လိုက်နာရမယ့် နည်းလမ်းတွေ..။

အမှန်ဆို လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ Web Developer ဆိုတာမျိုးက ကနေ့ခေတ်စားနေတဲ့ Joomla တို့ Wordpress တို့လို CMS တွေသိထားရဦးမယ်... Web ရဲ့ အဓိကလိုဖြစ်နေတဲ့ Ajax လိုနည်းပညာမျိုးကိုသိထားရဦးမယ်... .NET ဘက်ကိုသွားနေတဲ့သူဆိုရင်လည်း Silverlight လိုနည်းပညာမျိုးကို သိထားရဦးမယ်... Sharepoint လိုနည်းပညာမျိုးကိုလည်း သိထားရဦးမယ်... MVC လို ခေတ်စားလာတဲ့ Pattern မျိုးကိုလည်း နားလည်ထားရမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... အများကြီး ကျန်ပါသေးတယ်... အဲ့ဒါတွေအားလုံးအတွက် သင်တန်းတစ်ခုချင်းသာလိုက်တက်နေမယ်ဆိုရင် ဆုံးတော့မှာမဟုတ်သလို တစ်ခုမကျန် သင်ပေးနိုင်တဲ့ သင်တန်းလည်းရှိမှာမဟုတ်ပါဘူး...။
        လူငယ်တွေအတွက် အမှန်တစ်ကယ်လိုအပ်နေတာက Self-Study လုပ်တက်ဖို့လိုနေသလို Self-Study လုပ်လေ့ရှိတဲ့ အလေ့အကျင့်လည်း လုပ်ထားဖို့ လိုအပ်နေတာဖြစ်ပါတယ်...

ကိုရာဗီက ဘယ်အချိန်မှာ သင်တန်းတက်ရမလဲဆိုတာကို ဒီလို ရှင်းပြပါတယ်... တစ်ချို့ကိစ္စတွေမှာ Self-study လုပ်ရင်းနဲ့ အခက်အခဲတွေတွေ့လာတဲ့အခါ၊ တစ်ဦးတစ်ယောက်က လမ်းညွှန်လိုက်ရင် လေ့လာရတာ ပိုမိုမြန်ဆန်မယ့်အနေအထားဖြစ်လာတဲ့အခါ သင်တန်းတက်ရပါတယ်... သင်တန်းတက်တယ်ဆိုတာ သင်တန်းကသင်ပေးလိုက်ရင် လွယ်လွယ်နဲ့တက်သွားမလားဆိုတဲ့ စိတ်နဲ့တက်ရတာမျိုးမဟုတ်ပါဘူး... Self-study လုပ်ရတာ ပိုမိုလွယ်ကူချောမွေ့စေဖို့ သင်ပြပေးနေတဲ့ ဆရာလုပ်သူတွေရဲ့ လမ်းညွှန်မှုကို လိုချင်လို့ တက်တာမျိုးသာဖြစ်သင့်တယ်လို့ ဆိုပါတယ်...

ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းဖို့ဆိုတာ မိမိကိုယ်တိုင်ကလည်း အမှန်တစ်ကယ် လုပ်နိုင်မှာသာ အခွင့်အလမ်းကောင်းမှာဖြစ်ပါတယ်... Programming နဲ့ ဆက်နွယ်နေနဲ့ ပညာရပ်နယ်ပယ်တွေမှာ Self-study လုပ်ခြင်းဖြင့်သာ အမှန်တစ်ကယ် လုပ်နိုင်ပြီး၊ ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်... သင်တန်းတွေ တက်တယ်ဆိုရင်လည်း၊ ပိုက်ဆံပေးလိုက်ရင် "တက်" များသွားမလားဆိုပြီး တက်တာမျိုးမဖြစ်သင့်ပဲ၊ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ တက်တာမျိုးပဲ ဖြစ်သင့်ကြောင့် အကြံပြုလိုပါတယ်...။


http://www.myanmaritpro.com/profiles/blogs/certificate-selfstudy-1 မှကူးယူထားပါသည်..။

Professional ဖြစ်လိုသူများ Internet မှ လေ့လာနည်း..။

ပြီးခဲ့တဲ့ တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ MZ 3rd Anniversary အထိမ်းအမှတ်ပွဲရဲ့ နောက်ဆုံးပိုင်းမှာ Open Discussion ဆိုတဲ့ အစီအစဉ်လေးတစ်ခု ပါခဲ့ပါတယ်... အဲ့ဒီ အစီအစဉ်မှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ "Beginner ကနေ Professional ဖြစ်အောင် ဘာတွေလုပ်ရမလဲ" ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်...

Professional ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ ဆိုတာကနေ စတင်ဆွေးနွေးလိုက်ကြတာ အတော် စိတ်ဝင်စားဖို့ကောင်းပါတယ်... Professional ဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အတိအကျအဖြေတစ်ခုကို မပေးနိုင်ခဲ့ပေမယ့် တက်ရောက်လာသူများအတွက် အကျိုးရှိခဲ့တဲ့ စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်...

Professional ဖြစ်အောင် လုပ်ရမယ့် အချက်တွေထဲမှာ "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတဲ့အချက်တစ်ချက် ပါဝင်ပါတယ်... အမြဲမပြတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကြောင့် "စဉ်ဆက်မပြတ် လေ့လာနေရမယ်" ဆိုတာဟာ Beginner တွေသာမကပါဘူး၊ မိမိကိုယ်ကို ကျွမ်းကျင်သူလို့ ယူဆထားတဲ့ Professional များအတွက်ပါ လိုအပ်တယ်ဆိုတာကို အားလုံး သိပြီးသားပါ...

ဒီ Post မှာ ထိရောက်တဲ့ "စဉ်ဆက်မပြတ်လေ့လာမှု" တွေကို ပြုလုပ်နိုင်ဖို့ Internet ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို အဓိကထား တင်ပြသွားချင်ပါတယ်...

ကျွန်တော်တို့ ကွန်ပြူတာစတင်လေ့လာစအချိန်က လေ့လာဖို့အတွက် Resource ဆိုတာ အတော်လေးရှားပါးပါတယ်... ကိုးကားစရာရဖို့အတွက် သင်တန်းတွေမှာ ဆရာသင်သမျှတစ်လုံးမကျန် လိုက်လံမှတ်သားထားရပါတယ်... Programming နဲ့ပက်သက်တဲ့ စာအုပ်အထူကြီးတွေကိုတွေ့မိရင် လိုချင်လွန်းလို့ ရင်တွေဘာတွေတောင် တုန်ပါတယ်... ဒါပေမယ့် အဲ့လိုစာအုပ်တွေက ဈေးသိပ်ကြီးလို့ အနားတောင်မကပ်နိုင်ပါဘူး... စာအုပ်တစ်အုပ်လောက် ရလိုက်ပြီဆိုရင်လည်း ရွှေမန်ကျည်းတောင့်ရသလောက်ကို ၀မ်းသာရပါတယ်... စာအုပ်က သိပ်ရှားပါးတော့ ကိုယ့်မှာရှိရင် သူများကို မပေးချင်ပါဘူး... ကိုယ်တောင်မှ ခက်ခက်ခဲခဲ ရထားရတာကိုး... သူများစာအုပ်ဆိုရင်လည်း တစ်ရက်လောက်ခဏလို့ ငှားပြီး တစ်အုပ်လုံးကို မိတ္တူကူးယူထားရတာတွေ ရှိပါတယ်... အဲ့ဒီလောက်ထိ ကိုးကားစရာ၊ လေ့လာစရာ စာအုပ် နဲ့ Resource ရှားပါးပါတယ်...

နောက်ပိုင်း အင်တာနက်ကွန်နက်ရှင် အလွယ်တစ်ကူရလာတော့ အင်တာနက်ကို လေ့လာဖို့အတွက် အသုံးပြုခဲ့ပါတယ်... အစပိုင်းမှာ လိုချင်တာတောင်မှ မရှာတက်ဆိုတော့ သိပ်မထိရောက်ပါဘူး... နောက်ပိုင်း သုံးတက်လာတဲ့အခါ အင်တာနက်ဟာ သိပ်ကောင်းတဲ့ လေ့လာစရာ Resource ဖြစ်သွားပြီး အများကြီး အထောက်အကူပြုခဲ့ပါတယ်... အခုချိန်မှာ အင်တာနက်မရှိပဲ အလုပ်လုပ်ဖို့ ဆိုတာနဲ့၊ အင်တာနက်မရှိပဲ လေ့လာဖို့ဆိုတာကို တွေးကြည့်လို့တောင် မရတော့ပါဘူး...

MZ 3rd Anniversary ပွဲနေ့က အများကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်... "မိမိကိုယ်ကို စဉ်ဆက်မပြတ်တိုးတက်နေတယ်လို့ ထင်သလား? နေ့စဉ်တိုးတက်တာက မမြင်သာရင်တောင်မှ ပြီးခဲ့တဲ့လကထက် ဒီလ ပိုမိုတိုးတက်လာတယ်လို့ ထင်သလား?" ဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်... "တိုးတက်နေပါတယ်" ဆိုတဲ့အဖြေကို ဖြေရဲတဲ့သူ တစ်ယောက်တောင်မှ မရှိတဲ့အတွက် အံ့အားသင့်မိပါတယ်... လူကြားထဲမှာ တိုးတက်နေပါတယ်လို့ ဖြေဖို့ မ၀ံ့ရဲတာဖြစ်နိုင်သလို၊ အမှန်တကယ်ကို မိမိကိုယ်ကို တိုးတက်နေတယ်လို့ "မထင်" တာလည်း ဖြစ်နိုင်ပါတယ်... အဲ့ဒီမှာ ပြန်ပြောဖြစ်တာက "ကနေ့ခေတ်လို အင်တာနက် ရှိပြီး လေ့လာဖို့ Resource မရှားပါးတဲ့ အချိန်မှာမှ မိမိကိုယ်ကို ပုံမှန်တိုးတက်နေတယ်လို့ မထင်ဘူးဆိုရင်တော့၊ ကျွန်တော်တို့ တစ်ခုခုမှားနေပါပြီ"...

"ငါ... ပုံမှန် တိုးတက်နေရဲ့လား" ဆိုတဲ့ မေးခွန်းကို လေ့လာနေသူးတိုင်း မိမိကိုယ်ကို အမြဲမေးနေသင့်ပါတယ်...

နောက်ထပ် ထပ်မေးတဲ့ "ဒါဆိုရင် အင်တာနက်မှာ လေ့လာတဲ့အချိန်နဲ့ အချိန်ဖြုန်းတဲ့အချိန် ဘယ်ဟာကများလဲ? ကိုယ့်ကိုယ့်ကို ဘယ်အပိုင်းမှာ များနေတယ်ထင်လဲ?" ကိုတော့ တစ်ညီတစ်ညွတ်တည်း "အချိန်ဖြုန်းနေတာက များနေတယ်" လို့ ဖြေတာကို တွေ့ရပါတယ်...

အင်တာနက်မှာ အချိန်ဖြုန်းတာကို လုံးဝအကျိုးမရှိတဲ့ အချိန်ဖြုန်းခြင်းလို့တော့ မပြောလိုပါဘူး... ဥပမာ Social Network တွေမှာ အချိန်ကုန်နေခြင်းဟာ တစ်နည်းအားဖြင့် အချိန်ဖြုန်းသလိုဖြစ်နေပေမယ့်၊ တစ်နည်းအားဖြင့်လည်း အပေါင်းအသင်းမိတ်ဆွေ တိုးတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းသစ်တွေ ရနိုင်တာပဲဖြစ်ပါတယ်...

အင်တာနက်ကို လေ့လာဖို့ချည်းသက်သက် သုံးရမယ်လို့ ဇွတ်ပြောလိုခြင်းမဟုတ်ပါဘူး... နှစ်သက်သလို သုံးလို့ရပါတယ်... ဟိုလိုပဲသုံးရမယ် ဒီလိုပဲသုံးရမယ်လို့ လိုက်ပြီး တာမြစ်ပိတ်ပင်နေလို့လည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးကို မယူတက်လို့၊ အသုံးမချတက်လို့ (လူငယ်များအတွက်) အကျိုးမရှိသလို ဖြစ်နေမှာကိုတော့ စိုးရိမ်မိပါတယ်... ဒါကြောင့် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းတစ်ချို့ကို အခုလို ဝေမျှရခြင်းဖြစ်ပါတယ်...

ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer တွေအတွက်ပဲ အဆင်ပြေတာမျိုးလည်း ဖြစ်နိုင်ပါတယ်... တစ်ခြားနယ်ပယ်တွေကို အဓိကထားလေ့လာနေသူများအနေနဲ့ သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်...

၁.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တက်လေ့ရှိပါတယ်... ကိုယ့်အတွက်အကျိုးရှိတဲ့ အဲ့ဒီလို Web Site တွေကို စာရင်းတစ်ခု ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်...

Web Developer တွေအတွက်ဆိုရင် Smashing Magazine လို Site မျိုးနဲ့ Sitepoint လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ ဖြစ်ပါတယ်... အဲ့ဒီ Site တွေဟာ Multi Author Blog တွေဖြစ်ပြီး နေ့စဉ်နဲ့အမျှ (Web Development ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site တွေဖြစ်ပါတယ်... ဒီလို Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်... သူတို့ Article တွေက ရှည်ပြီး တစ်ခါတစ်ရံ လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့ လိုပါတယ်...

Nettuts လို Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial လေးတွေ တင်ပေးလေ့ရှိပါတယ်... သူတို့တင်ပေးသမျှ Tutorial တွေက တစ်ခုမှ ပစ်ရက်စရာမရှိပါဘူး... ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ...

OS News တို့ CNet တို့လို သတင်း Site တွေကလည်းပဲ နေ့စဉ် ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်... အဲ့ဒီ Site တွေက ကိုယ့်ကို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ အဆက်ပြတ်မသွားစေဖို့ အကူအညီပေးပါလိမ့်မယ်...

ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို အကူအညီတောင်းလို့ ရပါတယ်...

သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး... Update တွေကိုကြည့်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ သို့မဟုတ် လုံးဝစိတ်မ၀င်စားတဲ့ အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး... နေ့စဉ်ဖတ်ရမယ့် Site ၁၀ခုလောက်ထားပြီး အနည်းဆုံး ခေါင်းစဉ်တွေလောက် ရွေးဖတ်ရင်ကို မဆိုးပါဘူး...

၂.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ် ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်... ဒါပေမယ့် တစ်ချို့ Site တွေက ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ် Update မဖြစ်ပါဘူး... ပြီးတော့ ကြည့်ချင်တဲ့ Site တွေများလာတဲ့အခါ အဲ့ဒါတွေကို နေ့တိုင်းသာ အကုန်သာလျှောက်ကြည့်ရရင် စာဖတ်တဲ့စခန်းကိုမရောက်ပဲ Web Site တွေ လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်...

ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖတ်ဖို့အတွက် RSS Reader တွေကို အသုံးပြုလို့ရပါတယ်... RSS Reader သုံးခြင်းအားဖြင့် ကိုယ် Subscribe လုပ်ထားတဲ့ Web Site တွေမှာ Content Update ဖြစ်မဖြစ် တစ်ခုခြင်း လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး... Content Update ဖြစ်တာနဲ့ Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်...

ကနေ့ခေတ်မှာ RSS Feed Support မလုပ်တဲ့ Web Site ဆိုတာ အတော်လေး နည်းသွားပါပြီ...

Reader အနေနဲ့ Google Reader ကို Recommend ပေးချင်ပါတယ်... လူတိုင်းနီးပါးမှာ Google Account ရှိနေတဲ့အတွက် ထပ်ပြီးတော့လည်း Register လုပ်ဖို့မလိုအပ်တော့ပါဘူး... RSS Reader မသုံးဖူးသူတွေအတွက် Feed တွေ ဘယ်လို Subscribe လုပ်ရမလဲဆိုတာ မရှင်းပြတော့ပါဘူး... Google Reader ကိုသာ ၀င်လိုက်ပါ... Google ရဲ့ Usable ဖြစ်တဲ့ အသွင်အပြင်ကြောင့် အလိုလို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်... Alternate Reader အဖြစ်နဲ့ Bloglines ကိုလည်း စမ်းကြည့်လို့ရပါတယ်...

RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်... ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ... လောဘတစ်ကြီး Site တွေအများကြီးကို Subscribe လုပ်မထားပါနဲ့... Subscribe လုပ်ထားပြီး မဖတ်နိုင်ရင်အလကားပါပဲ... Feed Update တွေကိုလည်း နေ့စဉ် ဖတ်ဖို့လိုပါတယ်... မဖတ်ချင်တဲ့ Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို ထားမနေပါနဲ့ Un-Subscribe သာလုပ်ပစ်ပါ... နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန် လိုက်ဖတ်နေဖို့မလိုပါဘူး... အနည်းဆုံး ခေါင်းစဉ်တွေလောက် လိုက်ဖတ်သွားနိုင်ရင်တောင် မဆိုးပါဘူး... ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်...

၃.) တစ်နေ့ အနည်းဆုံး (၁)နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို (၁)နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်... ပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စာဖတ်မယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်... ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်လည်း အလေ့အကျင့်လေးတစ်ခုဖြစ်သွားပြီး စာဖတ်ရတာ ပိုမိုအဆင်ပြေလာနိုင်ပါတယ်...

ကျွန်တော်ကတော့ နေ့စဉ် အလုပ်တွေမစခင် (၉)နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ အသုံးပြုပါတယ်... အဲ့ဒီအချိန်အတွင်းမှာ RSS Reader ထဲမှာ ရောက်နေသမျှ Update တွေကုန်အောင်ဖတ်ပါတယ်... တစ်နေ့ကို Update (၁၂၀) လောက် ရလေ့ရှိပြီး (၁၀၀) လောက်ကို အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်... (၂၀) လောက်ကိုတော့ အသေးစိတ် ဖတ်ဖြစ်ပါတယ်...

အဲ့ဒီလို နေ့စဉ် (၁)နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ... (၆) လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင် အများကြီးတိုးတက်လာတာကို တွေ့လိမ့်မယ်လို့ အာမခံပါတယ်...

၎.) Online Forum တွေမှာ ပါဝင်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်တဲ့ဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်... သိချင်တာရှိရင်လည်း မေးလို့ရသလို၊ သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ ကိုယ့်အတွက် စိတ်ဝင်စားစရာအသစ်တွေ ရနိုင်သလို မသိသေးတာတွေလည်း အများကြီး သိလာနိုင်ပါတယ်...

ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့ တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်... အဲ့ဒီအတွက်လည်း သိထားပြီးသားကို ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့ လိုအပ်တက်ပါတယ်... ပြန်ဖတ်ပြီး သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းအရာကို နဂိုကထက်ပိုပြီး အသေးစိတ် သိရှိသွားတက်ပါသေးတယ်...

ဒီလို Online Forum တွေမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာဟာ အရည်အချင်းတိုးမြှင့်ရာမှာ အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်...

၅.) Social Bookmark Site တွေသုံးပါ
ဘယ် Site တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg တို့ Reddit တို့လို Social Bookmark Site တွေကနေ စကြည့်သင့်ပါတယ်... Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို ကြိုက်တယ်ဆိုရင် Link ကို Social Bookmark Site တွေမှာ တင်ပေးလို့ရပါတယ်... အဲ့ဒီလို တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက Link တွေ တင်ပေးနေပါတယ်...

ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection ကြီးတွေလို ဖြစ်နေပါတယ်... ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ အကောင်းတစ်ကာ့အကောင်းဆုံးတွေကို Social Bookmark Site တွေမှာ စုစည်းထားပြီးသား ရနိုင်ပါတယ်... Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံးက Home Page မှာ ရှိနေပါလိမ့်မယ်...

Link တွေက သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး... ကိုယ်လိုချင်တဲ့ Category ပဲရွေးပြီး ကြည့်လို့ရပါတယ်... ဒါကြောင့် Social Bookmark Site တွေဟာလည်း နေ့စဉ် ကြည့်ရမယ့် စာရင်းထဲမှာ ပါ ပါတယ်...

၆.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့ Google ကို ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ...

ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်... Professional တစ်ယောက်အတွက်ဆိုရင်လည်း တစ်မျိုးတည်း တစ်ခုတည်းကို တက်နေလို့ မရတော့တဲ့ခေတ်ဖြစ်ပါတယ်... ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ ဘယ်သူကမှ အားလုံးကို တစ်ခုမကျန် မှတ်ထားနိုင်မှာ မဟုတ်ပါဘူး...

Web Developer တစ်ယောက်အတွက်ဆိုရင် HTML လေ့လာဖို့လိုသလို CSS လည်း ကျွမ်းကျင်ဖို့လိုပါတယ်... Javascript ကို လေ့လာဖို့လိုသလို jQuery ကိုလည်း သိထားရပါဦးမယ်... Web 2.0 တို့ Ajax တို့လို နည်းပညာတွေကို သိထားဖို့လိုအပ်သလို HTML5 မှာပါဝင်လာတဲ့ Feature အသစ်တွေကိုလည်း သိဖို့လိုအပ်ပါတယ်... PHP လို Server Side Technology ကို သိထားဖို့လိုအပ်သလို MySql လို Database Server တွေအကြောင်းသိဖို့လည်း လိုအပ်ပါတယ်... MVC လို Pattern မျိုးကို နားလည်ထားဖို့လိုသလို Web Development Framework တွေအကြောင်းလည်း သိထားရပါဦးမယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး... နောက်ထပ် အများကြီး အများကြီး ကျန်ပါသေးတယ်... ဒီလောက်အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ CSS မှာ ရှိသမျှ Property တွေကို အကုန်အလွတ်ကျက်ဖို့ ကြိုးစားနေမယ်ဆိုရင် အချိန်တွေ ကုန်သွားပါလိမ့်မယ်... အလွတ်မှတ်နေဖို့မလိုပါဘူး... သဘောတရားပဲ နားလည်ထားဖို့လိုပြီး အသေးစိတ်ကို လိုအပ်လာတော့မှ လိုအပ်သလို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်...

Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်... သိချင်တာတစ်ခုကို စာအုပ်ထဲမှာရှာရင် တစ်မျိုးပဲသိရပါတယ်... Google မှာ ရှာရင်တော့ နည်းလမ်းပေါင်းစုံနဲ့ ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို ရနိုင်ပါတယ်...

Google မှာ ရှာတက်ဖို့ကလည်း အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်...

ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့ နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်... ကျွန်တော်က Web Developer တစ်ယောက်ဖြစ်လို့ ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက Professional Web Developer ဖြစ်လိုသူတွေနဲ့သာ ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်...

ဒါကြောင့် တစ်ခြားနယ်ပယ်က Professional များကိုလည်း သက်ဆိုင်ရာနယ်ပယ်အလိုက် အင်တာနက်ကို လေ့လာဖို့အတွက် ဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့ အချက်လေးတွေကို ဝေမျှပေးစေချင်ပါတယ်...

--
ကျေးဇူး...
[ Ei Maung ]

(Myanmar IT Pro မှ ပြန်လည်တင်ပြအပ်ပါသည်။)


ကိုးကား။   ။http://www.myanmarfamily.org/forum/showthread.php?t=19726

Dear Diary

တစ်ရက်ပြီးတစ်ရက် တိုးတိုးလာလေ..သူ မဆက်သွယ်လာတော့ဘူးဆိုတာ သိလာလေလေ.. နာကျင်လိုက်ရတာ ရင်နဲ့မမျှအောင်ပါပဲ..။ စစ်မှန်တဲ့သူမဟုတ်ဘူးဆိုတာ သိလာလေလေ ကိုယ်ထင်ခဲ့မိတာနဲ့ ပြောင်းပြန်ပါလားဆိုတာ သိရလေလေ...။ ဆိုးရွားလိုက်တာ...။ လုံးဝမထင်ခဲ့မိပါဘူးနော်..။ မကောင်းတဲ့ဘက်က စဉ်းကိုမစဉ်းစားခဲ့မိပါဘူး..ညာခဲ့လိမ့်မယ်ဆိုတာလေ..။အခုအချိန်ရောက်မှတော့ သေချာပြီပေါ့နော်..ညာခဲ့တယ်ဆိုတာလေ..။ ကိုယ်ထင်သလို ကိုယ့်ကိုဆက်ချစ်နေမယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူးနော်..။ အဲလိုထင်တာကိုက ကိုယ့်ကိုယ်ကိုအထင်ကြီးမှူ ..၊ သူ့ကိုအထင်ကြီးမှူတွေပါဆိုတာ ပိုပိုသေချာလာပါလားနော်..။
         ဆိုးရွားလိုက်တဲ့ ကံကြမ္မာနော်..။

သံယောဇဉ်ကြိုးလေးပြတ်သွားပြီလား..။

              ဂစ်တာကြိုးလေးပြတ်သလိုပဲ သံယောဇဉ်ကြိုးလေးတစ်ချောင်းလည်းပြတ်သွားပြီလားလို့ ကျွန်မရဲ့တစ်စုံတစ်ယောက်ကို မေးချင်ပါတယ်..။ဒီသံယောဇဉ်ကြိုးက ဒီလိုပဲလွယ်လွယ်ပြတ်နိုင်သလားလို့လည်း အံ့သြမိရပါတယ်..။ ဒါဆိုရင်ဒါဟာ တကယ် သံယောဇဉ်ဆိုတာမဖြစ်နိုင်လို့လို့ ကောက်ချက်ချနိုင်ပေမယ့်လည်း ကျွန်မဘက်ကသံယောဇဉ်ကတော့ ပြတ်မသွားနိုင်ပါလား..။ ကျွန်မတော်တော်သံယောဇဉ်တွယ်တတ်တာပဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမလား..၊ ချီးကျူးရမလား..၊ ရိုက်နှက်ဆုံးမရမလား..။

      မမြင်ရပေမယ့် ပြတ်ဖို့ခက်တဲ့ကြိုးလေးက သံယောဇဉ်ပဲနော်..။ ဒီကြိုးလေးကြောင့် လူစိမ်းနှစ်ဦးအတူနေနိုင်လာကြတယ်..။ တစ်ယောက်အမှားကိုတစ်ယောက်က သည်းခံနိုင်ကြတယ်..။ တစ်ယောက်မှာမရှိတာကို တစ်ယောက်ကဖြည့်ဆည်းပေးချင်လာကြတယ်..။ ကျွန်မမှာဒီလိုသံယောဇဉ်မျိုး တစ်စုံတစ်ယောက်ပေါ်မှာ ဖြစ်ပေါ်ခဲ့ပြီးပေမယ့် အဲဒီတစ်စုံတစ်ယောက်က ကျွန်မသံယောဇဉ်ကို လျစ်လျူရှူထားတဲ့အခါ ကျွန်မမှာဖြစ်ပေါ်ရတဲ့ ၀မ်းနည်းမှူဆိုတဲ့ခံစားချက်က အတိုင်းအဆမရှိအောင်ပါပဲ..။         

ကျွန်တော်နှင့်မသိခြင်းများ..။

ဆော့ဝဲတစ်ခုကို မောင်လေးတစ်ယောက်၏အကူအညီဖြင့်တင်ပြီးသောအခါ ကျွန်တော့်မှာ ကျွန်တော်မသိသေးသောအရာများ များလှပါလားဆိုတာ ပိုပိုသတိထားမိလာပါသည်..။ ဆော့ဝဲမဒေါင်းတတ်ပါ..။ ဘယ်လိုအင်စတောရမလဲဆိုတာ ပုံမှန်နှင့်မတူရင် မလုပ်တတ်တော့ပါ..။ ဇာတ်ကားကြည့်သောဝက်ဆိုဒ် ဘယ်ကရှာရမလဲမသိပါ..။ သူများကိုမေးလို့ပြောပြသော်လည်း flash movie player လိုနေသောကြောင့် ကြည့်မရပါ..။ ဒေါင်းလုပ်ဆွဲသော်လည်း error ပြနေပါသည်..။ ဘယ်လိုဆက်လုပ်ရမှန်းမသိသဖြင့် မကြည့်ရပါ..။ ဒါများ အိုင်တီသမားတဲ့..။ ဘယ်လိုပြောမလဲ လူပုံအလည်ကြားမှာ..။ networking ဘာမှန်းမသိ..၊ ကွန်ပျူတာဖွင့်တိုင်း default ပွင့်ပွင့်လာတဲ့ VZO ချက်ကြီးကို ဘယ်လိုမပွင့်အောင်လုပ်ရမှန်းမသိ..။ ဖိုရမ်ကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ..။ ၀က်ပေ့ကို ဘယ်လိုလွှင့်တင်ရမှန်းမသိ..။ ကျွန်တော့်ရဲ့မသိခြင်းတွေက များလှပါလား..။