စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
စိတ်ထဲရှိတဲ့အတိုင်း သမ္မတကြီးကို ခန့်မှန်းခြင်း..။
သမ္မတကြီးဦးသိန်းစိန်က ကျွန်တော့်အထင် Type B အမျိုးအစားလို့ထင်တယ်..။ လူမှာ Personality နှစ်မျိုးရှိတယ်လို့ ကြားဖူးတယ်..။ Type A နဲ့ Type B...။ Type A မှာမှ A+, A, A- တွေရှိသေးတာပေါ့..။ သွေးဆူတဲ့အမျိုးအစားတွေ..။ အရမ်းလည်းအောင်မြင်တတ်ကြသလောက် ရောဂါဘယလည်းထူပြောကြတယ်..။ စိတ်ခံစားမှုပြင်းထန်တတ်ကြတဲ့အမျိုးအစားတွေပေါ့..။ (ကျွန်တော်ကတော့ A- လောက်ရှိတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်..။ စိတ်အပြောင်းအလဲမြန်..၊ ဒေါသထွက်လွယ်တယ်..။ သွေးဆူတတ်တယ်..။)
သမ္မတကြီးကကျတော့ Type B အမျိုးအစား..။ သွေးအေးတယ်..။ ပြည့်ဝတယ်..။ ခေါင်းဟာ ငုံ့ပြီးတော့လည်းမနေဘူး..။ မော့ပြီးတော့လည်း မနေဘူး..။ အနေအေးတယ်..။ ဒေါသ၊ မောဟ ၊ အာဃာတ နည်းတယ်..။ သမာသမတ်ကျကျ စဉ်းစားဆုံးဖြတ်တတ်တယ်..။ ဒါပေမယ့် လှုပ်ရှားတက်ကြွမှု နည်းတယ်..၊ နှေးတယ်..။ ဒါပေမယ့် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ သမာသမတ်ကျလွန်းလို့ အားလုံးကသူ့ကိုလိုလားတတ်ကြတယ်..။ တစ်ခြားသူတွေက အဖြစ်အပျက်တစ်ခုကို ဒေါသနဲ့တုံ့ပြန်ချိန်မှာ..၊ အောက်ကျတယ်လို့ယူဆနေချိန်တွေမှာ သူကဘယ်လိုမှမယူဆပဲ အေးအေးဆေးဆေးလေး ကူညီလိုက်နိုင်တယ်..။ သူ့စိတ်ထဲမှာ အညှိုးအတေး အကောက်အတေးနည်းတယ်..။ အားလုံးကိုဖြစ်သင့်တဲ့အတိုင်း လုပ်သင့်တဲ့အတိုင်း အေးအေးဆေးဆေး ပြောနေလုပ်နေ အကောင်အထည်ဖော်နေမှာပဲ..။ ဒါပေမယ့် Type A ပုဂ္ဂိုလ်တွေက အားရမှာမဟုတ်ဘူး..။ လှုပ်ရှားတုံ့ပြန်မှု နှေးလို့..။
ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော့်မှာ အဲလိုသူငယ်ချင်း ညီမလေးတစ်ယောက်ရှိလို့ပဲ..။ သူကအေးအေးဆေးဆေးနဲ့ အရာရာပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်တယ်..။ လူတစ်ဘက်သားကိုလည်း ငဲ့ညှာတတ်တယ်..။ တမင်လုပ်ယူနေရတဲ့ ငဲ့ညှာမှုမဟုတ်ဘူး..။ သူ့ရဲ့ပင်ကိုယ်ဗီဇကိုက သူတစ်ဘက်သားကို ငဲ့ညှာတဲ့ဗီဇပါလာတာ..။ ဘယ်လိုလူမျိုးကမဆို ခင်ကြတယ်..။ သူပြောဆိုတာ..၊ ဆက်ဆံတာ..၊ ဆုံးဖြတ်တာကို အလေးထားကြတယ်..။ သမ္မတကြီးကိုမြင်လိုက်တိုင်း အဲဒီညီမလေးကို ပြန်အမှတ်ရမိတယ်..။ သမ္မတကြီးကလည်း အဲလိုလူအမျိုးအစားလို့ သတ်မှတ်မိတယ်..။ ဒီနေရာမှာတော့ ဦးသိန်းစိန်ကို သမ္မတရာထူးပေးထားခဲ့တဲ့ ချေးပိတ်ကြီးသန်းရွှေကို ကျေးဇူးတင်မိတယ်..။ ဦးသိန်းစိန်နဲ့ဆို တိုင်းပြည်ကိုနည်းနည်းတော့ ဖာထေးမိနိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိတယ်..။
ရခိုင်အရေးကို သမ္မတကြီးကိုင်တွယ်နေပုံကို အားမရဘူး..။ ကိုယ့်သွေးချင်းတွေခံနေရတော့ စိတ်ထဲမချိတာအမှန်ပဲ..။ ဒါပေမယ့် ကမ္ဘာ့ဆိုးသွမ်းအဖွဲ့အစည်းတွေ နောက်ခံအားကောင်းနေတဲ့ သူတို့အဖွဲ့ကိုကိုင်တွယ်ရာမှာ လွယ်လွယ်ကူကူလုပ်လို့မရနိုင်လို့နေမှာပဲလို့ သမ္မတကြီးလုပ်ရပ်ကို စောင့်ကြည့်နေခဲ့တယ်..။ ဒီနောက်ခံအဖွဲ့အစည်းတွေကိုလည်း ထည့်မစဉ်းစားလို့မရနိုင်လို့နေမှာပဲလို့..။
သမ္မတကြီးနားမှာ စိတ်ကောင်းရှိပြီး ဥာဏ်ပညာထက်မြက်တဲ့ အဖော်အပေါင်းတွေရှိစေချင်တယ်..။ မှူးဇော်ပါမပါတော့မသိဘူး..။ ဦးကိုကိုလှိုင်ကိုတော့ လက်သင့်မခံနိုင်တာတွေ အကြံပေးလေ့ရှိတဲ့အတွက် မကြိုက်ဘူး..။ ဦးကိုကိုလှိုင်ပေးတဲ့အကြံက ပြည်သူတွေဘ၀ကို မစာနာတတ်ဘူးဆိုတာ ထင်ရှားတယ်..။ သူကပြည်သူတွေရဲ့ဘ၀ထက် အရမ်းမြင့်မားနေပြီကိုး..။ သူပေးတဲ့အကြံဥာဏ်က ပြည်သူတွေကို လူလို့သတ်မှတ်ပုံမရဘူး..။
သမ္မတကြီးရဲ့ သတင်း Update တွေကလည်း သိပ်မတက်ဘူး..။ မတက်ဆို သူ့ ၀က်ဆိုဒ်လည်း သွားမှမကြည့်တာကိုး...။ စတင်တဲ့နေ့ကတော့သွားကြည့်တော့လည်း loading တက်နေတာနဲ့ ၀က်ဆိုဒ်ကပွင့်မလာခဲ့တာကိုး..။ ဘယ်လိုပဲပြောပြော သမ္မတကြီးကို ပြည်သူတွေနဲ့တစ်သားတည်းရှိနေစေချင်တယ်..။ ပြည်သူတွေကြားထဲမှာပဲ ထိုက်သင့်တဲ့လုံခြုံရေးအစောင့်အရှောက်နဲ့ လှည့်ပတ်သွားလာပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့သူဖြစ်စေချင်တယ်..။ ကိန်းကြီးခန်းကြီး မော်တော်ပီကယ်ခရာသံ တတွီတွီနဲ့သွားလာနေတဲ့ ခေတ်ကုန်စေချင်ပြီ..။ ပြည်သူတွေ အော့နှလုံးနာတာပဲ အဖတ်တင်လိမ့်မယ်..။ ကျွန်တော်ဟာ ပြည်သူတွေနဲ့တစ်သားတည်းပါဆိုတာ ပြစေချင်တယ်..။ ဖြစ်နိုင်ရင် သမ္မတကတော်အန်တီကိုပါ မကောင်းသတင်းမထွက်တဲ့ ရိုးသားတဲ့အန်တီဖြစ်စေချင်တယ်..။
ရယ်ရတယ်..။ တခါတရံသမ္မတကြီးကလည်း တောင်မြို့ကလွန်းတစ်ရာ နှစ်ရာချိတ်တွေ ပရိုမိုးရှင်းလုပ်ပေးတတ်သားပဲ..။ ချိတ်တွေဆိုတော်သေးတယ်..။ ခုက သမ္မတကြီးက ပန်းခက်တွေနဲ့..။ အခြောက်ကြီးတွေနဲ့တူတယ်..။ သမ္မတကြီးက ချောကလက်ရောင်မို့တော်သေးတယ်..။ ၀န်ကြီးတွေလား ဘာတွေလား သူ့ထက်သူလူစွမ်းကောင်းများက ပန်းရောင်ပန်းပွင့်ချိတ်တွေနဲ့..။ ကလေးကလားဗျာ..။ မလိုအပ်ဘူးလို့ ကျွန်တော်တော့ထင်တာပဲ..။ ချိတ်တွန့်တွန့်လောက်ဆို တော်သေးရဲ့..။ ရေလှိုင်းပုံ တွန့်တွန့်ဆိုရင်ကို မိန်းမဆန်သွားပြီ..။ အရောင်ကလည်း နို့စိမ်းတို့..၊ အ၀ါဖျော့ဖျော့တို့..၊ အပြာတို့..၊ တစ်ခြားအရောင်နုနုဆို တော်ပါပြီ..။ မောင့်ကျက်သရေနဲ့ ခေါင်းပေါင်းနဲ့ ကတ္တီပါဖိနပ်နဲ့ သန့်ရှင်းသပ်ရပ်ရုံဆိုတော်ပါပြီ..။ အခြောက်ပုံပေါက်တဲ့အထိတော့ မကောင်းပါဘူး..။
နောက်ပြီး အန်တီစုကိုလည်း မောင်နှမလိုသတ်မှတ်စေချင်တယ်..။ ကျောင်းမှာ ပရောဂျက်ရေးသလို သဘောထားလိုက်ပေါ့..။ ကိုယ့်အုပ်စုထဲမှာ idea ကောင်းတဲ့ ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတစ်ယောက်ပါရင် ကိုယ်တွေအမှတ်ကောင်းကောင်းရမှာပဲလေ..။ အန်တီဟာ အရည်အချင်းရှိရှိ လုပ်ရည်ကိုင်ရည်ရှိတဲ့ ကြိုးစားတဲ့အမျိုးသမီးတစ်ယောက်ပဲ..။ ဒီလိုအန်တီရှိနေတာ ကျွန်တော်တို့နိုင်ငံအတွက် ရတနာတစ်ပါးပဲ..။ ဒါကိုသမ္မတကြီးကောင်းကောင်းလက်ခံပြီး သူနဲ့အတူတူ ပရောဂျက်တော်တော်များများလုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်..။ သူ့မှာလုပ်ရည်ကိုင်ရည်..၊ နှလုံးရည်တော်တော်ပြည့်စုံတာ ကျွန်တော်တို့တွေ့နေရတာပဲ..။ စကားများများပြောသလောက် အမှားသိပ်မပါတာတစ်ခုကြည့်ရုံနဲ့ ကိစ္စတော်တော်များများကို တစ်ထိုင်တည်းတစ်ချိန်တည်းမှာ အမှားအယွင်းမရှိ စဉ်းစားတွေးခေါ်သုံးသပ်နိုင်နေတယ်ဆိုတာ မြင်ရုံနဲ့ သူဘယ်လောက်ပညာပြည့်ဝတယ်ဆိုတာ သိသာနေတာပဲလေ..။ သူမသိတာ သမ္မတကြီးသိနေနိုင်သလို သူမတွေ့ကြုံဖူးတာ သမ္မတကြီးတွေ့ကြုံဘူးမှာပဲလေ..။ အဲလိုပဲ သူ့ဆီမှာသမ္မတကြီးစိတ်မကူးမိတဲ့ အကြံဥာဏ်တွေ ရှိနေနိုင်တာပဲ..။ လပိုင်းလောက်သာကွာတဲ့ တစ်ရာသီတည်းမွေးတဲ့လူနှစ်ယောက် စိတ်တူကိုယ်တူရှိကြဖို့ နီးစပ်ပါတယ်..။ သူနဲ့ပေါင်းပြီး နိုင်ငံတော်ကို ကောင်းအောင်တည်ဆောက်စေချင်ပါတယ်..။ တပ်မတော်သားအဖြစ် ဘ၀ကိုရပ်တည်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ရဲ့လွတ်လပ်ရေးရယူပေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်ရဲ့သမီးတစ်ယောက်ရဲ့မျိုးချစ်စိတ်ဟာ အတူတူပဲရှိလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်..။ နိုင်ငံကိုချစ်လွန်းလို့သာ အန်တီက မိသားစုကိုပစ်ပြီး ဘ၀ကိုရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်နေတာပဲလေ..။
Labels:
ရောက်တတ်ရာရာ
ဆင့်ခေါင်းကို ခွေးချီမိပြီလော...။
မစံပယ်တို့ နောက်ဆုံးနှစ်တုံးက Digital Signal Processing (DSP)ဆိုသောဘာသာတစ်ခုသင်ရသည်..။ ဆရာမမှာသင်တာလည်းအရမ်းမြန်...၊ မစံပယ်ကလည်းအခြေခံမရှိ..၊ ကံကောင်းထောက်မစွာဖြင့် အများတွက်ထားပြီးသားလေ့ကျင့်ခန်းထဲမှအဖြေပေါင်းချူပ်တစ်ခုရ၍ ထိုအတိုင်းကြည့်တွက်မှ နားလည်သဘောပေါက်ကာ စာမေးပွဲအောင်ခဲ့သည်..။ မာစတာရောက်တော့လည်းအဲဒီဘာသာထပ်ပါလာပြန်သည်..။ ဒီတစ်ခါတော့မစံပယ်တစ်ယောက်ခမျာ တွက်ထားပြီးသားအဖြေပေါင်းချူပ်မရပါ..။ ထို့ကြောင့် မစံပယ်ဘာသာလည်းမတွက်တတ်ပါ..။ မစံပယ်စာမေးပွဲကျပါသည်..။ နောက်တစ်တန်းကျတော့မှကြိုးစားတွက်ရင်း တွက်နိုင်သွားကာ စာမေးပွဲအောင်ပါတော့သည်..။
အခုမစံပယ် programming နှင့်အသက်မွေးဝမ်းကျောင်းပြုရန် စိုင်းပြင်းနေပါသည်..။ မစံပယ်မှာသူများဖြေထားသောအဖြေကို နားလည်အောင်ပြန်ကြည့်မှတွက်တတ်သူ..၊ ကိုယ်ဘာသာအဖြေမရှာနိုင်သူ...၊ အခြေခံမပိုင်သူဖြစ်ရာ.. မစံပယ်မှာအားလျော့လှပါသည်..။ သို့သော်မိမိဘာသာအားကိုးမှရသည်ဆိုသည့် သင်္ခန်းစာကြီးကြီးလည်းရရှိထားရာ မစံပယ်မှာမိမိဘာသာကြိုးစားအဖြေရှာရင်း..၊ မိမိကိုယ်ကိုတရားနှင့်အားပေးလိုက်..၊ စာဖတ်၍အားပေးလိုက်..၊ ဆရာ၊ဆရာမကြီးများ၏အဆုံးအမစကားများဖြင့်အားပေးလိုက်နှင့် တပေပေတတေတေနှင့် ကားအိုကြီးတစ်စီးကဲ့သို့ လိပ်ရွေ့ရွေ့ကာ သွားနေပါသည်..။
ိသို့သော် မစံပယ်လိုချင်သောပန်းတိုင်သို့တော့ရောက်မည်ဟု ယုံကြည်ပါသည်..။ အနှေးအမြန်သာကွာပါလိမ့်မည်..။ မစံပယ်အားမလျော့ပါ..။
Labels:
ရောက်တတ်ရာရာ
ဇီးယိုကျွေးတတ်သော မစံပယ်တို့အမေ..။
မစံပယ်အမေသည် ဘာသဘောမှန်းမသိ..။ မစံပယ်မြန်မာနိုင်ငံမှာတုံးကလည်း ကျောင်းပိတ်ချိန်အိမ်ပြန်လျှင် ဇီးယိုကျွေးတတ်သည်..။ မစံပယ်ပြန်တုံးတိုက်ဆိုင်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ်အိမ်မှာ ဇီးယိုရှိနေတတ်သည်..။ တခါတရံတော့ မစံပယ်ပြန်လာမှ သေချာဇီးယိုကျိုလိုက်သည်ထင်သည်..။ ထန်းလျက်က၀ယ်၍လွယ်သည်ကိုး..။ ဇီးသီးကဘယ်လိုရရလာသည်မသိ..။
အခုလည်းမစံပယ်ဆီတကူးတကအလည်လာကြသည်..။ ဇီးယိုတစ်ဗူးပါလာပြန်လေသည်..။ သေချာထိုးလာခဲ့သည်တဲ့..။ ဟမ်..။ ၀ိတ်ကလည်း ၁ပိဿနီးနီးစီးနိုင်သည်..။ တပင်တပန်းခံသယ်လာသည်..။ မစံပယ်မှာ သူတို့သယ်လာတာတွေများနေ၍ ပျက်စီးလွယ်သည်များကို အရင်စားကာ ဇီးယိုအလှည့်မကျနိုင်သေး..။ အခုတော့ သူ့အလှည့်ကျဖို့ နီးလာချေပြီ..။ အမေဘယ်လိုစိတ်ကူးနှင့် သယ်လာသည်မသိ..။ မစံပယ်ကို ဇီးယိုကြိုက်သူဟု အမှတ်များမှားနေရော့သလား..။ မစံပယ်ပင်ဇဝေဇ၀ါဖြစ်ရပြန်သည်..။
အမေ့ဇီးယိုဗူး....။
တခါပြောဖူးသည်တော့ အမှတ်ထင်ထင်ရှိမိသည်..။ မစံပယ်မှာ အတွေးများလွန်းသည်ဟု..။ အဲဒါတော့လည်းဖြစ်နိုင်သည်..။ မစံပယ်မှာ တစ်ခုခုလုပ်တော့မည်ဆိုလျှင် ဘာတွေဖြစ်လာနိုင်မလဲ..၊ မဖြစ်ခင်ဘာတွေကြိုပြင်ရမလဲ..၊ ဖြစ်ပြီးနောက်ဘာလုပ်မည်လဲ..ဆိုတာတွေ ခေါင်းထဲမှာတွေးပြီးဖြစ်သွားတတ်သည်..။ တခါတရံအသေးစိပ်ကစ ကြိုတွေးထားတတ်သည်..။ ဖြစ်နိုင်ရန်အလားအလာရှိသည်များကိုလည်း တွေးထားတတ်သည်..။ အထူးသဖြင့် မိသားစုရေးများတွင် မစံပယ်မှာခေါင်းပူအောင်စဉ်းစားတတ်ကာ အားလုံးကိုစိတ်ပူနေတတ်သည်..။ အမေနှင့်စကားပြောရင်း ထိုးအတွေးများကိုပြောမိသည့်အခါ အမေက အတွေးများလွန်းသူဟု မစံပယ်ကိုကောက်ချက်ချလိုက်သည်..။ ထိုအချိန်မှစ၍ မစံပယ်ကို ဇီးယိုကျွေးခြင်းစလာတော့သည်..။
မစံပယ်မှာအတွေးများလွန်း၍ ခေါင်းနောက်ကျိတတ်သည်..။ အတွေးတွေပတ်လည်ရိုက်နေတတ်၍ ခေါင်းမကြည်ဖြစ်ကာ တစ်ချို့အချက်များ သတိလွတ်တတ်သည်..။ သို့ပေသိ ကြိုတွေးတတ်သည့်အကျင့်ကြောင့် ဘာဖြစ်လျှင်ဘာလုပ်ရမည်ဟု အစီအစဉ်တစ်ခါတည်းရှိပြီးဖြစ်သည်..။
ဘာပဲဖြစ်ဖြစ် မစံပယ်တို့အတွက်သာ ဘ၀ပုံပေးထားသလိုဖြစ်နေသော အမေ့ကို မစံပယ်ဒီ့ထက်ပျော့ပျောင်းဖို့..၊ နုးညံ့စွာဆက်ဆံဖို့..၊ ဂရုစိုက်ဖို့လိုပါသေးသည်..။ ယခုမစံပယ်တို့အိမ်ပိုင်ရှင်သားအငယ်မှာ သူ့အဖေရုတ်တရက်ဆုံးပါးသွား၍ အဖေမသေခင်က အမြဲငြင်းခုန်အော်ဟစ်မိတာတွေကို နောင်တရ စိတ်မကောင်းဖြစ်နေသည်..။ သူ့အဖေကအလုပ်သွားရင်းချော်လဲကာ သတိမလည်လာတော့ဘဲ တစ်ခါတည်းဆုံးပါးသွားခြင်းဖြစ်သည်..။ မစံပယ်လည်း မစံပယ်အမေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့..၊ စိတ်ရှည်ဖို့..၊ ဂရုစိုက်ဖို့.. လိုအပ်လှပါသေးသည်..။
Labels:
ဓာတ်ပုံအက်ဆေး..။
မုန့်လက်ကောက်ဖြစ်သွားသော မုန့်လုံးရေပေါ်..။
မစံပယ်ဝယ်ထားတာကြာပြီဖြစ်သော ကောက်ညှင်းဆန်မှုံထုပ်ကလေးရှိနေသည်..။ မသုံးဘဲနေရင် ပိုးဟပ်ဖောက်တာနဲ့ ပစ်ရတော့မည်..။ ဘာကိုမှအလဟဿမပစ်နိုင်ပါ..။ အခုလိုအချိန်အခါတွင် ပိုဆိုးသည်..။ ဘာကိုမှ မပစ်နိုင်ပါ..။ စိတ်ထဲမှာ ချိုချိုစည်းစည်းမုန့်ကလည်း စားချင်နေသည်..။ ရှိတာက ကောက်ညှင်းဆန်ပဲရှိသည်..။ မုန့်လုံးရေပေါ်လုပ်နည်းဖတ်လိုက်တော့ ကောက်ညှင်း ၂ဆ၊ ဆန်မှုံ့ ၁ဆဖြစ်နေသည်..။ ဆန်မှုံ့လည်း ထပ်မ၀ယ်ချင်..။ ဖြစ်ချင်ရာဖြစ် ကောက်ညှင်းထုပ်ကိုဖောက်ကာ ဆား၊ ဆော်ဒါနဲ့နှယ်လိုက်သည်..။ ရေနည်းလို့ရေထပ်ထည့်..၊ ရေများသွားလို့ အမှုံ့ထပ်ထည့်..။ ရေထပ်ထည့်တော့ ပျော့သွားပြန်ပြီ..။ တော်ပြီ အမှုံ့ထပ်ထည့်ရင် တစ်ယောက်တည်းကုန်အောင် မစားနိုင်ဖြစ်နေမည်..။ ပျော့ပျော့ပဲ မုန့်လက်ကောက်လေးလို ကွေးသည်..။ ကွေးမရ..။ ဟား ဟား ဟား..။ ဆီထဲတစ်ခါတည်း ထည့်ရသည်..။ မုန့်လက်ကောက်မဟုတ်..၊ မုန့်ဂျိုးလိမ်မဟုတ်..။ ဘာမှန်းမသိသည့် ပုံသဏ္ဍာန်နှင့်..။
ပထမတစ်ဒယ်..။
မုန့်ကတော့ သေချာတယ် မကုန်ဘူး..။ ဒီတစ်ဒယ်ထဲကတော့ မ၀သေးဘူး..။ နောက်တစ်ဒယ်..။ မကုန်တဲ့မုန့်နှစ် တစ်ဒယ်စာလောက်ကိုရေခဲသေတ္တာထဲထည့်သိမ်းထားလိုက်တယ်..။ ထန်းလျက်မရှိတော့ သကြားနဲ့စားသည်..။ဘလော့တွေဖတ်ခြင်းကနေ မုန့်လက်ကောက်လက်ဖြစ်အိမ်ဖြစ်ကလေး စားရသည်..။ ကောင်းလေစွ ကောင်းလေစွ တကား..။
Labels:
ဓာတ်ပုံအက်ဆေး..။
နေ့မြင်ညပျောက် သံဝေဂ....။
မစံပယ်ငှားနေသော အိမ်ဍ်အိမ်ပိုင်ရှင်မှာ အဘိုးကြီးနှင့်အသက်ကြီးကြီးသားအဖနှစ်ယောက်ဖြစ်ပါသည်..။ အဘိုးကြီးမှာ မနက်ပိုင်းတစ်ဝက် ဘလော့သုံးခုဍ်သန့်ရှင်းရေးလုပ်ပါသည်..။ အသက် ၇၈နှစ်ရှိပြီရှိပြီဆိုသော အဘိုးကြီးဖြစ်မှာ မနက်လေးနာရီလောက်ထကာ စက္ကူစုတ်၊ဘီယာခွံကောက်သေးသည်ဟု ဆိုပါသည်..။ ထောင်ထောင်မောင်းမောင်းနှင့် သန်သန်မာမာပုံကြီးမပေါက်သော်လည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်ကိုင်နိုင်ဆဲအခြေအနေဖြစ်ပါသည်..။ မနက် ၆နာရီခန့်မှ သန့်ရှင်းရေးလုပ်ရာသို့သွားပါသည်..။ နေ့လည် ၁၂ ကျော်လျှင်အိမ်ပြန်လာပါပြီ..။ အလုပ်လုပ်ပြီး စားပြီးသောက်ပြီးမှပြန်လာသည်ဟု ဆိုပါသည်..။ အိမ်ရောက်လျှင်အခန်းထဲတန်းဝင်သွားကာ အနားယူသလား အိပ်သလားမသိပါ..။ နေ့လည်နှစ်နာရီကျော်လောက်မှ ထွက်လာကာ မီးဖိုချောင်ဝင်ကာ ထမင်းအိုးရေစိမ်ပါသည်..။ ထို့နောက်မှဟင်းချက်ဖို့ပြင်ပါသည်..။ သို့မဟုတ်ပါကလည်း စက်ဘီးဖြင့်နောက်တစ်ခေါက်ပြန်ထွက်ကာ ဈေးဝယ်သွားတတ်ပြန်ပါသည်..။ များများစားစားဝယ်တာမမြင်ပါ..။ တစ်ခါချက်ရုံ လိုသလောက်သာဝယ်လာတတ်ပါသည်..။ ထို့နောက် ချက်ပြုတ်စားသောက်ကာ ၄ နာရီကျော်လောက်ဆိုလျှင် အခန်းထဲပြန်ဝင်သွားပြီး မထွက်လာတော့ပါ..။ သူတို့အခန်းမှာလည်း ရေချိုးခန်း အိမ်သာရှိရာ အပြင်ထွက်ဖို့လည်း မလို..။ ထွက်လည်းမလာတော့ပါ..။ မစံပယ်ဒီအိမ်ကိုပြောင်းလာပြီး သတိထားမိသလောက် အဘိုးကြီးမှာနေ့တိုင်းအလုပ်မသွားသောရက် မရှိပါ..။ တစ်ရက်မှနားသည်မမြင်ပါ..။ စနေလည်းသွားပါသည်..။ တနင်္ဂနွေလည်း သွားပါသည်..။ အနေအေးသော ရိုးသားရောင့်ရဲသောဟု ကောက်ချက်ချရမည့် အဘိုးကြီးမျိုးဖြစ်ပါသည်..။
သူ့သားကတော့ အလုပ်ကခွင့်ယူထားသည်.၊ ပန်းနာရင်ကျပ်ဖြစ်သည်ဆိုကာ အိမ်မှာ တီဗီကြည့်နေသည်သာ တွေ့ရပါသည်..။ မနက်တိုင်းသွားတော့သွားသည်..။ အလုပ်သွားတာတော့မဟုတ်ပါ..။ ထမင်းဟင်းလည်း အဘိုးကြီးချက်ထားတာသာ စားသည်..။ အပြင်ကစားခဲ့ချင်လည်း စားခဲ့သည်ထင်ပါသည်..။ တီဗီသံအကျယ်ကြီးနှင့် တီဗီကြည့်နေတတ်ပါသည်..။ သို့ပေမယ့် သားအဖ တစ်ခန်းထဲအတူအိပ်ကြပါသည်..။ ပုံမှန်ပင် ဒီလိုပဲလည်ပတ်နေပါသည်...။
ပြီးခဲ့တဲ့ ၁၃ ရက်နေ့ တနင်္လာနေ့က မစံပယ်ဧည့်ခန်းမှာစာကြည့်နေတော့ သူ့သားအပြင်ကပြန်လာပါသည်..။ နေ့လည်၁၂ ကျော်ပြီ..။ ဒီအချိန်ပြန်လာနေကျ မစံပယ်က Grandpa ဟုခေါ်သော အဘိုးကြီးပြန်မလာသေးပါ..။ မစံပယ်စိတ်ထဲတော့ ဘာသိဘာသာ..။ သူ့သားကတော့ နာရီကြည့်ကာမျှော်နေသည်..။ မစံပယ်နားထဲ လူနာတင်ကားသံကြားလိုက်သည်..။ သို့သော် ဒီလိုပဲကြားနေကြဆိုတော့ ထူးပြီးအလေးမထားမိပါ..။ နေ့လည် ၂ နာရီကျော်ကျော်တွင် အိမ်ရှင်သားထံသို့ ဖုန်းလာသည်..။ တစ်ခြားတွင်နေသော သူ့အစ်ကိုကခေါ်သည်တဲ့..။ သူတို့အဖေ အမျိုးသားဆေးရုံကြီးမှာ တင်ထားရသည်..။ လဲကျလို့ဟု ဆိုသည်..။ အိမ်ပိုင်ရှင်သားဖြစ်သူ လိုက်သွားသည်..။
တော်တော်နှင့်ပေါ်မလာ..။ ညကြီးမိုးချုပ်မှပြန်ရောက်လာသည်..။ လဲကျကာ သတိလစ်နေသည်..။ စကားမပြောနိုင်..။ ဒီနေ့ညအခြေအနေကိုကြည့်ကာ မနက်ဖြန် ICU သို့ရွှေ့ချင်ရွှေ့မည်..။ နောက်နေ့ရောက်တော့ အိမ်ပိုင်ရှင်သား ဆေးရုံသွားသည်..။ တစ်နေကုန်ပြန်မလာ..။ ညနက်မှပြန်လာသည်..။ အခြေအနေမကောင်း၍ ICU မပြောင်းတော့..။ အသက်ရှင်ဖို့အလားအလာ ၁၀%သာ ရှိသည်ဟု ဆိုသည်..။ ဟမ်..။ ဟုတ်ပါ့မလား..။ တစ်နေ့ကအထိအကောင်းကြီးရှိသေးသည်..။ လက်ဆေးဗေစင်အကွဲကို အလုပ်သမားခေါ်ကာ ပြင်ခိုင်းနေသည်..။ အင်္ဂတေအအက်များကို ထုံးနှင့်ပြန်ဆက်ခိုင်းနေသေးသည်..။ ထုံးစံအတိုင်း ထမင်း၊ဟင်း ချက်နေသေးသည်..။ ဘယ်လိုဖြစ်တာလဲ..။ ၁၀%ဆိုတာ မှားများမှားရော့သလား..။ အမေတို့ကိုဖုန်းဆက်ပြောမိသည်..။ သူတို့လည်း စိတ်မကောင်းကြ..။
အိမ်ပိုင်ရှင့်သားမှာ အခန်းထဲနားနေပြီး ဗိုက်ဆာမှထွက်လာ စားသောက်နေပါသည်..။ တစ်ညလုံးအိပ်တော့သည် မထင်ပါ..။ တဂျိမ်းဂျိမ်းတဂျောင်းဂျောင်းနှင့် ဘာတွေလုပ်နေသလဲ မသိရပါ..။ မနက်ခင်း ၅နာရီလောက်တွင် ဖုန်းပြောသံကြားလိုက်သည်..။ အဘိုးကြီး ဆုံးလို့လှမ်းဖုန်းဆက်တာလို့ သိလိုက်ရသည်..။ မနက် ၆ နာရီ ၇ နာရီ အိမ်ဘေးမှဘွားတော်ကြီး ဆူညံဆူညံစကားတွေပြောနေသည်..။ ဘာတွေမှန်းမသိ..။ ၇ နာရီထိုးအိပ်ယာထတော့ အိမ်ပိုင်ရှင့်သားကပြောသည်..။ Grandpa ဆုံးပြီဟု..။ မြန်လိုက်တာ..။ နေ့မြင်ညပျောက်..။
မစံပယ်မှာလည်း မိမိလုပ်စရာရှိတာကို လုပ်နေရသေးသည်..။ အသုဘအခမ်းအနားကို မစံပယ်တို့တိုက်အောက်မှာမလုပ်..။ ဟိုဘက်ကတိုက်အောက်မှာ သွားလုပ်သည်..။ သားသမီးသုံးယောက်ရှိသည် ဆို၏..။ အဘိုးကြီး၏တစ်ခြားတွင်နေသောသားဖြစ်သူနှင့် သမီးဖြစ်သူတစ်ခါမှအိမ်လာသည်ကို မမြင်ဘူးပါ..။ အဘိုးကြီးလဲကျသည့်နေ့ကမေးတော့ အဘိုးကြီးနှင့်တည့်လျှင် လာသည်..။ မတည့်လျှင် မလာဟုဆိုသည်..။ မစံပယ်တို့ပြောင်းလာပြီးမှ တစ်ခါမှလာသည်မမြင်မိ..။ အသုဘကိုတော့ အစ်ကိုအကြီးဆုံးက ကြီးကြပ်သည်..။ အိမ်ပိုင်ရှင်သားက အငယ်ဆုံးဆို၏..။ အစ်ကိုကြီးခိုင်းတာ လုပ်ရသည်..။ ဆေးရုံမှပြန်သယ်လာသော ဆုံးသည့်နေ့တစ်ရက်..၊ နောက်ရက်တစ်ရက်..၊ တတိယရက်ဖြစ်သော ဒီနေ့တွင်မှအလောင်းကိုမီးရှို့သည်..။ ပြာကိုဘုန်းကြီးကျောင်းသွားကာ ဘာလုပ်ရသည်လဲမသိပါ..။
အိမ်ပိုင်ရှင်၏သားမှာ ကြိုသိနေသလို၊ ကြိုမျှော်လင့်ထားသလို သိပ်တုန်လှုပ်နေပုံမရှိပါ..။ အသုဘအတွင်း ဖယောင်းမီးမပြတ်အောင်ထွန်းပေးရ၍ မအိပ်ရ၍သာ ပင်ပန်းနေပါသည်..။သူဘာသာရပ်တည်နိုင်၍လည်းဖြစ်မည်..။ သူလည်း သိပ်အဆင်ပြေကြီးရှိဟန် မတူပါ..။ အဖေကိုပင်လာမပြုစုဘူးသော အစ်ကိုကြီးအစ်မကြီးများထံမှ ဂရုစိုက်မှုကိုလည်း ရလိမ့်မည်မထင်ပါ..။ အိမ်ပိုင်ရှင့်သားဖြစ်သူမှာ အသက်ကြီးလာမှ အခက်အခဲနှင့်ရင်ဆိုင်ရမည်ထင်ပါသည်..။ သို့ပေသိ သူတို့နိုင်ငံသဘာဝတွေကို နားမလည်ပါ..။ လူအိုရုံတို့ဘာတို့လည်း ရှိပါသည်..။ သူတို့ဘာသာ ကြံဖန်ရုန်းသွားပါလိမ့်မည်..။ စိတ်ကတော့ သူများအပူ ကိုယ့်အပူဖြစ်နေမိပါသည်..။
လူ့ရွာခဏလာကြတာ..။ အခုပဲအကောင်းကြီးကနေ အခုပဲ ကိုယ့်ဘ၀ထဲကနေထွက်သွားလိုက်တာ.. ခဏပဲကြာလိုက်ပါလား..။ ထင်မထားသေးတာတွေလည်း ဖြစ်တတ်ပါလားလို့ နောက်တစ်ကြိမ် သံဝေဂရရပြန်ပါတယ်..။
Labels:
ရောက်တတ်ရာရာ
Subscribe to:
Posts (Atom)


