Showing posts with label ကျွန်တော်နှင့် NTU နေ့စွဲများ..။. Show all posts
Showing posts with label ကျွန်တော်နှင့် NTU နေ့စွဲများ..။. Show all posts

စာမေးပွဲအတွက် ပြင်ဆင်ခြင်း..။

စိတ်ဓာတ်ကျစရာအကောင်းဆုံးတစ်ခုမှာ စာမေးပွဲအတွက်ပြင်ဆင်ရခြင်းဖြစ်ပါသည်..။ မိမိပြင်ဆင်မှူသည် လုံလောက်ပါရဲ့လားဆိုတာ အမြဲသံသယဖြစ်ကာ ကိုယ့်ကိုယ်ကို အားမရဖြစ်မိရပါသည်..။

နောက်ခံအတွေ့အကြုံအလုံလောက်ရှိလာသူတစ်ယောက်အတွက် စာမေးပွဲအတွက်ပြင်ဆင်ရန် အချိန်တစ်ရက်သာလိုသည်ဟု ဆိုပါသည်..။ အားပါးပါး..။ ဖြစ်နိုင်ပါသည်..။ အပြင်မှာပင်ပရောဂျက်အကြီးများကိုရေးနေသူတစ်ယောက်အတွက် ကျောင်းမှမေးခွန်းမှာ သူသိပြီးသားချည်းပင်ဖြစ်နိုင်ပါသည်..။ အတွေ့အကြုံရှိသူအတွက် တစ်ရက်လေ့လာရုံနှင့်လုံလောက်သော ဘာသာရပ်သည် အတွေ့အကြုံမရှိသူအဖို့ တစ်လလေ့လာလျှင်လည်း လိုက်မီကောင်းနိုင်သောအရာမဟုတ်ပါ..။

NTU မှစာမေးပွဲမှာ လွယ်သည်ခက်သည်ဟု သတ်မှတ်မရဘဲ မိမိပိုင်နိုင်စွာသိသောအကြောင်းအရာဘာသာရပ်ဖြစ်ပါက ထိုဘာသာမှာ လွယ်လှပါသည်....။ ဒါတွေပဲသင်ပါသည်..။ ကိုယ်မသိသေးသောဘာသာရပ်ကို ယူပါက ခက်လှပါသည်..။ ဘာသာကဘာအတွက်ရည်ရွယ်သလဲ ၊ ဘာကိုလိုချင်သလဲဆိုတာကိုပင် သိအောင်မနည်းအားထုတ်ယူရပါသည်..။ ထို့ကြောင့် စာမေးပွဲ လွယ်သည်၊ ခက်သည်မှာ မိမိဘယ်ဘာသာကိုကျွမ်းကျင်သိပြီးသားဖြစ်သလဲ။ ထိုဘာသာရပ်ကိုရွေးချယ်ယူနိုင်ပါက လိုက်နိုင်ပါလိမ့်မည်..။ လွယ်ပါသည်..။ ကိုယ်မသိသေးသောအကြောင်းအရာကို မဖြစ်မနေယူမည်ဆိုပါကလည်း အဆိုင်းမင့်ပြုလုပ်ရင်း ထိုဘာသာရပ်ကိုသိသွားပါလိမ့်မည်..။ သီအိုရီကိုပိုင်နိုင်စွာသိရန်သာ လိုအပ်သည်ဟု ထင်ပါသည်..။ စာမေးပွဲတွင် ထိုသီအိုရီများကို အသုံးချခိုင်းထားသော မေးခွန်းများသာ မေးလာပါလိမ့်မည်..။

အဆိုင်းမင့်တစ်ခုပြီးစီးခြင်း..။

မစံပယ်တို့ တစ်လကြာအောင်အချိန်ပေးလုပ်လာရသော အဆိုင်းမင့်တစ်ခု အခုချိန်လေးမှာပင် ပြီးဆုံးသွားပါပြီ..။ Presentation လုပ်ကာ Program ကို Run ပြကာဖြင့် ပြီးဆုံးသွားပါသည်..။ မပြီးဆုံးခင် မျက်စိအနောက်ရဆုံးမှာ မစံပယ်တို့အဖွဲ့ဖြစ်ပါလိမ့်မည်..။

ကံဆိုးစွာဖြင့် မစံပယ်မှာ Presentation နှစ်ခုကို တစ်ရက်တည်းလုပ်ရန် တာဝန်ကျပါသည်..။ နှစ်ယောက်တွဲလုပ်ရသော အဆိုင်းမင့်တစ်ခုမှ Presentation နှင့် လေးယောက်တွဲလုပ်ရသော Project တစ်ခုမှ Presentation မှာ တစ်ရက်တည်းမှာပင် ထပ်တူကြနေသည့်အတွက် မစံပယ်မှာ အလွန်ပင်စိတ်ပင်ပန်းကာ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြင့် စိတ်လွတ်ကိုယ်လွတ်မရှိနိုင်ပါ..။

စင်ကာပူများမှာအလုပ်လုပ်ရာတွင် တိကျကြ၊ လုပ်တတ်ကိုင်တတ်ကြပါသည်..။ အချိန်မတိုင်ခင်အစောကြီးကြိုပြီးထား၊ အစောကြီးပြင်ဆင်ထားကြဖြင့် သူတို့ပုံစံများမှာ ပိုင်နိုင်ဟန် ၊ တိကျဟန်ဖြင့် ၀င့်ထည်နေကြပါသည်..။ မစံပယ်တို့အဖွဲ့မှာတော့ ပူပန်မှူပေါင်းစုံဖြင့် ဖြစ်ပါသည်..။ မစံပယ်မှာအိပ်ယာမထခင်မှာပင် မက်ဆေ့လာကာ coding တစ်ခုကြည့်ခဲ့ရန် မှာကြားခံရရာ အိပ်ယာမှချက်ချင်းမထွက်နိုင်ဘဲ coding ရှာရပါတော့သည်..။ တွေ့မလားရှာရင်း အိပ်ယာမှထွက်တာနောက်ကျကာ ကမန်းကတန်းရေချိုးပြီး ဘာမှမစားဘဲထွက်လာရာ ချိန်းထားသောအချိန်သို့ ရောက်လုနီးနေပါပြီ..။ လိုင်းကားမစောင့်တော့ဘဲ တက္ကစီစီးကာ လိမ့်ရပါသည်..။ ကျောင်းသို့ရောက်၍ ၁၀မိနစ်ခန့်အကြာတွင် Presentation စရပါသည်..။ ကံဆိုးစွာပင် မစံပယ်team mate ၏ apple laptop မှ application ကို projector တွင် မပြနိုင်ပါ..။ ထို့ကြောင့် lecturer မှ project presentation ပြမည့် နောက်တစ်ဖွဲ့ကိုအစားသွင်းပြခိုင်းကာ မစံပယ်တို့နှစ်ယောက်မှာ ပြင်ဆင်ကြရပြန်ပါသည်..။ Project Presentation ပထမအဖွဲ့ပြီးသွားသောအခါ မစံပယ်နှစ်ယောက် ပြန်ထွက်ကြရပြန်ပါသည်..။ ဒီတစ်ခါတော့ resolution မြှင့်လိုက်တာကနေ အဆင်ပြေသွားပါသည်..။ အဖွင့်စကားမစံပယ်ပြောပါသည်..။ လိုအပ်သည့် အသေးစိပ်ကို team mate ကုလားလူမျိုးမှ ပြောပါသည်..။ အဆင်ပြေစွာတော့ ပြီးသွားပါသည်..။ Technical ပြရမည်ကို Technical အကြောင်းသိပ်မပြနိုင်သည့် မစွံလှသော ပရောဂျက်တစ်ခုသာဖြစ်ပါသည်..။ ကုလားလည်း coding မရပါ..။ မစံပယ်လည်း coding မရပါ..။ tech-talk မှာ မစွံလှဟုသာ ကောက်ချက်ချရပါမည်..။

presentation ပြီးတော့ မစံပယ်ဗိုက်ဆာလှပြီ..။ ဘာမှမစားလာခဲ့ရ..။ သွေးပျက်နေမှန်းသိသာသည်..။ ဖုန်း၊ အနွေးထည်၊ သူငယ်ချင်းအားပြမည်ပြောထားသည့် စာရွက် အားလုံးမေ့လာခဲ့သည်..။ အချိန်မမီ၍မဖြစ်သည်သာ စိတ်ထဲရောက်နေခဲ့သည်..။ ဆုတ်ရုတ်သောလက္ခဏာအဖြစ် တွေ့နိုင်ပါသည်..။

သူများတွေ Project Presentation လုပ်နေစဉ် canteen သွားကာ ထမင်းစားလိုက်သည်..။ မစံပယ်ပြန်လာတော့ မစံပယ်တို့ project အဖွဲ့မှာ key players နှစ်ယောက် ရောက်လာနေပြီး software စမ်းနေကြသည်..။ ကိုပြည်ကြီးတရုတ်နှစ်ယောက်မှာ memory stick များတွင် software ထည့်ပြီး သူတို့မို့ စိတ်ချလက်ချလာသည်..။ မစံပယ်ဝင်လာတော့ မစံပယ် လက်တော့ပ်ကို အသည်းအသန်တောင်းသည်..။ မစံပယ်ယူပေးပြီး သူတို့ software ကို run တော့ result မထွက်လာပါ..။ မစံပယ်စက်က IE version က 6 ပဲရှိသည်...။ သူတို့ဆော့ဝဲက IE 7 နှင့် 8 မှအဆင်ပြေသည်..။ ကဲ..ဘယ်လိုလုပ်မလဲ..။ အတန်းထဲက အတန်းဖော်အားလုံးလိုလို laptop ကိုယ်စီနှင့်ဖြစ်သည်..။ laptop လည်ကာ မေးရသည်..။ IE ဘာ version သုံးပါသလဲဟု..။ IE 9 သာများကြသည်..။ ကံကောင်းထောက်မစွာဖြင့် စလုံးမောင်လေးတစ်ယောက်မှာ chrome နှင့် IE 7 သုံးသည်ဟူ၏..။ ကျေးဇူးတင်လိုက်လေ..။ ပြည်ကြီးမောင်လေးမှာ တုန်ကာနေသည်..။ မစံပယ်မှာ မတုန်..။ သူတို့က browser compatible မဖြစ်မှာကို ပူကြခြင်းဖြစ်ကာ..၊ မစံပယ်တို့အလှည့်ရောက်ရန်ကလည်း မိနစ်ပိုင်းသာလိုတော့သောကြောင့်..။ မစံပယ်ကတော့ အတွေ့အကြုံကစကားပြော၍လားမသိ..။ လိုမယ်ထင်တာမှန်သမျှ အကုန်ပါသည်..။ သူတို့ memory stick ဟု အော်နေကြသည်..။ မစံပယ်ထုတ်ပေးလိုက်သည်..။ ကျောင်းသားတစ်ယောက် presentation ပြရာတွင် မိမိ run ခဲ့သော လက်တော့..၊ လိုရမယ်ရ memory stick များသည် မရှိမဖြစ် အရေးပါလှသည်..။ အရေးရယ်အကြောင်းရယ်ဆိုလျှင် ဗြုန်းဆို ဘယ်မှာရှာရမှန်း မတွေးနိုင်ဖြစ်ကာ ကိုယ်ပြမည့် presentation ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်..။

မစံပယ်တို့လေးယောက်သားမှာ အတန်းနောက်ဘက်တွင် ပြေးလွှား ယောက်ယက်ခတ်နေကြပါသည်..။ မစံပယ်ကတော့ သိပ်မခတ်ပါ..။ သူတို့လိုချင်တာကိုရအောင်လုပ်ပေးလိုက်ပါသည်...။ သိပ်လည်းမတုန်လှူပ်ပါ..။

တရုတ်တွေရဲ့ အဆိုင်းမင့်ပြုလုပ်ပုံ..။

ပြည်မကြီးတရုတ်အများစုမှာ အဆိုင်းမင့်ကို ၎င်းတို့ရင်းနှီးသော တရုတ်ပြည်မကြီးအကြောင်းများကို လုပ်လေ့ရှိကြသည်..။ အနုပညာရှင်တစ်ယောက်အကြောင်းအဆိုင်းမင့်ကိုလည်း တရုတ်နိုင်ငံမှ နာမည်ကျော်ကြားသော ပန်းချီအနုပညာရှင်တစ်ယောက်အကြောင်းပြုလုပ်ကာ တင်ပြသွားသည်..။

တစ်ဖွဲ့ကတော့ ထိုင်ဝမ်မှနာမည်ကြီး အဆိုတော်နှင့်တီးဝိုင်းအကြောင်းတင်ပြသွားသည်..။

မစံပယ်လည်း ဖရီဒါခါလိုဟူသော ပန်းချီဆရာမအကြောင်း တင်ပြခဲ့သည်..။ တရုတ်အဖွဲ့က ထိုင်ဝမ်အဆိုတော်အဖွဲ့အကြောင်း တင်ပြလိုက်တော့မှ မစံပယ်မှာ လေးဖြူတို့တီးဝိုင်းအဖွဲ့အကြောင်း မတင်ပြမိလိုက်၍ စိတ်မကောင်းကြီးစွာ နောင်တရမိလိုက်သောကြောင့် နောက်နောင် NTU တက်နေသူများ အဆိုင်းမင့်များလုပ်ရာတွင် မိမိရင်းနှီးနိုင်နင်းသောအကြောင်းအရာရှိပါက မိမိနိုင်ငံအကြောင်းကိုလည်း အဆိုင်းမင့်အဖြစ် ပြုလုပ်သင့်ပါကြောင်း အကြံဥာဏ်ကောင်း ပေးလိုက်ရပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၃)..။

တစ်ရံရောအခါက သိပ္ပံပညာရှင်တစ်ယောက်(အိုင်စတိုင်းဟုထင်ပါသည်။ မသေချာပါ..။)ကို ချောမောလှပသော အမျိုးသမီးတစ်ယောက်က ပြောပါသည်တဲ့..။ ရှင်နဲ့ကျွန်မသာညားရင် ကျွန်မလိုရုပ်ချောပြီး ရှင်လိုပညာတော်တဲ့ ကလေးလေးတွေ မွေးလာမယ်နော် ဟူ၏..။ သိပ္ပံပညာရှင်က ပြန်ပြောပါသည်တဲ့..။ ငါလိုရုပ်ဆိုးပြီး နင်လိုအသုံးအဖြုန်းကြီး(ဒါလည်းမသေချာပါ..။)တဲ့ ကလေးတွေ မွေးလာရင် ဘယ်လိုလုပ်မလဲဟူ၏..။ မိန်းမခပ်ဆိုးဆိုးများနှင့်အိမ်ထောင်ကျကြကုန်သောအမျိုးသားတို့သည် တွေးခေါ်ပညာရှင်များ ဖြစ်လာကြ၏ ဟူ၏..။ ထိုအဆို မှန်မမှန် မစံပယ်သေချာမသိပါ..။ မစံပယ်သိသလောက်မှာတော့ သူတစ်ပါးအတွက် ထည့်စဉ်းစားပေးတတ်သောအကျင့် ထည့်မပေးလိုက်နိုင်သော မိဘများ၏ သားသမီးများနှင့်နေရသည်မှာ တွေးခေါ်ပညာရှင်ဖြစ်လုလုပင် စဉ်းစားတွေးတောကာ ထိန်းသိမ်းနေရပါသည်..။

သူတစ်ပါးအတွက် စဉ်းစားပေးရန် ဆိုဆုံးမပေးလိုက်ခြင်းမခံခဲ့ဘူးသော သူ..။

မနက်အလုပ်သွားလျှင် တံခါးကို မပိတ်ဘဲသွား၏..။ အတွင်းမှလူမှာ အိပ်ပျော်လျက်ကျန်နေခဲ့သည်..။ သူကအလုပ်အစောကြီးသွားရသည်..။ အခန်းတံခါးပိတ်ပေးသွားရမှန်းမသိပါ..။ တမင်ပင် သူအလုပ်သွားချိန် သူ့ကုတင်ဘက်ခြမ်းလေ၀င်ရန်ဆိုကာ လမ်းမှတိုက်ရိုက်မြင်နေရသော အခန်းတံခါးကို တမင်ဖွင့်ကာ အလုပ်သွား၏..။

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရသော သူ..။

နိုးလာသောအခါ တံခါးဖွင့်ရက်ကြီးတွေ့ရသဖြင့် ဒေါသဖြင့် စိတ်တိုကာသွားသည်..။ တံခါးဖွင့်သွားသူ အလုပ်ကိုဖုန်းဆက်ကာ ရန်ထောင်ရမလားဟု စဉ်းစားမိသည်..။ သူအလုပ်အကိုင်ပျက်မှာ မလိုလားသောကြောင့် မပြောဘဲ နေလိုက်သည်..။ ထိုအခါသည် ထိုသူနှစ်ယောက် တစ်ခန်းထဲမှာ အတူစနေကြအချိန်..။ နောက်တစ်ခေါက် ထပ်ဖြစ်မှပဲပြောတော့မည်ဟု စိတ်ကိုဖြေလိုက်သည်..။ နောက်တစ်ရက်ခြားသောအခါ တံခါးဖွင့်ထားခဲ့ကာ အလုပ်သွားပြန်၏..။ ထိုအခါတွင်လည်း ဆိုဆုံးမခံခဲ့ရသူသည် မပြောသေးဘဲ အချိန်စောင့်၏..။ တနင်္ဂနွေတစ်ရက် အိမ်တွင်အေးအေးလူလူရှိကြချိန်ကိုရွေးကာ ဆိုဆုံးမခံခဲ့ရသူက ဆိုဆုံးမမခံခဲ့ရသူကို တံခါးဖွင့်သွားလျှင် လမ်းမဘက်မှ အိပ်နေသည့်နေရာကို လှမ်းမြင်နိုင်သောကြောင့် တံခါးဖွင့်မသွားရန်ဆိုသည့်အကြောင်းကို လေအေးအေးနှင့် ပြောရ၏..။ အမှန်တကယ်မှာမူ ထိုနှစ်ရက်လုံး ဒေါသနှင့် ဆွေ့ဆွေ့ခုန်နေခဲ့သည်..။ ပထမတစ်ရက် သူမေ့လို့နေမှာပါ..။ နောက်ရက်ဆက်မလုပ်ရင် မပြောတော့ဟု စိတ်ဖြေခဲ့သည်..။ တစ်ရက်ခြား၌ ဒုတိယအကြိမ်ဆက်လုပ်သွားသည်..။ ချက်ချင်းမပြောသေးပါ..။ အလုပ်ပိတ်ရက်မှပြောခဲ့သည်..။ ထို့အတွက် ဆိုဆုံးမခံခဲ့ဘူးသူသည် မိမိလုပ်ရပ်မှန်သည်ဟု မိမိကိုယ်ကိုထောက်ခံအားပေးလျက်ရှိခဲ့သည်..။


သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း မခံခဲ့ရဘူး သူ..။

နေ့လည်နေ့ခင်းတွင်လည်းကောင်း...၊ ညဦးယံတွင်လည်းကောင်း အခန်းထဲ၌ ဖုန်းကို အော်ကြီးဟစ်ကျယ် ပြောရန် ၀န်မလေးသူ...။ တိုးတိုးသက်သာပြောရန်ကိုလည်းကောင်း...၊ အခန်းအပြင်သို့ထွက်ကာပြောရန်ကိုလည်းကောင်း စိတ်ကူးမျှပေါ်လျှင်ပင် သူတစ်ပါးအောက်ကျသည်ဟု ယူဆပုံရှိပါသည်..။ အခန်းထဲတွင် တစ်ယောက်ထဲရှိနေသည့်အလား..၊ အခန်းတစ်ခန်းထဲတွင် သူတစ်ယောက်ပဲနေသည့်အလား သူ့ကုတင်ဘက်မှနေ၍ အော်ကြီးဟစ်ကျယ် ဖုန်းပြောကာ ရယ်မောနေတတ်၏..။ (အသံမှာမည်မျှကျယ်ပါသနည်းဆိုမူ မိမိတို့အိမ်အပြင်ဘက်ကိုလွန်၍ တစ်ခြားအိမ်၏ မျက်နှာသာမှပင် အတိုင်းသားကြားနိုင်အောင် ကျယ်လှသည်..။)

သူတစ်ပါးအတွက် ထည့်သွင်းစဉ်းစားပေးရန် ဆိုဆုံးမခြင်း ခံခဲ့ရ သူ..။

အံ့သြခြင်းကြီးစွာဖြစ်ရပါသည်..။ သူသည်လည်း အသံကျယ်တတ်ပါသည်..။ သို့သော်အခန်းထဲ မိမိတစ်ယောက်တည်းနေရချိန်မဟုတ်သည့်အခါများမှာမူ အသံကျယ်ကျယ်ထွက်ဖို့ ခဲယဉ်းတတ်ပါသည်..။ အသံကျယ်ကျယ်ပြောချင်ပါကဧည့်ခန်းသို့သွားကာ ဘေးမှာတစ်ယောက်မှမရှိချိန်တွင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လောင်လောင်ပြောပါသည်..။ အခန်းထဲတွင် မိမိမဟုတ်သော ဘေးမှတစ်ယောက်ယောက်ရှိချိန်တွင် အသံကျယ်ကြီးထုတ်ကာပြောဖို့ ဘယ်လိုမှမဖြစ်နိုင်အောင် ၀န်လေးတတ်ပါသည်..။

ခလုတ်တိုက်မိသော စရိုက်များ (၂)

မစံပယ်တို့အိမ်တွင် အမေ နေ့ခင်းနေ့လည်အိပ်သည့်အခါ အနားမှဖြတ်သွားလျှင် ခြေသံမကြားအောင်..၊ ပစ္စည်းတစ်ခုခုယူလျှင် အသံမထွက်အောင် ယူရ လုပ်ရပါသည်..။ တစ်ခါက မစံပယ်ခြေသံပြင်းသွားသောကြောင့် အိပ်နေတာမသိဘူးလားဟု အငေါက်ခံရပြီးကတည်းက မစံပယ်မှာ မည်သူအိပ်အိပ် ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်အောင် နေရမည်ဟု သတိထားမိကာ ထိန်းသိမ်းနေခဲ့ပါသည်..။ ဘယ်မှာနေနေ အိပ်သည့်သူရှိလျှင် မစံပယ်အသံထွက်အောင် မလုပ်တော့ပါ..။ မလုပ်မဖြစ်လုပ်ရမည်ဆိုပါက အတတ်နိုင်ဆုံး တိုးတိတ်ညင်သာစွာ လုပ်ဖို့ကြိုးစားခဲ့ပါသည်..။ မစံပယ်အိပ်နေစဉ် အသံထွက်ကာဆူညံကြလျှင် မစံပယ်လည်းမကြိုက်..။ ထို့ကြောင့် သူတစ်ပါးအိပ်နေစဉ်လည်း မစံပယ်ဆူညံအောင် မလုပ်မိအောင် ထိန်းသိမ်းသည်..။ မစံပယ်တွင် ထိုသို့သောအသိ ရခဲ့သည်..။

မစံပယ်စင်ကာပူရောက်သောအခါ တစ်ခါမှမသိဘူးသော မိန်းကလေးများနှင့် အတူတူနေရပါသည်..။ ထိုမိန်းကလေးများမှာ အတန်းပညာ အတော်ရကြသည်ဟုဆိုလျှင်ရနိုင်ကြသော်လည်း သူတစ်ပါးအတွက် အလိုက်ကန်းဆိုးသိရမည်ကို ထိုမိန်းကလေးများ၏ ကျောင်းမှလည်းကောင်း..၊ အိမ်မှလည်းကောင်း..၊ မိခင်မှလည်းကောင်း..၊ ဖခင်မှလည်းကောင်း စကားစပ်၍ပင် သင်ကြားခဲ့ဘူးခြင်း ရှိခဲ့ကြပုံ မပေါ်ကြပေ..။ တမင်တကာပင် သေချာမသင်ဘဲထားခဲ့ကြရော့သလား..၊ သင်ရကောင်းမှန်းပင် မသိကြ၍ အသင်မခံခဲ့ရသည်လား တစ်ခုခုပေ..။တစ်ခုခုစိတ်ထားမတိုက်ဆိုင်လျှင် ထိပ်တိုက်ဆွေးနွေးဖို့ ရှောင်ရှားကြပြီး တံခါးများကိုသာ အငြိုးထား၍ ဆောင့်ပိတ်ကြရာ မစံပယ်မှာ ရယ်ရအခက်..၊ ခံရအခက်ဖြစ်နေပါသည်..။ တစ်ယောက်ယောက်ကိုမကြိုက်လျှင် ပွင့်ပွင့်လင်းလင်း မပြောကြပေ..။ မုန်းခံရမည်စိုးကြသောကြောင့် တံခါးများကိုသာ အရွဲ့တိုက်၍ဆောင့်ပိတ်ကြလေသည်..။ မစံပယ်တို့အိမ်ပိုင်ရှင်များသိလျှင် သူတို့တံခါးများအတွက် ရင်မ နေကြလောက်သည်..။

မိန်းကလေးများမှာ ခေတ်ပေါ်ပစ္စည်းများကိုသာ အငမ်းမရ၀ယ်ယူသုံးစွဲ၍ တစ်နေ့တစ်မျိုးမရိုးစေရန် အလှပြင်ဆင်နေကြသော်လည်း စိတ်ဓာတ်များမှာမူ အောက်တန်းသို့တစ်နေ့တစ်ခြား နိမ့်ဆင်းလာလျက် ရှိနေလေသည်..။ ဆံပင်ကိုဘယ်လိုပေါင်း ဘယ်လိုတွန့်လျှင်ကောင်းမလဲ..။ ဘယ်ဟာကို ဘယ်လိုစပ်ဟပ်ဝတ်လျှင်ကောင်းမလဲဆိုသည်များကိုသာ တစ်နေ့တစ်မျိုးမရိုးအောင် အားထုတ်နေကြပြီး စိတ်ထားကိုမူ ပိုကောင်းလာအောင်..၊ ပိုဖြူစင်လာအောင် ကြိုးစားအားထုတ်ကြသည်ဟု တစ်ရံတစ်ဆစ်မှ မကြားမိပါ..။ စိတ်ထားများမှာမူ တစ်နေ့ထက်တစ်နေ့ ညစ်သထက် ညစ်လာကြသည်ကိုသာ တွေ့နေရသည့်မစံပယ်မှာ စိတ်မချမ်းသာလှပါ..။ အမုန်းခံ၍တစ်ခါနှစ်ခါ ပြောသည်မှာပင် တံခါးဆောင့်ပိတ်ခံရခြင်းသာ ခံလိုက်ရသောကြောင့် ပြောဖို့ဆိုဖို့ ဆုတ်ဆိုင်းမိရတော့သည်..။

သူတို့ရွဲ့သလို မစံပယ်ပြန်ရွဲ့လိုက်သောအခါ.... မစံပယ် ကိုယ့်ကိုယ်ကိုပင် စက်ဆုပ်သွားပါ၏..။ အိုးကားရွဲ့လျက်ရှိကြကုန်၏..။ စလောင်းမှာအတည့်အတိုင်းကျန်ရန်ကြိုးစားလျက်ရှိ၏..။ အိုးရွဲ့သည့်အတိုင်း စလောင်လိုက်မရွဲ့မိရန် ကြိတ်မှိတ်ကြိုးစားလျက် ရှိပေတော့သည်..။ ဤသည်လည်း တစ်ဒုက္ခဟုသာ ငြီးတွားမိပါတော့သည်..။

ခလုတ်တိုက်မိသော စရိုက်များ (၁)..။

မစံပယ်က စကားပြောတာရိုင်းတဲ့သူဖြစ်ဖြစ် အပြုအမူရိုင်းတဲ့သူဖြစ်ဖြစ်နဲ့ စကားပြောရတာ စိတ်ကသိကအောက်ခံစားရပါတယ်..။ အဲဒီထဲကမှ မစံပယ် ကသိကအောက်ခံစားခဲ့ရတာတစ်ချို့ကို ရေးပြချင်ပါတယ်..။

မစံပယ်က အခုကျောင်းတက်ဆဲ နောက်ဆုံး semester ကိုရောက်နေပါပြီ..။ အဲဒီတော့ မစံပယ်ကျင်လည်ရတာ ကျောင်းပတ်ဝန်းကျင်ရယ်..၊ အိမ်ရယ်ဖြစ်ပါတယ်..။ အရင်ဆုံးကျောင်းမှာ အဆိုင်းမင့်အတူတွဲလုပ်ကြတဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်..။ မစံပယ်ကျောင်းစတက်မယ်ဆိုတော့ အရင်နှစ်ကပြီးထားပြီးသား ကျောင်းသူက အဆိုင်းမင့်လုပ်ရင် မြန်မာတွေနဲ့တွဲမလုပ်ဖို့ ပြောပါတယ်..။ မစံပယ်အတန်းစတက်တော့ စလုံးတွေနဲ့တွဲဖို့ မဖြစ်နိုင်မှန်းသိလာတာက မမိစကားကို သူတို့ နားမလည်ပါဘူး..။ သူတို့ကိုနှစ်ခါနှစ်ခါပြန်ပြောနေရတာနဲ့ မမိလည်း သူတို့နဲ့စကားပြောဖို့ တွန့်နေပါတော့တယ်..။ အဲဒါနဲ့ မြန်မာနှစ်ယောက်က လာအဖော်စပ်တာနဲ့ သူတို့နဲ့ပဲတွဲလုပ်လိုက်ပါတယ်..။

ပထမဆုံးစလုပ်တဲ့အဆိုင်းမင့်က ခေါင်းစဉ်ကိုအရင်တင်ရမှာဖြစ်ပါတယ်..။ ဘယ်အကြောင်းအရာကိုတင်တင်ရတယ်ဆိုတော့ မစံပယ်တို့က ကျောင်းဒေတာဗေ့စ်ထဲကနေ စာကိုအရင်ရှာပြီး ကိုယ်နည်းနည်းပါးပါးပြင်ရေးပြီး လိုင်ဘရီမှာစာရှာတဲ့ထောင့်ကနေ ပြန်ရေးပြရမှာဖြစ်ပါတယ်..။ အဲဒီတော့ အကြောင်းအရာထက် လိုင်ဘရီဘက်က နည်းပညာကိုပိုပြီးဦးစားပေးပါတယ်..။ အဲဒီတုံးက မစံပယ်က အဆိုင်းမင့်ကဘာကိုလိုချင်မှန်း ဘာကိုဦးတည်မှန်း သိပ်သဘောမပေါက်သေးပါဘူး..။ မစံပယ်တို့အဖွဲ့ထဲက တစ်ယောက်က သူက အတန်းကြီးတဲ့သူနဲ့အဆောင်မှာတစ်ခန်းတည်းတူနေတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာ သူကသဘောပေါက်နေပါပြီ..။ အဲဒီနေ့မနက် ခေါင်းစဉ်ရွေးဖို့တစ်နေရာမှာစုံပြီး ခေါင်းစဉ်အတွက် ဒေတာဗေ့စ်ထဲက ပေပါတွေရှာတော့ အဲဒီတစ်ယောက်က သူရှာလာတဲ့စာတွေကို ပြပါတယ်..။ မစံပယ်က သူရှာလာတဲ့ခေါင်းစဉ်တွေထဲကမှ ဘယ်အကြောင်းအရာကို ကိုယ်ပြန်ရေးနိုင်မလဲဆိုတာ စဉ်းစားနေပါတယ်..။ အဲဒီမှာ အဲဒီတစ်ယောက်က ဒီခေါင်းစဉ်ဆိုကောင်းမယ်ဆိုပြီး စာတစ်ပုဒ်ပြလာပါတယ်..။ အဲဒီခေါင်းစဉ်က မစံပယ်တို့ မြန်မာနိုင်ငံမှာတုံးက ခက်တယ်လို့နာမည်ကြီးတဲ့ ဘာသာရပ်ကပါ..။ မစံပယ်ကအဲဒါဆိုရင်တော့ မလုပ်ချင်တော့ သူကလုပ်ချင်တယ်ဆိုတော့ လုပ်နိုင်မလားဆိုတာ သေချာစဉ်းစားနေတဲ့အချိန်..။

မစံပယ်ရဲ့လက်တော့ပ်မျက်နှာပြင်ကို တဒေါက်ဒေါက်နဲ့လာထောက်ပြီး ဒါကဘာပြောတာ ဒါကဘာပြောတာ ဒါလေးတောင်မသိဘူးလားဆိုတော့ မစံပယ် တော်တော်ကိုခံရခက်ပြီး အောင့်သွားပါတယ်..။ ကိုယ်ကရှေ့ဆက်လည်း လုပ်ရဦးမှာ..။ အဖွဲ့ပြောင်းမယ်ဆိုလည်း မလွယ်တော့တာနဲ့မို့ ရေရှည်ကိုကြည့်ပြီး သည်းခံလိုက်ရတာ..။ တော်တော်မလွယ်ပါလား..။ လူတစ်ယောက်ကိုဒီလိုမဆက်ဆံရဘူးဆိုတာ သူတို့အိမ်က သင်ပေးနိုင်ပုံမပေါ်ဘူး..။ တော်တော်စိတ်ပျက်ဖို့ကောင်းအောင်ကိုရိုင်းတာပဲလို့ မစံပယ်မှတ်ချက်ချပြီး နောက်အတန်းတွေမှာ အဲဒီကောင်မလေးကို အခေါ်အပြော အဆက်အဆံမလုပ်တော့ဘဲ နေလိုက်ပါတော့တယ်..။

အတန်းတူချင်း အသက်ကမစံပယ်ကပိုကြီးတာတောင်မှ ဒီလိုစကားမျိုးသုံးပြီးပြောထွက်တာ တော်တော်အံ့သြဖို့ကောင်းပါတယ်..။ လောကနီတိကို မသိတဲ့သူတွေ တော်တော်များပါလားလို့ မှတ်ချက်မိပါတယ်..။

ကျွန်တော်နှင့် NTU စာကြည့်တိုက်..။

      စာကိုစိတ်ဝင်စားသောကျွန်တော့်အတွက် စာကြည့်တိုက်များကို ရင်ခုန်လှပါသည်..။ မည်မျှပင် E-Books များ ပေါပါသည်ဆိုသော်လည်း လက်နှင့်ကိုင်ကာဖတ်ရသော စာအုပ်များလောက် နှစ်ခြိုက်မှူ မရှိလှပါ..။ စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုယုံကြည်သူပီပီ စာကြည့်တိုက်များကို ချစ်ခင်လှပါသည်..။ NTU စာကြည့်တိုက်ကြီး ကြီးမားခန့်ထည်လှသည်ဟု ကြားဘူးနေသည်မှာ ရောက်ကတည်းကပါပင်..။ မည်သည့်ကျောင်းကိုရောက်ရောက် စာကြည့်တိုက်များသို့ ရောက်အောင်သွားတတ်သည်မှာ ကျွန်တော့်အကျင့်တစ်ခုပါပင်..။ တိတ်ဆိတ်ငြိမ်သက်လှသော စာကြည့်တိုက်ပတ်ဝန်းကျင်ကို ကျွန်တော်ချစ်သည်..။ NTU ကျောင်းစာကြည့်တိုက်သို့ရောက်အောင်သွားမည်ဟု မရောက်ခင်ကပင် စိတ်မှာတေးထားမိသည်..။
      ဒီနေ့တော့ ကျွန်တော့်လက်ချာတွေ ပရင့်ထုတ်စရာရှိသည်..။ စာကြည့်တိုက်မှာ ဈေးချိုသည်..။ အပြင်မှာထုတ်လျှင်အများကြီးကုန်ကျမည်..။ ထို့ကြောင့်ကျောင်းကိုသွားထုတ်သည်က ပိုကိုက်သည်မို့ စာကြည့်တိုက်သွားချင်နေသော ကျွန်တော့်ဆန္ဒ ပြည့်သွားသည်..။ ကားမှတ်တိုင်ဘယ်ကဆင်းရမလဲ မသိပါ..။ မြေပုံထဲတွင်လည်း စာကြည့်တိုက်ဟု ရေးပြမထားပါ..။ စိတ်ထဲမှန်းကြည့်လိုက်တော့ အိမ်ပိုင်ရှင်ပြောသောစကားအရ အဆောင်ကွေးကွေးကြီးတွင်ရှိရမည်ဟု မှန်းဆကြည့်လိုက်သည်..။ ဟုတ်ပြီ..။ ဒီလောက်ဆို သိပြီ..။ ဟိုမြင်မြင်နေရတဲ့ ကားဂိတ်ရှိတဲ့ အဆောင်ကွေးကွေးကြီး ဖြစ်ရမည်..။ ခဏခဏရောက်ဘူးနေသောအဆောင်ကြီးဖြစ်သည်..။
       စမ်းတန်းရမ်းသမ်းနှင့်ရောက်သွားသည်..။ လက်တော့ပါယူသွားလိုက်သည်..။ ကျောင်းအကောင့်ထဲ ဘယ်လိုဝင်ရမလဲ မသိပါ..။ wireless ထဲတော့ ၀င်သွားပါသည်..။ Mozilla မှာ ကျွန်တော့်ဆိုဒ်အားလုံး ကျောင်း အကောင့်သို့ပြောင်းသွားကြသည်..။ ဘယ်လိုဖြစ်တာပါလိမ့်..။ စိတ်မပူပါ..။ Service ဌာနသို့ ထမေးလိုက်သည်..။ အော်...ကျောင်းမှ username နှုင့် password တောင်းနေသည်ပဲ..။ ထည့်လိုက်တော့ အိုကေသွားသည်..။ ထိုင်သုံးနေရင်း ပရင့်ထုတ်ချင်သည်များကို စတစ်ထဲထည့်လိုက်သည်..။ စတစ်ထဲထည့်ကာ ပရင့်သွားထုတ်ရမလားလို့..။ အောက်က ပရင့်ဌာနသို့ ဆင်းသွားလိုက်သည်..။ မျှားထိုးပြထားသည်..။ ပရင့်ထုတ်ချင်လျှင် Level 2 ဟု..။ သူများတွေဘယ်လိုလုပ်လဲလို့ ခဏကြည့်နေလိုက်သည်..။ e-Zlink ကဒ်တင်လိုက်သည်..။ သူများလိုထုတ်ချင်သည့်ဖိုင်များ ကျမလာပါ..။ ကျလာရအောင် ဘယ်ထဲထည့်ခဲ့ရလို့လဲ..။ စတစ်ကလည်း တပ်မှမတပ်သေးတာ..။ မဟုတ်သေးဘူး..။ ဘယ်လိုပါလိမ့်ဆိုပြီး ပြန်တက်လာခဲ့လိုက်သည်..။ ကျောင်းမှပေးထားသော  ဖိုဒါထဲသို့ထည့်ရမည်ဟု ထင်မှတ်လိုက်သည်..။
     သုံးနေရင်း ဖိုဒါထဲထည့်ဖို့လိုက်ရှာရာ ကိုယ်ပိုင်ဖိုဒါ ဘယ်ရောက်နေလဲဆိုတာ မသိပါ..။ မပူပါ..။ ကျွန်တော့်သူငယ်ချင်းအွန်လိုင်းမှာရှိသည်..။ သူ့ကိုလှမ်းမေးလိုက်သည်..။ ဖုန်းဆက်လာသည်..။ ဘာဖြစ်သလဲတဲ့..။ ပရင့်ဘယ်လိုထုတ်ရမလဲမသိလို့ဟုဆိုတော့ လုပ်နည်းတွေပြောပြသည်..။ ကျွန်တော်နားမလည်ပါ..။ အောက်သို့တစ်ခါပြန်ဆင်းသွားသည်..။ တစ်နာရီအလကားသုံးခွင့်ရှိသော အင်တာနက်များတွေ့ရသည်..။ သူငယ်ချင်းက တစ်နာရီကို ၂၀ ဟု နောက်သည်ကို တကယ်ထင်ကာ သုံးဖို့တွန့်သွားပါသည်..။ သူငယ်ချင်းပြောပြသည်ကို နားမလည်ပါးမလည်နဲ့ အေးအေးဟုပြောပြီး သူငယ်ချင်းက စိတ်လက်မရှည်စွာဖုန်းချသွားသည်..။ ဘယ်ရမလဲ ကျွန်တော်ပဲဟာ ဘယ်သူမှတ်လို့..။ help desk ကိုသွားမေးပါသည်..။ သူတို့ရှေ့မှစက်မှ username password ၀င်ကာ စက်တစ်လုံးသုံးလိုက်ပါသည်..။ ပရင့်ထုတ်ချင်သည်များကို ဖိုဒါတစ်ခုနှင့်စုထည့်လိုက်ပါသည်..။ ထို့နောက်ပရင့်ထုတ်ချင်ကြောင်းသွားပြောလိုက်ပါသည်..။ ဖိုင်များကိုတစ်ခုချင်းဖွင့်ကာ ပရင့်ကိုကလစ်ခဲ့ရုံသာဖြစ်ပါသည်..။ ကိုယ်ပြောင်းချင်သောဖောမက်သို့ ကိုယ့်ဘာသာချိန်ပြောင်းကာ ပရင့်ကိုနှိပ်ခဲ့ရပါသည်..။ ထို့နောက်မှ ပရင်တာခန်းသို့သွားကာ ကဒ်ကိုတင်ပြကာ ပရင့်တာကိုရွေးပေးလိုက်သောအခါ စာရွက်များ ပရင့်ထုတ်ပါတော့သည်..။ ၁.၈၅ ဒေါ်လာသာကုန်ကျခဲ့ပါသည်..။ ပရင့်လည်းထုတ်တတ်သွားပါသည်..။
       ထို့နောက် စာများကိုစာကြည့်တိုက်ထဲမှာပဲ ဖတ်သွားမည်ဆိုပြီး စာထိုင်ဖတ်နေပါသည်..။ ကုလားမများ ကုလားများမှာ စကားလုံးအရေအတွက်များလှပါသည်..။ တိတ်ဆိတ်နေသောအခန်းထဲတွင် စကားတိုးတိုးပြောနေသောအသံမှာ သည်းမခံနိုင်စရာဖြစ်ပါသည်..။ နေရာရွှေ့ထိုင်လိုက်ပါသည်..။ ပိုထူးခြားမလာပါ..။ တရုတ်အတွဲတစ်တွဲ စာမကြည့်ဘဲ စကားများနေကြသည်..။ စာဆက်ဖတ်လို့မကောင်း..။ လေသံတိုးတိုးဖြင့် စကားပြောသံမှာ နားကိုလာရိုက်ခတ်နေသည်..။ နားငြီးသည်..။ စကားမပြောရသောနေရာတွင် ထိုကဲ့သို့စကားများနေသည်မှာ နာခံဖွယ်မကောင်းလှ..။ ပြန်လာခဲ့လိုက်တော့သည်..။
      စာကြည့်တိုက်က အပြောနဲ့ညီအောင် အေးလွန်းလှသည်...။ ၀တ်လာခဲ့သောအပေါ်ဝတ်မှာ ပါးလှသည်..။ အထူနောက်တစ်ထည် ၀ယ်ရဦးမည်..။ ဒီပုံအတိုင်းဆို မလွယ်ပါ..။
    ဓာတ်ပုံရိုက်ခဲ့ဖို့မေ့လာသည်..။ စာအုပ်တွေနားလည်း မရောက်ခဲ့သေးပါ..။ နောက်နေ့ စာအုပ်သွားဖတ်မှ စာအုပ်တွေအကြောင်းပြောပြတော့မည်..။ သပ်ရပ်သည်..။ သားနားသည်..။ သန့်ရှင်းသည်..။ ကျယ်ဝန်းသည်..။ သက်သာလွယ်ကူအဆင်ပြေစေရန်စီစဉ်ထားသည်..။ အားလုံး စာကိုအားထုတ်ကျက်မှတ်ရန်သာလိုသည်..။ အားလုံးကို ကျေးဇူးတင်မိပါသည်..။ 
 

NTU သင်္ခန်းစာတွေ ဘယ်လိုသင်..။

          အတန်းမှ ပထမဆုံးစတက်ကာရှိပါသေးသည်..။ နက်ဝပ်အကောင့်များမှ သုံးတတ်ကာစရှိသေးသည်..။ Assignment button ကိုကလစ်ကြည့်သောအခါ assignment တစ်စောင်ရောက်နေပါရောလား..။ ခေါင်းစဉ်ကို အောက်တိုဘာ ၄ တွင် တင်ရမည်ဟုဆိုပါသည်..။ အုပ်စုတစ်ခုတွင် သုံးယောက်အနည်းဆုံးပါရမည်ဟုဆိုပါသည်..။ part time များနှင့် အတူရော၍ သင်ပါသည်..။ မည်သည့်အဖွဲ့ထဲပါရမည်မှန်း မသိသေးပါ..။ ဖုန်းဆက်နေကျညီမလေးကို မေးကြည့်ရပါဦးမည်..။ သူတို့နှင့်တွဲ၍ရလျှင် သူတို့နှင့်တွဲပါမည်..။ မည်သူနှင့်မှဟူ၍ လူစွဲမရှိပါ..။ အဆင်ပြေရာ မည်သူနှင့်မဆို တွဲ၍ဖြစ်ပါသည်..။
      assignment ကို နိုဝင်ဘာ ၄ တွင် အပြီးတင်ရမည်ဟုဆိုပါသည်..။ စာကြည့်တိုက်သို့ သွားရပါဦးမည်..။ စာဖတ်မှ ..၊ ကိုးကားစရာကောင်းကောင်းတွေ့မှသာ မည်သည့်အပိုင်းကိုတင်သင့်သည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်နိုင်ပါမည်..။ အချိန်ရသေးသော်လည်း ပေါ့ဆ၍မရသော အလုပ်တစ်ခုဖြစ်ပါသည်..။
      Lab ခြောက်ခါ လုပ်ရပါမည်..။ Tutorial ၂ ခါ ထင်ပါသည်..။ Assignment ကတော့ တစ်ခုပဲထင်ပါသည်..။ ပြီးလျှင်တော့ စာမေးပွဲကြီးထင်ပါသည်..။
       သင်ကြားနည်းစနစ်များ ကောင်းလွန်းလှပါသည်..။ ထိုကျောင်းကြီးတွင် တက်ချင်၍ မိမိဘာသာအားကြိုးမာန်တက် ကြိုးစားလာခဲ့ခြင်းဖြစ်ပါသည်..။ အကျိုးကျေးဇူးရှိရန်ကတော့ ကြိုးစားရပါဦးမည်..။
      

NTU ကျောင်းသူကြီး ကျွန်တော်..။

      NTU ကျောင်းတွင်ကျောင်းတက်ရန်ရောက်လာသော်လည်း မိုးကြိုးပစ် NTU ကျောင်းသူဟုခေါ်ရပါမည်..။ ကျောင်းမှကျင်းပပေးသော Welcome လိုပွဲမျိုးကို ဘယ်နေ့ကကျင်းပသွားလဲ မသိလိုက်ပါ..။ ဌာနမှလုပ်ပေးသော Orientation ကိုလည်း register လုပ်မိ၊မလုပ်မိပင်မသေချာဘဲ ရောက်သွားပါသည်..။ မမီပါ..။ ပြီးကာနီးမှ မြန်မာမှ ကျောင်းသူများနှင့်တွေ့ချင်၍ စောင့်ရင်း ဗိုက်ပြည့်နေသည်ကို မဆာဘဲ စားလာသေးပါသည်..။ ထိုပွဲ၌ ကျွန်တော့်ကိုအင်တာဗျူးသွားသော ကျွန်တော်တွေ့ချင်နေသော ဆရာကိုတွေ့လိုက်ရပါသည်..။ ရည်ရည်မွန်မွန်နှင့် ကိုရီးယားမင်းသားပုံပေါက်နေသော ထိုဆရာကို ကျွန်တော် သဘောအလွန်ကျပါသည်..။ လုံးဝ gentle ဆန်သော ဆရာပါပင်..။
    ပထမလက်ချာနေ့ မမီပါ..။ အဓိကပြဿနာမှာ နက်ဝပ်အကောင့် အိတ်စ်ပိုင်ရာ ဖြစ်သွားခြင်းပင်..။ အိုင်တီဌာနကိုသွားအကြောင်းကြားလိုက်၍ အဆင်ပြေသွားသော်လည်း ကျွန်တော့်စက်နှင့်ဝင်သောအခါ အဆင်မပြေပါ...။ ထို့ကြောင့် လက်ချာပေးမည့်  အခန်းနံပါတ် ကျွန်တော် ကြည့်မရခဲ့ပါ..။ အခန်းနံပါတ်မသိရ၍ ကျွန်တော် ဌာနထဲရောက်သော်လည်း အတန်းမတက်လိုက်ရပါ..။ ၎င်းသည် အစဆုံးဌာနသို့ရောက်သည့်နေ့ဖြစ်ပါသည်..။
     ယနေ့တွင်မတော့ လက်ချာခန်းသို့ အချိန်ကွက်တိရောက်သွားပါသည်..။ မြင်ဘူးသည့်သူများမဟုတ်၍ အခန်းလွဲနေသည်ထင်သွားမိသော်လည်း ကျွန်တော်ဝင်သည့်အခန်းမှန်ပါသည်..။ ဆရာက လက်ချာစပေးပါသည်..။ ကောင်းလိုက်သည့်ဖြစ်ချင်း..။ ပါဝါပွိုင့်များကို ပရင့်ကြိုထုတ်ခိုင်းထားသည်ဟုဆိုပါသည်..။ ကျွန်တော်နေသောနေရာအနီးတ၀ိုက်တွင် ပရင့်အလွယ်တကူထုတ်နိုင်သောနေရာမရှိပါ..။ ထုတ်ရမည်ဟုလည်း ကျွန်တော်မသိပါ..။ ထို့ကြောင့်ကျွန်တော့်တွင် ဗလာစာအုပ်တစ်အုပ်နှင့် နုတ်စ်ရေးတတ်သည့် စာအုပ်ငယ်မှတစ်ပါး ဘာမှမပါပါ..။ ဘေးနားမှ ဟိန္ဒူမလေးနှင့် ရော၍ကြည့်ပါသည်..။ ခဏနေမှရောက်လာသော မြန်မာညီမလေးမှ သူ့စာရွက်ပေးကြည့်၍ သူနှင့်အတူ ကြည့်ရပါသည်..။ လက်ချာချိန်တွင် ဆရာပြောသည်ကိုသာ နားစိုက်ထောင်မိပါသည်..။ စာရွက်မကြည့်ဖြစ်ပါ..။ စာရွက်ကိုကြည့်နေမိလျှင် ဆရာဘာပြောသွားသည်ကို လွတ်လွတ်သွားတတ်သောကြောင့်ဖြစ်ပါသည်..။
     ဘေးနားမှထိုင်သော ကုလားဆင်မျက်နှာနှင့်တစ်ယောက်ကို နိုင်ငံခြားသားထင်မှတ်သောကြောင့် အင်္ဂလိပ်စကားနှင့် အားကြိုးမာန်တက် ကြိုးစားပမ်းစားမေးမိပါသည်..။ စာရွက်ကိုဘယ်လိုပရင့်ထုတ်ခဲ့လဲဆိုသည်ကို သိချင်သောကြောင့်ဖြစ်ပါသည်..။ မြန်မာလိုပြောလည်းရပါတယ်ဟု ဆိုလာသောအခါမှ အမလေး တမိပါသည်..။ ကြိုးစားပမ်းစားဗျာ..။ မောနေအောင်ပြောရတာ ..။ မြန်မာမှန်းသိရင် မြန်မာလိုပြောမှာပေါ့ဟု အရှက်ပြေဆိုမိရပါသည်..။ စင်ကာပူတွင် မြန်မာမှာ ပေါများလာပါသည်..။ ကျွန်တော့်အတွက်တော့အလွန်ကောင်းပါသည်..။ ခင်မင်တတ်လျှင် နေရာတိုင်းတွင် မြန်မာများမှာ ကူညီတတ်သည်..၊ မေတ္တာရောင်ပြန်ဟပ်တတ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်..။ ကျွန်တော်က ကူညီလိုက်ဖို့ဝန်မလေးပါ..။ ထိုနည်းတူ မခဲယဉ်းသောအကူအညီများ ပြန်တောင်းဖို့ရန်လည်း ၀န်မလေးမိပါ..။ vice versa ဖြစ်နေပါသည်..။
     အတန်းလွှတ်သော ၉ ၃၀ တွင် ကိုယ့်ဘလော့တွင်တင်ချင်၍ NTU ကျောင်းသူကြီး၏ ပထမဆုံးနေ့စွဲကို မှတ်တမ်းတင်လိုက်ပါသည်..။ မီးရောင်အောက်တွင် အရိုက်ခံသည်ကို မှောင်နေပါသည်ဟု စေတနာနှင့်ပြောကာ ရိုက်ပေးသောညီမလေးကိုလည်း ကျေးဇူးတင်လိုက်ပါသည်..။
         ဤသည်တို့ကား ကျွန်တော့်၏ NTU ကျောင်းတော်ကြီး၏ ပထမဆုံးနေ့စွဲများပင်တည်း..။