမယ့် ဧည့်သည်တစ်ချို့ဖိတ်ထားသေးပြီး ဧည့်သည်တွေကလည်း အချိန်အဆင်ပြေသလိုရောက်လာနေကြတော့ ဧည့်ခံတဲ့အစ်မက ဟင်းတွေအနားမှာပဲနေပြီး လိုလေသေးမရှိအောင် စီမံနေတာကို တွေ့ရပါတယ်..။ အသားဟင်းတွေအများကြီးကို ဟင်းတွေကို သပ်သပ်ရပ်ရပ်နဲ့ လှပအောင်တစ်ချိန်လုံးစီမံနေတာ၊ မစံပယ်တို့ သူတို့အိပ်ခန်းထဲမှာ စကားပြောနေတာကို တချက်တချက်ပဲဝင်လာပြီး ရှေ့ကဧည့်သည်တွေနားမှာပဲ သင့်တော်အောင်စီမံနေတာကို မစံပယ်တွေ့လိုက်တော့ ကိုယ်နဲ့တော်တော်ကွာပါ့လားလို့ သတိထားလိုက်မိပါတယ်..။

မစံပယ်သာဆွမ်းကျွေးလုပ်ရင် သူငယ်ချင်းတွေဝိုင်းထိုင်စကားပြော၊ လေပန်းရင်း ဘယ်ဟင်းဘယ်လောက်ကျန်ဖို့၊ ဘယ်လိုချန်ဖို့ကို မေ့နေမိမှာပါ..။ သူငယ်ချင်းတွေနဲ့ဝမ်းသာအားရ စကားပြောရင်း ကျန်တာတွေ အရေးစိုက်မိမှာ မဟုတ်တဲ့ ကိုယ်နဲ့ အဲဒီအစ်မကိုယှဉ်တွေးမိပြီး အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေး ကူးယူလာတာကို အမှတ်ရရင်း ဒီစာကိုရေးလိုက်ပါတယ်..။

မစံပယ်ဆိုရင် မီးဖိုထဲမှာ ချက်စရာတွေပေါလှပါတယ်..။ စိတ်ထဲမှာ စားချင်တာတွေဝယ်ထားပြီး မစားချင်တာတွေ ချောင်ထိုးထားပြီး သုံးမရတော့မှ လွှင့်ပစ်တတ်ပါတယ်..။ လွှင့်မပစ်ရအောင် မစားချင်ပေမယ့်လည်း အထားခံအောင်ပြုပြင်စီရင်တာမျိုး မရှိတော့ အမေပို့သမျှ စားလို့ကုန်တာတစ်ဝက်၊ မစားဘဲလွှင့်ပစ်ရတာ တစ်ဝက်နဲ့ ချီတက်နေခဲ့ါတယ်..။

ဒီနေ့တော့ အဲဒီအစ်မဆီက ကောင်းတဲ့အကျင့်လေးယူခဲ့မိတာမို့ မီးဖိုထဲက မစားချင်သေးပေမယ့် ပုပ်သိုးသွားနိုင်မယ့် စားစရာတွေကိုရှာပြီး သင့်တော်အောင်စီမံရေး လုပ်ပါတယ်..။ မှိုတက်ချင်နေပြီဖြစ်တဲ့ အာပြဲခြောက်ရယ်၊ တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေရယ်ကို ရေရှည်အထားခံအောင် ကြော်ပြီးသိမ်းရင်း သူတစ်ပါးဆီကကောင်းတဲ့အကျင့်လေးကို ကိုယ်တိုင်ကျင့်သုံးရပါတယ်....။



ရေဆေးထားတဲ့ အာပြဲခြောက်တွေ ကြော်ကာနီး..။



တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ သရက်သီးကုလားတယ်တွေ..။ အခုမှ ကြော်ရတယ်..။ ကောင်းမှကောင်း..။

အသက်တွေရလာပြီး မိဘ၊ အဒေါ်တွေ ကိုယ်နဲ့မကွာပါလာဖို့ ခဲယဉ်းကြတဲ့ ဒေသတွေမှာ နေရသူတွေအနေနဲ့ သူတစ်ပါးဆီက ကောင်းတဲ့အကျင့်ကို အတုယူပြီး..၊ မကောင်းတဲ့အကျင့်တွေကို ကိုယ့်မှာလည်းမရှိစေဖို့ ကြိုးစားရင်း ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ဆရာသမားတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ့်ကြောင့်မထိခိုက်အောင် ထိန်းပြီး ကြိုးစားနေထိုင်ရပါတယ်...။


ဆွမ်းကျွေးက ငပိချက်..။ မစံပယ်လည်း အိမ်မှာချက်စားတာ ကောင်းမှကောင်း..။

အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ ၁၀ မျိုး



၁။ ချောကလက်အညို

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။ ဥရောပ သုတေသီတွေက ချောကလက်အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ မှို

ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင် ပါတယ်။ တစ်နေ့ကို မှို တစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သား ကင်ဆာရောဂါ ဖြစ်ပွားတာကို ၆၄ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တခြားသော လေ့လာသူတွေက ရင်သားကင်ဆာကို ဖြစ်စေတဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ Aromatase ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။

၃။ ဆာဒင်းငါး

နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အိုမီဂါ-၃ ဓာတ် ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးသွေးကြောပိတ်တာ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ စားပါက တစ်ဒသမသုံး ဂရမ်ရှိတဲ့ အိုမီဂါ- ၃ ကို ရရှိပါတယ်။

၎။ ထောပတ်သီး..

ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးပါတယ်။ ထောပတ်သီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေ များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက သင့်ခန္ဓာကိုယ် အလေးချိန် ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက သင်စားတဲ့ နေ့စဉ် အစားအစာတွေထဲက ကယ်လိုရီရဲ့ ၂၃ ရာခိုင်နှုန်းကို မပြည့်ဝဆီတွေသာ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါက သင့်ဗိုက်က အဆီတွေကို လျှော့ချနိုင်ပြီး သင့်ခန္ဓာကိုယ် အလေးချိန်ကို ငါးပေါင်အထိ လျော့နည်းသွားစေတယ်လို့ ဆိုထားပါတယ်။

၅။ ငရုတ်ပွသီး

မျက်ကြည်လွှာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ပျက်စီးတာနဲ့ မျက်စိတွင်းတိမ်ဖြစ်တာကြောင့် အမြင်အာရုံထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ လူတင်း၊ ဇီဇန်သင်းနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ငရုတ်ပွသီးက သင့်အမြင်အာရုံတွေ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို ငရုတ်ပွသီး နှစ်ကြိမ် စားပေးပါက ဗီတာမင်စီအပြင် လူတင်း ၁၁၆ မိုက်ခရိုဂရမ်၊ ဇီဇန်သင်း ၅၆၂ မိုက်ခရိုဂရမ်ကို ရရှိစေပါတယ်။

၆။ အစိမ်းရောင် ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တရုတ် ပန်းကန်လုံး တစ်လုံးစာ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကနေ ဗီတာမင်စီနဲ့ ဗီတာမင်အေ ဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပြီး ဗီတာမင်အေက ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

၇။ အာလူး

သွေးတိုး ကျစေပါတယ်။ အာလူး အရွယ်တော် တစ်လုံးကနေ ကယ်လိုရီ အပြည့်အဝ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိနိုင်တဲ့ ပိုတက်စီယမ် ပမာဏထက် ပိုမို ရရှိနိုင်ပါတယ်။ ပိုတက်စီယမ်က နှလုံးရောဂါကို တိုက်ထုတ်နိုင်ပြီး သွေးတိုး ကျစေပါတယ်။

၈။ ပန်းသီး

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပါတယ်။ အရသာချိုတဲ့ ပန်းသီး အရွယ်တော် တစ်လုံးမှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ကွာစန်တင်ဓာတ် ကြွယ်ဝပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ Appalachian State University ရဲ့ နှစ်ပတ်ကြာ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက ကွာစန်တင်ဓာတ် ပါအောင် စားသုံးသူတွေက မစားသုံးသူတွေထက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

၉။ ဟင်းနုနယ်ရွက်

အရိုးတွေကို သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွားစေပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ ဟင်းနုနယ်ရွက်ထဲမှာ ဗီတာမင်ကေ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ ဖောလိတ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေက မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်။ ခွက်တစ်ခွက်စာကနေ ၇ ကယ်လိုရီ ရရှိနိုင်ပါတယ်။

၁ဝ။ နွားနို့

အရိုးပါး ရောဂါကို ကာကွယ်ပေးပါတယ်။ ကယ်လ်စီယမ် အပြည့်အဝ ရရှိနိုင်တာကြောင့် အရိုးပါးရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ အဆီ မပါဝင်တဲ့ နွားနို့ကို တစ်နေ့ သုံးကြိမ် သောက်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

မိန်းမသားများ အောင်မြင်ခြင်း အကြောင်းတရား။




လောကကြီးမှာ လူဖြစ်ရတာခြင်းအတူတူ ဒီထဲကမှ မိန်းမသားဖြစ်ရတာခြင်း အတူတူ အောင်မြင်မှုမတူ ဘာကြောင့်များ အခြေနေတွေ ကွာခြားနေရတာ ပါလဲ။ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ အောက်ပါ အချက်အ လက်တွေကို ပိုင်ဆိုင်နေတယ်ဆိုတာ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။


(၁) ထူးကဲတဲ့ ဝီရိယရှိကြတယ်

အောင်မြင်ထင်ရှားမိန်းမသားတိုင်းမှာ သူများထက်ထူးတဲ့ ဝီရိယကို ပိုင်ဆိုင် ထားကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမှာ ဆိုတဲ့ စကားကို လုံးဝအယုံအကြည်မရှိတဲ့ မိန်းမသားများပေါ့။ သူတို့ဟာ သူတို့ လုပ်ဆောင်စရာရှိသမျှကို ကြိုတင်ပြင်ဆင်တတ်ပြီး သူများထက်အရင် ဦးစွာပြီးစီးစေခြင်းဖြင့် အောင်မြင်မှုကို ရယူတတ်ပါတယ်။


(၂) ကတိတစ်လုံး စကားတစ်ခွန်းကို တန်ဖိုးထားတတ်ကြတယ်

သူတို့ဟာ ပြောပြီးသားစကားတစ်ခွန်း ပြန်ပြင်ဖို့အတွက်ကိုအင်မတန်ဝန်လေး တတ်ကြပါတယ်။ ပေးပြီးသားကတိအတွက် ဖျက်ရမယ်ဆိုရင်တော့ အ သက်သာ အသေခံချင်တော့တယ်ဆိုတဲ့ အစားမျိုးပေါ့။ အောင်မြင်ထင်ရှား မိန်းမသားများဟာ ဒီလို စကားတည်ခြင်း ကတိမြဲခြင်းတို့နဲ့ပဲ သူ့ပတ်ဝန်း ကျင်က ပြိုင်ဘက်တွေကို ကျော်လွှာအနိုင်ရသွားတတ်မြဲပါ။


(၃) ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်

ပုထုဇဉ်ဆိုတာကတော့ ဖောက်ပြန်တတ်တဲ့ သဘာဝရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ ဖောက်ပြန်ချင်တဲ့စိတ်ကို သူတို့ရဲ့ ဟီရိသြတ္တပ တရားက ပြန်လည်ထိန်းချုပ်ပြီး ကြည့်လိုက်တာနဲ့ တည်ကြည်ခြင်း အပေါင်းစုလို့ သူတို့ရဲ့မြဲမြံတဲ့ ကိုယ်ကျင့်တရားကြောင့် လူကြည်ညိုစရာ အလိုလိုဖြစ်နေတတ်တာ သူတို့ရဲ့ သဘာဝပါ။


(၄) ကိုယ်ချင်းစာစိတ်ရှိကြတယ်

ကိုယ်ချင်းစာစိတ်မရှိရင် အောင်မြင်ပေမယ့် မထင်ရှားဘူး၊ ထင်ရှားမှုရှိလည်း မအောင်မြင်ဘူး။ အောင်မြင်ထင်ရှားနေပြီဆိုရင်တော့ သေချာပါတယ် သူ ဟာ ကိုယ်ချင်းစာတရားရှိသူ ဖြစ်ပါတယ်။ ကိုယ်တွေ ကိုယ်တွေ ချင်းသာ စာနာ တတ်သူကတော့ လူမုန်းများတတ်ပြီးကိုယ်တွေက အများကို စာနာတတ်မှ သာ လူချစ်လူခင်များတဲ့ အောင်မြင်ထင်ရှားသူအစစ်ပါ။


(၅) သူများရဲ့အရည်အချင်းကို တန်ဖိုးထားတယ်

တကယ့်အောင်မြင်ထင်ရှားသူတွေဟာ ကိုယ့်အရည်အချင်းတွေ တိုးမြင့်နေဖို့ ပဲ ကြိုစား၊ ကိုယ့်အရည်အချင်းကိုဘဲ ကိုယ်အသိအမှတ်ပြုတဲ့တစ်ကိုယ်တော် သမားမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်း ရှိသူ မှန်သမျှကို ချီးမြှင့်အားပေးလိုတဲ့ စိတ်ထားပိုင်ရှင်တွေပါ။


(၆) ဒေါသကို ထိန်းချုပ်နိုင်ကြတယ်

အင်မတန်သိသာတဲ့အချက်ပါ၊ သူတို့ဟာ ဖြစ်ပျက်ကြုံဆုံလာရတဲ့ အကြောင်း အရာမှန်သမျှအပေါ်မှာ သွေးအေးစွာ ဖြေရှင်းနိုင်သူတွေပါ၊ ဒေါသ ထွက်ခဲ့ ရင်တောင် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်တဲ့ အသိတရားတွေ ပိုင်ဆိုင် တတ် ကြပါတယ်။ ဒေါသထွက်လွန်းလို့ ရင်တွင်းဆူပွက်နေခဲ့ရင်တောင် သူ့ဒေါသ ကိုသူပဲ အသိခံပြီး ဒေါသကြောင့် အမှားတရားတွေကို ဖန်တီးမယ့် သူမျိုး မဟုတ်ပါဘူး။


ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး ထက်မြက်အောင်မြင်သော သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်..............................။


Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မစံပယ်နှင့် ခါးနာခြင်း...။

မစံပယ်တစ်ယောက် ခါးနာပြန်ပေါ်နေပါသည်...။ နာတာမှ တစ်နေရာထဲပင်မကပါ..။ တစ်ခုက အလေးအပင်မတာ မူမမှန်၍ခါးနာခြင်း ဖြစ်ပေါ်ခဲ့သည့်ဒဏ် ပြန်ပေါ်ခြင်းပင်..။ ဇန်န၀ါရီလဆန်းက မစံပယ်အိမ်ပြောင်းရပြန်သည်..။ ပစ္စည်းများ အမအပြုဍ် မစံပယ်ခါးနာ ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်..။ သက်သောင့်သက်သာနားလိုက်နိုင်လျှင် သုံးလေးရက်နှင် ပျောက်သွားနိုင်သော်လည်း မစံပယ်မှာ သက်သောင့်သက်သာနေနိုင်သောအခြေအနေမရှိပါ...။ ကျောင်းခဏအားတုံး ဆပ်စရာအကြွေးများကြေအောင် အချိန်ပိုင်းအလုပ်ကို ကုန်းကာလုပ်ရသည့်အတွက် ခါးနာပြန်ပေါ်သည်ကို အရေးမစိုက်နိုင်အားဘဲ ခါးနာရက်နှင့် ဆက်အလုပ်လုပ်ရာ နာနေသည့်ခါးမှာ သက်သာမလာသည့်ပြင် ထပ်ဆင့်ကာဆိုးလာခဲ့ပါသည်...။


ပုံထဲကလို မမိလို့ ခါးနာပြန်ပေါ်လာတာ..။ အဲဒီနာသွားတဲ့ဒဏ်က အလေးအပင်မတိုင်း ပြန်ပြန်ပေါ်တတ်တယ်...။ တစ်သက်လုံးဆင်ခြင်ပေရော့ပဲ...။ ဘာမှ လေးလေးပင်ပင် သိပ်မမနိုင်တော့ဘူး..။

ပုံထဲကလို နေရာကနာတာ...။ လက်ဖနောင့်နဲ့ဖွဖွထုလိုက်ရင် နာတဲ့နေရာ ခပ်အောင့်အောင့်လေးဖြစ်သွားတယ်..။ မြန်မာနိုင်ငံမှာတုံးကတော့ မစံပယ် Volteron ဆိုတဲ့ဆေးလုံးလေးတွေကို အစာအိမ်နာပျောက်တဲ့ဆေးနဲ့ တွဲသောက်တယ်..။ ဒူးနာပေါ်ရင်သောက်ဖို့ဆောင်ထားတာ..။ ခါးနာလာရင်လည်း အဲဒါလေးသောက်ပေးရတယ်..။ အခုစလုံးရောက်မှ မနာတာကြာပြီ..။ ခုမှပြန်နာလာတာ...။ သောက်စရာဆေးက ပါလာလား ၊ မပါလာလားကို မသိတော့ဘူး..။ ဆေးဗူးကိုက အခန်းထဲမှာထားစရာနေရာမရှိလို့ အထုပ်ထဲကမဖြေရသေးတော့ ခါးနာသက်သာတဲ့ဆေး ပါလား မပါလားကို မသိတော့ဘူး...။ အဲဒါက ဒဏ်ပိလို့နာတဲ့အနာ...။

နောက်တစ်နာကျန်သေးတယ်..။ ဒီနာတာက ဘာကဘယ်လိုဖြစ်လာမှန်းကို မသိဘူး..။ ခုပြန်ပေါ်လာတာကတော့ မစံပယ်အခုငှားနေတဲ့အခန်းက ကုတင်မှာသစ်သားပြားခံပေးမထားတော့ ညအိပ်ရင် မွေ့ယာက ကုတင်သံကိုသွားထိနေတော့ ကျောနာတာနဲ့ မစံပယ်က ကုတင်ကိုဖယ်ပစ်လိုက်ပြီး ကုတင်မပါဘဲ မွေ့ယာကို ကြမ်းပေါ်ချအိပ်တာ...။ ခါးနာနေတဲ့မစံပယ် မွေ့ယာပေါ်ထိုင်ဖို့လုပ်လိုက်တိုင်း အဲဒီနေရာကလည်း နာနာလာတယ်..။ ခုမှသတိထားမိတာ..။ မစံပယ်က ဘာတစ်ခုလေးလုပ်လိုက်လုပ်လိုက်၊ ဖြစ်လိုက်ဖြစ်လိုက် ပြီးပြတ်အောင်၊ သက်သာပျောက်ကင်းအောင် မလုပ်ခဲ့ဘူးဆိုတာကိုလေ..။ အခုတော့တစ်ခုဖြစ်တာနဲ့ နောက်တစ်ခုက ပြန်ပေါ်လာနေပြီ...။ ကုတင်ပါရင် ကုတင်ပေါ်ကို တင်ပါးလွှဲထိုင်ရုံပဲဆိုတော့ ဒီနေရာနာတာက ပြန်ပေါ်ချင်မှပေါ်မယ်..။ ခုတော့ ကြမ်းပြင်ပေါ်ကို ကုန်းထိုင်ရတာဆိုတော့ အနာပေါ်အနာဆင့် ဒီနေရာနာတာကပါ ထပ်ဆင့်ပြန်ပေါ်လာတယ်..။

မစံပယ်ကတော့ Pelvis လို့ခေါ်တဲ့ တင်ဆုံရိုးကွင်းက နာတယ်လို့ယူဆမိတာပဲ..။ ကြားဘူးနားဝတွေနဲ့ ရမ်းသမ်းမှန်းတုတ်တာလေ..။ မြန်မာနိုင်ငံမှာ body fitness သွားကစားတုံးက မှတ်မှတ်ရရ စဖြစ်ခဲ့တာပဲ..။ ဘယ်လိုကနေဘယ်လိုဖြစ်မှန်းကို တကယ်မသိတော့ဘူး..။ မွေ့ယာနဲ့အိပ်လို့ဖြစ်တာလို့ပြောလို့ မြန်မာနိုင်ငံမှာကတည်းက မစံပယ် မွေ့ယာနဲ့အိပ်ကျင့်မလုပ်တော့တာ ကြာပြီ..။ ခုတော့ အဲဒီအနာနှစ်ခုလုံးပြန်ပေါ်နေတာ..။ ဆရာဝန်ပဲပြရတော့မလို..။ City Hall မှာပဲ ဆေးရှာဝယ်ပြီးသောက်ရတော့မလိုဖြစ်နေတယ်..။

ခုတော့ ကုတင်မပါ၊ စာကြည့်စားပွဲမပေးတဲ့ အခန်းထဲမှာ ကြမ်းပေါ်မှာ မွေ့ယာခင်းလို့ ကိုယ့်ရဲ့စားပွဲပုလေးနဲ့ပဲ စာဖတ်မလို့ထိုင်လိုက်တိုင်း ငါးမိနစ်မပြည့်ခင် နာလာတဲ့ အရိုးအကြောတွေကြောင့် မစံပယ်မှာ တစ်နေကုန် အိပ်ယာထဲလှဲပြီး စာဖတ်နေရကြောင်းပါ..။

ငရုတ်ဆုံ သင်္ခန်းစာ..။

မစံပယ် မန္တလေးတွင် ကျောင်းနေစဉ်ကဖြစ်ပါသည်..။

သီးဆစ်အတွက် ကွန်ပျူတာသုံးရန် လျှပ်စစ်မီးအမြဲလိုမည်ဖြစ်သောကြောင့် မိန်းတက္ကသိုလ်ဝင်းထဲတွင် မီးအချိန်မှန်လာတတ်သောကြောင့် မိန်းဝင်းကြီးထဲတွင် အဆောင်နေရန် စီစဉ်ရပါသည်..။ မစံပယ်နေရမည့်အဆောင်ထားသည့် အိမ်တွင် မစံပယ်တို့သည် အပေါ်ထပ်တွင်နေရပါမည်..။ အိမ်တစ်အိမ်တွင် ၀န်ထမ်းနှစ်စုနေရသောကြောင့် အောက်ထပ်တွင် မိသားစုတစ်စုနေပါသည်..။ မစံပယ်တို့အပေါ်ထပ်တွင် မိန်းကလေးများချည်း နေကြပါသည်..။ အဆောင်ပိုင်ရှင်ဆရာမမှာ ရန်ကုန်မှလာရောက်အမှူထမ်းသော ချောမောလှပသည့် အိမ်ထောင်ရှင်မ ဆရာမတစ်ဦးဖြစ်ပါသည်..။ မိသားစုမပါဘဲ တစ်ယောက်တည်းနေသောကြောင့် အဆောင်ထားပါသည်..။

မစံပယ်ရောက်သွားသောအခါ ထိုဆရာမနှင့်အတူ မိန်းကလေးနှစ်ယောက် အဆောင်နေပါသည်..။ တစ်ယောက်မှာ ကျူရှင်ပြစားသူတစ်ယောက်..၊ တစ်ယောက်မှာ အလုပ်လုပ်သောတစ်ယောက်ဖြစ်ပါသည်..။ ကျူရှင်ပြစားသူတစ်ယောက်သည် ဟင်းအမြဲတမ်းချက်ပါသည်..။ အဆောင်ပိုင်ရှင်ဆရာမနှင့်အတူစားကြရာ သူမက ထမင်းဟင်းပုံမှန်ချက်တတ်ပါသည်..။ မစံပယ်မှာ ထမင်းဟင်းချက်ခွင့်မရသောအဆောင်မှပြောင်းလာကာစဖြစ်ကာ ထမင်းပေါင်းအိုးတည်နည်းကိုသာ မှတ်မိတော့လျက် ဟင်းချက်နည်းများမေ့ကုန်ကာ အစိမ်းကျော်လိုက်..၊ ကြက်ဥကြော်လိုက်နှင့် ပြီးနေပါတော့သည်..။


ထိုမိန်းကလေးမှာတော့ ထုလိုက်ထောင်းလိုက်..၊ ကြော်လိုက်လှော်လိုက်နှင့် မစံပယ်တို့မှာ သားရေကျရပါသည်..။ ထိုအိမ်အပေါ်ထပ်တွင် ငရုတ်ဆုံကြီးလည်းရှိနေပါသည်..။ မစံပယ်မှာ ဟင်းမယ်မယ်ရရမချက်သောကြောင့် ထိုငရုတ်ဆုံကြီးကို အသုံးမပြုဖြစ်ပါ..။ အောက်ထပ်မှဆရာမိသားစုကိုတော့ မစံပယ်က ရင်းနှီးနေပါသည်..။ ညနေတိုင်းကိုရီးယားကား သွားကြည့်သောကြောင့် ဖြစ်ပါသည်..။

တစ်နေ့လည်ခင်း မစံပယ်အပြင်မှပြန်ရောက်ခိုက် မစံပယ်တို့အပေါ်ထပ်တွင် အောက်ထပ်မိသားစုမှ ဆရာကတော် ရောက်နေသည်ကိုတွေ့ရပါသည်..။ အဆောင်ပိုင်ရှင် ဆရာမမရှိပါ..။ ကျန်သောအဆောင်သူဟောင်းနှစ်ယောက်ကိုသာ ဆရာကတော် နာ့စ်မနှင့်အတူတွေ့ရပါသည်..။ မစံပယ်အ၀တ်လဲနေစဉ် အောက်ထပ်မှနာ့စ်မ ထ ပြန်ပါသည်..။ မပြန်ခင်သူ့လက်ထဲတွင်ကိုင်လာသော ပိတ်စအဖြူလေးကို ကျူရှင်သင်သော အဆောင်သူအဟောင်းကို ပေးလိုက်ကာ ငရုတ်ဆုံထောင်းလျှင် ထိုအ၀တ်လေးခံထောင်းပေးပါဟုပြောကာ ဆင်းသွားပါသည်..။

ထိုဆရာမဆင်းသွားမှ ကျန်သောအဆောင်သူနှစ်ယောက်က ငရုတ်ဆုံထောင်းတာ နားငြီးလို့ ပညာသားပါပါ စကားရောဖောရောတက်လာပြီး အ၀တ်စုတ်လာပေးသွားတာဟုဆိုကာ အလုပ်လုပ်သောတစ်ယောက်က ကျူရှင်သင်သောတစ်ယောက်ကို ရယ်ပွဲဖွဲ့ကာပြောပါသည်..။ ကျူရှင်သင်သောတစ်ယောက်မှာ မျက်နှာမကောင်းပါ..။ မစံပယ်တို့အပေါ်ထပ်တွင် ငရုတ်ဆုံသုံးသည်မှာ ထိုတစ်ယောက်သာရှိပါသည်..။ ထို့ကြောင့်ထင်ပါသည်..။ မစံပယ် ညနေခင်း ဇာတ်ကားဆင်းကြည့်ချိန်တွင် မစံပယ်ကိုဟင်းချက်စားသလား..၊ ဘာဟင်းတွေချက်တတ်လဲဟု မေးဖူးသည်ကို အမှတ်ရလိုက်မိပါသည်..။ အစိမ်းကြော်နှင့် ကြက်ဥကြော်မှလွဲလျှင် မချက်ဖြစ်ကြောင်းဖြေလိုက်သောအခါ ငရုတ်ဆုံထောင်းသည်မှာ မစံပယ်မဟုတ်ကြောင်း ရိပ်မိသွားသည်ထင်ပါသည်..။

ထိုကဲ့သို့တက်ပြောချင်နေသည်မှာ ဘယ်အချိန်ကတည်းကမှန်း မသိရပါ..။ မစံပယ်တို့ မီးဖိုဆောင်နဲ့အောက်တည့်တည့်တွင် အောက်ထပ်မှဆရာမ၏မိခင် အဘွားအိပ်ပါသည်..။ အဘွားမည်မျှ ခံရခက်ပါမည်နည်း..။ အပေါ်ထပ်မှ ငရုတ်ဆုံထောင်းလျှင် ခေါင်းကိုလာထုသလို ခံရခက်ပါလိမ့်မည်..။ သူတို့ပြောဖို့ တာစူနေသည်မှာလည်း ကြာပြီထင်ပါသည်..။ မစံပယ်လာမှ ပြောဖို့အထမြောက်သွားသည်ဟု ထင်ပါသည်..။


ထိုအချိန်မှစ၍ မစံပယ်၏နောက်နောင်တစ်သက်တွင် ငရုတ်ဆုံအသုံးပြုပါက ကြီးကြီးသေးသေး အ၀တ်ခံ၍သာ သုံးပါတော့သည်..။ မစံပယ်တို့အိမ်တွင် ငရုတ်ဆုံမှာ မြေပေါ်တွင်ပင်ရှိရာ ခံစရာမလိုပါ..။ ငရုတ်ဆုံမှာလည်း အကြီးကြီးဖြစ်ပါသည်..။ ယခုစလုံးတွင်လည်း မစံပယ်တို့နေသောအိမ်ဍ္ဍ် အိမ်ရှင်ငရုတ်ဆုံ ထားထားခဲ့ရာ မစံပယ်မှာ ငရုတ်ဆုံသုံးတိုင်း မန္တလေးမှအဖြစ်အပျက်ကိုအမှတ်ရမိနေသောကြောင့် အမျိုးသမီးများ သတိပြုမိစေခြင်းငှာ အမျိုးသမီးကဏ္ဍအတွက်ရည်ရွယ်ရေးသားလိုက်ရပါတော့သည်..။

အပျိုကြီးများ၏ စရိုက်လက္ခဏာများ..။

ဒီအကြောင်းရေးဖို့စိတ်ထဲရောက်နေတာ တော်တော်ကြာနေပါပြီ...။ ရေးမယ်ရေးမယ်နဲ့ မကောင်းပါဘူးလေဆိုပြီး မရေးဘဲနေနေနေတာပါ..။ အခုတော့ဘလော့ကဘာကိုဦးတည်တဲ့ဘလော့လဲဆိုတာ သတ်မှတ်လို့မရသေးတဲ့ ဘလော့ရေးတဲ့သူကိုယ်တိုင် ဘာကိုအားသန်မှန်းကိုယ်ဘာသာ သုံးသပ်ဆဲကာလလို့ပဲဆိုရပါလိမ့်မယ်...။
မစံပယ်စိတ်ထဲအမှတ်ထင်ထင်သိရှိလာတဲ့အကြောင်းအရာတစ်ခုကို ပြန်ဖောက်သည်ချခြင်းလို့ပဲသတ်မှတ်ပေးပါ..။

ဘာလို့အပျိုကြီးဖြစ်ကြတာလဲ...?

မစံပယ်စဉ်းစားမိသလောက်ဆိုရင် အပျိုကြီးဖြစ်ရခြင်းအကြောင်းရင်းတွေ ရှိပါတယ်..။ မစံပယ်စဉ်းစားမိသလောက်ပြောချင်ပါတယ်...။

(၁)ကိုယ်လုပ်ချင်တဲ့ Target မပြည့်မီသေးလို့ နောက်မှရည်းစားထားမယ်လို့အချိန်ရွှေ့ရင်း အချိန်ကုန်သွားလို့...၊ အချိန်လွန်သွားလို့....။
(၂)ကိုယ်မှန်းထားတဲ့အရည်အချင်းရှိတဲ့သူမျိုး မတွေ့ရလို့..။
(၃)ဆရာလုပ်ချင်တယ်..။ တော်တော်များများကိုယ်သိတယ်..။ ကိုယ်လုပ်တတ်တယ်လို့ယူဆတယ်..။ အဆိုးဆုံးကတော့ ကိုယ်လုပ်မှကောင်းတယ်..။ ကိုယ်မပါရင်ဘယ်ဟာမှကောင်းကောင်းမပြီးသွားဘူးလို့ ယူဆတယ်..။

ဒီနှစ်ချက်ကတော့ မစံပယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တစ်ချက်နဲ့ မစံပယ်နဲ့ခင်တဲ့ညီမလေးတစ်ယောက်ကြုံတွေ့နေတဲ့တစ်ချက်ဖြစ်ပါတယ်..။

အပျိုကြီးတွေရဲ့စရိုက်လက္ခဏာ...။

လာပြီ မစံပယ်ပြောချင်တဲ့အပိုင်း..။ အပုပ်ချတယ်လို့မထင်စေချင်ပါ...။ သတိထားမိလောက်အောင်ကို အပျိုကြီးဖြစ်ဖို့ထိုက်တန်တဲ့ အပျိုကြီးနှစ်ယောက်တွေ့ခဲ့ဘူးပါတယ်...။ တစ်ယောက်ကမစံပယ်ဆရာမအရင်းပါ..။ ဆရာနဲ့တပည့်နားလည်မှူရ ချစ်ခင်သွားတဲ့နောက်မှာ မစံပယ်က မစံပယ်ရဲ့ဆရာမနဲ့ ရင်းရင်းနှီးနှီး သွေးသားရင်းချာလိုခင်မင်ခဲ့ကြပါတယ်..။ အဲဒီမှာဆရာမရဲ့ အပျိုကြီးလက္ခဏာလေးတွေ မစံပယ်သတိထားမိလာတာပါ..။ အဲဒီအချိန်က ဆရာမက အသက် ၃၇ ထဲလောက်မှာပါ..။ မစံပယ်က ၂၆ လောက်ပေါ့နော်...။ ဆရာမဆီအလည်သွားပြီး ဆရာမနဲ့တစ်ခုတင်တည်း အတူအိပ်ကြပါတယ်...။ ဆရာမအသန့်အပြန့်ကြိုက်တာကတော့ ထည့်မပြောတော့ပါဘူး..။ သန့်ပြီးတောက်ပြောင်နေတဲ့ သန့်ဖြူသစ်ပါ...။ အဲဒီမှာ ဆရာမက မစံပယ်ဘာလေးလုပ်လုပ် ပန်းကန်လေးဆေးတာကအစ သမီးဘယ်လိုလေးဆေးလိုက်...၊ သမီး ပန်းကန်ကိုဘယ်လိုလေးထား..၊ သမီး လမ်းကချော်တယ် ဖြေးဖြေးသတိထားသွား...၊ သမီး ပန်းကန်ကိုဘယ်လိုမှောက်ဆိုတာတွေ အသေးစိပ်ကစလိုက်ပြောနေပါတယ်..။ မစံပယ်ကအခုပြန်ရေးပြနေတာက ငြိုငြင်လို့မဟုတ်ပါဘူး...။ မစံပယ်က ဆရာမအသေးစိပ်လေးတွေကအစ လိုက်ပြောနေတာကို ဆရာမစိတ်ကြိုက်နေနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် မစံပယ်စိတ်ထဲ အော်.. ငါ့ဆရာမ ဒါကြောင့်လည်းအပျိုကြီးဖြစ်တာကိုး လို့ သတ်မှတ်မိပါတယ်..။ သူအသေးစိပ်လိုက်ညွှန်ကြားပြသပေးနေတဲ့ မစံပယ်က အသက်၂၆ ၂၇ ပါ..။ ဒါကြီးကိုအသေးစိပ်ထိ သူ့စိတ်တိုင်းကျဖြစ်ချင်နေတဲ့ဆရာမရဲ့ ဆရာလုပ်ချင်တဲ့စိတ်ကြောင့် အပျိုကြီးဘ၀မှာမြဲနေတာလို့ မစံပယ်သတ်မှတ်မိပါတယ်..။

တကယ်တော့ဆရာမမှာ သူနဲ့သက်တူရွယ်တူ လူပျိုသူငယ်ချင်းတစ်ယောက်ရှိပါသေးတယ်..။ သူတို့ဇာတ်လမ်းကလည်း ဘာလိုလိုညာလိုလိုနဲ့ အဲဒီလူပျိုကြီးက မစလာပါဘူး..။ ဒါပေမယ့်ပုံစံကြည့်ရတာက ဆရာမကိုယူလည်းယူချင်တယ်..။ ဆရာလုပ်လွန်းတော့ သူနဲ့ သူ့ညီမတွေနဲ့ ရေရှည်မှာအဆင်ပြေနိုင်မယ်မထင်ဘူးဆိုပြီး ရှေ့မဆက်တော့ပုံလို့ မစံပယ်ယူဆပါတယ်..။ ဘယ်အချက်တွေကအဲဒီအစ်ကိုကိုစိတ်ပျက်စေလဲဆိုရင် တစ်ခါကမစံပယ်ဆရာမနဲ့အဲဒီဆရာမသူငယ်ချင်းလူပျိုအစ်ကိုကြီးနဲ့ အဲဒီအစ်ကိုကြီးမြို့ကိုလူကြုံပစ္စည်းပို့ဖို့ ရန်ကုန်ကားဂိတ်ကိုအတူတူသွားကြတယ်တဲ့...။ ဟိုရောက်တော့မှ အထုပ်ကကြိုးချည်ပြီး လေဘယ်တပ်ဖို့လုပ်တာ အစ်ကိုကြီးက အေးစက်စက်စိုစိစိနဲ့လုပ်နေတယ်တဲ့...။ အဲဒါကိုစိတ်မရှည်တဲ့မစံပယ်ဆရာမက သူပဲကြိုးရှာ..၊ သူပဲချည်..၊သူပဲတုပ်ပြီး..၊ သူပဲလေဘယ်တပ်..၊ သူပဲပစ္စည်းအပ်တာတွေလုပ်ပြီး သူငယ်ချင်းကို နင်ဖယ် နင်ဖယ်လို့ နောက်ကထားပါတယ်တဲ့..။ အဲဒါနဲ့ဟိုလူပျိုကြီးကလည်း မစံပယ်တို့ဆရာမကို ဘယ်တော့မှရည်းစားစကားမပြောတော့တာလို့ မစံပယ်ကယူဆပါတယ်...။ ဆရာမက ဘာလေးလုပ်လုပ်သူလုပ်မှဟုတ်တယ်ထင်တဲ့ စိတ်လေးက၀င်နေပါပြီ.....။ ယောကျာ်းတွေကိုအထင်မကြီးသလိုလိုပုံကလည်း ဖမ်းထားတာလား...၊ တကယ်လားမသိနိုင်ပါဘူး..။ အသန့်ရှင်းကြိုက်တယ်..၊ ဆရာလုပ်ချင်တယ်..။ ငါလုပ်တာမှအကောင်း...၊ ငါလုပ်တာမှအမှန်လို့ ယူဆတတ်တယ်...။ ဘယ်အရာမှသူမပါဘဲပြီးသွားတာမျိုးမရှိစေချင်ဘူး...။ သူပါမှပြီးတယ်..၊ ကောင်းတယ်လို့ယူဆတယ်..။ ဒါက ဆရာမဆီကနေသိလာတဲ့ အပျိုကြီးလက္ခဏာတွေပါ...။

နောက်တစ်ယောက်ကတော့ အဆောင်နေတော့ ဟိုဘက်ခန်းဒီဘက်ခန်း ၇လ ၈လလောက်နေဘူးတဲ့ အပျိုကြီးမမတစ်ယောက်ပါ..။ အဲဒီအစ်မက အသန့်ရှင်းကြိုက်တာ..။ စတိုင်ထွားအောင်နေတာ..။ ပိုက်ဆံကိုကပ်စေးနှဲတာ..။ အဲဒီအစ်မကကျတော့ မနက်တိုင်းအလုပ်မသွားခင် အားလုံးကိုသေချာသိမ်းသွားတတ်ပါတယ်..။ ပြီးတော့မစံပယ်တို့ကို ဂုဏ်ယူစွာနဲ့ပြောတယ်..။ အစ်မကလေ အင်္ကျီတွေဆို ညီ.........နေအောင်သေချာခေါက်တာ..။ စာအုပ်အနှောင့်တွေဆို ညီ......နေအောင်သေချာထားတာ.. စသဖြင့် မစံပယ်တို့ကို သူသန့်ရှင်းရေးဘယ်လိုလုပ်တယ်ဆိုတာ ဂုဏ်ယူစွာပြောပြပါတယ်..။ သူပြောတဲ့ပုံစံကို မစံပယ်ဖြင့်ခုထိမျက်စိထဲမြင်နေတုံးပါပဲ..။ အဲဒီတုံးကမစံပယ်ကလည်း ဘဲ ဆိုတာ ဘယ်မှာရှိမှန်းမသိတဲ့သူလေ..။ ပြီးတော့ဆက်ပြောသေးတယ်..။ အခုအချိန်ထိ အစ်မအသက်တစ်လျှောက် ဘယ်ယောကျာ်းလေးမှ ချစ်တယ်.......ဆိုတာ မပြောဘူးသေးဘူး လို့ မစံပယ်တို့ကို အမှန်အတိုင်းရင်ဖွင့်တာလား..၊ ဂုဏ်ယူပြီးပြောတာလားမသိပါဘူး..။ အဲဒီတော့သူ့အသက်က ၃၆ ထဲရောက်ပါပြီ..။ မစံပယ်စိတ်ထဲတော့ သူအဲဒါကိုဂုဏ်ယူသလိုမယူပါဘူး..။ စိတ်ထဲကတော့ အောင်မငေး ဒီအရွယ်အထိ ရည်းစားစကားအပြောမခံခဲ့ရဘူးလားမသိလို့ ရယ်ချင်မိပါတယ်..။

ဒါပေမယ့်မထင်နဲ့နော်..။ facebook ကနေ မသိတဲ့လူတွေလက်ခံပြီးတော့ သူလက်ခံနိုင်လောက်တဲ့သူတွေကို အပြင်မှာတွေ့တာတွေ ဘာတွေတော့ လုပ်ပါတယ်..။ သူကတော့ သူ့ကိုယ်သူစမတ်ကျအောင် ကျော့မော့သန့်ရှင်းအောင်နေရင်း ကြိုးစားရင်း လုပ်ကိုင်ရင်း... အော် သူပြောတယ်.. သူအထင်ကြီးလောက်တဲ့သူ တွေ့ကိုမတွေ့သေးဘူးလို့..။ မစံပယ်ကတော့ ရယ်မောရင်းနဲ့ အဲဒီအစ်မကို အနော်ကတော့ ယောကျာ်းယူကိုယူမှာ...၊ အသန့်ရှင်းလည်းသိပ်မကြိုက်လှပါဘူးလို့ ပြန်ပြောလိုက်တယ် ကွယ်..။ ငှဲ ငှဲ ငှဲ..။ (တီချမ်းလေသံနဲ့..။)

ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူမလဲ..။

အင်း ငါဝင်ပြီး အကြံပေးရင်တော့ ရှုပ်ကုန်တော့မယ်
Quote

(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)

ညီမလေး အေး ရေ
တစ်ယောက်တစ်မျိုးစီဖြေကြမှာပါဘဲ
အခုဖြေသူက တော့ သူ့ ရဲ့ ဟာသဆန်တဲ့ သဘောနဲ့ဖြေကြားပုံရပါတယ်
ကျွန်တော်ငယ်ငယ်က ငယ်သူငယ်ချင်း မောင်နစ်မအားလုံးနဲ့ကို ခင်ကြတဲ့ သူငယ်ချင်းမလေးရှိခဲ့ပါတယ် ဆိုရှယ်ကျတယ် အားလုံးနဲ့ခင်မင်ဖေါ်ရွေစွာနေတတ်တယ် ကျောင်းနေစဉ် ရည်းစားများတယ် အလှကြိုက်တယ်
ကျောင်းပြေးတယ် ရုပ်ရှင်ကြည့်တယ် ဒါပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တဲ့သူပါ ဘွဲ့ရပြီးခါစမှာ သူကမေးတယ် သူ ရည်းစားများခဲ့တဲ့ အချက်ကြောင့် အိမ်ထောင်ပြုဖို့စဉ်းစားတိုင်း သူ့ကို အတည်တကျတန်ဖိုးထားပြီး တင့်တောင့်တင်တယ် ထိမ်းမြားလက်ထပ်ဖို့တောင်းဆိုသူ ရှိနိုင်ပါဦးမလား လို့မေးခဲ့ဘူးပါတယ် ကျွန်တော်ဖြေခဲ့တာကတော့ မူလတန်း ပြ ကျောင်းဆရာမလေး ၀င်လုပ်ပါလို့ ပြီးတော့် နင်အခု မကောင်းတာကို မကောင်းမှန်းသိနေပြီ
ကိုယ့်ကိုကိုယ်လည်းထိန်းသိန်းနိုင်နေပြီ တစ်ကယ့်ကို စေတနာ ဆရာမလေး အလုပ်ကို စိတ်နှစ်ပြီးပျော်ဝင်လုပ်ကြည့်ပါ
အလုပ်ရဲ့ ဂုဏ်သိက္ခာ အလုပ်ရဲ့ တာဝန်ယူတာဝန်ခံရမှုတွေက နင့်ကို ပျော်ရွှင်စေမှာပါ ပြီးတော့ ချောမောလှပတဲ့ မိန်းခလေးတွေ အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံလေးနဲ့ သိပ်လိုက်ဖက်တာမို့ နင့်ကို တန်ဖိုးထားပြီး နှစ်သက်လိုလားစွာ အနာဂတ်ခရီးကို အတူလက်တွဲပြီး လျှောက်လိုလှပါတယ်ဆိုပြီးတောင်းဆိုလာမယ့်သူတွေ အများကြီးရှိလာတာနင်တွေ့ပါလိမ့်မယ် ဆိုပြီး အကြံပေးခဲ့ပါတယ်
အခုတော့ သူက အထက်တန်းပြဆရာမတစ်ဦးဖြစ်နြေ့ပီး ခင်ပွန်းသည်ကလည်း တပ်မတော်အရာရှိတစ်ဦး သားသမီးတွေနဲ့ စိတ်ချမ်းမြေ့ဖွယ် မိသားစုဘ၀လေးနဲ့တွေ့နေရတာမို့ ကျွန်တော့်ရဲ့ အကြံပြုချက်လေးက တန်ဖိုးရှိကြောင်း သူနဲ့တွေ့တော့ပြောပြပါတယ်
လမ်းလွဲသွားနိုင်တဲ့အချိန်မှာ လူတိုင်းက အကူအညီတောင်းဆိုတတ်ပါတယ် အရေးကြီးတဲ့ တစ်ဒင်္ဂ လေးမှာ သူတို့ ဦးနှောက်ထဲ ကို မှန်ကန်သင့်မြတ်တဲ့ အသိတရားလေး ထည့်ပေးနိုင်ရင် တော်တော်များများလမ်းလွဲမယ်မထင်ပါဘူးနော်။


နိုင်ဆက်(လေးဆက်)

ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူမလဲ..။

လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက် အမေရိကားရှိ စီးပွားရေးဖိုရမ်တစ်ခုမှာ “ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို ရနိုင်မလဲ” လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့တယ်။

“အောက်ကစာတွေက ကျွန်မစိတ်ထဲက စကားတွေပါ။ ကျွန်မ အသက်၂၅နှစ်၊ လူတကာ ငေးမောရလောက်အောင် လှတယ်။ စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။ ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက် ကျွန်မတောင်းဆိုတာ မများဘူးလို့ ထင်ပါတယ်။

ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့ လက်ထပ်ကုန်ပြီလား? အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ? ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။ ဒါ ကျွန်မရဲ့အနှိမ့်ဆုံး ကန့်သတ်ချက်ပေါ့။ နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။ ကျွန်မက တကယ်အကြံဥာဏ် လာတောင်းသူပါ။ ကျွန်မ ထပ်မေးချင်ပါတယ်။

(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ? (အရက်ဘား၊ ဟိုတယ်၊ gym စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)

(၂) ဘယ်အရွယ် သူဌေးတွေကို ကျွန်မ ပစ်မှတ်ထားရမလဲ?

(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့ သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့ မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့ အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)

Bowers


သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက အောက်ပါအတိုင်း ဖြေခဲ့တယ်။

“ချစ်လှစွာသော Bowers
ရေးထားတဲ့ စာအားလုံးကို ကျွန်တော် စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။ မိန်းကလေး အများကလည်း ခင်ဗျားလိုပဲ မေးချင်ကြမယ် ထင်ပါတယ်။ ခင်ဗျားရဲ့အမေးကို ရင်းနှီးမြှုပ်နှံသူ ရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။ ကျွန်တော်ရဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်း ကျော်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အချိန်ကို ကျွန်တော် မဖြုန်းဘူးလို့ ယုံကြည်ပါတယ်။

စီးပွါးရေးသမားတစ်ဦးရဲ့ အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ အဆိုးဝါးဆုံး ရောင်းဝယ်မှုပဲဖြစ်တယ်။ အကြောင်းက ရှင်းရှင်းလေးပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခင်ဗျားပြောတဲ့ စကားအရဆိုရင် ဒါဟာ “ရုပ်ရည်” နဲ့ “ငွေကြေး” လဲလှယ်မှု တစ်ခုပါပဲ။ တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က ငွေကြေးပေးမယ်။ ဒါဟာ သင့်မြတ်တဲ့ လဲလှယ်မှုပေါ့။ ဒါပေမဲ့ မပြောမဖြစ် ပြောစရာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ ရုပ်ရည်က ပျောက်ပျက်တတ်တယ်။ ငွေတွေက ဘာမှမလုပ်ပဲနဲ့တော့ မပျောက်ပျက်သွားတတ်ဘူး။ ကျွန်တော်ရဲ့ ၀င်ငွေက တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။ ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာ မဟုတ်ဘူး။

စီးပွါးရေးပညာအရ ပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက တန်ဖိုးကျပစ္စည်း ဖြစ်တယ်။ ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့် ပစ္စည်းဖြစ်တယ်။ ခင်ဗျား အခု ၂၅နှစ် နောက်ထပ် ၅နှစ်မှာ ခင်ဗျား အခုလို လှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ် ဆုတ်လျှော့လာမှာပဲ။ လှပတဲ့ မျက်နှာက ဆုတ်လျှော့တာ ပိုမြန်လိမ့်မယ်။ တကယ်လို ရုပ်ရည်ဟာ ခင်ဗျားရဲ့ အရင်းအနှီးဆိုရင် နောင် ၁၀နှစ်မှာ ခင်ဗျား ဘာမှမရှိတော့ဘူး။

ကျွန်တော်တို့ Wall Street စကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့ ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ ရှိတယ်။ ခင်ဗျားနဲ့ ဆိုရင်တော့ လဲလှယ်မှု အနေအထား (trading position)ပေါ့။ ဈေးကျတာနဲ့ ချက်ချင်း လက်လွတ်လိုက်ရတယ်။ ကြာရှည် သိမ်းထားလို့ မဖြစ်ဘူး။ ဈေးကျမြန်တဲ့ ပစ္စည်းတစ်ခုကို လူတွေက အပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာ ချေးငှားကြမှာပဲ။ တစ်နှစ် ၀င်ငွေ ၅သိန်းဝင်တဲ့ လူတွေက လူတုံးလူအတွေတော့ မဟုတ်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ပဲ တွဲကြမယ်။ လက်ထပ်ဖို့အထိတော့ ရည်ရွယ်ကြမှာ မဟုတ်ဘူး။ သူဌေးတွေကို ဘယ်လို လက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်း ရှာမနေပါနဲ့လို့ ကျွန်တော် အကြံပေးပါရစေ။

ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက တုံးအတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး စကားတစ်ခွန်း ပါးလိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

ဘယ်သူ အပျိုစစ်ပါသလဲ .....

Quote

အဲဒီတော့လိမ္မာပါးနပ်တဲ့မိန်းကလေးတွေဆိုရင် ဘယ်တော့မှ ယောကျာ်းတွေရှေ့ကမနေကြပါဘူး..။ နောက်ကွယ်ကနေပဲ မသိမသာလေးနေကြပါတယ်..။ ဒီအထဲက ညီမလေးကတော့ မလိမ္မာမပါးနပ်ရှာလို့ပေါ့..။ နှစ်ယောက်လုံးအတွက် စိတ်မကောင်းပါဘူးလေ..။


အစ်မအေးပြောမှသတိရတယ်။ ဟုတ်တယ်။ ဘယ်ဝထ္တုလဲတော့မမှတ်မိတော့ဘူး ၀တ္ထုတိုပါပဲ။ လွန်ထားထားထင်တယ်။ အဲထဲမှာလေ ကောင်လေးက အရမ်းထက်တဲ့ကောင်မလေးနဲ့ရည်စားဖြစ်တာ။ သူကအရမ်းကိုတော်တယ် ဦးဆောင်နိုင်တယ်။လည်လဲလည်တယ်ပေါ့။ ကောင်လေးကိုလဲအရမ်းချစ်တော့သူပဲအမြဲတမ်းအပင်ပန်းခံပြီး လုပ်ပေးတယ်။ ကြာတော့ကောင်လေးစိတ်ထဲမှာသူ့ကိုယ်သူ အသုံးမကျတဲ့လူတစ်ယောက်လိုမြင်လာတယ်။ ဘေးကလဲဝိုင်းပြောကြတာပေါ့နော်။ မင်းရည်းစားကအရမ်းထက်တာပဲ။ bus စီးရင်တောင်ကောင်မလေးကတော့ သဘောရိုးပေါ့အရမ်းချစ်တော့သူအရင်တက်ပြီးတော့ကောင်လေးကိုရေရာပေးတာ။ ဒါပေမယ့်ကောင်လေးစိတ်မှာကျတော့ သူ့ကိုအရှက်ခွဲတယ်လို့ထင်တယ်လေ။ ကြာတော့သူတို့အဆင်မပြေဖြစ်ပြီးပြတ်သွားတယ်။ နောက်ကောင်လေးကကောင်မလေးရတယ်။ အဲကောင်မလေးက ခပ်ညံ့ထဲကပဲပေါ့။ ဒါပေမယ့်ပတ်ဝန်းကျင်ကသတ်မှတ်တာပါ။ ဘာလို့လဲဆိုတော့ တကယ်တန်းလည်တာက နောက်ဒုတိယကောင်မလေးကမှလည်တာ။ သူအကုန်လုပ်တက်ရဲ့သားနဲ့ ကောင်လေးကိုနေရာပေးသလိုနဲ့အကုန်ခိုင်းတယ်လေ။ ဥပမာပေါ့ မောင်ရေ မီးသီးကဘာဖြစ်သွားတာလဲ မသိဘူးမောင်လာကြည့်မှဖြစ်မယ်ထင်တယ် ဆိုတာလေးပေါ့။ ဒါကတော့ မီးသီးလဲတာလောက်ကတော့ လုပ်တက်ပါတယ်။ နေရာပေးတာပေါ့။အဲလို ပျောပျော့နဲ့ခိုင်းတယ်။ အဲဒါကျတော့ယောင်္ကျားလေးစိတ်မှာ ထင်တာက သူကဦးဆောင်ရတော့ လုပ်ရတာမမြင်ပဲနဲ့ကျေနပ်နေတယ်လေ။ အော်စဉ်းစားကြည့်မိတယ် အပြင်မှာလဲအဲလိုတကယ်ပဲရှိမှာပဲလို့။ ယောင်္ကျားလေးတော်တော်များများက ထက်မြက်တဲ့မိန်းကလေးတွေကိုသဘောတော့ကျကျပါတယ်။ ဒါပေမယ့်အိမ်ထောင်ဖက်အနေနဲ့သိပ်မရွေးကြဘူးလားလို့။ခုနက တာရာပွလေး ပြောသလိုပေါ့။ အဲလိုမိန်းကလေးကလဲ သူ့မာနနဲ့သူကိုး။ ဒါပေမယ့်  ထက်တဲ့တော်တဲ့မိန်းကလေးတိုင်း အကုန်လုံးတိုင်းတော့ သူ့ထက်အရည်အချင်းနိမ့်တဲ့သူနဲ့ရတာမဟုတ်ပါဘူး။ အပျိုကြီးဖြစ်ကြတာများမယ်ထင်ပါတယ်။ တကယ်တန်းကျတော့ လည်တဲ့သူက သူလည်တယ်ဆိုတာကိုဘယ်တော့မှမပြကြပါဘူး။ အဲဒါကမှတကယ်လည်တာပါ။ ပါးနပ်တာပါ။

ဘယ်သူ အပျိုစစ်ပါသလဲ .....

Quote from: skhaung on August 17, 2010, 05:35:43 AM

အင်း အဲဒါလေး ဘယ်သူ ပြန် modify သလဲတော့မသိဘူး၊ ငယ်ငယ်က မဂ္ဂဇင်း တစ်ခုထဲမှာ ဖတ်ဖူးပါတယ်၊ ဆရာဝန်စာရေးဆရာမ တစ်ယောက်ရေးတာပါ
မူရင်း ဝတ္ထုတို အမည်က “အစ်တိုးပစ် အပျိုစင် (Ectopic)” ပါတဲ့ခင်ဗျာ၊ ဘာပဲဖြစ်ဖြစ်ပေါ့ အခု ဒီဇာတ်လမ်းလေးလဲကောင်းပါတယ်၊ အဓိ ဇာတ်ကောင်က ဆရာဝန် မဟုတ်တော့တာကလွဲရင်ပေါ့
သဘောလဲကျပါတယ် ပြန် modify ပေးသူကိုရောပေါ့

လေးစားလျှက်


အက်တိုးပစ်အပျိုစင်က ယဉ်မင်းဦး(ဆေးတက္ကသိုလ်)ပါ..။ မဖတ်ဘူးပါဘူး..။ နာမည်ထူးဆန်းလို့မှတ်မိနေတာပါ..။ မမလည်းအဲဒီမေးလ်လေး ရဘူးပါတယ်..။ အပေါ်ယံအမြင်နဲ့မိန်းကလေးတစ်ယောက်ကိုဆုံးဖြတ်ဖို့မလွယ်ဘူးဆိုတာ ပြောချင်တယ်ထင်ပါတယ်..။ မိန်းကလေးပီပီသသပုံစံလေးနဲ့ နူးနူးညံ့ညံ့ မိန်းကလေးဆန်ဆန်လေးရှိတတ်ပေမယ့် မရိုးသားမပွင့်လင်းရင် သူမြုံပြီးမပြောဘဲထားတဲ့အရာက သူများကိုအနှောင့်အယှက်ဖြစ်စေမှာပေါ့..။ အပေါ်ယံပဲကြည့်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတာယောကျာ်းလေးတွေကိုပြောချင်တယ်ထင်ပါတယ်..။

ဟောဟောဒိုင်းဒိုင်းနဲ့ဦးဆောင်နိုင်တဲ့မိန်းကလေးတွေပုံစံကို ယောက်ျားလေးအများစုမနှစ်သက်ကြဘူးဆိုတာ သိသာစေတဲ့အချက်လေးဖြစ်သလို နူးနူးညံ့ညံ့အိညှက်ညှက်နေတဲ့မိန်းကလေးတိုင်း ရိုးသားတဲ့သူမဟုတ်ဘူးဆိုတာကို ပြောချင်တာပါ..။ အတွင်းစိတ်ကိုမြင်အောင်မကြည့်နိုင်လို့ဖြစ်သွားရတဲ့အဖြစ်လေးပေါ့..။ ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းရှိတဲ့မိန်းကလေးရဲ့ရိုးသားမှူကိုမြင်အောင်မကြည့်နိုင်ဘဲ နူးညံ့ပြီးမဖြူစင်တော့တဲ့မိန်းကလေးရဲ့ညာသလိုဖြစ်တဲ့အဖြစ်နဲ့တိုးရတဲ့ ကံမကောင်းတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းလေးပေါ့..။ ဘာပဲဖြစ်ဖြစ် အနှစ်ကိုမြင်အောင်ကြည့်နိုင်တဲ့ဥာဏ်ရှိဖို့လိုတယ်နော်..။ သူကဒီလိုမိန်းကလေးဆန်ဆန် နုနုညံ့ညံ့လေးကိုမှလိုချင်တယ်ဆိုတော့လည်း အနာအဆာပါတာကိုခွင့်လွှတ်လိုက်ပေါ့ကွယ်..။ ဒါပေမယ့် အနာမပါတဲ့သူမျိုးကိုလည်း ရနိုင်ပါတယ်နော်..။ သူ အဲလိုအနာပါတဲ့သူမျိုးနဲ့တိုးတာ ဒဏ်ပြန်ခတ်ခံရတယ်လို့မှတ်ရမှာပေါ့လေ..။

အဲဒီတော့လိမ္မာပါးနပ်တဲ့မိန်းကလေးတွေဆိုရင် ဘယ်တော့မှ ယောကျာ်းတွေရှေ့ကမနေကြပါဘူး..။ နောက်ကွယ်ကနေပဲ မသိမသာလေးနေကြပါတယ်..။ ဒီအထဲက ညီမလေးကတော့ မလိမ္မာမပါးနပ်ရှာလို့ပေါ့..။ နှစ်ယောက်လုံးအတွက် စိတ်မကောင်းပါဘူးလေ..။


ဘယ်သူ အပျိုစစ်ပါသလဲ .....

ကျွန်မနဲ့သူကချစ်သူတွေပါ
လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့
"မင်းကွာ...အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့ ။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..
လူတွေအများကြီးရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊
ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး
ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊
ဟော...ထပ်ပြောပြန်ပြီ..
"မင်းကွာ...အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက " တဲ့ ၊
ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
"မင်းကွာ...အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး" တဲ့ ၊
ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲ ကျွန်မတပည့်တယောက်ရခဲ့တယ်၊ နာမည်ကချောချောတဲ့..။
ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊
စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့
ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊
လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်...ဘာတွေလဲကွယ်...။
အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်
မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။
ဖိတ်စာကသူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။
စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။
အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊
အချစ်မပါဘဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။
ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ..
ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် ..
ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။
အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊
စာထဲပါတာကတော့..
" ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊
အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊
သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် " လေတဲ့ ။
ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်တယ် ။
ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။
ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
" ဘယ်သူ အပျိုစစ်ပါသလဲ " လို့ ပေးမိမှာပါ ။ ။

mail ထဲကရတာလေးပါ။ ဖတ်ရတာတိုတောင်းပေမယ့် အရမ်းသဘောကျတဲ့ စာလေးပါ။ လူဆိုတာကလဲ ကိုယ့်ခံယူချက် ကိုယ်မှန်တယ် ထင်တက်ကြတာကြည့်ပဲနော်။ ကိုယ်တကယ် တန်ဖိုးထားရမဲ့အရာက ဘာဆိုတာလဲ မမြင်မိတာလဲဖြစ်မယ်ထင်ပါတယ်။