Showing posts with label ကဗျာ(မြန်မာ). Show all posts
Showing posts with label ကဗျာ(မြန်မာ). Show all posts

ဤမီးတိုင်(ငွေတာရီ)

ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တတိုင်ဆီမီး
ထိန်ထိန်ညီးတည့်။

သူ့အလျှံမှ
တဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့်။

၁၉၅၄

ဧည့်သည်ကြီး(တင်မိုး)(၁၉၃၃-)

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။


၁၉၅၉

အင်းယားကန်သို့ အိုကုတို့ (မင်းသုဝဏ်)

မိုးပေါက်ကျ၍
ထသည့်ဂယက် ၀ိုင်းစက်စက်သည်
ဝကွက်ခင်နှီး နှယ်တကား။

ခဏချင်းတွင်၊ မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ ခုန်ပေါက်ကြလျက်
ကြက်ဖချင်းထိုး၊ ခေါင်းဖြူမိုး၍
ရေရိုးရှူပ်ပွေ၊ မိုးသီးကြွေသည်
စွေစွေစောင်းစောင်း ရွာသွန်းလောင်း။

ဗယ်ယိမ်း ညာယိမ်း၊ တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့၊ ကမ်းယံမို့တွင်
မှိုင်းညို့မိုးသား၊ နောက်ခံကား။

မိုးဖျင်ဇာပါး၊ ၀တ်ရုံလွှားလျက်
မော်ကြွားသည့်ဟန်၊ ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ ကျွန်းညိုကြား၌
လူးလားချင်လို၊ ငါတောင်းဆိုသည်
လှေကိုပြင်ပ ကုတို့မှူး။

၁၉၄၈

တစ္ဆေ (ကြည်အေး)

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွှေ့ရာတွေလည်း၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စံကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှူပ်လှူပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချူံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲပဲ သူနဲ့ငါ။

မြစ်နက်ထဲမှာ
ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ
ကိုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာ လွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမျှမကြား၊ မောင့်အနားမှာ
ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား၊ တစ္ဆေဖြားယောင်း
မှူန်မွှား စိတ်ဝယ် အရိပ်ထင်။

၁၉၄၇

ဗေဒါလမ်း-၁၀ (ဇော်ဂျီ)

ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲ ထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်တည်း။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

ခြေရာ(မောင်စွမ်းရည်)

နွေပြေးသောအခါ
နွေခြေရာကား
မြေအက်ကြားတည့်။

မိုးပြေးသောခါ
မိုးခြေရာကား
ရေကွက်များတည့်။

ဆောင်းပြေးသောခါ
ဆောင်းခြေရာကား
နှင်းကြွင်းများတည့်။

ဝိဥာဉ်ပြေးရာ
စိတ်ခြေရာမူ
ကဗျာများတို့ ဖြစ်သတည်း။

၁၉၆၀

ခရေကောက်(မောင်ဆွေတင့်)(၁၉၃၉-)

ဟေး..ကြည့်စမ်းမောင်
ဟိုလမ်းပေါ်မှာ၊ ဘာတွေပါလိမ့်
မိုးရွာတုန်းက၊ မတွေ့ရဘူး
ခုမှကြွေတဲ့ ခရေပန်း။

သွားကောက်ရအောင်
အို...မောင်ကလဲ၊ အရေးထဲမှာ
လာပါမောင်ရဲ့၊ခြင်းယူခဲ့လေ
ကောက်ထည့်စရာ ပါမှပေါ့။

မလိုက်ချင်ယင်၊ နေချင် နေခဲ့
ခရေပွင့်ကောက်၊ ပြန်လို့ရောက်မှ
ကျမခေါင်းမှာ၊ ပန်လို့လာတဲ့
ပွင့်လွှာဖြူဖွေး၊ မောင်မမွှေးနဲ့
ထွက်ပြေးမှာပဲ သိရဲ့လား။

၁၉၆၂

ပျဉ်းမငုတ်တို(မင်းသုဝဏ်)

ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို့
ကျယ်စွားဟက်ပက် ခြအိမ်ပျက်။

ကုန်းမိုကမ်းပါး၊ မြေပပ်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လမ်းပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောကျာ်းကောင်းတကား။

၁၉၄၉

နှင်းဆီပွင့်(မင်းသုဝဏ်)(၁၉၀၉-)

လယ်တောကပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။


(၁၉၃၂)