စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
ဘလော့ တံမြက်လှည်း..။
မစံပယ်ဘလော့လေးက ဖုန်တက်နေလှပြီ..။ အလုပ်ကများ..၊ စိတ်ကများနဲ့ ရေးဖို့စိတ်ကူးရှိပေမယ့် မရေးဖြစ်..။
ဒီရက်ပိုင်းမှာ မထင်မှတ်ဘဲ မစံပယ် စက်ချူပ်သင်ဖြစ်သည်..။ ပထမသင်ရိုးပြတ်ပြီ..။ သင်ရိုးသုံးခုသင်ရမည်..။ စက်ချုပ်တပ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ထင်မထား..။ စေတနာရက်ရောသူက ပညာဖြန့်ဝေသောအခါ မစံပယ်တို့လို ပညာလိုချင်သူတွေ အမြောက်အမြား စက်ချုပ်တတ်သွားသည်..။ မစံပယ်စိတ်ချဉ်ပေါက်သောလူတစ်ယောက်လို လက်ခမောင်းထခတ်ရရင်ကောင်းမလား စဉ်းစားနေသည်..။
မစံပယ်က ဖန်ခွက်ထဲကရေတစ်ဝက်ကို တစ်ဝက်လိုသေးတယ်ဟု အမြဲစဉ်းစားတတ်သောကြောင့်လားမသိ..။ ကိုယ့်ကိုယ်ကို လက်ခမောင်းခတ်မိတာမျိုး မရှိဖူးခဲ့..။ သို့သော်လည်း တစ်ချို့တစ်ချို့သော သူလိုကိုယ်လိုလူများက ငါသိ ငါတတ်လှပြီဟု လက်ခမောင်းခတ်တာ မြင်မိသောအခါ စိတ်ပျက်ရသည်..။ မိဘမျိုးရိုးညံ့လို့လား..၊ ကျောင်းစာတစ်ခုတည်းတော်ရုံနဲ့ လူဖြစ်ပြီဟု ယူဆကြသောကြောင့်လားမသိ..။ ကျောင်းစာမှလွဲ၍ ကျန်တာအားလုံးညံ့သောသူ့ကို ကရုဏာသက်မိသော ကိုယ့်ကိုယ့်ကို အပြစ်ပြန်တင်ရသည်..။ ကိုယ်ကတော့ စေတနာနှင့် သူတို့မှာမရှိသေးသောအရည်အချင်းများ ရှိလာစေရန် မိတ်ဆွေတို့ဝတ္တရားအတိုင်းပြောပေးမိသည်..။ အမုန်းခံရတာသာအဖတ်တင်သည်..။ သူလောက်သိသူမရှိ..၊ ဘယ်သူနဲ့နေနေ ပြိုင်ရဲတယ်ဟုပင် စကားထွက်လာသည်..။အော့အန်ချင်စရာကောင်းလေစွ..။ကျောင်းစာသာပြိုင်လို့ရမည်..။ ကျန်တာကိုပြိုင်လို့ရမည်လား..။ ကျောင်းဘွဲ့မကောင်းသော်လည်း လခကောင်းသောသူတွေ ဒုနဲ့ဒေး..။ ကျောင်းဘွဲ့ကောင်းလို့ လခကောင်းဦး သူများခိုင်းတာ လုပ်နေကြသူချည်းမဟုတ်လား..။ ဘယ်မှာ ဘ၀င်မြင့်စရာရှိသနည်း..။
ကျောင်းစာအမှတ်စာရင်းကိုပြိုင်လို့ရသည်..။ ကိုယ်ရည်ကိုယ်သွေး..၊ ကြံရည်ဖန်ရည်နှင့် ပေါင်းသင်းဆက်ဆံရေး..၊ ကံကံ၏အကြောင်းတရားများကို မည်သို့ပြိုင်မည်နည်း..။ သာမန်ဘွဲ့လေးပိုင်ဆိုင်သူတစ်ယောက်က လခမိုးပျံအောင်ကောင်းနေတာ မြင်ဖူးသောမစံပယ်အတွက် ကိုယ့်ပညာနှင့် ကိုယ့်ဝင်ငွေ မျှနေလျှင်လုံလောက်ပြီ..။ ပညာနှင့်ဝင်ငွေသည် တိုက်ရိုက်အချိုးကျချင်သူမှ ကျသည်..။ အင်ဂျင်နီယာတစ်ယောက် သန့်ရှင်းရေးတံမြက်လှည်းလုပ်တာ ကြားဘူးသည်..။ သာမန်ဘွဲ့ရတစ်ယောက် လခ တစ်သောင်းကျော်ရတာ မြင်ဖူးသည်..။ အတန်းပညာဘယ်လောက်တော်တော် သူများခိုင်းတာ လုပ်ရသူချင်းမှာ အီးတစ်လုံးပိုရှူချင်သူကိုမြင်ရသောအခါ စိတ်ပျက်ရသည်..။
ကိုယ့်ကိုယ်ကို လိပ်ပြာသန့်နေအောင် တိုက်ချွတ်ထားမှတော်ကာကြမည်..။ တစ်ငါငါနှင့် လက်မလာထောင်သူနှင့်ကြုံလျှင် မစံပယ်လည်း သူတော်ကောင်းမဟုတ်..။ မစံပယ်ရဲ့ ငါလည်း ခေါင်းထောင်ထွက်လာပါလိမ့်မည်..။
စာမဖတ်သောသူများ စိတ်ပျက်ဖို့ကောင်း၏...။ ကျောင်းစာနှင့် အတတ်ပညာသည် ဦးနှောက်ကိုသာဖွံ့ဖြိုးစေကြောင်းတွေ့ရသည်..။ ဦးနှောက်ချည်းဖွံ့ဖြိုးလျှင် လူတွေနှင့်သဟဇာတမဖြစ်..၊ ငါသိ၊ ငါတတ်...၊ ငါတော်..၊ ငါလောက်သိသူမရှိ..၊ ဘယ်သူနဲ့နေနေ ပြိုင်ရဲသည်ဟု မပြည့်သောအိုး ဘောင်ဘင်ခတ်သောစကားများ ထွက်လာသည်..။ ကျိုးကြောင်းဆင်ခြင်နိုင်မှုတွင် စာဖတ်သူလောက် မကောင်း..။ စာဖတ်သူမှာ ဘာစကားမှ လက်လွတ်စံပယ်မပြော..။ အကြောင်းမဲ့ ဘ၀င်မြင့်ခြင်း နည်းသည်..။ (မရှိဟု ပြောခြင်းမဟုတ်..။)
အခုတော့ စဉ်းစားသည်..။ မစံပယ်လည်း လက်မထောင်တတ်အောင်ကျင့်ဦးမှ ဟု..။ ထောင်မည်ဆိုလျှင်တော့ ထောင်စရာတွေမှ အပြည့်ပင်..။ မစံပယ်လည်း ပြည့်ဝသူမဟုတ်တာ တွေ့ရသည်..။ စိတ်နှလုံးပြည့်ဝသူဆိုလျှင် မသိတတ်သူက လက်မထောင်တာ..၊ မာနနှင့် ငါသိ ငါတတ်ပြောတာကို ပြန်ယှဉ်ပြိုင်နေမည်မဟုတ်..။ သူမပြည့်ဝ၍ ပြောတာ..၊ ပြုမူတာပဲဆိုပြီး ခွင့်လွှတ်လိုက်မည်..။ သူကပြည့်ဝလာ၍ လာတောင်းပန်လျှင် ခွင့်လွှတ်လိုက်မည်..။ ဒီလိုတွေလုပ်မည်ဖြစ်သည်..။ မစံပယ်ကတော့ သူက လက်မတစ်ချောင်းထောင်ရင် ငါက လက်မနှစ်ချောင်းထောင်ပြလိုက်မည်ဟု တွေးတာဖြစ်သည်..။
ရယ်စရာကောင်းလေစွ..။
ဖေ့စ်ဘုတ်ပေါ်မှာ စာလုံးအမှားတွေကနေ တွေးမိတာတွေ..။
အရှိမဲ့ (မှန်) (မဲ့=မရှိ..။)
ဒါပေမဲ့(မှား) ဒါပေမယ့်(မှန်)
အစဉ်ပြေ(မှား) (အစဉ်=အချိန်ပြကြိယာဝိသေသန)
အဆင်ပြေ(မှန်)
ဘာပြောတာလည်း(မှား)(လည်း=လည်းပဲ၊လည်းကောင်း)
ဘာပြောတာလဲ(မှန်)(လဲ=အမေး)
ငယ်ငယ်တုံးက စလုံးနဲ့ ဆလိမ် အသံထွက်ကွာတာ မသိဘူး..။ ဆားကိုလည်း စား လို့ပဲ အသံထွက်တယ်..။ နွေရာသီကျောင်းပိတ်ရက် အဖေ့ရွာကိုပြန်ရတော့ မောင်လေးက အမှားပြင်ပေးတယ်..။ မမ နင်က ဆားကိုလည်း စားလို့အသံထွက်နေတယ်...။ ဆားက ဆား..။ စားက စားဆိုပြီး လျှာကိုသေချာအသံထွက်ပြတယ်..။ သွားစေ့ထားတာကို လျှာဖျားနဲ့ထိုးရင် စား ဆိုတဲ့အသံရတယ်..။ (သွားမစေ့ဘဲ လျှာဖျားနဲ့ထိုးလည်း ရတာပဲနော်..။) ဆားက အသံနည်းနည်းပြင်းတယ်..။ သွားစေ့ထားတာကို လျှာအဖျားနဲ့မထိုးဘူး..။ လေသံပြင်းနဲ့ လျှာဖျားထိပ်နောက်နားလောက်နဲ့ ထိုးရင် ဆား ဆိုတဲ့ အသံပြင်းပြင်းကို ရတယ်....။ အဲဒီတော့မှ စ နဲ့ ဆကို လေသံနဲ့ခွဲဖို့လိုတယ်ဆိုတာ သဘောပေါက်သွားတယ်..။ သူငယ်တန်း တစ်တန်းဆရာမက မသင်တာလား..၊ ကိုယ်ကပဲ မသိတာလား မမှတ်မိတော့ဘူး..။
စာရေးတော့လည်း မျဉ်းမပါရင် မျဉ်းဖြောင့်အောင်မရေးတတ်ဘူး..။ မျဉ်းပါတာတောင်မှ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ လက်ရေးလက်သားက အကောင်းကြီးထဲ မပါဘူး..။ တကယ်က မြန်မာစာလုံးမှာဖြစ်ဖြစ် အင်္ဂလိပ်စာလုံးမှာဖြစ်ဖြစ် အလယ်မှာရှိရမယ့်စာလုံး..၊ အောက်ထိဆွဲရမယ့် စာလုံး..၊ အပေါ်တင်ရမယ့်စာလုံး အစရှိသဖြင့် သူ့ဖလိုးအတိုင်းသွားရင် လက်ရေးက မလှပေမယ့်လည်း အပေါ်တက်လိုက် အောက်ကျလိုက် ဖြစ်စရာမရှိဘူးလို့ ဆရာမကြီးတစ်ယောက်ထောက်ပြမှ အတန်းတော်တော်ကြီးမှကို သိတော့တယ်..။
မြန်မာဆရာ၊ဆရာမကောင်း သိပ်အရေးကြီးတယ်..။(အင်္ဂလိပ်လည်း ဘာထူးလဲနော်...။)
အဆိုးဆုံးတစ်ခုကတော့ ကျွန်တော်တို့ဒေသက လူတွေက နသတ်နဲ့ ငသတ် မခွဲနိုင်ကြတာပဲ...။ နသတ်မှာလည်း ငသတ်သံနဲ့ထွက်တယ်..။ ငသတ်မှာလည်း ငသတ်သံနဲ့ပဲ ထွက်တယ်..။ နသတ်သံထွက်နည်းကို ထောင်တတ်တဲ့နား မရှိကြဘူးလို့ ပြောရမယ်..။ ကျွန်တော့်နာမည်မှာ နသတ်နဲ့ဆုံးတာ တစ်ခုပါတယ်..။ ကျွန်တော့်သူငယ်ချင်းအရင်းအချာက ငသတ်သံနဲ့ပဲ ခေါ်တယ်..။ သူ့နာမည်မှာ ငသတ်နဲ့ဆုံးတာ တစ်လုံးပါတယ်..။ ကျွန်တော်က သေချာသတိထားပြီး ဂရုစိုက်ပြီးသေချာခေါ်တာမှာ နသတ်သံနဲ့ သွားထွက်တယ်..။ ပါးစပ်ကငသတ်သံထွက်အောင် သေချာရွဲ့ပဲ့ထွက်တာကို နသတ်သံသွားဖြစ်နေတယ်..။ ကျွန်တော်တို့နဲ့ကပ်ရက်ကရွာတွေက အဲဒီလိုမဖြစ်ဘူး..။ ဆရာတစ်ယောက်က ထောက်ပြလို့ သေချာသတိထားခေါ်တယ်..။ မရဘူး..။ ကျွန်တော့်နာမည်ကိုလည်း ကျွန်တော့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေက ငသတ်သံနဲ့သေချာအသံထွက်ပြီး ရယ်စရာစ ကြတယ်..။ တစ်ခြားဒေသကလူတွေမှာ တစ်ခြားပြဿနာတွေ ရှိတယ်..။ စသတ်နဲ့ ကသတ်နဲ့မကွဲတဲ့ဒေသလည်း ရှိတယ်..။ သူတို့ကတော့ တစ်နယ်လုံးလို့ပြောရမယ်..။ တော်တော်ဆိုးတယ်..။ ဒေသအများစုကတော့ သနဲ့ တနဲ့ မကွဲကြဘူး..။ သ နေရာမှာ တ တွေနဲ့ပြောကြတယ်...။ ကျွန်တော့်အဖေရွာမှာ အဲလိုတွေ သုံးတယ်..။ တ၀မ်းပူသံကြီး များများကြားရတယ်..။ လျှာဖျား(လျှာထိပ်) မထိုးကြတာ..။ နားထောင်ရတာ ရယ်ချင်စရာကြီး..။
ကျွန်တော်ကတစ်ခြားဒေသကလူတွေက ကျွန်တော့်နာမည်ကို ငသတ်သံနဲ့ရယ်စရာစကြတော့ အိမ်ကိုပြန်ပြောပြဖြစ်တယ်..။ ပြောနေတုံး ကျွန်တော်တို့ဒေသမှာပဲမွေး အဲဒီဒေသမှာပဲ ကြီး တစ်နယ်ရပ်ခြားသွားခဲတဲ့ အပျိုကြီးမကြီးကို ကျွန်တော့်နာမည်ကိုခေါ်ခိုင်းကြည့်တယ်..။ ခပ်တည်တည်ပဲ ငသတ်သံနဲ့ပဲထွက်လာတယ်..။ လွဲနေတာ မျိုးဆက်၁၀ဆက်လောက်ရှိပြီလို့ ပြောရမလားပဲ..။
မန္တလေးမှာတွေ့တဲ့ ပျဉ်းမနား၊ နေပြည်တော် တပ်ကုန်းဒေသကလူတွေက ရှ နဲ့ ချ နဲ့ လွဲနေကြသလား..၊ အားလုံးကို ရှ သံပဲ ထွက်နေကြသလားတော့ မပြောတတ်ဘူး..။ ချစ်တယ်ဆိုတာကတော့ ရှစ်တယ်ပဲ...။ ရှစ်ပြောရင်တော့ ချစ်ထွက်သလား မသိဘူး..။ ချဉ်တာလည်း ရှဉ်တာပဲ...။ ဘလော့တစ်ခုထဲမှာဖတ်ဖူးတယ်..။ စလုံးမှာမွေးတဲ့ကလေးကို ပျဉ်းမနားကအဒေါ်ကိုလှမ်းခေါ်ပြီးထိန်းခိုင်းတာ အဒေါ်နဲ့အနေများတဲ့ကလေးက အဒေါ်ဆီကနေရယ်..၊ အဖေဆီကနေရယ်..၊ အဒေါ့်သား အစ်ကိုဝမ်းကွဲကနေရယ် ရှစ်တယ်..၊ ရှဉ်တယ်..ဆိုတာတွေပဲကြားနေရတော့ အမေ့မှာ ဘယ်လိုပြင်ပေးပေး မရဘူးဖြစ်နေတာဆိုတာ ရယ်စရာအနေနဲ့ရေးထားတာ တွေ့ဖူးတယ်..။
အဲဒါကြောင့် စကားပြောတာနားထောင်ရင် ဒေသကိုမှန်းနိုင်တယ်ဆိုတာ ဖြစ်နေတာပေါ့..။ ချနဲ့ရှကို ဒေသနဲ့ချီပြီးမှားတဲ့အမှားကတော့ ဆိုးလွန်းသလားလို့..။ ဘယ်သူတွေဆီက ရတာလဲဆိုတော့ ဆရာမတွေကလည်း ရှလို့အသံထွက်ပြီးသင်တာပဲလို့ ပြောတာကြားဖူးတယ်..။ အဲဒီဒေသကတစ်ယောက်ကို မေးကြည့်ဖူးတာပါ..။ ကျောင်းမှာကို ဆရာမက ရှသံထွက်ပြီးသင်တယ်တဲ့..။ ဒါပေမယ့် ဒေသခံမဟုတ်တဲ့ တစ်ခြားဒေသကဆရာမတွေလည်း ရှိတာပဲဆိုတော့ အိမ်မှာ မိသားစုထဲမှာ ရှနဲ့ပြောတော့ တစ်ခြားဒေသကလာတဲ့ဆရာမတောင် နောက်ပိုင်း ရှ သံဖြစ်သွားနိုင်တာပဲ..။ ဘာပဲပြောပြော ကျောင်းသားမမှန် ဆရာ့ခေါင်း..၊ သားသမီးမမှန် မိဘခေါင်းဆိုတော့ ဆရာမိဘ ပေါင်းထိန်းကြမှ အမှန်ရောက်လိမ့်မယ်ထင်ပါတယ်..။
စိတ်ထဲရှိတဲ့အတိုင်း သမ္မတကြီးကို ခန့်မှန်းခြင်း..။
သမ္မတကြီးဦးသိန်းစိန်က ကျွန်တော့်အထင် Type B အမျိုးအစားလို့ထင်တယ်..။ လူမှာ Personality နှစ်မျိုးရှိတယ်လို့ ကြားဖူးတယ်..။ Type A နဲ့ Type B...။ Type A မှာမှ A+, A, A- တွေရှိသေးတာပေါ့..။ သွေးဆူတဲ့အမျိုးအစားတွေ..။ အရမ်းလည်းအောင်မြင်တတ်ကြသလောက် ရောဂါဘယလည်းထူပြောကြတယ်..။ စိတ်ခံစားမှုပြင်းထန်တတ်ကြတဲ့အမျိုးအစားတွေပေါ့..။ (ကျွန်တော်ကတော့ A- လောက်ရှိတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်..။ စိတ်အပြောင်းအလဲမြန်..၊ ဒေါသထွက်လွယ်တယ်..။ သွေးဆူတတ်တယ်..။)
သမ္မတကြီးကကျတော့ Type B အမျိုးအစား..။ သွေးအေးတယ်..။ ပြည့်ဝတယ်..။ ခေါင်းဟာ ငုံ့ပြီးတော့လည်းမနေဘူး..။ မော့ပြီးတော့လည်း မနေဘူး..။ အနေအေးတယ်..။ ဒေါသ၊ မောဟ ၊ အာဃာတ နည်းတယ်..။ သမာသမတ်ကျကျ စဉ်းစားဆုံးဖြတ်တတ်တယ်..။ ဒါပေမယ့် လှုပ်ရှားတက်ကြွမှု နည်းတယ်..၊ နှေးတယ်..။ ဒါပေမယ့် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ သမာသမတ်ကျလွန်းလို့ အားလုံးကသူ့ကိုလိုလားတတ်ကြတယ်..။ တစ်ခြားသူတွေက အဖြစ်အပျက်တစ်ခုကို ဒေါသနဲ့တုံ့ပြန်ချိန်မှာ..၊ အောက်ကျတယ်လို့ယူဆနေချိန်တွေမှာ သူကဘယ်လိုမှမယူဆပဲ အေးအေးဆေးဆေးလေး ကူညီလိုက်နိုင်တယ်..။ သူ့စိတ်ထဲမှာ အညှိုးအတေး အကောက်အတေးနည်းတယ်..။ အားလုံးကိုဖြစ်သင့်တဲ့အတိုင်း လုပ်သင့်တဲ့အတိုင်း အေးအေးဆေးဆေး ပြောနေလုပ်နေ အကောင်အထည်ဖော်နေမှာပဲ..။ ဒါပေမယ့် Type A ပုဂ္ဂိုလ်တွေက အားရမှာမဟုတ်ဘူး..။ လှုပ်ရှားတုံ့ပြန်မှု နှေးလို့..။
ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော့်မှာ အဲလိုသူငယ်ချင်း ညီမလေးတစ်ယောက်ရှိလို့ပဲ..။ သူကအေးအေးဆေးဆေးနဲ့ အရာရာပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်တယ်..။ လူတစ်ဘက်သားကိုလည်း ငဲ့ညှာတတ်တယ်..။ တမင်လုပ်ယူနေရတဲ့ ငဲ့ညှာမှုမဟုတ်ဘူး..။ သူ့ရဲ့ပင်ကိုယ်ဗီဇကိုက သူတစ်ဘက်သားကို ငဲ့ညှာတဲ့ဗီဇပါလာတာ..။ ဘယ်လိုလူမျိုးကမဆို ခင်ကြတယ်..။ သူပြောဆိုတာ..၊ ဆက်ဆံတာ..၊ ဆုံးဖြတ်တာကို အလေးထားကြတယ်..။ သမ္မတကြီးကိုမြင်လိုက်တိုင်း အဲဒီညီမလေးကို ပြန်အမှတ်ရမိတယ်..။ သမ္မတကြီးကလည်း အဲလိုလူအမျိုးအစားလို့ သတ်မှတ်မိတယ်..။ ဒီနေရာမှာတော့ ဦးသိန်းစိန်ကို သမ္မတရာထူးပေးထားခဲ့တဲ့ ချေးပိတ်ကြီးသန်းရွှေကို ကျေးဇူးတင်မိတယ်..။ ဦးသိန်းစိန်နဲ့ဆို တိုင်းပြည်ကိုနည်းနည်းတော့ ဖာထေးမိနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိတယ်..။
ရခိုင်အရေးကို သမ္မတကြီးကိုင်တွယ်နေပုံကို အားမရဘူး..။ ကိုယ့်သွေးချင်းတွေခံနေရတော့ စိတ်ထဲမချိတာအမှန်ပဲ..။ ဒါပေမယ့် ကမ္ဘာ့ဆိုးသွမ်းအဖွဲ့အစည်းတွေ နောက်ခံအားကောင်းနေတဲ့ သူတို့အဖွဲ့ကိုကိုင်တွယ်ရာမှာ လွယ်လွယ်ကူကူလုပ်လို့မရနိုင်လို့နေမှာပဲလို့ သမ္မတကြီးလုပ်ရပ်ကို စောင့်ကြည့်နေခဲ့တယ်..။ ဒီနောက်ခံအဖွဲ့အစည်းတွေကိုလည်း ထည့်မစဉ်းစားလို့မရနိုင်လို့နေမှာပဲလို့..။
သမ္မတကြီးနားမှာ စိတ်ကောင်းရှိပြီး ဥာဏ်ပညာထက်မြက်တဲ့ အဖော်အပေါင်းတွေရှိစေချင်တယ်..။ မှူးဇော်ပါမပါတော့မသိဘူး..။ ဦးကိုကိုလှိုင်ကိုတော့ လက်သင့်မခံနိုင်တာတွေ အကြံပေးလေ့ရှိတဲ့အတွက် မကြိုက်ဘူး..။ ဦးကိုကိုလှိုင်ပေးတဲ့အကြံက ပြည်သူတွေဘ၀ကို မစာနာတတ်ဘူးဆိုတာ ထင်ရှားတယ်..။ သူကပြည်သူတွေရဲ့ဘ၀ထက် အရမ်းမြင့်မားနေပြီကိုး..။ သူပေးတဲ့အကြံဥာဏ်က ပြည်သူတွေကို လူလို့သတ်မှတ်ပုံမရဘူး..။
သမ္မတကြီးရဲ့ သတင်း Update တွေကလည်း သိပ်မတက်ဘူး..။ မတက်ဆို သူ့ ၀က်ဆိုဒ်လည်း သွားမှမကြည့်တာကိုး...။ စတင်တဲ့နေ့ကတော့သွားကြည့်တော့လည်း loading တက်နေတာနဲ့ ၀က်ဆိုဒ်ကပွင့်မလာခဲ့တာကိုး..။ ဘယ်လိုပဲပြောပြော သမ္မတကြီးကို ပြည်သူတွေနဲ့တစ်သားတည်းရှိနေစေချင်တယ်..။ ပြည်သူတွေကြားထဲမှာပဲ ထိုက်သင့်တဲ့လုံခြုံရေးအစောင့်အရှောက်နဲ့ လှည့်ပတ်သွားလာပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့သူဖြစ်စေချင်တယ်..။ ကိန်းကြီးခန်းကြီး မော်တော်ပီကယ်ခရာသံ တတွီတွီနဲ့သွားလာနေတဲ့ ခေတ်ကုန်စေချင်ပြီ..။ ပြည်သူတွေ အော့နှလုံးနာတာပဲ အဖတ်တင်လိမ့်မယ်..။ ကျွန်တော်ဟာ ပြည်သူတွေနဲ့တစ်သားတည်းပါဆိုတာ ပြစေချင်တယ်..။ ဖြစ်နိုင်ရင် သမ္မတကတော်အန်တီကိုပါ မကောင်းသတင်းမထွက်တဲ့ ရိုးသားတဲ့အန်တီဖြစ်စေချင်တယ်..။
ရယ်ရတယ်..။ တခါတရံသမ္မတကြီးကလည်း တောင်မြို့ကလွန်းတစ်ရာ နှစ်ရာချိတ်တွေ ပရိုမိုးရှင်းလုပ်ပေးတတ်သားပဲ..။ ချိတ်တွေဆိုတော်သေးတယ်..။ ခုက သမ္မတကြီးက ပန်းခက်တွေနဲ့..။ အခြောက်ကြီးတွေနဲ့တူတယ်..။ သမ္မတကြီးက ချောကလက်ရောင်မို့တော်သေးတယ်..။ ၀န်ကြီးတွေလား ဘာတွေလား သူ့ထက်သူလူစွမ်းကောင်းများက ပန်းရောင်ပန်းပွင့်ချိတ်တွေနဲ့..။ ကလေးကလားဗျာ..။ မလိုအပ်ဘူးလို့ ကျွန်တော်တော့ထင်တာပဲ..။ ချိတ်တွန့်တွန့်လောက်ဆို တော်သေးရဲ့..။ ရေလှိုင်းပုံ တွန့်တွန့်ဆိုရင်ကို မိန်းမဆန်သွားပြီ..။ အရောင်ကလည်း နို့စိမ်းတို့..၊ အ၀ါဖျော့ဖျော့တို့..၊ အပြာတို့..၊ တစ်ခြားအရောင်နုနုဆို တော်ပါပြီ..။ မောင့်ကျက်သရေနဲ့ ခေါင်းပေါင်းနဲ့ ကတ္တီပါဖိနပ်နဲ့ သန့်ရှင်းသပ်ရပ်ရုံဆိုတော်ပါပြီ..။ အခြောက်ပုံပေါက်တဲ့အထိတော့ မကောင်းပါဘူး..။
နောက်ပြီး အန်တီစုကိုလည်း မောင်နှမလိုသတ်မှတ်စေချင်တယ်..။ ကျောင်းမှာ ပရောဂျက်ရေးသလို သဘောထားလိုက်ပေါ့..။ ကိုယ့်အုပ်စုထဲမှာ idea ကောင်းတဲ့ ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတစ်ယောက်ပါရင် ကိုယ်တွေအမှတ်ကောင်းကောင်းရမှာပဲလေ..။ အန်တီဟာ အရည်အချင်းရှိရှိ လုပ်ရည်ကိုင်ရည်ရှိတဲ့ ကြိုးစားတဲ့အမျိုးသမီးတစ်ယောက်ပဲ..။ ဒီလိုအန်တီရှိနေတာ ကျွန်တော်တို့နိုင်ငံအတွက် ရတနာတစ်ပါးပဲ..။ ဒါကိုသမ္မတကြီးကောင်းကောင်းလက်ခံပြီး သူနဲ့အတူတူ ပရောဂျက်တော်တော်များများလုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်..။ သူ့မှာလုပ်ရည်ကိုင်ရည်..၊ နှလုံးရည်တော်တော်ပြည့်စုံတာ ကျွန်တော်တို့တွေ့နေရတာပဲ..။ စကားများများပြောသလောက် အမှားသိပ်မပါတာတစ်ခုကြည့်ရုံနဲ့ ကိစ္စတော်တော်များများကို တစ်ထိုင်တည်းတစ်ချိန်တည်းမှာ အမှားအယွင်းမရှိ စဉ်းစားတွေးခေါ်သုံးသပ်နိုင်နေတယ်ဆိုတာ မြင်ရုံနဲ့ သူဘယ်လောက်ပညာပြည့်ဝတယ်ဆိုတာ သိသာနေတာပဲလေ..။ သူမသိတာ သမ္မတကြီးသိနေနိုင်သလို သူမတွေ့ကြုံဖူးတာ သမ္မတကြီးတွေ့ကြုံဘူးမှာပဲလေ..။ အဲလိုပဲ သူ့ဆီမှာသမ္မတကြီးစိတ်မကူးမိတဲ့ အကြံဥာဏ်တွေ ရှိနေနိုင်တာပဲ..။ လပိုင်းလောက်သာကွာတဲ့ တစ်ရာသီတည်းမွေးတဲ့လူနှစ်ယောက် စိတ်တူကိုယ်တူရှိကြဖို့ နီးစပ်ပါတယ်..။ သူနဲ့ပေါင်းပြီး နိုင်ငံတော်ကို ကောင်းအောင်တည်ဆောက်စေချင်ပါတယ်..။ တပ်မတော်သားအဖြစ် ဘ၀ကိုရပ်တည်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးရယူပေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်ရဲ့သမီးတစ်ယောက်ရဲ့မျိုးချစ်စိတ်ဟာ အတူတူပဲရှိလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်..။ နိုင်ငံကိုချစ်လွန်းလို့သာ အန်တီက မိသားစုကိုပစ်ပြီး ဘ၀ကိုရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်နေတာပဲလေ..။
ဆင့်ခေါင်းကို ခွေးချီမိပြီလော...။
မစံပယ်တို့ နောက်ဆုံးနှစ်တုံးက Digital Signal Processing (DSP)ဆိုသောဘာသာတစ်ခုသင်ရသည်..။ ဆရာမမှာသင်တာလည်းအရမ်းမြန်...၊ မစံပယ်ကလည်းအခြေခံမရှိ..၊ ကံကောင်းထောက်မစွာဖြင့် အများတွက်ထားပြီးသားလေ့ကျင့်ခန်းထဲမှအဖြေပေါင်းချူပ်တစ်ခုရ၍ ထိုအတိုင်းကြည့်တွက်မှ နားလည်သဘောပေါက်ကာ စာမေးပွဲအောင်ခဲ့သည်..။ မာစတာရောက်တော့လည်းအဲဒီဘာသာထပ်ပါလာပြန်သည်..။ ဒီတစ်ခါတော့မစံပယ်တစ်ယောက်ခမျာ တွက်ထားပြီးသားအဖြေပေါင်းချူပ်မရပါ..။ ထို့ကြောင့် မစံပယ်ဘာသာလည်းမတွက်တတ်ပါ..။ မစံပယ်စာမေးပွဲကျပါသည်..။ နောက်တစ်တန်းကျတော့မှကြိုးစားတွက်ရင်း တွက်နိုင်သွားကာ စာမေးပွဲအောင်ပါတော့သည်..။
အခုမစံပယ် programming နှင့်အသက်မွေးဝမ်းကျောင်းပြုရန် စိုင်းပြင်းနေပါသည်..။ မစံပယ်မှာသူများဖြေထားသောအဖြေကို နားလည်အောင်ပြန်ကြည့်မှတွက်တတ်သူ..၊ ကိုယ်ဘာသာအဖြေမရှာနိုင်သူ...၊ အခြေခံမပိုင်သူဖြစ်ရာ.. မစံပယ်မှာအားလျော့လှပါသည်..။ သို့သော်မိမိဘာသာအားကိုးမှရသည်ဆိုသည့် သင်္ခန်းစာကြီးကြီးလည်းရရှိထားရာ မစံပယ်မှာမိမိဘာသာကြိုးစားအဖြေရှာရင်း..၊ မိမိကိုယ်ကိုတရားနှင့်အားပေးလိုက်..၊ စာဖတ်၍အားပေးလိုက်..၊ ဆရာ၊ဆရာမကြီးများ၏အဆုံးအမစကားများဖြင့်အားပေးလိုက်နှင့် တပေပေတတေတေနှင့် ကားအိုကြီးတစ်စီးကဲ့သို့ လိပ်ရွေ့ရွေ့ကာ သွားနေပါသည်..။
ိသို့သော် မစံပယ်လိုချင်သောပန်းတိုင်သို့တော့ရောက်မည်ဟု ယုံကြည်ပါသည်..။ အနှေးအမြန်သာကွာပါလိမ့်မည်..။ မစံပယ်အားမလျော့ပါ..။
နေ့မြင်ညပျောက် သံဝေဂ....။
မစံပယ်ငှားနေသော အိမ်ဍ်အိမ်ပိုင်ရှင်မှာ အဘိုးကြီးနှင့်အသက်ကြီးကြီးသားအဖနှစ်ယောက်ဖြစ်ပါသည်..။ အဘိုးကြီးမှာ မနက်ပိုင်းတစ်ဝက် ဘလော့သုံးခုဍ်သန့်ရှင်းရေးလုပ်ပါသည်..။ အသက် ၇၈နှစ်ရှိပြီရှိပြီဆိုသော အဘိုးကြီးဖြစ်မှာ မနက်လေးနာရီလောက်ထကာ စက္ကူစုတ်၊ဘီယာခွံကောက်သေးသည်ဟု ဆိုပါသည်..။ ထောင်ထောင်မောင်းမောင်းနှင့် သန်သန်မာမာပုံကြီးမပေါက်သော်လည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ကိုင်နိုင်ဆဲအခြေအနေဖြစ်ပါသည်..။ မနက် ၆နာရီခန့်မှ သန့်ရှင်းရေးလုပ်ရာသို့သွားပါသည်..။ နေ့လည် ၁၂ ကျော်လျှင်အိမ်ပြန်လာပါပြီ..။ အလုပ်လုပ်ပြီး စားပြီးသောက်ပြီးမှပြန်လာသည်ဟု ဆိုပါသည်..။ အိမ်ရောက်လျှင်အခန်းထဲတန်းဝင်သွားကာ အနားယူသလား အိပ်သလားမသိပါ..။ နေ့လည်နှစ်နာရီကျော်လောက်မှ ထွက်လာကာ မီးဖိုချောင်ဝင်ကာ ထမင်းအိုးရေစိမ်ပါသည်..။ ထို့နောက်မှဟင်းချက်ဖို့ပြင်ပါသည်..။ သို့မဟုတ်ပါကလည်း စက်ဘီးဖြင့်နောက်တစ်ခေါက်ပြန်ထွက်ကာ ဈေးဝယ်သွားတတ်ပြန်ပါသည်..။ များများစားစားဝယ်တာမမြင်ပါ..။ တစ်ခါချက်ရုံ လိုသလောက်သာဝယ်လာတတ်ပါသည်..။ ထို့နောက် ချက်ပြုတ်စားသောက်ကာ ၄ နာရီကျော်လောက်ဆိုလျှင် အခန်းထဲပြန်ဝင်သွားပြီး မထွက်လာတော့ပါ..။ သူတို့အခန်းမှာလည်း ရေချိုးခန်း အိမ်သာရှိရာ အပြင်ထွက်ဖို့လည်း မလို..။ ထွက်လည်းမလာတော့ပါ..။ မစံပယ်ဒီအိမ်ကိုပြောင်းလာပြီး သတိထားမိသလောက် အဘိုးကြီးမှာနေ့တိုင်းအလုပ်မသွားသောရက် မရှိပါ..။ တစ်ရက်မှနားသည်မမြင်ပါ..။ စနေလည်းသွားပါသည်..။ တနင်္ဂနွေလည်း သွားပါသည်..။ အနေအေးသော ရိုးသားရောင့်ရဲသောဟု ကောက်ချက်ချရမည့် အဘိုးကြီးမျိုးဖြစ်ပါသည်..။
သူ့သားကတော့ အလုပ်ကခွင့်ယူထားသည်.၊ ပန်းနာရင်ကျပ်ဖြစ်သည်ဆိုကာ အိမ်မှာ တီဗီကြည့်နေသည်သာ တွေ့ရပါသည်..။ မနက်တိုင်းသွားတော့သွားသည်..။ အလုပ်သွားတာတော့မဟုတ်ပါ..။ ထမင်းဟင်းလည်း အဘိုးကြီးချက်ထားတာသာ စားသည်..။ အပြင်ကစားခဲ့ချင်လည်း စားခဲ့သည်ထင်ပါသည်..။ တီဗီသံအကျယ်ကြီးနှင့် တီဗီကြည့်နေတတ်ပါသည်..။ သို့ပေမယ့် သားအဖ တစ်ခန်းထဲအတူအိပ်ကြပါသည်..။ ပုံမှန်ပင် ဒီလိုပဲလည်ပတ်နေပါသည်...။
ပြီးခဲ့တဲ့ ၁၃ ရက်နေ့ တနင်္လာနေ့က မစံပယ်ဧည့်ခန်းမှာစာကြည့်နေတော့ သူ့သားအပြင်ကပြန်လာပါသည်..။ နေ့လည်၁၂ ကျော်ပြီ..။ ဒီအချိန်ပြန်လာနေကျ မစံပယ်က Grandpa ဟုခေါ်သော အဘိုးကြီးပြန်မလာသေးပါ..။ မစံပယ်စိတ်ထဲတော့ ဘာသိဘာသာ..။ သူ့သားကတော့ နာရီကြည့်ကာမျှော်နေသည်..။ မစံပယ်နားထဲ လူနာတင်ကားသံကြားလိုက်သည်..။ သို့သော် ဒီလိုပဲကြားနေကြဆိုတော့ ထူးပြီးအလေးမထားမိပါ..။ နေ့လည် ၂ နာရီကျော်ကျော်တွင် အိမ်ရှင်သားထံသို့ ဖုန်းလာသည်..။ တစ်ခြားတွင်နေသော သူ့အစ်ကိုကခေါ်သည်တဲ့..။ သူတို့အဖေ အမျိုးသားဆေးရုံကြီးမှာ တင်ထားရသည်..။ လဲကျလို့ဟု ဆိုသည်..။ အိမ်ပိုင်ရှင်သားဖြစ်သူ လိုက်သွားသည်..။
တော်တော်နှင့်ပေါ်မလာ..။ ညကြီးမိုးချုပ်မှပြန်ရောက်လာသည်..။ လဲကျကာ သတိလစ်နေသည်..။ စကားမပြောနိုင်..။ ဒီနေ့ညအခြေအနေကိုကြည့်ကာ မနက်ဖြန် ICU သို့ရွှေ့ချင်ရွှေ့မည်..။ နောက်နေ့ရောက်တော့ အိမ်ပိုင်ရှင်သား ဆေးရုံသွားသည်..။ တစ်နေကုန်ပြန်မလာ..။ ညနက်မှပြန်လာသည်..။ အခြေအနေမကောင်း၍ ICU မပြောင်းတော့..။ အသက်ရှင်ဖို့အလားအလာ ၁၀%သာ ရှိသည်ဟု ဆိုသည်..။ ဟမ်..။ ဟုတ်ပါ့မလား..။ တစ်နေ့ကအထိအကောင်းကြီးရှိသေးသည်..။ လက်ဆေးဗေစင်အကွဲကို အလုပ်သမားခေါ်ကာ ပြင်ခိုင်းနေသည်..။ အင်္ဂတေအအက်များကို ထုံးနှင့်ပြန်ဆက်ခိုင်းနေသေးသည်..။ ထုံးစံအတိုင်း ထမင်း၊ဟင်း ချက်နေသေးသည်..။ ဘယ်လိုဖြစ်တာလဲ..။ ၁၀%ဆိုတာ မှားများမှားရော့သလား..။ အမေတို့ကိုဖုန်းဆက်ပြောမိသည်..။ သူတို့လည်း စိတ်မကောင်းကြ..။
အိမ်ပိုင်ရှင့်သားမှာ အခန်းထဲနားနေပြီး ဗိုက်ဆာမှထွက်လာ စားသောက်နေပါသည်..။ တစ်ညလုံးအိပ်တော့သည် မထင်ပါ..။ တဂျိမ်းဂျိမ်းတဂျောင်းဂျောင်းနှင့် ဘာတွေလုပ်နေသလဲ မသိရပါ..။ မနက်ခင်း ၅နာရီလောက်တွင် ဖုန်းပြောသံကြားလိုက်သည်..။ အဘိုးကြီး ဆုံးလို့လှမ်းဖုန်းဆက်တာလို့ သိလိုက်ရသည်..။ မနက် ၆ နာရီ ၇ နာရီ အိမ်ဘေးမှဘွားတော်ကြီး ဆူညံဆူညံစကားတွေပြောနေသည်..။ ဘာတွေမှန်းမသိ..။ ၇ နာရီထိုးအိပ်ယာထတော့ အိမ်ပိုင်ရှင့်သားကပြောသည်..။ Grandpa ဆုံးပြီဟု..။ မြန်လိုက်တာ..။ နေ့မြင်ညပျောက်..။
မစံပယ်မှာလည်း မိမိလုပ်စရာရှိတာကို လုပ်နေရသေးသည်..။ အသုဘအခမ်းအနားကို မစံပယ်တို့တိုက်အောက်မှာမလုပ်..။ ဟိုဘက်ကတိုက်အောက်မှာ သွားလုပ်သည်..။ သားသမီးသုံးယောက်ရှိသည် ဆို၏..။ အဘိုးကြီး၏တစ်ခြားတွင်နေသောသားဖြစ်သူနှင့် သမီးဖြစ်သူတစ်ခါမှအိမ်လာသည်ကို မမြင်ဘူးပါ..။ အဘိုးကြီးလဲကျသည့်နေ့ကမေးတော့ အဘိုးကြီးနှင့်တည့်လျှင် လာသည်..။ မတည့်လျှင် မလာဟုဆိုသည်..။ မစံပယ်တို့ပြောင်းလာပြီးမှ တစ်ခါမှလာသည်မမြင်မိ..။ အသုဘကိုတော့ အစ်ကိုအကြီးဆုံးက ကြီးကြပ်သည်..။ အိမ်ပိုင်ရှင်သားက အငယ်ဆုံးဆို၏..။ အစ်ကိုကြီးခိုင်းတာ လုပ်ရသည်..။ ဆေးရုံမှပြန်သယ်လာသော ဆုံးသည့်နေ့တစ်ရက်..၊ နောက်ရက်တစ်ရက်..၊ တတိယရက်ဖြစ်သော ဒီနေ့တွင်မှအလောင်းကိုမီးရှို့သည်..။ ပြာကိုဘုန်းကြီးကျောင်းသွားကာ ဘာလုပ်ရသည်လဲမသိပါ..။
အိမ်ပိုင်ရှင်၏သားမှာ ကြိုသိနေသလို၊ ကြိုမျှော်လင့်ထားသလို သိပ်တုန်လှုပ်နေပုံမရှိပါ..။ အသုဘအတွင်း ဖယောင်းမီးမပြတ်အောင်ထွန်းပေးရ၍ မအိပ်ရ၍သာ ပင်ပန်းနေပါသည်..။သူဘာသာရပ်တည်နိုင်၍လည်းဖြစ်မည်..။ သူလည်း သိပ်အဆင်ပြေကြီးရှိဟန် မတူပါ..။ အဖေကိုပင်လာမပြုစုဘူးသော အစ်ကိုကြီးအစ်မကြီးများထံမှ ဂရုစိုက်မှုကိုလည်း ရလိမ့်မည်မထင်ပါ..။ အိမ်ပိုင်ရှင့်သားဖြစ်သူမှာ အသက်ကြီးလာမှ အခက်အခဲနှင့်ရင်ဆိုင်ရမည်ထင်ပါသည်..။ သို့ပေသိ သူတို့နိုင်ငံသဘာဝတွေကို နားမလည်ပါ..။ လူအိုရုံတို့ဘာတို့လည်း ရှိပါသည်..။ သူတို့ဘာသာ ကြံဖန်ရုန်းသွားပါလိမ့်မည်..။ စိတ်ကတော့ သူများအပူ ကိုယ့်အပူဖြစ်နေမိပါသည်..။
လူ့ရွာခဏလာကြတာ..။ အခုပဲအကောင်းကြီးကနေ အခုပဲ ကိုယ့်ဘ၀ထဲကနေထွက်သွားလိုက်တာ.. ခဏပဲကြာလိုက်ပါလား..။ ထင်မထားသေးတာတွေလည်း ဖြစ်တတ်ပါလားလို့ နောက်တစ်ကြိမ် သံဝေဂရရပြန်ပါတယ်..။
မျောက်အုန်းသီးရ နေ့စွဲများ..။
လူတွေရဲ့နေ့စဉ်ဘ၀ထဲမှာ ကင်မရာဟာ ဖုန်းပြီးရင် အရေးအပါဆုံးနေရာကို ရောက်လာပြီလို့ ဆိုလို့ရနိုင်လာပြီထင်ပါတယ်..။ ဒါပေမယ့် ဒီအဆိုကလည်း စင်ကာပူလိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေအတွက်ပဲ မှန်နိုင်ပါတယ်..။ မစံပယ်တို့မြန်မာနိုင်ငံလို စားဝတ်နေရေးကို အသေအကြေလုံးပန်းရဆဲနိုင်ငံတွေကတော့ ကင်မရာမပြောနဲ့ တကယ်လိုအပ်တဲ့ တယ်လီဖုန်းကို အနိုင်နိုင် သုံးစွဲနိုင်အောင် ကြိုးစားရပါတယ်..။
ဘလော့ကာအများစုက ဓာတ်ပုံလေးတွေရိုက်ပြပြီး ပုံလေးတွေတင်လိုက် စာလေးတွေရှင်းပြလိုက် လုပ်ကြတော့ ဘလော့ကာဟု အထင်ရောက်စ မစံပယ်လည်း ဓာတ်ပုံတွေရိုက်ပြီး ဘလော့မှာတင်ချင်လာပါတယ်..။ ဒါပေမယ့် ကင်မရာဝယ်နိုင်တဲ့အခြေအနေကို မရောက်သေးဘူးလို့ မိမိကိုယ်ကိုယူဆပြီး ဖုန်းကင်မရာနဲ့ပဲရိုက်ပြီး နေခဲ့ပါတယ်..။ ဒါပေမယ့် အခုတော့ မစံပယ်မှာ ကင်မရာရှိမှဖြစ်မယ့်အခြေအနေတစ်ခု ဖန်လာတဲ့အတွက် ရှိစုမဲ့စုလေးနဲ့ ဈေးချနေပါတယ်ဆိုတဲ့ ပြပွဲကြီးဆီ အချိန်မီ အပြေးအလွှားလေးသွားလိုက်ရပါတယ်..။ အဲဒီထဲကမှ အမျိုးမျိုးသော ပြောင်းတို၊ ပြောင်းရှည်များနှင့် ပြသထားသော တန်ဖိုးကြီးကင်မရာများကို အနိုင်နိုင်ဖယ်ပြီးသကာလ မစံပယ်တတ်နိုင်မယ့် ဈေးအခြေအနေရှိတဲ့အထဲက မစံပယ်လိုချင်တဲ့ကင်မရာအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ခဲ့ပါတယ်..။
အခုတော့ ဘလော့ကာကြီးမစံပယ်ဟာ ကင်မရာမီးတ၀င်းဝင်းနဲ့ တွေ့ကရာမြင်ကရာကိုဓာတ်ပုံရိုက်ဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်..။ ကင်မရာဗဟုသုတ သုညအခြေအနေမှာရှိတဲ့မစံပယ်ရဲ့ ကင်မရာဝယ်နည်းနိဿရည်းကတော့ ဘယ်တံဆိပ်ဝယ်ရမလဲဆိုတာ ကင်မရာဝယ်ဘူးနေကျ အစ်ကိုတစ်ယောက်ကိုမေးလိုက်ပါတယ်..။ သူပြောတဲ့ တံဆိပ်ရှိရာ ဆိုင်ရှိရာကို တန်းသွားလိုက်ပါတယ်..။ အတူလိုက်ပေးတဲ့ မောင်ကလေးကလည်း မစံပယ်မေးသမျှဆိုင်က ကင်မရာတိုင်းကို ၀ယ်ခိုင်းပါတယ်...။ သူ့ရဲ့ကင်မရာဗဟုသုတကလည်း သုညဖြစ်တဲ့အထဲမှာ သူကမစံပယ်လို ကင်မရာကိုယ်တိုင်ဝယ်မယ့်ကာယကံရှင်မဟုတ်တော့ စိတ်ဆန္ဒထက်သန်မှုလည်း မရှိတော့ မစံပယ်ပဲရှေ့ကသွား...၊ ဟိုလျှောက်မေး ဒီလျှောက်မေးနဲ့..။ အလဲ့ မစံပယ်ပဲကွယ်..။ တွေ့တာနဲ့တစ်ခါတည်းတန်းဝယ်ရင် မစံပယ်ရာဇ၀င်ရိုင်းသွားမှာပေါ့..။ အဲဒီတော့ ဟိုလျှောက်မေး ဒီလျှောက်မေးနဲ့ ပထမဆုံးဝင်တဲ့ တံဆိပ်ကဆိုင်ကို ဒုတိယမြောက်ပြန်အသွားမှာ အရောင်းစာရေးမလေးရဲ့ ညွှတ်ကွင်းမှာမိပြီး မစံပယ်ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်..။ ဒါတောင်မှ ပြပွဲကြီးတစ်ခုလုံးကို ဘာတွေရောင်းနေလဲ..၊ ဘာတွေ ဈေးဘောင်ချိုးနေလဲဆိုတာ တစ်ခေါက်တော့ အရင်ပတ်လိုက်ပါသေးတယ်..။ အစဉ်အလာမပျက်ရအောင် ပေါ့ရှင်..။ အဲဒါပြီးမှဝယ်ပြီး အဲဒီဆိုင်က၀ယ်လိုက်တာနဲ့ အဲဒီဆိုင်ထဲကို စိုက်တိုက်စိုက်တိုက်နဲ့ဝင်အသွားမှာ ပစ္စည်းရွေးဖို့က ဟိုးးးး နောက်ဖေးထဲကိုသွားပါဆိုတာနဲ့ နောက်ဖေးထဲသွားရပါတယ်..။ လိုချင်တာက အနက် ၊ ကျန်တဲ့ပစ္စည်းက ခဲရောင်မို့ ခဲရောင်ပဲယူခဲ့ရပါတယ်..။
ကင်မရာဝယ်လာပြီး တန်းရိုက်လို့ရမယ်ထင်တဲ့ မစံပယ်က အခန်းပြန်ရောက်ပြီး အသုံးပြုပုံစာအုပ်ဖတ်မှ သူကကွန်ပျူတာလိုပဲ ဆော့ဝဲအင်စတောလုပ်ရပါသေးလားဆိုတာ သိပါတော့တယ်..။ အဲဒီတော့မှ ဓာတ်ခဲထည့်..၊ မယ်မရီကဒ်ထည့် အားသွင်း..၊ အင်စတောလုပ်တာတွေ လုပ်ပါတော့တယ်..။
ပထမဆုံးကင်မရာစမ်းတဲ့ ရှူခင်းများကတော့ နှစ်ရက်မရှင်းဘဲထားတဲ့ မစံပယ်အခန်းပဲဖြစ်ပါတယ်..။ စားပွဲပေါ်က ရှူပ်ပွနေတဲ့ ရှူခင်းလှလှတွေကိုလည်း ရိုက်ပါတယ်..။ ဘုရားစင်ဘက်ကို လှည့်ရိုက်ပြီး ကြမ်းပြင်ကရွဲ့စောင်းနေတဲ့ ခြေသုတ်ခုံတွေပါ ရိုက်ပါတယ်..။ ဘာကျန်သေးလဲ ရိုက်စရာ..။ အပြင်သွားစရာရှိတော့လည်း အိတ်ထဲထည့်ယူသွားပါတယ်..။ အပြင်ကကြုံသမျှကိုလည်း ရိုက်ခဲ့ပါတယ်..။ ဒီတစ်ပတ်၊ ၁၀ ရက်ကတော့ မစံပယ်ရဲ့ မျောက်အုန်းသီးရနေ့တွေပါပဲ..။
မကောင်းမှု ဟူသည်..။
မကောင်းမှုဟူသည် ဘယ်အရာတွေနည်း..။ အကုသိုလ်သည် သတ်မှတ်ချက်မဟုတ်..။ သဘာဝတရားများသာဖြစ်၏..။ စိတ်ဆိုးစိတ်ယုတ်မွေးမိရုံနှင့် အချိန်မဆိုင်းဝဋ်လည်တတ်သော ကုသိုလ်မျိုးရှိတတ်သူဟု မိမိကိုယ်ကိုယ် သတ်မှတ်မိသည်..။ မတရားသောနည်းနှင့်ရသော ပိုက်ဆံသည် လွယ်လွယ်ကူကူနှင့်ပင် အချိတ်ဆက်မိမိပြန်ကာထွက်သွားလေသည်..။
မကောင်းမှုတစ်ခုကို သိသိကြီးနှင့်ကျူးလွန်လိုက်သည်..။ မည်သူမျှမသိပါ..။ မည်သူသိတာမသိတာသည် အရေးမကြီးပါ..။ မိမိကိုယ်ကို သိနေသည်က ပိုဆိုးပါသည်..။ဘယ်လိုခံစားနေရသလဲ..။ အတွေးများမကြည်လင်ပါ..။ နောက်ကျိကာနေသည်..။ မလုပ်ဘဲနေလျှင်လည်းဖြစ်နေသည်ကို လုပ်လိုက်ပြီး တနုံ့နုံ့ခံစားနေရသည်..။ ကျူးလွန်သောအဖြစ်ကလေးနှင့်မတန်အောင်ပင် စိတ်ဒုက္ခကြီးမားလှသည်..။အမျိုးမျိုးကြံဖန်ကာ စိတ်ဆင်းရဲရ တွေးပူရသည်..။
သံသရာတွင်လည်း မကောင်းမှု၏အကျိုးဆက်ကို ပယ်ပယ်နယ်နယ်ကြီးခံရနိုင်သေးသည်..။ ဘယ်အချက်မျှကောင်းသည့်အရာမရှိပါ..။
ဒေါသထွက်တယ်..။
ဂျပန်ကပါးရိုက်တာခံရတဲ့ မိန်းကလေးကိုလည်း ကိုယ့်နိုင်ငံထဲက တရားရုံးကပဲ သိန်းတစ်ရာတန် အာမခံပေးမယ့်သူရှာခဲ့လို့ ခိုင်းသတဲ့..။ ဒီမှာဒါမျိုးလုပ်လို့ကတော့ ချက်ချင်းရဲကားခေါ်၊ ပြီးတာနဲ့အထုပ်တောင်ဆွဲချိန်ရှိလိုက်မှာမဟုတ်ဘူး ပြည်တော်ပြန်ရလို့လေ..။
နိုင်ငံကဆင်းရဲ၊ သူတို့လုပ်လို့ စီးပွားရေးပိတ်ဆို့တာကို ဟိုအန်တီအပေါ် အပြစ်ပုံချ..၊ ဒင်းတို့ စီးပွားရေးပိတ်လည်း ဘာအရေးလဲ..၊ တို့မှာ တရားအားထုတ်စရာရှိတယ်ဆိုပြီး တရားအားထုတ်လိုက်တာ..၊ ဘယ်လိုတရားအားထုတ်လည်းဆိုတော့ ဘာမှမလုပ်တတ်၊ မကိုင်တတ်ဘဲကျန်ရစ်တဲ့ လင်သေမုဆိုးမလိုပဲ ကိုယ့်ရှိတာကိုပဲ အတုံးလိုက်အတစ်လိုက် ရောင်းစား..၊ ရှိနေတဲ့ သဘာဝတရား၊ အလှတရားတွေ ဘာမှမထိန်းသိမ်းနိုင်..၊ ရလာတဲ့ပိုက်ဆံကိုကျတော့ ပထွေးလိုပဲ မျှတမစားချင်ဘဲ သူတို့တွေချည်းအကုန်စား..၊ ရသလောက်ယူ..၊ မရရအောင်ယူ..၊ ပြီးရင် ဘယ်လို သမ္မာအာဇီဝနဲ့ရပါတယ်ဆိုတာ လိမ်ဖို့ကြိုးစား.. လိမ်..။
ဟိုနေ့ကမှ လက်ချာတစ်ခုတက်လိုက်တော့ သဘာဝအရင်းအမြစ်တွေကလည်း Heritage ပဲတဲ့..။ ထိန်းသိမ်းရမှာပဲတဲ့..။ အဲဒါကြားလိုက်တော့ မြစ်ဆုံကအရင်အလှလေးကို သွားသတိရမိတယ်..။ အိုး..။ မြစ်ဆုံကိုထိန်းရမှာပေါ့..။
ဆရာအောင်သင်းဟောပြောပွဲတစ်ခု ပြန်ကြားယောင်မိတယ်..။ အာရပ်က၀န်ကြီးကိုလား လေယာဉ်နဲ့ မြန်မာနိုင်ငံမှာ ခရီးလှည့်ပြတော့ အဲဒီအာရပ်က ပြောသတဲ့..။ ဟိုအောက်မှာ ရေတွေပါလားလို့..။ ဘေးနားကမြန်မာ(ရာထူးကြီးကြီးလူတစ်ယောက်ဖြစ်နိုင်ပါတယ်..။) ကပြန်ပြောတယ်တဲ့..။ ဟုတ်တယ် ရေတွေ ဘာလို့လဲဆိုတော့ ဟိုအာရပ်ကလူကြီးကပြောသတဲ့..။ ဟ.. ရေတွေရှိနေမှတော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရပြီပေါ့လို့ ပြန်ပြောသတဲ့..။
ဒါကိုအားကျပြီးတော့များ မြစ်ဆုံဆည်ဆောက်ဖို့ ကြိုးစားလေရော့သလား..။ ဟိုအာရပ်ကြီးပြောတဲ့စကားက ကိုယ့်နိုင်ငံထဲမှာရေတွေရှိနေရင် ကိုယ့်နိုင်ငံအတွက် ကိုယ်ကြိုက်တာလုပ်လို့ရပြီလို့ ပြောချင်တာပါ..။ အခုတော့ေ-ာက်အတွေမို့ ကိုယ့်နိုင်ငံကထုတ်ပြီး သူများကိုရောင်းစားပြီး ကိုယ်ကတော့ မစားရညှော်ခံ၊ အနံ့နဲ့တင်ကျေနပ်နေရတဲ့ဘ၀ ရောက်ရပြီ..။ ၀န်ကြီးဖြစ်နေတဲ့သူက ဆိုသေး..။ ပိုလွန်းလို့ သုံးမကုန်လို့တဲ့..။ ဝေါ့...........။ သူမို့ပြောထွက်ရက်တယ်..။ ဘယ်လိုစိတ်ထားနဲ့ပြောထွက်မှန်းကို စဉ်းစားလိုက်မမီဘူး..။ ပြောနေတဲ့ မျက်နှာပေးကိုက ရိုက်ချင်စရာ..။ ငါ့စကားနွားရ..။ ၀န်ကြီးမို့သာ တော်တော့တယ်..။ မဟုတ်တာကို အဟုတ်ဖြစ်အောင်ပြောတတ်တာ ပြန်ဝန်ကြီးနဲ့ အိမ်နီးချင်းမို့ နေမယ်..။
ဒီမှာတော့ တိုးတက်လာတဲ့ infrastructure ကြောင့်တဲ့ နှစ်တစ်ရာကျော်လောက်ရှိတဲ့ သင်္ချိုင်းကို လူနေအိမ်ဆောက်ချင်ပါတယ်ဆိုပြီး အဆိုတင်သွင်းတာ လားလား ကန့်ကွက်လိုက်ကြတာမှ ပြောမနေပါနဲ့တော့..။ အဲဒါကြောင့် အခုတော့ အုတ်ဂူတွေအပျက်အစီးနည်းနိုင်သမျှနည်းအောင်ကြိုးစားပြီး ဂုံးကျော်တံတားကြီးတစ်ခုပဲဆောက်ပါမယ်..။ ဒီဂုံးကျော်တံတားကိုတောင်မှ အတန်အတန်စဉ်းစား..၊ မဖြစ်လွန်းမကမဖြစ်လို့ ဒီသချိင်္ူင်းပေါ်မှာဆောက်ရမှာပါ..။ ဒီအတွက်အုတ်ဂူအနည်းငယ်ထိခိုက်ပါမယ်..။ ဒီအတွက်လည်း တောင်းပန်ပါတယ်..။ ဒီဆုံးဖြတ်ချက်ကိုတောင်မှ ရှေးဟောင်းအမွေအနှစ်ဌာနနဲ့ အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ပြီး ခဲခဲယဉ်းယဉ်းချလိုက်ရတာပါတဲ့..။ ပြည်သူကိုအဲလိုအသိပေးတယ်..။ မစခင်ကတည်းက ကန့်ကွက်စာတွေနဲ့မို့ တိုင်ပင်နေတာကို အကြာကြီး..။ တို့မြစ်ဆုံတုံးက ဒီလိုဒီလိုလုပ်ပါမယ်လို့ ဘယ်သူ့ကိုအသိပေးချပြခဲ့လဲ..။ ကိုယ်ပဲမသိလိုက်တာလား..။ နောက်မှ အကုန်ဝိုင်းတားကြလို့ မရပ်ချင်ရပ်ချင် ရပ်ပေးထားရတာ မဟုတ်လား..။ စီးပွားရေးမှာ ကိုယ်ကျင့်တရားအနည်းဆုံးဖြစ်တဲ့ တရုတ်နဲ့မှသွားပူးပေါင်းမိပြီး ခွက်ခွက်လန်အောင်ကို မှားတော့တာပဲ..။
အိုး..၊ တွေးလိုက်ရင် စိတ်တိုစရာချည်းပဲ..။ မတွေးတော့တာပဲ ကောင်းတယ်..။
မစံပယ်နှင့် ဖိနပ် ၉ ရံ....။
မစံပယ်စလုံးကိုလာတော့ ရေချိုးခန်းစီးဖိနပ်တစ်ရံနှင့် ဒေါက်ဖိနပ်တစ်ရံ..၊ ကွင်းသိုင်းတစ်ရံပါလာသည်..။ ရေချိုးခန်းစီးဖော့ဖိနပ်က ခုထိစီးလို့ရဆဲ..၊ နောက်ဖေးမီးဖိုးစီးဖိနပ်လုပ်ကာထားသည်..။ ဒေါက်ဖိနပ်ကလည်း ရံဖန်ရံခါသာစီးသည်မို့ ခုထိစီးလို့ရဆဲ..။ ကွင်းသိုင်းဖိနပ်မှာ မစံပယ်မှာ မြန်မာနိုင်ငံမှာ ၁၂၀၀၀ ပေး၍ အောင့်အောင့်အင့်အင့် ၀ယ်လာရသောဖိနပ်ဖြစ်သည်..။ စလုံးရောက်မှ စစီးပြီး စီးပြီးတစ်လမကြာခင် ဖိနပ်က ခါးကျိုးသလို ပျော့စိစိဖြစ်နေပါတယ်လို့ စိတ်ထဲမသင်္ကာလို့ကြည့်လိုက်တော့ တကယ်ခါးကျိုးကာနေလေသည်..။ မစံပယ်မှာ မယုံနိုင်အောင်ပင်ဖြစ်သွားရသည်..။ စီးသည်မှမကြာသေး..။ စီးသာကျသည်ဆိုရုံသာရှိသေးသည်..။ ခါးမှပြတ်ထွက်သွားသည်..။ (ဖိနပ်ပုံကို google မှာရှာတာ ပုံစံတစ်ထပ်တည်းတူတာ မတွေ့ပါ..။ ဖိနပ်တံဆိပ်ကလည်း မေ့သွားခဲ့ပြီ..။ ဈေးသာကြီးပြီး ပေးရကျိုးလုံးဝမနပ်သည့် ဖိနပ်...။)
မစံပယ်၏ ပထမဆုံးလေဒီရှူးပုံ..။ (ဂူဂဲမှ ရှားထား၏..။)
နောက်တော့ စလုံးမှာ အချိန်ပိုင်းအလုပ်စလုပ်သည်..။ ဈေးဆိုင်မှာ တောက်တိုမယ်ရအလုပ်..။ ဖိနပ်ထိပ်ပိတ်စီးရမည်ဆိုသည်..။ လေဒီရှူးတစ်ရန်ဝယ်လိုက်သည်..။ လေဒီရှူးလို ဖိနပ်အလုံပိတ် စီးနေမကျသဖြင့် မစံပယ်ခြေထောက်မှာ ထုပ်စည်းထားသလိုဖြစ်ကာ ဖိနပ်များ ဒလစပ်ပေါက်လျက် ခြေမနှစ်ဘက်စလုံးညိုပုပ်ကာသွားလေသည်..။ ခြေအိတ်စွပ်ကာစီးတော့မှ အနည်းငယ်သက်သာသွားပါသည်..။ ဖိနပ်ထိပ်ပိတ်မစီးခဲ့ဘူးသော အညာသူ၏ခြေထောက်ကားကားမှာ လေဒီရှူးအလုံပိတ်ဒဏ်ကို အတော်ပင်ခံလိုက်ရပါသေးသည်..။ ထိုဖိနပ်လေးမှာ မဆိုးဟုဆိုရမည်..။ နှစ်လကျော် သုံးလလောက်စီးလိုက်ရသည်..။ တော်သေးသည်ဟု ဆိုရမည်..။
ထို့နောက် မစံပယ်ကျောင်းတက်ရက်ရောက်သဖြင့် ကျောင်းတက်ရာ အလုပ်မလုပ်ဖြစ်တော့ဘဲ ထိုဖိနပ်လေးကို ကျောင်းသွားလည်းစီးသွားဖြစ်ရာ သုံးလထဲအရောက်ဍ် မြင်မကောင်းအောင်ကျသွားတော့သဖြင့် မစီးဘဲထားလိုက်ရတော့သည်..။ မိုးရေတစ်ခါလောက်ထိလျှင် ဖိနပ်မှာ ဒုတ်ဒုတ်ထိ ကျသွားတော့ကာ စီးလို့လည်းမကောင်းတော့..။
မစံပယ်နှစ်ရံကို ၃၀နှင့်ဝယ်သောဖိနပ်သည် ပုံထဲကဖိနပ်လောက် အမျိုးအစားမကောင်းပါ..။ (ဒီဖိနပ်က နှစ်ရံ...။ အနက်ရောင်တစ်ရံ.၊ အသားရောင်တစ်ရံ...။)
ထိုဖိနပ်လေးကျသွားတော့ (စီးမဖြစ်တော့) မစံပယ်မှာ ဖိနပ်ဝယ်ဖို့အားထုတ်ရပြန်သည်..။ ရောက်ကာစဖြစ်ကာ စလုံးမှပစ္စည်းများအားလုံးမှာ ဈေးကြီးကြသဖြင့် မစံပယ်မှာ ဖိနပ်တစ်ရံဝယ်ရန်အတွက် တော်တော်ပင် စဉ်းစားအားထုတ်ရပါသည်..။ ၁ ဒေါ်လာကို ငွေ ၇၀၀ နှင့်တွက်ကာ ဘာကိုမှမ၀ယ်ရဲအောင်ပင် ဖြစ်နေပါသည်..။ ထိုသည်နှင့် မစံပယ် ဖိနပ်ဆိုင်သွားသည်..။ တစ်ရံ ၂၀ ကျပ်ဆိုသည့်ဖိနပ်ကို နှစ်ရံဝယ်လျှင် ၃၀ ဆို၍ နှစ်ရံဝယ်ကာလာသည်..။ ဖိနပ်ဒီဇိုင်းလေးက မစံပယ်ကြိုက်သည်..။ စီးလိုက်တော့ အသားမကျ..။ ခြေထောက်နာလှသည်..။ အစပိုင်းမို့နာသည်ထင်ကာဆက်စီးတော့ နောက်ပိုင်းလည်း နာမြဲနာလျက်..။ ဖိနပ်ကိုက ဒီဇိုင်းလှဖို့သာအသားပေးထားသည်..။ သက်သောင့်သက်သာမရှိ..။ မစံပယ်မှာ အနာခံကာ အောင့်အည်းလျက် စီးရပါသည်..။ ပိုက်ဆံ၃၀ တောင် အောင့်အောင့်အင့်အင့်ထွက်ထားသည့်အတွက် မစံပယ်မှာ နောက်ထပ်အကုန်မခံနိုင်၍ ကြိတ်မှိတ်ကာ စီးနေလိုက်ပါသည်..။ သို့သော်မရပါ..။ ဖိနပ်စီးထားတိုင်း နာလှ၍ မဲ့ခွက်ကာစီးရပါသည်..။ ဖိနပ်စီးဖို့အရေးပင် ကြောက်မိသည့်တိုင်အောင် ဖြစ်လာပါသည်..။ ဈေးချိုချင်သည်သာသိ၍ စီးလို့ကောင်းမည် မကောင်းမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားနိုင်မှူ အားနည်းလှပါသည်..။ ဈေးဘယ်လောက်ချိုစေကာမူ ကိုယ်စီး၍မရလျှင် ပေးရသမျှပိုက်ဆံမှာ အလကားဆိုသည်ကို မစံပယ်ထည့်မစဉ်းစားတတ်ပါ..။ ဈေးချိုရေးကိုသာ ဦးစားပေးတတ်ပါသည်..။ ထိုနှစ်ရံသည် မစံပယ်၏ ဒုတိယအကြိမ်မြောက် ဖိနပ်နှစ်ရံဖြစ်ပါသည်..။
မစံပယ်၏တတိယမြောက်ဖိနပ်တစ်ရံမှာ charles and keith ဖိနပ်ဖြစ်သည်..။ သူငယ်ချင်းကခေါ်သဖြင့်သွားဝယ်ကြရာ မစံပယ်မှာ အိတ်တစ်လုံးနှင့် ဖိနပ်တစ်ရံပါလာ၏..။ ဖိနပ်မှာကွင်းသိုင်းလေးနှင့် ချစ်စရာကောင်းရာ မစံပယ်မှာ ကျောင်းသွားတိုင်း ထိုဖိနပ်လေးကို စီးပါတော့သည်..။ ဖိနပ်မှာ ကော်သံပေးလှ၏...။ ခြေနင်းလိုက်တိုင်း တဂတ်ဂတ်နှင့်..။ သို့သော် မစံပယ်သဘောကျသည်..။စီး၍မှ တစ်ပတ်မပြည့်သေး..။ ကျောင်းမှာ ကင်န်တင်းအသွား ကိုယ့်စိတ်ကူးနှင့်ကိုယ်လမ်းလျှောက်လာစဉ် နောက်မှ ပျာယိပျာယာ မကုလားမက ဘာတွေအရေးကြီးနေမှန်းမသိ မစံပယ်ဖိနပ်နောက်မြီးကို တက်နင်းသွားရာ မစံပယ့်ဖိနပ်မှ အသိုင်းလေးမှာ ပြတ်၍သွားခဲ့သည်..။ မစံပယ်မှာကြောင်အနေစဉ် ကုလားမမှာ ဆောရီးတစ်လုံးသာပြောကာ ပျာယာပျာယာ ဆက်သွားနေချေပြီ..။ မစံပယ်မှာ ဖိနပ်ပြတ်ကြီး တဲစီးကာ ကင်န်တင်းသို့ရောက်အောင်သွားရ၏..။ ထို့နောက် လက်ချာတစ်ချိန် တက်ရသေး၏..။ ထို့နောက်တော့ အဲဒီဖိနပ်ကလေးမှာ ဘယ်လိုမှစီး၍မဖြစ်နိုင်တော့သောကြောင့် ပစ်ရမှာလည်း နှမြောကာ ဖိနပ်ပုံးလေးထဲဍ် ဒီအတိုင်းထည့်ကာထားလိုက်ရလေသည်..။
ကျောင်းပိတ်ရက်ဍ် အချိန်ပိုင်းအလုပ်လုပ်ရပြန်ချေပြီ..။ လေဒီရှူး ၂၀ ကျော်တန် အနက်ကလေးတစ်ရန် သူများစီးတာလှလို့ဟုဆိုကာ ၀ယ်လာပြန်ချေ၏..။ တိုပါရိုးဘုရားသို့အသွား john little မှ ဈေးချ၍ ၀င်ဝယ်ခြင်းဖြစ်သည်...။ ဖိနပ်ကလေးက စီးပြီးတစ်လမကြာခင် အောက်ခံအခင်းက စက္ကူများထွက်လာ၏...။ ဖိနပ်စီးထားစဉ် ရေကိုနင်းမိ၍ ခဏနှင့်ကွာထွက်လာသည်...။ လှိမ့်ပိန့်၍သာစီးရသည်..။ တစ်လပင်ကောင်းကောင်းမခံချင်...။ မြန်မာနိုင်ငံငွေနှင့်တွက်လျှင် ၂၀ ကျော်ဆိုလည်း တစ်သောင်းကျော်ပင်..။ စီးလိုက်တော့ဘာမှမခိုင်..။ နှမြောဖို့ကောင်းလှ၏...။
ဒါနဲ့နောက်တစ်ရန်ထပ်ဝယ်ရပြန်သည်..။ ဈေးကြီးပေး၍မ၀ယ်ချင်တော့...။ လျှော့ဈေးထဲမှဝယ်ရန်စိတ်ကူးသည်...။ အလုပ်ကိုအသွား Vivocity မှာ ဆိုင်ကြီးကြီးတစ်ဆိုင်ထဲဍ် မြန်မာပရိုမိုတာများရောင်းသောဆိုင်မှ မှတ်မှတ်ရရ ၉.၉၀ ပေးကာ ၀ယ်လာပြီးစီးသည်..။ မည်မျှခိုင်သည်ထင်ပါသနည်း...။ ဗေဒင်မေးစရာမလိုပါ..။ တစ်လပြည့်အောင်ပင် မခိုင်ပါ..။ ယိုယွင်းပျက်စီးကာ ပန်းထိပ်ဖူးများပြုတ်ကွာလျက် ဘယ်လိုမှ တစ်လတင်းတင်းပြည့်အောင်ပင် မခိုင်လိုက်ပါ...။
ဒီတစ်ခါတော့တော်ပြီ။ နပ်သွားပြီ...။ လေဒီရှူးအလှလေးတွေ ဘယ်တော့မှ မစီးတော့ဟု ဆုံးဖြတ်ပြီး လျှော့ဈေးမှဝယ်လာသော converse ဖိနပ်နှင့်အလုပ်လုပ်တော့သည်...။ ထိုဖိနပ်များကမှ တန်သည်..။ အစုတ်အပြတ်များကိုသာ ဈေးချသည်မဟုတ်..။ အကောင်းကိုလည်းဈေးချသောကြောင့် ရှူးဖိနပ်မှာ အကြမ်းပတမ်းစီးသော်လည်း နှစ်လကျော် သုံးလကြာမှ ဘေးခွံများကွာကာလာသည်...။ နေ့စဉ်အကြမ်းစီးတာနှင့်စာလျှင် အတော်လေးစီးလိုက်ရသည်...။ ဒီတော့ ကျောင်းတက်ရင်းစီးရန် ဖိနပ်ကောင်းကောင်းလေးဝယ်မည်ဟု ဆုံးဖြတ်ကာ ဖိနပ်ကောင်းကောင်းလေးလှည့်ကြည့်ရပြန်၏..။ ဖိနပ်ဝယ်လျှင် John Little နှင့်သာ ညားသည်..။ ထိုဆိုင်မှဖိနပ်များကိုသာ အကြိုက်တွေ့ကာဝယ်မိသည်...။ မျက်စိထဲသူများစီးတာလှသောဖိနပ်လေးများကို ထိုဆိုင်တွင် သွားသွားတွေ့သည်.....။ မခိုင်တာကို မမှတ်..။ ၀ယ်ပြန်၏ .။ နောက်တစ်ရံ...။ ကျောင်းသွားတုံးသာ စီးသည်ကို ရေနင်းမိတာနှင့် ခဏနှင့်ရွဲလိုက်လာသည်..။ ရွဲပြီးတာနှင့် သားရေဖတ်များ ပြတ်ကာထွက်လာသည်..။ ဟာ..။ စီးတဲ့အကြိမ်ရေမှ ဘယ်လောက်မှမရှိသေး...။ ကျောင်းက တစ်ပတ်မှတစ်ကြိမ်သာသွားရရာ တစ်ပတ်တစ်ကြိမ်ပဲ ထိုဖိနပ်စီးဖြစ်သည်...။ နောက်ကြိုကြားကြိုကြားသာစီးဖြစ်သည်..။ အချိန်အားဖြင့် သုံးလလောက်သာကြာသည်..။ စီးဖြစ်သည်အကြိမ်ရေက တစ်ပတ်တစ်ခါလောက်သာ..။ သို့ပေမယ့် သားရေဖတ်များပြုတ်ကာထွက်လာ၏..။ မကောင်းချေ..။
နောက်တစ်ရန်လာပြန်ချေပြီ...။ ကျောင်းသွားရင် formal နဲ့စီးဖို့ဆိုပြီး John Little ကပင် ၀ယ်မိပြန်ချေသည်...။ ၂၀ ကျော်ပဲ..။ မခိုင် မခိုင်ပါကွယ်..။ တစ်လကျော်အကြာမှာ ပြုတ်ပျက်ထွက်..။ ပန်းပွင့်တွေကအရင်ပြုတ်ထွက်..။ တစ်ဘက်ကပန်းပွင့်တပ်လျက်...။ နောက်တစ်ဘက်ကပြုတ်ရက်နဲ့ ဒီတိုင်း တဲပြီးစီးနေတာလည်း မရပါကွယ်..။ တစ်လတောင် သီသီလေးစွန်းရုံသာစွန်းရုံ အနိုင်စီးရပါတယ်..။
အောင်မလေးစလုံးရယ်...။ နင်တို့ ၂၀ ကျော်ဆိုတာ ငါတို့ ၁၂၀၀၀ ကျော်ပါဟယ်..။ ငါတို့ဆီမှာ ၁၂၀၀၀ ကျော်တန်ဆို တကယ့်အကောင်းဆုံး အခိုင်ဆုံးတွေကို ရတယ်..။(မစံပယ်ရဲ့ မြန်မာနိုင်ငံက ၀ယ်လာခဲ့တဲ့ ဖိနပ်မပါ...။) နင်တို့ဆီမှာ ၂၀ ကျော်တန်ဆိုတာ တကယ့်ရောင်းတန်းအဆင့် ကော်ကပ်တွေလောက်ပဲ ရတာပါလားဟယ်..။
မစံပယ်အ၀ယ်အများဆုံးက ဖိနပ်ပဲ...။ ၀ယ်ပေမယ့် ခုလောလောဆယ် ဖိနပ်စီးစရာ တစ်ရန်မှမရှိလို့ အိမ်နေရင်းစီးရတဲ့ ပလတ်စတစ်ကော်ဖိနပ်ကို အပြင်ထွက်လည်း ဒါပဲကောက်စွပ်စီးနေရတယ်...။ နောက်တစ်ရံဝယ်ဖို့ရာ တော်တော်စဉ်းစားနေရပြီ..။ မခိုင်တာကြီးကို သည်းကိုမခံနိုင်ဘူး..။ ဖိနပ်တစ်ရံ ၇၀ ၈၀ ပေးဝယ်ဖို့ရာကျတော့လည်း တွန့်နေပြန်တယ်..။ စိတ်ကလက်မခံဘူး..။ ဒါနဲ့အပေါစားဝယ်..။ ခဏနဲ့ပျက် သံသရာက လည်နေတော့တာပါပဲ...။
မန္တလေးအမှတ်တရများ..။
အောင်စာရင်းစောင့်တုံး ထုံးစံအတိုင်း အချိန်ပိုင်းအလုပ်လုပ်ရပါတော့မယ်..။ ဒါပေမယ့် အချိန်ပိုင်းအလုပ်က ဗုဒ္ဒဟူးမှာမရပါဘူး..။ ဒါကြောင့်မို့တစ်ရက်နားပြီး ကြာသပတေးနေ့မှာ စပါတော့မယ်..။ အားလပ်သွားတဲ့ ဒီနေ့နေ့ခင်းရယ်..၊ မနက်ဖြန်တစ်နေကုန်ရယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ တွေးရင် အင်တာနက်ထဲမှာပဲ စာတွေတစ်လှေကြီးလိုက်ဖတ်နေမိပါတယ်..။ မဖတ်တာကြာပြီဖြစ်တဲ့ စာရေးဆရာအတ္တကျော်ရဲ့ဆိုဒ်မှာ မဖတ်ရသေးတာတွေအများကြီးကျန်နေသေးလို့ သွားဖတ်လိုက်ပါတယ်..။ အဲဒီမှာသွားတွေ့တဲ့တစ်ခုက www.bl.uk ဆိုတဲ့ online gallery တစ်ခုမှာ Mandalay လို့ရိုက်ထည့်ရှာလိုက်ရင် သီပေါမင်းပါတော်မူတုံးကပုံတွေပါတွေ့နိုင်တယ်ဆိုလို့ ပုံတွေကိုလိုက်ရှာကြည့်ရင်း စိတ်ဝင်စားတဲ့ပုံတစ်ချို့ကို ကူးယူထားလိုက်ပါတယ်..။ ဓာတ်ပုံတစ်ပုံဟာ ဇာတ်လမ်းတစ်ခုကိုပြောတယ်လို့ ဆရာအတ္တကျော်ပြောသလိုပဲ ကိုယ်မသိမီတဲ့သမိုင်းတစ်ခုကို ပြန်မြင်လိုက်ရပါတယ်..။ အစပိုင်းတော့ပုံတွေကို ခေါင်းစဉ်မကူးဘဲကြုံသလို ကူးထားလိုက်ပါတယ်..။ နောက်တော့မှ ခေါင်းစဉ်တွေကလည်းပုံရဲ့ဆိုလိုရင်းကို အသေအချာပြောထားတာပါလားဆိုတာ သဘောပေါက်မိပြီး ပုံတွေကိုသေချာသိမ်းရပါတော့တယ်..။ စိတ်ဝင်စားမိတဲ့ပုံတွေကို ပြန်တင်ပြမယ်နော်..။
ဒီပုံက သီပေါမင်းကို ခေါ်သွားဖို့ အင်္ဂလိပ်စစ်တပ်တွေရောက်လာတဲ့ပုံတဲ့..။ လူတွေက ဘာမှန်းမသိလို့ အင်္ဂလိပ်စစ်သားတွေကို ပွဲကြည့်သလို ၀ိုင်းကြည့်နေကြတယ်..။
ဒါတွေက သီပေါမင်းအစောင့် တစ်ချို့တဲ့..။ Some of Thipawmin's guard. လို့ပါတယ်..။ ကိုယ်ရံတော်နဲ့ အစောင့်က အတူတူပဲလား ထင်ပါရဲ့..။
သီပေါမင်းခေတ်က ရဲသားအချို့တဲ့..။ မိုက်တယ်နော်..။ ခေတ်ကိုပြနေသလိုပဲ..။ လူတန်းစားကလည်း သိသာတယ်နော်..။ စိတ်မကောင်းလိုက်တာ..။
young Burmese Princes and Princesses တွေတဲ့..။ ဟုတ်မယ်..။ ရွှေလက်ကောက်တွေ..၊ မျက်နှာချေတွေ..၊ တိုက်ပုံအကျအနနဲ့ တောင်ရှည်ပုဆိုးတွေနဲ့..။ သာမန်လူတန်းစားဆို ဘယ်ဒီလိုဝတ်နိုင်၊ နေနိုင်မလဲနော်..။ မဲမဲသဲသဲ ဖုန်နဲ့သောသောလေးတွေနေမှာ..။
A Cigar Shop in B Road. B လမ်းက ဆေးပေါ့လိပ်သည်ဆိုတော့ ၂၆ ဘီလမ်းက နေမယ်..။ လူတန်းစားက သိသာတယ်နော်..။
ဆေးလိပ်သောက်တာ ဖက်ရှင်တစ်ခုထင်တယ်နော်..။ ဒါကတော့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့ သမီးတွေလားမသိဘူး..။ A Couple of Burmese Young Ladies. တဲ့..။ မော်ဒယ်ဂဲလ်တွေလိုပဲနော်..။
ကိုပြည်ကြီးတွေကလည်း သိပေါမင်းခေတ်ကတည်းကိုက မန္တလေးမှာ ဈေးဆိုင်အကျအနဖွင့်ကာ လုပ်ကိုင်စားသောက်နေခဲ့ပါတယ်တဲ့..။ အခုခေတ်မှသူတို့ကရောက်လာတာမဟုတ်ဘူး..။ သီပေါခေတ်ကတည်းကဆိုတော့ ရိုဟင်ဂျာတွေလို လွှတ်တော်မှာ သူတို့ကို တိုင်းရင်းသားအဖြစ်သတ်မှတ်ပေးဖို့ မတောင်းဆိုတာ ကံကောင်းနော်..။ ပုံနာမည်က John Chinaman in King's Bazaar တဲ့..။
ဒါကတော့ ဖန်သားနန်းတော်တဲ့..။ ဂုဏ်ယူချင်လို့ ဒီပုံကိုတင်လိုက်တာ..။ နန်းတော်ကိုဖန်နဲ့ဆောက်ပြီး နေခဲ့တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ဟုတ် ဟုတ်ဟုတ် ယူမှာပဲ..။ တို့ဘုရင်တွေ ဒီလိုနေခဲ့တယ်ပေါ့..။ ဂုဏ်လုပ်စရာမဟုတ်တာတွေကို အတင်းကြံဖန် သီချင်းလုပ်ဆိုပြီး အမြဲလွှင့်နေတာကို ကြားခဲ့ရဘူးတော့ ဘာနေနေ ဂုဏ်ပဲယူနေချင်တော့တယ်..။ မှတ်ကရော..။ ပုံနာမည်က The Glass Palace တဲ့..။
ဒီပုံက ဘုန်းကြီးပျံပွဲက ပုံလို့ထင်တာပဲ..။ Splendid Honor to a Dead Buddist. လို့နာမည်တပ်ထားတယ်..။ သူလည်းခမ်းနာလို့ တင်လိုက်တယ်..။
SPG Mission Church တဲ့..။ သီပေါပါတော်မူတော့ သာသနာပြုတွေရောက်လာပြီလေ..။ ရင်နာဖို့ကောင်းတယ်နော်..။ အုပ်ချူပ်တဲ့သူ ညံ့တာနဲ့ ဘာသာတရားတွေပါ နယ်ချဲ့ခံရတယ်..။ အခြေခံမခိုင်တဲ့သူတွေ ဘာသာတွေပြောင်းကုန်ကြရော..။
SPG Mission School တဲ့..။ သေချာတယ်..။ ဒီကျောင်းထွက်တွေဆိုရင်တော့ ဘာသာပြောင်းသွားတဲ့သူ လူ ၁၀၀ ရှိရင် ၉၉.၅ လောက် ဘာသာပြောင်းသွားကြမယ်ဆိုတာ..။
ဒီပုံက ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ နေအိမ်ပုံတဲ့..။ မစံပယ်က ကင်းဝန်မင်းကြီးမွေးခဲ့တဲ့ရွာကို တစ်နှစ်သမီးကတည်းက အမေတာဝန်ကျလို့ နေထိုင်ခဲ့တာ အခုချိန်ထိဗျ..။ ဒါကြောင့်မို့ ဦးကောင်းအစွဲရှိတယ်..။ ကိုယ့်ကိုယ်ကို ဦးကောင်းရွာကလို့လည်း ဂုဏ်ယူတတ်တယ်..။ ပြောပါပကော..။ ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူတတ်တယ်လို့..။ မစံပယ်တို့ရွာကျောင်းကဘုန်းကြီးလည်း ဦးကောင်းသုံးခဲ့တဲ့ပစ္စည်းတွေကို ဂုဏ်ယူစွာနဲ့ အပြကောင်းတာ ရှေးဟောင်းပစ္စည်းတွေ အကြီးအကျယ်ရောင်းဝယ်ဖောက်ကားကြတုံးက လူစိမ်းတစ်ယောက် ဘုန်းကြီးကျောင်းကိုတက်ဖူးပြီး ကင်းဝန်မင်းကြီးသုံးခဲ့တဲ့ ကွမ်းညှပ်ကို မ,သွားပါရောလား..။ (ခိုးသွားတယ်လို့ စကားကြမ်းကြမ်း မသုံးချင်လို့ပါခင်ဗျာ..။) ဘုန်းကြီးက ပစ္စည်းအသေးတွေကို စားပွဲပေါ်မှာ ခင်းကျင်းပြထားတာ ဟိုလူက ဒါတွေတန်ဘိုးရှိမှန်း သိမှာပေါ့..။ ဘုန်းကြီးကတော့ ဒီလိုလုပ်ကြလိမ့်မယ်လို့ ထင်မထားတော့ ပြတာပေါ့..။ နောက်တော့ မစံပယ်တို့ရွာကျောင်းကဘုန်းကြီးလည်း ပစ္စည်းအားလုံးကို မှန်ဗီရိုထဲပဲထည့်ပြပါတော့တယ်..။ ဘယ်ဧည့်သည်လာလာ ကိုရင်တစ်ပါးကို အပါးကမခွာခိုင်းတော့ဘဲ မှန်ခန်းထဲက ပစ္စည်းတွေကိုပဲပြပါတော့တယ်..။ ဦးကောင်းအမေ၀တ်ခဲ့တယ်ဆိုတဲ့ လွန်းနှစ်ရာချိတ်တွေ..၊ ဦးကောင်းပြင်သစ်ကပါလာတဲ့ မီးပန်းဆိုင်းတွေတော့ ရှိတုံးဗျာ..။ ဒါနဲ့စကားမစပ်... ၀န်ကြီးတွေထဲမှာ ဟစ်ဖြစ်နေတဲ့ လူအများမေတ္တာပွားကာ အချစ်ပိုကြတဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းဟာ ကင်းဝန်မင်းကြီးမျိုးလို့ ပြောပါတယ်ခင်ဗျာ..။ ရာဇ၀င်မှာ ကင်းဝန်လိမ်ထုတ် မင်းဆက်ပြုတ်လို့ တဘောင်ရှိတယ်လို့ သိရပါတယ်..။ ဒါကို ကင်းဝန်နယ်သားတွေ မကြိုက်ဘူး..။ လက်မခံနိုင်ဘူးနော်..။ ကင်းဝန်က ခေတ်အမြင်ရှိလို့၊ ပြင်သစ်ကိုသွားထားတာမို့ စစ်တိုက်ရင်မနိုင်နိုင်ဘူးဆိုတာသိလို့ အရှူံးပေးခိုင်းတာပဲရှိတယ်..။ တကယ်တမ်း ပါတော်မူပါစေဆိုတဲ့စိတ်နဲ့ လုပ်တာမဟုတ်ဘူးလို့ ကြားဘူးတာပဲ..။ ပါတော်မူခန်းဆိုတဲ့ ဇာတ်ထုပ်မှာလည်း အဲလိုပဲကြားဘူးတာပဲ..။ အဲဒါဆိုတော့ ဦးကောင်းကခေတ်အမြင်တော့ရှိတယ်..။ ပါတော်မမူအောင်တော့ မစီမံနိုင်ခဲ့ရှာဘူးလို့ ဆိုရမှာပေါ့နော်..။ စီမံဖို့ရာကလည်း ခက်ခဲ့ပုံရပါတယ်..။ မိဖုရားကတစ်မျိုး..၊ သားတွေအရွယ်စုံ ဆိုဒ်စုံတွေကလည်း တစ်မှောင့်နေမှာကိုး..။
ပုံတွေက ၅၀၀ ကျော်လောက်ရှိတယ်..။ သီပေါအမေရဲ့ဂူ..၊ ပုဂံမင်းအမေဂူဆိုတာတွေလည်းပါတယ်..။ လူပုံတွေပဲ ပိုကူးတာများတယ်..။ ဘယ်လိုနေထိုင်ကြလဲဆိုတာ သိချင်လို့လေ..။
ကျောင်းပိတ်ထားတုံး အချိန်ပိုင်းအလုပ်လုပ်ရင်း..၊ အိမ်ကိုထိန်းရင်း.. ၊ အင်္ဂလိပ်စကားလေ့ကျင့်ရင်း စာတွေရေးသွားမယ်လို့ စိတ်ကူးမိပါတယ်..။ သူများဘလော့တွေကိုလည်း အားကျလို့ပါ..။ လူလည်းများများလာဖတ်စေချင်တယ်လေ..။ အမှန်ပြောတာပါ..။
စက်တင်ဘာ ၁၈
မုန့်ဟင်းခါးတော့ တစ်ခါချက်ဘူးသွားပြီ..။ အကောင်းကြီးမဟုတ်သော်လည်း စားဖြစ်ရုံထက်တော့ ပိုပါသည်..။ ဘာကြောင့်မှန်းမသိ..။ စားလိုက်တာနှင့် အီနေတာကို ခံစားရသည်..။ ဟင်းရည်ချက်သည့်အခါတွင်မတော့ ဆီမထည့်ပါ..။ သို့သော်အီကာနေ၏..။ ဟင်းရည်မှာလည်း ပျစ်လွန်းနေသည်..။ အကောင်းလွန်ကာသွားသည်..။
အဆိုင်းမင့်ကိုပြီးဆုံးအောင်ဘာလုပ်ရမလဲဆိုသည့် လမ်းစရခဲ့သည်..။ လုပ်ဖို့ပဲကျန်တော့သည်..။ မုန့်ဟင်းခါးချက်ဘူးသွားပြီ..။ မကောင်းသေးသော်လည်း နောက်တစ်ခါဘယ်လိုချက်ရမလဲဆိုတာ သိသွားပြီ..။ နေ့တစ်နေ့ကုန်ကာသွား၏..။ အကျိုးအမြတ်ကားဘာမှမရှိဟု ခံစားရသည်..။ သို့သော်မလုပ်ဘူးသေးတာတစ်ခု လုပ်ဘူးသွားတာ အမြတ်ဟုကြံဖန်ဖြေသိမ့်လျှင်ရသော်လည်း အစားအသောက်နှင့် စားကာသောက်ကာနှင့် အချိန်ကုန်၍နေနိုင်သေးသော ဘ၀မဟုတ်သေးသောကြောင့် ကြံဖန်ဖြေသော်လည်း အတွေးကမပျောက်နိုင်ပါ..။
ကျန်ဖို့ခဲယဉ်းမည်..။
ယခုတော့ မစံပယ်တို့အိမ်တွင် ထင်းမရောင်းတော့ပါ..။ ထင်းမစား မီးသွေးမီးဖိုကိုပြောင်းလဲသုံးစွဲလာသည်ကို တွေ့ရပါသည်..။ မစံပယ်က လျှပ်စစ်မီးဖိုဝယ်ပေးသော်လည်း မီတာခက မီးသွေးဖိုးထက် ဈေးကြီးသောကြောင့်လား..၊ မီးပုံမှန်မလာ၍လားမသိရပါ..။ အမေသုံးတာ သိပ်မတွေ့ရပါ..။ ထိုကဲ့သို့ ကျေးလက်တောရွာ..၊ မြို့ကြီးပြကြီးအကုန် ထင်းမီးနှင့် မီးသွေးမီးကိုသာသုံးကြရာ မည်သည့်တောများ မပြုန်းခံနိုင်ရိုးနည်း..။ အပင်ပေါက်နှူန်းက မည်မျှရှိမည်နည်း..။ လူများခုတ်သည့်နှူန်းက မည်မျှရှိမည်နည်း..။ တကယ်ဂွကျသော ကိစ္စဖြစ်သည်..။
သစ်တောသစ်ပင်ချစ်မြတ်နိုးလို့..၊ နားလည်လို့..၊ဘာလို့ညာလို့မဟုတ်ရပါ..။ ထိုမီးသွေးမီး..၊ ထင်းမီးများသုံးနေတာတွေ့ရတိုင်း နလပိန်းတုံးအသိဖြင့် စိတ်မချမ်းမသာဖြစ်ရသည်ကတော့ အမှန်ဖြစ်ပါသည်..။ ဘယ်တော့များမှ သစ်တောသစ်ပင်ကိုထိန်းသိမ်းနိုင်သောအသိဥာဏ်ရှိသည့် ပြည်သူများအတွက်အမှန်တကယ်လိုအပ်သည်ကို လုပ်ကိုင်ပေးနိုင်မည့်သူ ပေါ်ပေါက်လာနိုင်ပါမလဲ..။
သူတစ်ပါးတိုင်းပြည်ကိုရောင်းစားနေသော ဓာတ်ငွေ့များကို ပြည်တွင်းမှပြည်သူများ ထင်းအသုံးပြုရသက်သာအောင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်လျှင် ကောင်းလေစွ..။ ထိုအတိုင်းဆိုလျှင် သစ်ပင်ခုတ်ရသက်သာလာသောကြောင့် သစ်ပင်များ အချိန်ကြာကြာပေါက်ရောက်ခွင့်ရနိုင်ပေစွဟု ခန့်မှန်းရပေသည်..။
တကယ်ကတော့ ဘာနားလည်လို့ ညာနားလည်လို့မဟုတ်ပါ..။ ထင်းမီး..၊ မီးသွေးမီးအသုံးကို လျော့နည်းစေချင်သော စိတ်ကြောင့် စိတ်မချမ်းမသာဖြစ်ရသောအကြောင်းတစ်ခုကို ချရေးလိုက်ခြင်းသာ ဖြစ်ပါသည်..။
ရာတာရောက်ရောက်..။
List လေးလုပ်ထားဦးမှလို့ အတွေးဝင်မိပါရဲ့..။ မရေးနိုင်သေးဘူး..။ ၀မ်းဝဖို့ကြိုးစားနေရတာ လူလည်း မျက်ချောင်ကျနဲ့ ကြည့်လို့ကို မကောင်းတော့ဘူး..။
ဘလော့ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ...။
ဘလော့ရေးတဲ့သူတွေကို လေးစားပါတယ်..။ ကိုယ့်မှာပြန်ပြောပြစရာအကြောင်းတစ်စုံတစ်ရာမရှိဘဲနဲ့ ဘလော့မရေးဖြစ်ကြလောက်ဘူး ထင်ပါတယ်..။ ဘလော့ဂါတွေအားလုံးလည်း ကွန်ပျူတာနယ်ပယ်က မဟုတ်ကြပါဘူး..။ ဒီလိုပဲဝါသနာပါရင်း သင်ရင်းတတ်သွားကြတဲ့သူတွေ များတယ်လို့ထင်ပါတယ်..။
စလုံးကိုစရောက်တော့ အထာကျအောင်ကြိုးစားကာစအချိန်တွေတုံးက အရာအားလုံးကို သူများပြောစကားတွေကို အားကိုးရတယ်..။ ခင်တဲ့သူငယ်ချင်းနှစ်ယောက်..၊ ခင်တဲ့အစ်ကိုကြီး..၊ အရင်ကမသိခဲ့ဘဲအခုမှမြင်ဘူးကာစ ခင်ကာစလူတွေကိုမေးမြန်းစမ်းတမ်းပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို အကောင်အထည်ဖော်ခဲ့ရတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် မဖြေချင်ဘဲပညာစားချန်ထားချင်တဲ့..၊ ကိုယ်လိုသိသွားရင် ကိုယ့်ထက်သာသွားမှာမျိုးမလိုလားတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေကိုလည်း သိရှိရိပ်မိခဲ့ရတယ်..။ မစံပယ်ညံ့လိုက်လေခြင်း....။ ဘာလို့သွားမေးလဲ..။ ကိုယ်သာသိအောင်လုပ်ပေါ့..။ မေးတိုင်းမငြိုမငြင်ဖြေပေးတဲ့ သူငယ်ချင်းကောင်းရှိတယ်..။ အင်တာနက်ရှိတယ်...။ ကော်နက်ရှင်ကောင်းတယ်....။ ဒီလိုနဲ့ကံကောင်းထောက်မစွာ ဘလော့တွေဖတ်တတ်လာတော့ ဘာကဘယ်လိုရှိတယ်..။ ဘယ်အခြေအနေက ဘယ်လိုရှိတယ်..။ ဘာလုပ်ရင် ဘာတွေလိုက်နာရမယ်ဆိုတာတွေ သိလာရတယ်..။
ပထမဆုံးမြင်သာတဲ့အကျိုးကျေးဇူးကတော့ မစံပယ်ဟင်းချက်တတ်လာခြင်းပါ..။ ဒါကဒိဌဓမ္မအကျိုးကျေးဇူးပါ..။ ဟင်းကိုဘယ်လိုလှီးချွတ်ရတယ်..။ ဘယ်လိုဆီသတ်ရတယ်..။ ဘယ်ဆိုင်မှာဘာတွေဝယ်ရတယ်ဆိုတာ သိလာရပါတယ်..။ ပိုတိုးပြီးတတ်လာတာတွေကတော့ မစံပယ် အချဉ်ဘယ်လိုတယ်ရမယ်ဆိုတာတွေပါ တတ်လာခြင်းပဲဖြစ်ပါတယ်..။ ဒါလေးတတ်တာကိုက မစံပယ်အတွက်အကျိုးကျေးဇူးမကုန်နိုင်အောင်ရှိပါတယ်..။ မစံပယ်က ထမင်းစားရင် အချဉ်မပါလို့ အိမ်ကိုလွမ်းနေရတာ ကော့ပျံလို့လေ..။ အခုတော့အမေတယ်တဲ့ သံပုရာချဉ်ကိုလွမ်းပေမယ့် မရနိုင်သေးတဲ့အဆုံး ပဲတီချဉ်လေးစားရတာလည်း တော်တော်ကိုအကျိုးများလှပါတယ်..။ ပဲတီချဉ်လေးအောင်မြင်သွားပြီးတဲ့နောက်မှာ မြန်မာမုန်ညင်းချဉ်လေးလည်း ကောင်းကောင်းတယ်တတ်လာပါတယ်..။
ပဲဘယ်လိုပြုတ်ရမလဲဆိုတာကို အပ်ချမတ်ချသိလာတာက မစံပယ်အတွက် ကြီးမားတဲ့အောင်မြင်မှူပါ..။ ပဲပြုတ်လွမ်းလို့ အိမ်ပြန်ချင်ရတာလည်းအမောပါ..။ ပဲကြိုက်တဲ့အမေနဲ့ကြီးလာတဲ့သမီးက ပဲကြိုက်တာမဆန်းပါဘူး...။ အခြေအနေပေးရင် ကိုယ်တိုင်လုပ်တတ်ချင်တာထဲမှာ ပဲပြုတ်တတ်ချင်တာလည်းပါပါတယ်..။ အခုတော့ ဘလော့တွေရဲ့ကျေးဇူးကြောင့် ပဲပြုတ်နည်းကို သိလာရတာ ၀မ်းသာရပါတယ်..။ ပဲလည်းမကြာခဏဆိုသလို ပြုတ်စားဖြစ်နေပါပြီ...။
ကောက်ညှင်းပေါင်းဆိုတာ ဘယ်လိုပေါင်းရလဲဆိုတာသိဖို့ အဝေးကြီးပေါ့..။ ပါးစပ်နဲ့ပြော နားရှူပ်...။ ကောက်ညှင်းပေါင်းစားဖို့ဆိုတာ ဟိုးးးးး လက်လှမ်းမမီတဲ့အဝေးမှာပါ..။ အခုတော့ဘလော့ဖတ်တဲ့အကျိုးကျေးဇူးကြောင့် ပေါင်းတတ်ပြီ..။ စားလည်းစားရပြီ..။ သူငယ်ချင်းတွေကိုလည်းကြွားနိုင်ပြီ...။ သူတို့တွေကတောင် အထင်တွေကြီးလို့ တော်တော်တိုးတက်လာပြီပဲလို့ မှတ်ချက်တွေချကြလို့..။ ဟိ ဟိ..။ မစံပယ်က ဘလော့ဖတ်ပြီး လိုက်လုပ်ထားတာ..။ မလုပ်တတ်စရာရှိသေးလို့လား..။ ဓာတ်ပုံနဲ့သေချာတစ်ဆင့်ချင်းရှင်းပြထားကြတာကို..။ ချက်တာပြုတ်တာနဲ့အစိမ်းသက်သက်လူတွေပါ လိုက်လုပ်နိုင်အောင် သေချာရေးပြပေးထားတာတဲ့..။ ဘလော့ဂါတွေရဲ့ ဝေမျှတတ်တဲ့စိတ်က မြင့်မြတ်လိုက်တာနော်..။ မစံပယ်လည်း ဝေမျှချင်တာပေါ့...။ မသိသေးတဲ့သူတွေ သိလာအောင်...၊ ကိုယ်သိတာတွေကို ဘလော့ကနေပြန်ဝေမျှပေးတော့ မသိသေးတဲ့သူတွေအတွက် မခဲယဉ်းတော့ပေါ့...။ ဖြူစင်လိုက်တဲ့စိတ်ထားနော်..။ မစံပယ်လည်းတတ်စွမ်းသလောက်ဝေမျှပေးဖို့ ကြိုးစားအားထုတ်သွားမှာပါ..။
ဘလော့ဖတ်လို့ဟင်းချက်တတ်သွားပြီ...။ အိမ်အလွမ်းကတော့ သက်သာသွားပြီပေါ့နော်..။ ဒီလိုနဲ့လျှောက်ဖတ်ရင်း ဖတ်ရင်း စလုံးအကြောင်းပြန်ဝေမျှထားတဲ့ဘလော့တွေ ဖိုရမ်တွေတွေ့လာရတယ်..။ စလုံးမှာ ကလေးကျောင်းထားရင် ပညာရေးစနစ်က ဘယ်လို...၊ တက္ကသိုလ်စနစ်ကဘယ်လို..။ လျှောက်လည်လို့ကောင်းတဲ့နေရာတွေက ဘယ်နေရာတွေ..။ အလုပ်ရှာရင် စာချူပ်ချူပ်ရင် ဘယ်လိုတွေကြုံတွေ့ရနိုင်တယ်ဆိုတာတွေ တင်ပြရေးပြထားလိုက်ကြတာ ကိုယ်သာရှာတတ်ရင် ဘာလုပ်ချင်ချင် ဘလော့ထဲမှာကြိုလေ့လာထားလို့ရတယ်..။ မသိသေးရင် လှမ်းမေးလို့ရတယ်..။ ပြန်ဖြေပေး ကူညီပေးကြသဗျ..။ ဘလော့ဂါတွေရဲ့ အချိန်လုပြီးကို ကူညီတတ်ကြတဲ့စိတ်ထားလေးတွေပေါ့..။
ကျူပ်ကဘလော့မဖတ်ဘူးလို့ ပြောခဲ့ဘူးတဲ့စာရေးဆရာဦးလေးကြီးကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်..။ ဘလော့တွေမှာ မှတ်သားစရာ ကိုယ့်အတွက်အကျိုးကျေးဇူးများစွာရှိတဲ့ ကိုယ်သိဖို့လိုအပ်တာတွေကို သေချာရေးသားရှင်းပြထားတဲ့ ဘလော့တွေကို သူမဖတ်ဖူးလို့နေမှာပဲလို့ သူ့ကိုသနားများတောင်သနားမိတယ်..။ အဲဒီတော့ ဘလော့တွေရဲ့အကျိုးကျေးဇူးတွေကို သူမရတော့ဘူးပေါ့..။ အဲလိုပြောတဲ့ပုဂ္ဂိုလ်ကြီးက သူကိုယ်တိုင်ကတော့ နိုင်ငံကျော်စာရေးဆရာလည်းဖြစ် ဘလော့ဂါတစ်ယောက်လည်းဖြစ်တဲ့ပုဂ္ဂိုလ်ကြီးပါ..။ သူ့ကိုကြည့်ရတာ အမြင်ကျယ်မလိုလိုနဲ့ သူထင်ရာမြင်ရာ ကောက်ချက်ချတတ်တဲ့ တယူသန်ပုဂ္ဂိုလ်ကြီးပါ...။ (အော် သူများကိုဝေဖန်မိပြန်ပြီ..။)
ဘလော့ဖတ်ရင်းကနေ ကမ္ဘာပေါ်ကနိုင်ငံစုံကရေးကြတဲ့ အကြောင်းအရာအစုံကိုဖတ်ရတော့ ကိုယ်နေတဲ့တိုင်းပြည်ရဲ့အကျင့်က ဘယ်လို..၊ ဘယ်တိုင်းပြည်နဲ့ယှဉ်ရင်တော့ ပိုကောင်းပြီး ဘယ်တိုင်းပြည်နဲ့ယှဉ်ရင်တော့ မကောင်းဘူးဆိုတာ သိလာရပါတယ်..။ အဲဒီတော့ကိုယ်လည်းအခြေချနိုင်မယ်ဆိုရင် ဘယ်မှာကပိုကောင်းတယ်ဆိုတာ ကြိုတင်ကြံစည်တွေးဆထားလို့ရလို့ အကျိုးများရပါတယ်..။
ဒါတွေကတော့အခုချက်ချင်းရေးလို့ပေါ်သလောက် ဘလော့ဖတ်ခြင်းကနေရလာတဲ့ အကျိုးကျေးဇူးတွေပေါ့..။ ကိုယ်လည်းအကျိုးပြုပို့စ်တွေရေးနိုင်တဲ့ ဘလော့တွေထဲက ဘလော့တစ်ခုဖြစ်လာဖို့ ကြိုးစားသွားဖို့ သံန္နိဌာန်ချထားပါတယ်..။ စောင့်ကြည့်ပြီးအကဲဖြတ်ပေးကြပါလို့ တောင်းဆိုရင်း...။
မှန်တယ်လို့ယုံကြည်တာကိုပြောရဲ လုပ်ရဲရမယ်..။
ဒေါ်အောင်းဆန်းစုကြည်ရဲ့ မွေးနေ့အင်တာဗျူး..၊ မွေးနေ့အမှတ်တရ သူ့အကြောင်းတင်ဆက်ထားတာလေးတွေကြည့်ဖြစ်တော့ သူ့ရဲ့သွားပုံလာပုံ..၊ ပြောဆိုပြုမူနေပုံတွေဟာ သူယုံကြည်တာဟာ မှန်ကန်တယ်...။ ဒီမှန်ကန်တယ်ဆိုတာကို သူလုပ်မယ်...ဆိုတဲ့ ဖျတ်လတ်နေတဲ့ ရဲရင့်တည်ကြည်နေတဲ့ သဏ္ဍာန်ကိုမျက်နှာမှာမြင်နေရတယ်..။ ဗိုလ်ချူပ်ရဲ့အာဇာနည်စိတ်ဓာတ်ကိုလည်း အမွေအဖြစ်ဆက်ခံလာခဲ့တဲ့ သမီးဖြစ်တာလည်းပါမယ်...။ အမေကလည်း အမှန်တရားကကောင်းမွန်တယ်ဆိုတာ သွန်သင်ဆုံးမခဲ့တယ်ဆိုတာကို ခေါင်းထဲအမြဲရောက်နေတယ်လို့ ဆိုပါတယ်..။ သဘောကတော့ မှန်တယ်ဆိုရင် လုပ်ရဲ့ ပြောရဲ ရမယ်ပေါ့..။
အဲဒီစိတ်ဓာတ်ကို အတုခိုးရမယ်..။
စိတ်ထဲရှိတာ.....။
ခုလည်းအချိန်မရဘူး..။ အလုပ်သွားရဦးမယ်..။ ရေးချင်ပေမယ့် ခဏရပ်ရဦးမယ်..။ အဲလိုပဲ ဘ၀ကလေ..။
မစံပယ်
စိတ်ထဲရှိတာ.....။
နေ့ရောညရောကိုယ်ဘာသာရပ်တည်ဖို့ကြိုးစားရတာ မောလိုက်တာ..။ အမေပေးတဲ့ပိုက်ဆံကို လက်ဖြန့်သုံးတုံးက ကားစီးသွားရသလိုပဲ..။ လိုရာခရီးကိုသက်သက်သာသာ မမောမပန်းဘဲရောက်ခဲ့တယ်..။ အခုကိုယ်ဘာသာတတ်နိုင်သလောက်လေးရှာကြည့်မယ်ဆိုပြီး အားခဲပြီးနေထိုင်ဖို့စားရိတ်လေးရအောင် ကြိုးစားရှာရတာကျတော့ ရေထဲမှာလက်ပစ်ကူးသွားရသလိုပဲ မောလိုက်တာ..။
ဒါပေမယ့်ကိုယ်ဘာသာအားပေးရတယ်...။ ပင်ပန်းမှာကိုကြောက်တဲ့သူက ပိုပင်ပန်းတတ်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရသလိုပဲ..။ ဒါကြောင့်မို့ပင်ပန်းမှာကိုမကြောက်နဲ့ လုပ်စရာရှိတာကို အာရုံစိုက်လုပ်လို့ ကိုယ်ဘာသာအားပေးရတယ် ကွယ်..။
စံပယ်ပန်း
အိမ်
မစံပယ်လည်းအိမ်ငှားနေရသောဘ၀မှ ဘယ်အချိန်ကြတော့မှလွတ်ပါမည်လဲ..။ လွတ်ကောလွတ်နိုင်ပါဦးမလား..ဟုကိုယ့်ကိုယ်ကိုခံပြင်းဒေါသထွက်ကာလာသည်..။ ယခုမစံပယ်နေရသောအိမ်သည် ထမင်းဟင်းကိုကောင်းကောင်းမွန်မွန်ချက်ခွင့်မပြုသောအိမ်..။ Light food သာချက်ခွင့်ပြုသောအိမ်ဖြစ်သည်..။ ထို့နောက် မစံပယ်သည်အလုပ်မလုပ်သောကျောင်းသူ..။ အလုပ်မလုပ်သောကျောင်းသူကအိမ်ပိုင်ရှင်များမထားချင်ကြပါ..။ တစ်နေကုန်အိမ်မှာနေကာ မီးသုံးသောကြောင့်မထားချင်ကြ..။ မစံပယ်တို့အိမ်ပိုင်ရှင်အမျိုးသမီးသည်မြန်မာနိုင်ငံတွင် ကျိကျိတက်ချမ်းသာသောအမျိုးအစားထဲတွင်ပါသည်ဟု သူတို့ပြောစကားများအရ သိနိုင်သည်..။ သို့သော် အသုံးအစားအလွန်ပင်ကျစ်လစ်လွန်းသူဖြစ်သည်..။ တစ်နည်းအားဖြင့် သူတို့အိမ်မပိုင်ခင်က သူများအိမ်တွင်စုနေကြစဉ်အခါကလည်း ရေဖိုးမီးဖိုးစုခံကြစဉ်ကလည်း အ၀တ်အစားနည်းနည်းကိုလည်း စက်နှင့်ထည့်လျှော်ခဲ့သူဟူ၏..။ သူမအိမ်ဝယ်နိုင်သောအခါ အိမ်ငှားများကို တစ်ပတ်တွင်တစ်ခါ တစ်ရက်သာအလျှော်ခံခဲ့သူ..။ မီးဖိုးချောင်သုံးသည်ကိုလည်း တကောက်ကောက်နောက်ကလိုက်ကာကြည့်တတ်သည်..။ သူ့ပစ္စည်းများကိုမသန့်သန့်အောင်ထားကာ သူ့ပစ္စည်းများနေရာမှရွေ့မှာ အရာယွင်းမှာ လိုက်လံကြည့်နေတတ်သောသူ..။ ငါအိမ်ပိုင်ရှင်ပဲဟူသောပုံစံဖြင့် ဧည့်ခန်းကိုအပိုင်စီးကာ မည်သည့်အိမ်ငှားကိုမှ အိမ်ရှေ့မထွက်စေခြင်းငှာ ဆောင်ကြဉ်းတတ်သူ..။
အိမ်ပိုင်ရှင်အမျိုးသားမှာလည်း မိန်းမဂုဏောအနန္တော..၊ ယောက္ခမဂုဏောအနန္တာ..၊ ခယ်မဂုဏောအနန္တောဟု ညတိုင်းရွတ်ဆိုကာအိပ်ယာဝင်တတ်သည်နှင့်တူပါသည်..။ မိန်းမပြောသမျှ အကောင်းမှတ်ကာ ဘာကိုမှဝေဖန်ပိုင်းခြားခြင်း မရှိတော့သူတည်း..။ သူ့တစ်သက်တာတွင်ထိုကဲ့သို့သောမိန်းမတစ်ယောက်ကိုယူလိုက်နိုင်ခြင်းသည် သူ့ဘ၀လမ်းဆုံးဟုသတ်မှတ်ပုံရပါသည်..။
မစံပယ်အိမ်ပိုင်လျှင်ကောသူတို့လိုမကျင့်သုံးမိဘဲနေမလား..?
နေနိုင်အောင်ကြိုးစားမည်ဟု မစံပယ်စိတ်ကူးထားပါသည်..။ အိမ်ငှားများကို အိမ်ရှေ့ထမင်းစားခန်းတွင်ထမင်းစားခွင့်တော့ သေချာပေါက်မစံပယ်ပေးမည်..။ ဧည့်ခန်းသုံးခွင့်မပေးဟု အခုအချိန်တွင်အိမ်ငှားမတင်ဘဲနေနိုင်နေပြီဖြစ်သော အသိအစ်မကြီးက သူမတို့အိမ်မှစည်းကမ်းကို ပြန်ဖောက်သည်ချပါသည်..။ အော..။မစံပယ်တို့လို ဧည့်ခန်းသုံးခွင့်မရှိတဲ့အိမ် ဒီတစ်အိမ်မှမကာတာပဲဟုတွေးမိကာ ဧည့်ခန်းမသုံးရခြင်းကို စိတ်ထဲမှာမည်သို့မျှမနေတော့..။ အ၀တ်လျှော်ခွင့်ဘယ်နှစ်ခါပေးမည်လဲ..။ အနည်းငယ်ကန့်သတ်သင့်သည်ဟုတော့ထင်ပါသည်..။ သို့သော်မည်ပုံသတ်မှတ်လျှင် သူ့ဘက်ကိုယ့်ဘက်ခံသာမည်လဲ မစံပယ်စဉ်းစားရပါဦးမည်..။ ရောင့်တက်လာ၍ မစံပယ်စေတနာပျက်ရလျှင်လည်း မစံပယ်ငရဲရနိုင်သည်..။ ထို့ကြောင့်ချစ်ခင်တုံးမုန်းစကားပြော..၊ စလာကတည်းကရှင်းရှင်းပြောထားသည်သာကောင်းသည်ဟု မစံပယ်မြင်ပါသည်..။ ထမင်းကိုချက်ခိုင်းမည်..။ သို့သော်မစံပယ်စိတ်မပျက်ရအောင် သူ့ဘက်ကိုယ့်ဘက်မျှအောင် မည်သို့သတ်မှတ်ရေးဆွဲထားရမည်လဲ.. မစံပယ်စဉ်းစားရပါဦးမည်..။
အဲကွန်းကိစ္စ..။
မစံပယ်အဲကွန်းမခံနိုင်ပါ..။ ကားထဲရထားထဲတွင် မစံပယ်ကြက်သီးထအောင်ချမ်းတတ်သည်..။ အိမ်ငှားများမကြိုက်ဆိုလျှင် မစံပယ်အဲကွန်းထည့်မပေးပါ..။ ကြိုက်သည်ဆိုမှသာမစံပယ်ထည့်ပေးပါမည်..။ ထိုပုံအတိုင်းဆိုလျှင် မစံပယ်အစီအစဉ်တွေလွဲချော်ကာအိမ်ဝယ်ဖို့အရေးတကြီးငွေစုရမည့်ကိန်းဆိုက်နေပါသည်..။ ၀ယ်မည်ဆိုလျှင်လည်းဝယ်လိုက်မည်..။ မစံပယ်လည်းနေရထိုင်ရတာ စိတ်ညစ်သည်..။ တခါမှဒီလောက်စိတ်မညစ်ရဘူးပါ..။ ခုတော့မစံပယ် တကယ်စိတ်ညစ်၏..။ စိတ်ကိုလျှော်ရဦးမည်..။
မစံပယ်
အမေး
ပညာတတ်လို့အထင်ခံချင်လို့လားဆိုတဲ့ အသုံးအနှူံးက မစံပယ်ကို ကိုယ့်ကိုယ်ပြန်သုံးသပ်ဖို့ သတိထားသွားမိစေပါတယ်..။ မစံပယ် အခုချိန်ထိအလုပ်ကောင်းကောင်းမလုပ်ဘူးသေးဘူး..။ စာကိုသင်လို့မဆုံးနိုင်ဘူးဖြစ်နေတယ်..။ အဲဒါတစ်ခု လွဲနေမှန်းတော့ မစံပယ်သိတယ်..။ ဘယ်လိုတည့်ရမလဲဆိုတာ မစံပယ်မသိဘူးဖြစ်နေတယ်..။ ပညာတတ်လို့အထင်ခံချင်လို့တော့ မဟုတ်တာသေချာတယ်..။ မစံပယ်ခင်တဲ့အစ်ကိုကြီးက မစံပယ်ကို တစ်ခြားသူတွေနဲ့မိတ်ဆက်ပေးရင် သူကမြန်မာနိုင်ငံကလည်း မာစတာပြီးလာတဲ့သူ..။ ဒီမှာလည်း မာစတာထပ်တက်နေတယ်လို့ မိတ်ဆက်ပေးရင် မစံပယ်စိတ်ထဲမှာ ကြွားသလိုလို မသက်မသာဖြစ်မိတယ်..။ မစံပယ်အဲလိုထည့်ပြောတာ မကြိုက်ဘူး..။
မစံပယ် ပညာတတ်တွေကိုလေးစားတာတော့အမှန်ပဲ..။ စာရေးဆရာမ ဂျူး ပေါ့..။ ဆရာဝန် စာရေးဆရာမ....။ နောက် ဆရာမဒေါ်ခင်နှင်းယုရဲ့သမီး မေ့ဆေးအထူးကု ဒေါက်တာ မိကျော်သောင်း..၊ နောက် မစံပယ်ရဲ့ တက္ကသိုလ်ဆရာမ မာစတာ နှစ်ထပ်ကွမ်းဆရာမအပျိုးကြီးတစ်ယောက်..၊ မစံပယ်ရဲ့ စံမော်ဒယ်တွေက ပညာတတ်ယောကျာ်းမိန်းမတွေပဲ..။ ပိုက်ဆံချမ်းသာတဲ့သူကို မစံပယ်သိပ်အထင်ကြီးလေးစားတာမျိုးမရှိဘူး...။ ပညာတတ်တာကို ပိုအထင်ကြီးလေးစားတယ်..။
ဘာလို့အခုချိန်ထိ မရပ်မနား စာတွေသင်နေတာလဲ..လို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတယ်..။ ဟန်ဓာတ်ခုတ်ချင်လို့လား..၊ ပညာတတ်အမျိုးသမီးလို့ အထင်ခံချင်စေလို့လား..။ ဒီလိုဘွဲ့တွေရတာ ကိုယ်တစ်ယောက်တည်းမှမဟုတ်တာနော်..။ ကျန်တဲ့သူတွေ မစံပယ်လောက် ဂုဏ်တယူယူမရှိကြပါဘူး..။ သူတို့ဆို ပြောရရင် မစံပယ်ထက်တောင် ပိုတော်သေးတယ်လို့ပြောလို့ရတယ်..။
မစံပယ်ရဲ့ ငယ်ဘ၀စိတ်လွှမ်းမိုးမှူကြောင့်လို့ပြောရင်ရမယ်ထင်တယ်..။ မစံပယ် ကျောင်းပိတ်တိုင်း စာအုပ်တွေ ဖတ်ပြီး စာတွေအများကြီးသင်ချင်တဲ့စိတ်ဝင်လာတယ်..။ စာသင်ဖို့အားပေးတဲ့ စာရေးဆရာတွေရေးတာကို နှစ်ခြိုက်ခဲ့မိတယ်..။ မစံပယ်ပုံစံက ဒါကိုဂုဏ်ယူတဲ့ပုံပေါက်နေတယ်ဆိုရင် မစံပယ်အမေနဲ့တူလို့ဆိုတာ ထည့်ပြောရမယ်ထင်တယ်..။ အမေ့ပုံစံနဲ့သွားတူနေလို့ မစံပယ်က ဒါကိုဂုဏ်ယူနေတဲ့ပုံထွက်နေတာဖြစ်လိမ့်မယ်..။
အင်း..။ မစံပယ် အဖြေရှာနေဆဲပါလေ...။
မစံပယ်
ကမ္ဘာပျက်တော့မယ်ဆိုရင်..။
အမေနဲ့ နောက်ထပ် မစံပယ်ချစ်ရတဲ့ ကိုကိုကြီးတစ်ယောက်နဲ့
(၂) ဘာတွေ ခံစားနေရမလဲ...
ကြောက်ရွံ့တုန်လှူပ်မိမှာပေမယ့် တရားစာရွတ်ရင်း သွေးအေးနေမယ်ထင်ပါရဲ့..။
(၃) ဘာတွေ ပြင်ဆင်ထားမလဲ…
သေချာတယ်ဆိုရင်တော့ ကုသိုလ်ကောင်းမှူတွေ ပိုလုပ်မိမှာပါ..။ စိတ်ထားကို အတတ်နိုင်ဆုံးဖြူနေအောင်ထားမယ်..။ ဒေါသ၊ မာန နည်းနိုင်သမျှပိုနည်းအောင်နေမယ်..။
(၄) ၀မ်းနည်းမိမှာက…
ကိုယ့်ကြိုးစားမှတွေ အကောင်အထည်မပေါ်ခင် ကိုယ်ကလောကကြီးပေါ်ကနေ အချိန်မတန်သေးဘဲထွက်ခွာသွားရမှာ မလိုလားဘူး..။
(၅) ကြောက်လန့်မိတာက...
ဘယ်လိုပုံကမ္ဘာပျက်မလဲဆိုတာ မသိတော့ ဘယ်လိုပုံစံကြောက်ရမှန်းမသိဘူး..။
(၆) ဆောင်ထားချင်တာ...
ကမ္ဘာပျက်ရင်ဘာတွေဖြစ်မလဲဆိုတာ သိအောင်လုပ်ရဦးမယ်..။ ဘာတွေဆောင်ထားရမလဲဆိုတာ မသိသေးဘူး..။ ရေလား၊ စားစရာလား..။
(၇) ဘာတွေ ရေးမိမလဲ…
ဘာမှမရေးမိလောက်ဘူး..။ ဘုရားစာရွတ်ရင်း စိတ်အေးအောင်ပဲ ကြိုးစားနေမိတော့မှာ..။
(ဂ) တွေးမိတွေးရာ အတွေး…
တကယ်ဖြစ်မှသိမှာပဲ..။ ဘာတွေတွေးမိနေမလဲ..။ နောင်ကျင်လည်ရာဘ၀မှာ အကောင်းဆုံးနေဖို့ တွေးမိနေမယ်ထင်တယ်..။
(၉) ဂုဏ်ယူချင်တာက…
ဂုဏ်ယူနိုင်စရာသိပ်မရှိသေးပါဘူး.. ဘ၀မှာလေ..။
(၁၀) ရှာကြံဖြေသိမ့်မိတာက…
ဖြေသိမ့်စရာလည်း မရှိသလိုပဲ..။ အမေ့ကိုလည်း ဘာကျေးဇူးမှမဆပ်ရသေးဘူး..။ အမေ့ကိုစိတ်မဆင်းရဲစေရအောင် အမေပဲဘ၀မှာအရေးကြီးခဲ့တာတော့ အမှန်ပဲ..။ ကျေးဇူးဆပ်တဲ့ဇာတ်လမ်းကို မရောက်သေးဘူး..။
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း…
လူရယ်လို့ဖြစ်လာရင် သေရမှာအမှန်ပဲ..။ မီးစာကုန် ဆီခမ်း၊ ဆီမခမ်း မီးစာအကုန်ဘဲ ဥပစ္ဆေဒကံနဲ့ သေရမှာမျိုးကို မလိုလားဘူး.။ ရှောင်လွှဲမရဘူးဆိုတော့လည်း မတတ်နိုင်ဘူးလေ..။ ဥဒါန်းကျူးရင့်စရာလည်း မရှိပါဘူး..။
မစံပယ်

