အညာသင်္ဘောသီးသုပ်..။



မစံပယ်တို့ဒေသမှာ သင်္ဘောသီးသုပ်က ဆောင်းတွင်းမှာပဲရောင်းကြသည်ထင်သည်..။ အချိန်ပြည့်မရပါ..။ သင်္ဘောသီးသုပ်ဝါ၀ါထိန်ထိန်လေး စားရလျှင် မစံပယ်မှာ ကြိုက်လှသည်..။ (ဟမ်..မကြိုက်တာဘာရှိလို့လဲ..။ ရှိပါဘူး..။:D) တစ်ခါကလည်း ဖေ့စ်ဘုတ်ထဲကအစ်ကိုတစ်ယောက်က သူ့ဒေသက သင်္ဘောသီးသုပ်ပုံတင်ကာ သူ့သူငယ်ချင်းတွေကို ကလိသည်..။ ထိသွားသည်ကတော့ မစံပယ်တည်း..။ သင်္ဘောသီးသုပ်စားချင်သည်..။ သင်္ဘောသီးအစိမ်းသည်ရှာသည်..။ သြော်..တွေ့ပြီ..။ မစံပယ်ဝယ်နေကျဆိုင်မှာ နေ့တိုင်းရသည်ပဲ..။ ဈေးလည်းသက်သာသည်..။ အိုကေ..။ သင်္ဘောသီးအတွက် အဆင်ပြေပြီ..။


သင်္ဘောသီးနန်းဆွဲဖို့ နန်းပြားဝယ်ရဦးမည်..။ ဆိုင်တွေမှာတွေ့သည်..။ ဈေးက မသက်သာလှ..။ ဒါနဲ့ တကူးတကကို တစ်ခြားအရပ်ကိုသွားပြီး နန်းဝယ်လိုက်သည်..။ အိုကေပြီ..။


ကြက်သွန်ဖြူလေးဆီသတ်ပြီး ဆီဝါချက်သည်..။ ဟမ်း..မွှေးလှသည်..။


ပဲမှုံ့က လက်ဆောင်ရတာ အစိမ်းမှုံ့ပဲရှိသည်..။ ကိစ္စမရှိ..။ အိုးပူပေးကာ ပဲမှုံ့စိမ်းကိုလှော်လိုက်သည်..။ ပဲမှုံ့အကျက်ဖြစ်သွားပြီ..။ လူကြံဘာခံနိုင်မလဲလေ..။


သင်္ဘောသီးကို အခွံနွှာရသည်..။ ထက်ခြမ်းခွဲကာ အစေ့ထုတ်ရသည်..။ နန်းဆွဲရသည်..။ အစားအတွက်ဆို အပင်ပန်းခံသည်..။ နန်းဆွဲပြီးသားသင်္ဘောဖတ်လေးများကို နှယ်ရလွယ်မည့်ဇလုံကြီးကြီးထဲထည့်ကာ ပဲမှုံ့..၊ ဆီကျက်..၊ ငါးငံပြာရည်..၊ ဆား..၊ မန်းကျည်းသီးမှည့်ရေ..(ရေဆေးပြီး ရေနွေးစိမ်ထားသည်..။ အနှစ်ရလွယ်အောင်..။)..။ ပုစွန်ခြောက်မှုံ့လေးထောင်းကာထည့်သည်...။ ပိုပြီးချိုမြိန်အရသာရှိစေသည်..။ အားရပါးရနှယ်ရသည်..။ လက်ညောင်းအောင်နှယ်ရတတ်သည်..။ အပေါ့အငံမြည်းပြီး ပဲမှုံ့များများထည့်ရသည်..။


အိုး... မွှေးလှ၊ကြိုင်လှ၊စပ်လှသော အညာသင်္ဘောသီးသုပ်လေး စားရပြီ..။ အိမ်အလွမ်းပြေသည်..။ ကောင်းလေစွ..။


မှတ်ချက်။ ။ ပဲမှုံ့ပြတ်လပ်သွားလျှင် အာလူးကိုပျော့အောင်ပြုတ်ပြီး အအေးခံကာ သင်္ဘောသီးနှင့်ရောနှယ်လည်းရသည်..။ ပဲမှုံ့ပြတ်သွား၍ မစံပယ်ဒီနည်းကို အားကိုးနေရသည်..။ (ဤကားစကားချပ်..။) ဓာတ်ပုံနောက်မှတင်မည်..။ စာရေးချင်၍ ကောက်ရေးထားလိုက်သည်..။

ဆွေးနွေး ငြင်းခုံခြင်း..။




ဂေါတမ မြတ်စွာဘုရားသည် ယနေ့အချိန်ထိ သက်ရောက်မှုရှိနေသည့် ဓမ္မ (တရား)နည်းလမ်းကျသော အပြန်အလှန် ဆွေးနွေးမှုများအား အောက်ပါ အတိုင်း အချက်ကြီး ၁၀ ချက်ဖြင့် ဟောကြားခဲ့လေသည်.....


(၁) ပညာရှိသည် မဆန့်ကျင် မထောင်လွှားပဲ ဆွေးနွေးသင့်၏

(၂) မပြန့်လွင့်သည့် စိတ်နှင့် ဆွေးနွေးသင့်၏

(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုပဲ ဆွေးနွေးသင့်၏

(၄) ငြူစူခြင်းမရှိပဲ ဆွေးနွေးသင့်၏

(၅) ကောင်းစွာသိ၍သာ ဆွေးနွေးသင့်၏

(၆) သူတစ်ပါးကို ချုပ်ချယ် စောင်းမြောင်းခြင်း မပြုသင့်

(၇) ချွတ်ချော်သော စကားကိုလည်း အပြစ်ဟု မယူသင့်

(၈) ပါဠိ ပါဋ္ဌ်သားများအား ရွတ်ဆို၍လည်း မလွှမ်းမိုးသင့်

(၉) အကြောင်းပြပြီး ဖိနှိပ်ခြင်းလည်း မပြုသင့်

(၁၀) အမှန်၊ အမှား ရောထွေးသော စကားကို မပြောသင့်ဟု အင်္ဂုတ္ထိုရ် တိကနိပါတ်၊ ကထာဝတ္ထု သုတ်တွင် ဟောကြားခဲ့ပေသည်.....။

အဆိုပါ ဟောကြားချက်များသည် ယနေ့အချိန်အခါတွင် မည်သည့်ဆွေးနွေးမှုမျိုးတွင်မဆို ကျင့်သုံးနိုင်ပါက လွန်စွာပင် ကောင်းမွန်ပေသည်..... အမှတ်စဉ် (၈) နေရာတွင် ဘာသာရေး ဆွေးနွေးခြင်းအစား နိုင်ငံရေးဆွေးနွေးရာတွင် စကားလုံးကြီးများနှင့် ဖိနှိပ်မှုဟုယူသော် ရပေလိမ့်မည်......။ Credit to James Mint

ဗုဒ္ဓဟောသည့် မဆွေးနွေးသင့်သောပုဂ္ဂိုလ်များ
________________________________________

၁။ ပြဿနာကို မေးလိုက်တဲ့အခါ တိုက်ရိုက်ဖြေဆိုသင့်ပါလျက်နဲ့ တိုက်ရိုက်မဖြေသူ
၂။ ဝေဖန်ပြီး ဖြေဆိုရမယ့် ပြဿနာကိုလည်း ဝေဖန်ပြီး မဖြေသူ
၃။ ပြန်မေးပြီး ဖြေရမယ့် ပြဿနာမျိုးကိုလည်း ပြန်မေးပြီး မဖြေသူ
၎။ ပြဿနာကို မေးမြန်းတဲ့အခါ အကြောင်း ဟုတ်သည် ၊ မဟုတ်သည်ကိုလည်း မကြည့်
၅။ ကြံဆအပ်သော အရာကိုလည်း မကြံဆ
၆။ သိရမည့် ၀ါဒကိုလည်း မပြနိုင်
၇။ ဖြေဆိုသူတို့ ၏ ကျင့်ဝတ်နှင့်လည်း မတည်
၈။ပြဿနာကို မေးမြန်တဲ့အခါ စကားကြောင်းလွဲပြီး ဖုံကွယ်သူ
၉။မေးတဲ့ ပြဿနာနဲ့ မဆိုင်တဲ့ အပြင်စကားများကိုပြုပြီး ပြဿနာကို ပယ်သူ
၁၀။ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်မှုကို ထင်ရှားအောင်ပြုသူ
၁၁။ ပြဿနာမေးမြန်းတဲ့အခါ ပါဠိပါဋ္ဌ်သားများကို တသီကြီးရွတ်ပြီး တဖက်သားကို လွှမ်းမိုးဖို့ ကြိုးစားသူ
၁၂။ အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်တတ်သူ
၁၃။ တတ်ယောင်ကား ပုံစံဖြင့် မေးသူအား သံသယပွားလာအောင် ဟားတိုက်သူ

မစံပယ်ကတော့ စိတ်လှုပ်ရှားမှုပြင်းထန်ကာ မိမိအသက်အရွယ်၊ ပညာကိုမထောက်..၊ သူတစ်ပါး၏ကိုယ်ကျင့်တရားကိုမငဲ့ကွက်..၊ ကလေးဆန်လှသော အပြုအမူရှိသူများနှင့် အပြိုင်ငြင်းရမှာ စိတ်ပျက်လှပါသည်..။ တစ်ဘက်လူဘာပြောချင်သည်ကို အလေးမထား..၊ တစ်ဘက်လူ၏အခြေအနေ..၊ သဘောသဘာဝ..၊ ဖြေရှင်းချက်ကိုလက်သင့်ခံကြားနားခြင်းမရှိ..။ မိမိပြောသည်သာအမှန်..၊ အသင့်တော်ဆုံးဟုထင်သည့် ကလေးကလားဆန်သူများနှင့် စကားတုဖက်ပြိုင်ပြောရမည်ကို စိတ်ပျက်လှသော်လည်း လူမှုအသိုင်းအ၀န်းတွင်နေနေရသည်ဖြစ်ရာ ရှောင်လွှဲမရ ကြုံလာလျှင်လည်း ပြန်တုံ့ပြန်ရန် စဉ်းစားထားရပါသည်..။


စကားပြောရာတွင် မစံပယ်ထည့်စဉ်းစားသည်မှာ စကား၏ဆိုလိုရင်းသည် ဘာလဲ..။ သူနားလည်အောင် ဘယ်လိုပြောမလဲ..။ ဘယ်နည်းနှင့်ပြောလျှင် သူခံသာမလဲ..၊ သူ့ဂုဏ်သိက္ခာမထိခိုက်စေရန် မည်သို့ပြောမည်လဲ..စသောအချက်များကို စဉ်းစားပါသည်..။ စကားသည် လူတစ်ယောက်၏ စိတ်နေစိတ်ထား..၊ အဆင့်အတန်းကို ကိုယ်စားပြုဖော်ပြသည်ဟု မှတ်ယူပါသည်..။ မိမိ၏အပြောအဆို အပြုအမူကြောင့် သူတစ်ပါးဂုဏ်သိက္ခာထိပါးမည်ကိုလည်း အလေးထားထားမိရ၏..။

အချို့လူများ၏ ကိုယ်မှန်လျှင်ပြီးရော..၊ ကျန်တာ ဘာမှဂရုမစိုက်ဟူသောသဘောများကို အံ့သြမိသည်..။ ကိုယ်မှန်လျှင် မည်သူနှင့်ချဲရချဲရ..၊ စကားများရများရ.. ကိစ္စမရှိဟု အမှန်နှင့်အနိုင်ကို တွဲလိုက်တတ်သူများ၏ ကလေးဆန်မှု..၊ မပြည့်ဝမှုသဘောတရားများကို မျက်ဝါးထင်ထင် ကြုံခဲ့ရာမှ ပြည့်ဝသူများ၏ တုံ့ပြန်ပုံများကို ရှာဖွေမှတ်သား အတုယူရသည်..။

စိတ်သဘောထားပြည့်ဝသူများသည် မငြင်းခုံတတ်..၊ ငါ့စကားနွားရ ကိုယ်မှန်လျှင်ပြီးရော ရောမချတတ်..။ ရန်မလိုတတ်..။ ထိုသူမျိုးဖြစ်အောင် မစံပယ် ကြိုးစားရပါဦးမည်..။ ထိုသဘောရှိသောသူများနှင့် ကွေကွင်းခဲ့ရသည့်အတွက်လည်း မစံပယ်မှာ ကိုယ့်ကြမ္မာကိုယ် ၀မ်းသာအားရ.. ကျေနပ်လက်ခံမိနေပါတော့သည်..။


C# Beginner Book ဖတ်ပြီး ဘာဆက်လုပ်ရမလဲ...။



မေး။ ။ ကျွန်တော် အသက်(၁၆)နှစ်ရှိပါပြီ..။ အနာဂတ်မှာ Programming Field ထဲမှာ အလုပ်လုပ်မယ်လို့ စဉ်းစားထားပါတယ်..။ နိုင်ငံခြားတက္ကသိုလ်ကိုကျောင်းလျှောက်လိုက်ပြီးကတည်းက Programming ကို အတွေ့အကြုံရဖို့ စလေ့လာထားချင်ပါတယ်..။ ပညာရေးအတွက်ရော..၊ နောင်အလုပ်အတွက်ရော အဆင်ပြေချင်လို့ပါ..။ မနှစ်ကတော့ Java သင်ခဲ့ပါတယ်..။ ဒါပေမယ့် စာအုပ်တစ်အုပ်ပြီးတာနဲ့ စိတ်ပျက်လာပြီး သူ့ကိုမစွန့်လွှတ်ခင်တော့ Project တစ်ခု ပြီးခဲ့ပါသေးတယ်..။


ဒီနှစ်တော့ C# သင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ..။ Java အခြေခံနည်းနည်းရှိထားတော့ တစ်ချို့အချက်တွေ ပြန်အမှတ်ရပါတယ်..။ အရင်အတွေ့အကြုံရှိမထားတော့ ပြန်တော့ဖတ်ရပါတယ်..။ ကျွန်တော့်အထင် အဲဒီနှစ်ခုက တူသင့်သလောက်တူပြီး မတူသင့်သလောက်လည်း ကွဲတယ်လို့ ထင်ပါတယ်..။


ကျွန်တော်C# စလေ့လာတာကတော့ Herb Schildt's ရဲ့ "C# 3.0 A Beginner's Guide" ဆိုတဲ့ စာအုပ်ပါ..။ ပြီးအောင်လေ့လာပါတယ်..။ ဒါပေမယ့် စာအုပ်ပြီးတော့ အခုဘာဆက်လုပ်ရမလဲ မသိပါဘူး..။ တွေ့ရာပရောဂျက်တစ်ခု ကောက်ရေးနေပါတယ်..။ (တကယ်လုပ်နိုင်တာထက် အများကြီးပိုနေတယ်ဆိုတာ တွေ့ပါတယ်..။) ပိုအဆင့်မြင့်တဲ့ ခေါင်းစဉ်တွေကို ဖတ်ရမလား..။(လက်တွေ့အတွေ့အကြုံက မရှိပါဘူး..။)ဒီစာအုပ်ဖတ်ပြီးပေမယ့် တကယ်စွမ်းဆောင်နိုင်တဲ့ Programmer ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး..။


အဖြေ ၁။ ။ သေးသေးလေးက စလုပ်ပါ..။ တကယ့်သေးသေးလေးကို ရေးပါ..။ ရိုးရှင်းလွယ်ကူပြီး ပြီးအောင် ပြည့်စုံသွားအောင် ရေးပါ..။


ပထမProgram ပြီးတာနဲ့ နည်းနည်းပိုရှုပ်ထွေးတဲ့ ဒုတိယတစ်ပုဒ်ရေးပါ..။ ဒါပေမယ့် သေးသေးလေးက စရေးပါ..။ ဥပမာ။ ။ unit ပြောင်းတဲ့ Text Based Application လိုမျိုးကို စရေးပါ..။


အဲဒါကိုပဲ လအနည်းငယ်ကြာအောင်ရေးပါ..။ ဘယ် Program တစ်ခုထဲပေါ်မှာပဲ အာရုံမစိုက်ပါနဲ့..။ ပြီးခဲ့တဲ့အဟောင်းတစ်ခုကိုပဲ နည်းနည်းစီ ထပ်ထည့်ပြီး ပြီးသွားအောင် ပြည့်စုံသွားအောင် ကြိုးစားပါ..။ အမှားလုပ်မိမှာနဲ့ Code တွေ မကောင်းတာ ညံ့တာဆိုတာ မပူပါနဲ့..။


ဘာလဲဆိုတော့ အကြိမ်တိုင်း တကယ်ပြီးအောင်လုပ်ဖို့က လိုရင်းပါပဲ..။ ဒါမှ တွန်းအားဖြစ်လာမယ်..။ ဒါပေမယ့် စိတ်ဝင်စားစေမယ့် element အသစ်တွေရှိပါတယ်..။ အတင်းစိတ်အားထက်သန်လွန်းလို့လည်း မရပါဘူး..။ အစောပိုင်းပရောဂျက်တွေမှာ ဆုံးဖြတ်ချက်အမှားတွေလုပ်တာက နောက်တစ်ခါ မလုပ်မိစေတော့ဘူးပေါ့..။ Problems ကို မတူညီတဲ့ချဉ်းကပ်မှုနဲ့ ချဉ်းကပ်နိုင်မယ်..။ အမှားတွေလုပ်မိနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ Problem တွေက ဓားသွေးကျောက်တွေ ဖြစ်လာတာပါပဲ..။ Problem ကို သေးငယ်အောင်လုပ်လိုက်တာနဲ့အမျှ ပြဿနာအသစ်တွေကို အောင်မြင်နိုင်လုပ်နိုင်ပြီး Design Decision နဲ့ပတ်သက်လို့ စိတ်ပျက်ပြီး လက်လျှော့ချင်တာမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး..။ အကြိမ်တိုင်းပြန်လည်တက်ကြွလာပြီး ပေါ်လာတဲ့အကြံဥာဏ်တွေကလည်း ဂုဏ်ယူစရာCode တွေ ဖြစ်လာစေမှာပါပဲ..။

အဖြေ ၂။ ။ CRUD operation တစ်ခုနဲ့ Database နဲ့ Database ချိတ်တဲ့ Web Application တစ်ခု ရေးပါ..။(CRUD operation ဆိုတာ Create,Read,Update,Read ပါ..။ Insert,Update,Delete နဲ့ သဘောထားချင်းအတူတူပါပဲ..။ အသုံးအနှုန်းပဲ ကွာတာပါ..။ ။မစံပယ်) ဒီအရည်အချင်းက ယေဘုယျအားဖြင့် ရှိသင့်တဲ့အရည်အချင်းပါ..။ နည်းနည်းပိုကောင်းချင်ရင်တော့ User Interface မှာ JavaScript လေးဘာလေး ထည့်ရေးပေါ့..။

အဖြေ ၃။ ။Project အတွက် Idea လိုတယ်ဆိုပါတော့..။ ကွန်ပျူတာပြင်ပက မင်းဝါသနာကိုကြည့်လိုက်ပါ..။ မင်းဝါသနာကို ကွန်ပျူတာနဲ့ပြီးနိုင်တဲ့တစ်ခုကို ရွေးလိုက်ပါ..။ ဥပမာ။ ။ မင်းက ဓာတ်ပုံဆရာဆိုပါတော့..။ Photo Album Program လေးရေးပေါ့..။ အဲဒါမင်းအတွက် အသစ်စက်စက်ကြီးဖြစ်မနေဘဲ မင်းစိတ်ဝင်စားတာအပေါ်မှာပဲ ထပ်ချဲ့သွားတာပေါ့..။ Hello World Program ထက်တော့ ကြီးမှာပဲလေ..။ မရေးခင်တော့ မင်း Program က ဘာလုပ်ချင်တယ်ဆိုတာ ချရေးထားပါ..။ အစိတ်အပိုင်းသေးသေးလေးတွေခွဲထားပြီး တစ်ခုချင်းစုစည်းရေးသွားပါ..။

အဖြေ ၄။ ။ ငါကတော့ ငါ့အရည်အချင်းကို အွန်လိုင်းမှာတွေ့တဲ့ Code Kata exercises တွေနဲ့မြှင့်ခဲ့တာပဲ..။ 15 Exercises to Know a Programming Language ဆိုတာတွေနဲ့ပေါ့..။ ဒါတွေပြီးရင်တော့ လက်တွေ့ကျတဲ့ Applications တွေရေးပေါ့..။ ဘယ်လို Program နေနေ (မင်းကိုပျော်စေရုံ Program လေးနေနေ) ရေးပါ..။
-Calculator
-ရိုးရိုး Crawler, Website ရှာတဲ့ Program (amazon.com က တစ်ချို့Products တွေကို နာရီးခြားတိုင်းရှာတဲ့ Application သေးသေးလေးဖြစ်ဖြစ်)
-Text based game
-Log file parser
-Open source project ရှာပြီး အဲဒီမှာလည်း ၀င်ရေးတာမျိုး

ဘယ်နည်းနဲ့ဖြစ်ဖြစ်..၊ လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်တာလည်း အထောက်အကူပြုပါတယ်..။ Factor တွေပြန်ခွဲတာ..၊ Pattern တွေ သတ်မှတ်လိုက်နာတာ..၊ Unit Testing တွေ လေ့ကျင့်တာဖြစ်ဖြစ် လုပ်ပါ..။

အဖြေ ၅။ ။ Program ရေးဖို့ရာ Programming (အစီအစဉ်ဆွဲခြင်း) ဖြင့်ပဲ သင်ရမယ်..။ Computer ကို မင်းလုပ်စေချင်တဲ့ ရိုရိုး Program ကိုရွေးပါ..။ ရေးပါ..။

အဖြေ ၆။ ။ Programming ရေးတာကနေပဲ စပါ..။ စာဖတ်နေရုံနဲ့တော့ ဘယ်မှရောက်မှ မဟုတ်ဘူး..။ ပရောဂျက်သေးသေးလေးကနေစပါ..။ Address book တို့..၊ Calculator တို့လို့ ဘာဖြစ်ဖြစ်..။ စစချင်းပရောဂျက်တွေကတော့ အသုံးဝင်ချင်မှ ၀င်မယ်..။ ဒါတွေကိုပဲ အကြိမ်ဒါဇင်ပေါင်းများစွာ ပြန်ရေးရရင် ရေးရလိမ့်မယ်..။ ပထမဆုံးရေးတာကို တော်တော်နဲ့ကျေနပ်နိုင်မှာမဟုတ်ဘူး..။ ဒါပုံမှန်ပါပဲ..။ မင်းမေးတာနဲ့နည်းနည်း လွဲချင်လွဲမယ်..။ တကယ်လုပ်နိုင်တဲ့ Programmer ဆိုတာ Language တစ်ခုမှာ Master ဖြစ်အောင်ထူးချွန်နေတာထက်ပိုတယ်ဆိုတာ မင်းစဉ်းစားထားသင့်သေးတယ်..။

အဖြေ ၇။ ။ နည်းပညာပိုင်းဆိုင်ရာမှာ နောက်တစ်ဆင့်လှမ်းမယ်စဉ်းစားထားရင်တော့ ကျွမ်းကျင်အောင်လုပ်ရမှာပဲ..။ လေ့ကျင့်မှုနဲ့ပဲ ကျွမ်းကျင်မှုကိုရနိုင်မယ်..။ ဘာရေးဖို့စိတ်ဝင်စားလဲဆိုတာ ဆုံးဖြတ်ပါ..။ (Web Application? ၊ Desktop Application? ၊ Mobile Application?) ယေဘုယျကျတဲ့ Features တစ်ချို့ကိုရွေးပါ..။ (Authorization တို့ RSS Feeding တို့)..။ Tasks(တာဝန်) တွေ သတ်မှတ်ပါ..။ ထည့်သွင်းအသုံးချပါ..။ နည်းပညာတိုင်းရဲ့စာအုပ်တွေဖတ်ပါ..။ အဲဒီထဲက ကုဒ်တွေရေးပါ..။ တစ်ယောက်ယောက်ကို ကုဒ်တွေ စစ်ပေးခိုင်းပါ..။ ဒီဖြစ်စဉ်ပဲ ထပ်ခါထပ်ခါလုပ်ပါ..။

အဖြေ ၈။ ။ လူတိုင်းလူတိုင်း တစ်မျိုးစီလုပ်နေကြတာပဲ..။ နည်းပညာအမျိုးမျိုး စမ်းကြည့်လေ..။ ပြီးမှ ကိုယ်စိတ်ဝင်စားတာရှာ..။ အဲဒီမှာမှ အင်းအရည်အချင်းပေါ်မူတည်နေမှာပဲ..။ တခါတလေ အချိန်အကြာကြီး လုပ်နေမိပေမယ့် အချိန်ကုန်သွားမှန်းတောင် မသိတာမျိုး ဖြစ်လိမ့်မယ်..။

အဖြေ ၉။ ။ C# in Depth ဆိုတဲ့စာအုပ်က C# သင်ဖို့ ဖတ်သင့်တဲ့စာအုပ်ပဲ..။ C# ကို Confident ရှိသွားပြီးရင် F# တို့ ဘာတို့ သင်ဖို့ကြိုးစားပါ..။

http://programmers.stackexchange.com/questions/98282/what-to-do-after-reading-a-beginners-book-on-c ကို ဆီလျော်အောင် ပြန်ဆိုသည်..။

ဖေ့စ်ဘုတ်ပေါ်မှာ စာလုံးအမှားတွေကနေ တွေးမိတာတွေ..။


အရှိမဲ့ (မှန်) (မဲ့=မရှိ..။)

ဒါပေမဲ့(မှား) ဒါပေမယ့်(မှန်)

အစဉ်ပြေ(မှား) (အစဉ်=အချိန်ပြကြိယာဝိသေသန)

အဆင်ပြေ(မှန်)

ဘာပြောတာလည်း(မှား)(လည်း=လည်းပဲ၊လည်းကောင်း)

ဘာပြောတာလဲ(မှန်)(လဲ=အမေး)

ငယ်ငယ်တုံးက စလုံးနဲ့ ဆလိမ် အသံထွက်ကွာတာ မသိဘူး..။ ဆားကိုလည်း စား လို့ပဲ အသံထွက်တယ်..။ နွေရာသီကျောင်းပိတ်ရက် အဖေ့ရွာကိုပြန်ရတော့ မောင်လေးက အမှားပြင်ပေးတယ်..။ မမ နင်က ဆားကိုလည်း စားလို့အသံထွက်နေတယ်...။ ဆားက ဆား..။ စားက စားဆိုပြီး လျှာကိုသေချာအသံထွက်ပြတယ်..။ သွားစေ့ထားတာကို လျှာဖျားနဲ့ထိုးရင် စား ဆိုတဲ့အသံရတယ်..။ (သွားမစေ့ဘဲ လျှာဖျားနဲ့ထိုးလည်း ရတာပဲနော်..။) ဆားက အသံနည်းနည်းပြင်းတယ်..။ သွားစေ့ထားတာကို လျှာအဖျားနဲ့မထိုးဘူး..။ လေသံပြင်းနဲ့ လျှာဖျားထိပ်နောက်နားလောက်နဲ့ ထိုးရင် ဆား ဆိုတဲ့ အသံပြင်းပြင်းကို ရတယ်....။ အဲဒီတော့မှ စ နဲ့ ဆကို လေသံနဲ့ခွဲဖို့လိုတယ်ဆိုတာ သဘောပေါက်သွားတယ်..။ သူငယ်တန်း တစ်တန်းဆရာမက မသင်တာလား..၊ ကိုယ်ကပဲ မသိတာလား မမှတ်မိတော့ဘူး..။

စာရေးတော့လည်း မျဉ်းမပါရင် မျဉ်းဖြောင့်အောင်မရေးတတ်ဘူး..။ မျဉ်းပါတာတောင်မှ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ လက်ရေးလက်သားက အကောင်းကြီးထဲ မပါဘူး..။ တကယ်က မြန်မာစာလုံးမှာဖြစ်ဖြစ် အင်္ဂလိပ်စာလုံးမှာဖြစ်ဖြစ် အလယ်မှာရှိရမယ့်စာလုံး..၊ အောက်ထိဆွဲရမယ့် စာလုံး..၊ အပေါ်တင်ရမယ့်စာလုံး အစရှိသဖြင့် သူ့ဖလိုးအတိုင်းသွားရင် လက်ရေးက မလှပေမယ့်လည်း အပေါ်တက်လိုက် အောက်ကျလိုက် ဖြစ်စရာမရှိဘူးလို့ ဆရာမကြီးတစ်ယောက်ထောက်ပြမှ အတန်းတော်တော်ကြီးမှကို သိတော့တယ်..။

မြန်မာဆရာ၊ဆရာမကောင်း သိပ်အရေးကြီးတယ်..။(အင်္ဂလိပ်လည်း ဘာထူးလဲနော်...။)

အဆိုးဆုံးတစ်ခုကတော့ ကျွန်တော်တို့ဒေသက လူတွေက နသတ်နဲ့ ငသတ် မခွဲနိုင်ကြတာပဲ...။ နသတ်မှာလည်း ငသတ်သံနဲ့ထွက်တယ်..။ ငသတ်မှာလည်း ငသတ်သံနဲ့ပဲ ထွက်တယ်..။ နသတ်သံထွက်နည်းကို ထောင်တတ်တဲ့နား မရှိကြဘူးလို့ ပြောရမယ်..။ ကျွန်တော့်နာမည်မှာ နသတ်နဲ့ဆုံးတာ တစ်ခုပါတယ်..။ ကျွန်တော့်သူငယ်ချင်းအရင်းအချာက ငသတ်သံနဲ့ပဲ ခေါ်တယ်..။ သူ့နာမည်မှာ ငသတ်နဲ့ဆုံးတာ တစ်လုံးပါတယ်..။ ကျွန်တော်က သေချာသတိထားပြီး ဂရုစိုက်ပြီးသေချာခေါ်တာမှာ နသတ်သံနဲ့ သွားထွက်တယ်..။ ပါးစပ်ကငသတ်သံထွက်အောင် သေချာရွဲ့ပဲ့ထွက်တာကို နသတ်သံသွားဖြစ်နေတယ်..။ ကျွန်တော်တို့နဲ့ကပ်ရက်ကရွာတွေက အဲဒီလိုမဖြစ်ဘူး..။ ဆရာတစ်ယောက်က ထောက်ပြလို့ သေချာသတိထားခေါ်တယ်..။ မရဘူး..။ ကျွန်တော့်နာမည်ကိုလည်း ကျွန်တော့်သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေက ငသတ်သံနဲ့သေချာအသံထွက်ပြီး ရယ်စရာစ ကြတယ်..။ တစ်ခြားဒေသကလူတွေမှာ တစ်ခြားပြဿနာတွေ ရှိတယ်..။ စသတ်နဲ့ ကသတ်နဲ့မကွဲတဲ့ဒေသလည်း ရှိတယ်..။ သူတို့ကတော့ တစ်နယ်လုံးလို့ပြောရမယ်..။ တော်တော်ဆိုးတယ်..။ ဒေသအများစုကတော့ သနဲ့ တနဲ့ မကွဲကြဘူး..။ သ နေရာမှာ တ တွေနဲ့ပြောကြတယ်...။ ကျွန်တော့်အဖေရွာမှာ အဲလိုတွေ သုံးတယ်..။ တ၀မ်းပူသံကြီး များများကြားရတယ်..။ လျှာဖျား(လျှာထိပ်) မထိုးကြတာ..။ နားထောင်ရတာ ရယ်ချင်စရာကြီး..။

ကျွန်တော်ကတစ်ခြားဒေသကလူတွေက ကျွန်တော့်နာမည်ကို ငသတ်သံနဲ့ရယ်စရာစကြတော့ အိမ်ကိုပြန်ပြောပြဖြစ်တယ်..။ ပြောနေတုံး ကျွန်တော်တို့ဒေသမှာပဲမွေး အဲဒီဒေသမှာပဲ ကြီး တစ်နယ်ရပ်ခြားသွားခဲတဲ့ အပျိုကြီးမကြီးကို ကျွန်တော့်နာမည်ကိုခေါ်ခိုင်းကြည့်တယ်..။ ခပ်တည်တည်ပဲ ငသတ်သံနဲ့ပဲထွက်လာတယ်..။ လွဲနေတာ မျိုးဆက်၁၀ဆက်လောက်ရှိပြီလို့ ပြောရမလားပဲ..။

မန္တလေးမှာတွေ့တဲ့ ပျဉ်းမနား၊ နေပြည်တော် တပ်ကုန်းဒေသကလူတွေက ရှ နဲ့ ချ နဲ့ လွဲနေကြသလား..၊ အားလုံးကို ရှ သံပဲ ထွက်နေကြသလားတော့ မပြောတတ်ဘူး..။ ချစ်တယ်ဆိုတာကတော့ ရှစ်တယ်ပဲ...။ ရှစ်ပြောရင်တော့ ချစ်ထွက်သလား မသိဘူး..။ ချဉ်တာလည်း ရှဉ်တာပဲ...။ ဘလော့တစ်ခုထဲမှာဖတ်ဖူးတယ်..။ စလုံးမှာမွေးတဲ့ကလေးကို ပျဉ်းမနားကအဒေါ်ကိုလှမ်းခေါ်ပြီးထိန်းခိုင်းတာ အဒေါ်နဲ့အနေများတဲ့ကလေးက အဒေါ်ဆီကနေရယ်..၊ အဖေဆီကနေရယ်..၊ အဒေါ့်သား အစ်ကိုဝမ်းကွဲကနေရယ် ရှစ်တယ်..၊ ရှဉ်တယ်..ဆိုတာတွေပဲကြားနေရတော့ အမေ့မှာ ဘယ်လိုပြင်ပေးပေး မရဘူးဖြစ်နေတာဆိုတာ ရယ်စရာအနေနဲ့ရေးထားတာ တွေ့ဖူးတယ်..။

အဲဒါကြောင့် စကားပြောတာနားထောင်ရင် ဒေသကိုမှန်းနိုင်တယ်ဆိုတာ ဖြစ်နေတာပေါ့..။ ချနဲ့ရှကို ဒေသနဲ့ချီပြီးမှားတဲ့အမှားကတော့ ဆိုးလွန်းသလားလို့..။ ဘယ်သူတွေဆီက ရတာလဲဆိုတော့ ဆရာမတွေကလည်း ရှလို့အသံထွက်ပြီးသင်တာပဲလို့ ပြောတာကြားဖူးတယ်..။ အဲဒီဒေသကတစ်ယောက်ကို မေးကြည့်ဖူးတာပါ..။ ကျောင်းမှာကို ဆရာမက ရှသံထွက်ပြီးသင်တယ်တဲ့..။ ဒါပေမယ့် ဒေသခံမဟုတ်တဲ့ တစ်ခြားဒေသကဆရာမတွေလည်း ရှိတာပဲဆိုတော့ အိမ်မှာ မိသားစုထဲမှာ ရှနဲ့ပြောတော့ တစ်ခြားဒေသကလာတဲ့ဆရာမတောင် နောက်ပိုင်း ရှ သံဖြစ်သွားနိုင်တာပဲ..။ ဘာပဲပြောပြော ကျောင်းသားမမှန် ဆရာ့ခေါင်း..၊ သားသမီးမမှန် မိဘခေါင်းဆိုတော့ ဆရာမိဘ ပေါင်းထိန်းကြမှ အမှန်ရောက်လိမ့်မယ်ထင်ပါတယ်..။

မစံပယ်နှင့် အူကြောင်ကြောင်နိုင်ခြင်းများ..။




တခါတရံ လွယ်လွယ်လေးကို မသိဘဲ ခက်နေတာလေးတွေ ကြုံဖူးကြမှာပါ..။ မစံပယ်က ခဏခဏကြုံပါတယ်..။ တစ်ချို့အခက်အခဲလေးတွေက Google က ကူညီပေးတယ်..။ တစ်ချို့ကို YouTube က ကူတယ်..။ တစ်ချို့ကို စာတွေဖတ်ရင်း ဖတ်ရင်း သိလာတယ်..။ တခါတခါကျတော့ ဘယ်လိုမှ အကူအညီမရတာတွေ ကြုံဖူးတယ်..။


မစံပယ်ဟန်းဆက်အသစ်စကိုင်တော့ ကိုယ်ဘာသာ install လုပ်..၊ ကိုယ်ဘာသာ လက်ပ်တော့ဆီ ကော်နက်ရှင်ပြောင်းဖို့ ကြိုးစား..၊ ကိုယ်တိုင် Root လုပ်ဖို့ကြိုးစားနဲ့ Google နဲ့ YouTube ထဲမှာ တလည်လည်...။ ဖုန်းဝင်လာတော့ (ဟဲ ဟဲ..) ဘယ်လိုလက်ခံရမှန်းမသိဘူး..။ အဲဒီရက်ပိုင်းတုံးကလည်း ကိစ္စတစ်ခုရှိလို့ ဖုန်းကခဏခဏ၀င်နေချိန်..။ မစံပယ်က ဖုန်းလက်ခံအစိမ်းလေးပေါ်လာတာကို ပွတ်လိုက်ပြီး ဖုန်းလက်ခံရတာကို မသိဘူး..။ ဒါနဲ့ ဖုန်းဝင်လာတိုင်း ဖုန်းချပြစ်ပြီး ၀င်လာတဲ့နံပါတ်ကို ပြန်နှိပ်ပြန်ခေါ်ရတယ်..။ အဲဒါနဲ့ဖုန်းခေါ်တဲ့သူကလည်း ဇဝေဇ၀ါ ဘာလို့ဖုန်းပြန်ခေါ်ခေါ်နေတာလဲ..။ ဘာလို့သူခေါ်တာ ချချပြစ်တာလဲလို့ မေးလာတယ်..။ မစံပယ်က ဘာမှပြန်မဖြေပါဘူး..။ ဖုန်းဘယ်လိုလက်ခံရမှန်း မသိပါဘူးလို့..။ (ဟား ဟား..။)အဲဒါအတွက်တော့ Google နဲ့ YouTube ထဲ မရှာမိပါဘူး..။


အဲဒါနဲ့ အသိတစ်ယောက်နဲ့တွေ့တော့ ဖုန်းဘယ်လိုကိုင်ရတာလဲလို့ မေးယူရတယ်..။ ဟောဗျာ.. ဒီလိုလေးဆိုပြီး ရယ်ကာမောကာ သဘောကောင်းစွာနဲ့ ပြပေးပါတယ်..။ အထင်သေးရှုံ့ချလိုတဲ့ အသံနဲ့ဟန်မရှိလို့ မစံပယ်မှာ ကျေးဇူးတင်ရပါတယ်..။ ကိုယ်ကမသိလို့မေးတာပေမယ့် ဒါလေးတောင်မသိရကောင်းလို့ အထင်သေးဆက်ဆံခံရမှာလည်း မကြိုက်ပါဘူး..။ တခါတရံ လွယ်လွယ်လေးနဲ့ မသိတာတွေ ရှိတယ်ဆိုတာသိလို့ မစံပယ်လည်း ကူညီရမယ်ဆို အိုက်တင်မခံ.. တတ်နိုင်သလောက် ကုသိုလ်စိတ်လေးထားပြီး ကူညီရတာ ပျော်ပါတယ်..။


မစံပယ်အပြင်ထွက်ရင် ဟန်းဆက်လေးနဲ့ YouTube ကြည့်သွားချင်ပါတယ်..။ ဒါပေမယ့် နားကြပ်တတ်တော့လည်း အသံက ဟန်းဆက်ကနေပဲ ထွက်နေပါလား..။ ဘာလို့ အသံက နားကြပ်ထဲကမထွက်တာပါလိမ့်ဆိုပြီး ကြည့်ချင်တဲ့ YouTube လေးမကြည့်ဘဲ အပြင်ထွက်ရပါတယ်..။ ဒီလိုပဲနေနေတာ လချီလာပါပြီ..။ အခုခဏတော့ အားလပ်တုံးဆိုပြီး နားကြပ်လေးတတ်ပြီး အသံကိုကြိုးစားကြည့်တာ အသံက နားကြပ်ထဲဝင်မသွားပါဘူး..။ ဒါနဲ့ ဖုန်းထဲကနေ Google ထဲဝင် ဟိုမေးဒီမေးလုပ်..၊ အလကားရတဲ့ဆော့ဝဲ သုံး လေးခုတောင် ဒေါင်းပြီးပါပြီ..။ Google ကြီးကလည်း ဟိုလှည့်မေးလည်းမရ..။ ဆော့ဝဲတွေသွင်းပြီးလည်း အသံက နားကြပ်ထဲမ၀င်..။ ဒါနဲ့ YouTube ထဲဝင်မေးကြည့်ပါတယ်..။ မရပါဘူး..။ နားကြပ်ကြော်ငြာတွေပဲတွေ့တယ်..။ ဒါနဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်း နောက်ဆုံးအဖြေကတော့ Facebook ကနေ Status တင်ပြီး မေးမယ်လို့စိတ်ကူးလိုက်ပါတယ်..။ မစံပယ်ရဲ့ရင်းနှီးတဲ့အသိတစ်ယောက် IT Field က ဆရာပါ..။ သူနဲ့မှပိုရယ်ရတာက မစံပယ်ကတစ်ခုခုမေးလိုက်ရင် သူကအကျင့်ပါနေကြအတိုင်း အမြင့်ကြီးတွေစဉ်းစားပါတယ်..။ မစံပယ်အခုမေးလိုက်ရင် သူက ဖုန်းဆော့ဝဲကြောင်တာလား..၊ အထဲထဲဆော့ဝဲအလုပ်မလုပ်တာလားလို့ အမြင့်ကြီးတွေစဉ်းစားမှာမို့ မစံပယ်သူ့လည်း မမေးချင်ဘူးဆိုပြီး ဖုန်းနဲ့ပဲ စတေးတပ်စ် ရေးနေတုံး ဖုန်းဝင်လာပါတယ်..။ အရင်တစ်ခါ ဖုန်းဘယ်လိုကိုင်ရလဲဆိုတာ ပြောပြတဲ့ အသိပါပဲ..။ ဒါနဲ့စကားပြောရင်း နားကြပ်ဘယ်လိုလုပ်ရတာလဲလို့ ဖမ်းမေးလိုက်တော့ ဆက်တင်ချိန်းရတယ် ဘာညာပြောပြီး နားကြပ်ဂျက်ပင်ကို ဖိချရသေးတယ်နော်လို့ ပြောပါတယ်..။ ဒါနဲ့မစံပယ်က ဖိချတာပဲလို့ အတွန့်တက်ရင်း ထပ်ဖိချလိုက်တော့ နားကြပ်က နှမ်းတစ်ထောက်လောက်လွတ်နေတာလေးက ထပ်ဝင်သွားပြီး ပြောနေတဲ့ဖုန်းသံကပါ ပျောက်သွားပြီး နားကြပ်ထဲကနေ အသံထွက်လာပါတယ်..။ ဟား ဟား ဟား..။ တော်သေးတယ်..။ အချိန်မီလေ..။ မစံပယ် ဖေ့စ်ဘုတ်မှာ စတေးတပ်စ်တင်တော့မလို့..။ စာကိုရိုက်ပြီးနေပြီ..။ အိုင်တီကဆရာကိုမေးရင်လည်း ဒါလေးတောင်မသိဘူးလားဆိုပြီး ဟားခံရဦးမှာ..။ အဟားခံရမှာလည်း မခံချင်ဘူး..။ အခုပြောပေးတဲ့အသိက အိုင်တီနယ်က မဟုတ်ဘူး..။ သာမာန်တစ်ယောက်ပဲ..။ ဒါပေမယ့် သူကလည်း ကိုယ်နဲ့ဖုန်းအမျိုးအစားတူကိုသုံးနေတော့ သူသုံးတာက ကြာပြီဆိုတော့ သူ့မေးလိုက်ရင် သိရတာ ပိုလွယ်တယ်..။ ဟား ဟား ဟား..။


နားကြပ်ဂျက်ပင်ကို ၀င်တဲ့ပထမအထစ်မှာပဲ ရပ်ထားပြီး ဂူဂဲအားကိုး ယူကျူ့အားကိုးလုပ်နေတာ.. တခါတလေ ဂူဂဲမကယ်နိုင်..၊ ယူကျူ့မကယ်နိုင်တဲ့ မစံပယ်ရဲ့ အူကြောင်ကြောင်အဖြစ်အပျက်များပါပဲ..။