စံပယ်ပန်းလေးရဲ့ဖြူစင်မှူ၊ သန့်ရှင်းစင်ကြယ်မှူကိုသဘောကျလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ..။ ပန်းကလေးနဲ့အရွက်ကလေးဟာ အဖြူနဲ့အစိမ်း ဆန့်ကျင်ဘက်အရောင်နှစ်မျိုးနဲ့သန့်ရှင်းစင်ကြယ်မှူကို ကိုယ်စားပြုနေသလို ခံစားရပါတယ်..။ ရိုးသားဖြူစင်မှူနဲ့ လောကကြီးကိုမွှေးရနံ့လေးပေးနေတဲ့ ရိုးသားနှိမ့်ချတဲ့ စံပယ်ပန်းလေးလို လောကကြီးကိုကောင်းကျိုးပြုနိုင်ပါစေလို့ ကိုယ့်ကိုယ်ကိုဆန္ဒပြုရင်း...။
ကျွန်တော်နှင့် တောက်တိုမယ်ရ TTMY..။
စင်ကာပူမှာကျောင်းတက်မယ်ဆိုတော့ ကျောင်းစားရိတ်ကို လက်ငင်းပေးနိုင်တယ်ထား..၊ နေစားရိတ်ကြေအောင်တော့ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြတာ မြန်မာကျောင်းသားကျောင်းသူတင်မက..၊ ကျောင်းသားကျောင်းသူတိုင်းရဲ့ ထုံးစံတစ်ခုပါ..။ သတ္တိနည်းတဲ့ကျွန်တော်က သူများတွေလုပ်လို့ လမ်းကြောင်းဖြစ်သွားပြီဆိုမှ လျှောက်ရဲတာပါ..။ ဒီတော့ ကျွန်တော့်သူငယ်ချင်းက ကျောင်းပြီးသွားပြီ..။ ကျွန်တော်က စင်ကာပူကိုလာဖို့ တွန့်နေလို့ ခုမှ လာရတာပါ..။ ဒီတော့ ကျွန်တော့်သူငယ်ချင်းတွေလျှောက်တဲ့လမ်းကို ကျွန်တော်လျှောက်ပါတော့တယ်..။ ဒီမှာ တောက်တိုမယ်ရ အချိန်ပိုင်းအလုပ်လေး လုပ်တယ်ပေါ့ဗျာ..။
ကံကောင်းထောက်မစွာနဲ့ အလုပ်က ၁၀ မိနစ်လောက်အသွားအပြန်နေရာမှာ လုပ်ရပါတယ်..။ နေတဲ့အခန်းက ဈေးနီး၊ ကားဂိတ်နီး၊ ရထားဂိတ်နီးမို့ အဆင်ပြေပါတယ်..။ အလုပ်ကလည်း ဈေးထဲမှာလို့ ပြောလို့ရပါတယ်..။ ဈေးရောင်းတယ်ပေါ့ဗျာ..။ ဈေးဆိုင်တစ်ဆိုင်ရဲ့ လိုအပ်တာမှန်သမျှလုပ်ပေးရတဲ့သူလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်မိပေမယ့် အဲလိုအတန်းအစားခွဲခြားတာမရှိပါဘူး..။ ဒါပေမယ့် သိပ်မတတ်သေးတဲ့သူကိုတော့ သူတို့မလုပ်ချင်တာတွေခိုင်းဖို့ချန်ထားပါတယ်..။ အနှစ်နှစ်အလလက မလှည်းကျင်းခဲ့ရတဲ့အမှိုက်တွေ လှည်းခိုင်းတာမျိုး..၊ ဆိုင်ရှေ့ထွက်ပြီး ဈေးရောင်းခိုင်းတာမျိုးတွေကို အချိန်ပိုင်းလာလုပ်တဲ့ ကျောင်းသားတွေကို ခိုင်းပါတယ်..။ ပထမရက်စလုပ်တော့ ချောကလက် ပရိုမိုရှင်းနဲ့တိုးပြီး ဆိုင်ရှေ့မှာဈေးထွက်ရောင်းခိုင်းပါတယ်..။ ဖိလစ်ပိုင်တွေပြောတဲ့ အင်္ဂလိပ်ကို နားမလည်ပါဘူး..။ တရုတ်တွေပြောတဲ့ အင်္ဂလိပ်ကလည်း တော်တော်ဆိုးပါတယ်..။ သူတို့တရုတ်စကားနဲ့ လိုသလိုဆွဲပြောကြတဲ့စကားတွေကို တော်တော်နဲ့နားမယဉ်ပါဘူး..။ ဒီမှာနေတာ သုံးနှစ်ရှိပြီဖြစ်တဲ့ညီမလေးကတော့ သူတို့နဲ့လုံးဝထပ်တူအဆင်ပြေနေပါပြီ..။ ကျွန်တော်ကတော့ သူတို့ဘာပြောလဲဆိုတာ အဲဒီညီမလေးကိုပြန်ပြန်မေးရပါတယ်..။ သူတို့ကကျွန်တော့်ကိုရယ်ချင်ကြပါတယ်..။ ကျွန်တော်က နားမလည်တော့ Incharge ကို နှာခေါင်းရှုံ့ပြလိုက်ပါတယ်..။ နားလည်လားမေးရင် ခေါင်းယမ်းပြလိုက်ပါတယ်..။ ကျွန်တော်မှနားမလည်တာ..။ အချိန်ပိုင်းလာလုပ်တဲ့သူကို ပေးတဲ့ပိုက်ဆံနဲ့တန်အောင်တော့ လုံးဝနားမနေရအောင် ခိုင်းပါတယ်..။ တစ်ဆိုင်လုံးတံမြက်စည်းလှည်းရတယ်..။ အေးအေးဆေးဆေးလှည်းနိုင်ပါတယ်..။ အိမ်မှာလည်းလှည်းနေကျဆိုတော့လေ..။ တံမြက်စည်းကိုအိမ်မှာလိုအကြာကြီးမလှည်းရတာကြာလို့ လက်နာတာတစ်ခုပါပဲ..။ အဆင်ပြေပါတယ်..။ ဆိုင်ရှေ့ထွက်ပြီးဈေးရောင်းပြီးရင် ဆိုင်ကမှန်တံခါးတွေကိုပိတ်လိုက်ပြီးရင် ပစ္စည်းတွေကို လိုက်စီရပါတယ်..။ နောက်ဆုတ်နေတဲ့ပစ္စည်းတွေကို ရှေ့တိုးရတာပါ..။ လာလုပ်တဲ့သူပေါရင် တစ်ယောက်အဲဒါလုပ်နေရင် နောက်တစ်ယောက်ကို တံမြက်စည်းလှည်းခိုင်းထားပါတယ်..။ ပြီးတာနဲ့အမှိုက်ပစ်..။ အမှိုက်ကိုလည်း တစ်ယောက်ယောက်ဝင်ပစ်သွားပါတယ်..။ ပစ်တတ်အောင်လို့ လိုက်ကြည့်ထားရပါတယ်..။
ိ သူတို့က ငွေသိမ်းကောင်တာကို ကိုင်ခိုင်းချင်နေပါတယ်..။ ကျွန်တော်က လုံးဝမရင်းနှီးတာနဲ့ သူတို့ခိုင်းလို့မရသေးမှန်းသိလို့မခိုင်းသေးဘဲ စောင့်ကြည့်နေတာပါ..။ ဘဏ်ကဒ်အမျိုးမျိုး၊ ဈေးဝယ်ပုံအမျိုးမျိုး၊ ရာခိုင်နှူန်းတွက်တာ အမျိုးမျိုးနဲ့ ကျွန်တော်မရင်းနှီးသေးပါဘူး..။ တစ်ဖြည်းဖြည်းတော့တတ်အောင်သင်မှာပါ..။ ဒါတွေနဲ့ကင်းတာမရှိဘူးဆိုတော့ လုပ်ရမှာပါပဲ..။ အချိန်ပိုင်းအလုပ်ကို နေစားရိတ်နည်းနည်းခုအောင်လို့သာလုပ်ချင်တာမို့ သိပ်ခေါင်းခဲတာမျိုးကြီးမလုပ်ချင်ပါဘူး..။ အလုပ်ထဲမှာဘာတွေပြောပြော ဘယ်လိုရှိရှိ သိပ်စိတ်ထဲလည်း မရှိပါဘူး..။ ဒါက ခဏယာယီလုပ်တဲ့အလုပ်လို့ စိတ်ထဲသဘောပိုက်ထားလို့ သူတို့ဘာပြောပြော ခေါင်းထဲသိပ်မထားပါဘူး..။

Labels:
ရောက်တတ်ရာရာ
ကျွန်တော်နှင့် NTU စာကြည့်တိုက်..။
စာကိုစိတ်ဝင်စားသောကျွန်တော့်အတွက် စာကြည့်တိုက်များကို ရင်ခုန်လှပါသည်..။ မည်မျှပင် E-Books များ ပေါပါသည်ဆိုသော်လည်း လက်နှင့်ကိုင်ကာဖတ်ရသော စာအုပ်များလောက် နှစ်ခြိုက်မှူ မရှိလှပါ..။ စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုယုံကြည်သူပီပီ စာကြည့်တိုက်များကို ချစ်ခင်လှပါသည်..။ NTU စာကြည့်တိုက်ကြီး ကြီးမားခန့်ထည်လှသည်ဟု ကြားဘူးနေသည်မှာ ရောက်ကတည်းကပါပင်..။ မည်သည့်ကျောင်းကိုရောက်ရောက် စာကြည့်တိုက်များသို့ ရောက်အောင်သွားတတ်သည်မှာ ကျွန်တော့်အကျင့်တစ်ခုပါပင်..။ တိတ်ဆိတ်ငြိမ်သက်လှသော စာကြည့်တိုက်ပတ်ဝန်းကျင်ကို ကျွန်တော်ချစ်သည်..။ NTU ကျောင်းစာကြည့်တိုက်သို့ရောက်အောင်သွားမည်ဟု မရောက်ခင်ကပင် စိတ်မှာတေးထားမိသည်..။
ဒီနေ့တော့ ကျွန်တော့်လက်ချာတွေ ပရင့်ထုတ်စရာရှိသည်..။ စာကြည့်တိုက်မှာ ဈေးချိုသည်..။ အပြင်မှာထုတ်လျှင်အများကြီးကုန်ကျမည်..။ ထို့ကြောင့်ကျောင်းကိုသွားထုတ်သည်က ပိုကိုက်သည်မို့ စာကြည့်တိုက်သွားချင်နေသော ကျွန်တော့်ဆန္ဒ ပြည့်သွားသည်..။ ကားမှတ်တိုင်ဘယ်ကဆင်းရမလဲ မသိပါ..။ မြေပုံထဲတွင်လည်း စာကြည့်တိုက်ဟု ရေးပြမထားပါ..။ စိတ်ထဲမှန်းကြည့်လိုက်တော့ အိမ်ပိုင်ရှင်ပြောသောစကားအရ အဆောင်ကွေးကွေးကြီးတွင်ရှိရမည်ဟု မှန်းဆကြည့်လိုက်သည်..။ ဟုတ်ပြီ..။ ဒီလောက်ဆို သိပြီ..။ ဟိုမြင်မြင်နေရတဲ့ ကားဂိတ်ရှိတဲ့ အဆောင်ကွေးကွေးကြီး ဖြစ်ရမည်..။ ခဏခဏရောက်ဘူးနေသောအဆောင်ကြီးဖြစ်သည်..။
စမ်းတန်းရမ်းသမ်းနှင့်ရောက်သွားသည်..။ လက်တော့ပါယူသွားလိုက်သည်..။ ကျောင်းအကောင့်ထဲ ဘယ်လိုဝင်ရမလဲ မသိပါ..။ wireless ထဲတော့ ၀င်သွားပါသည်..။ Mozilla မှာ ကျွန်တော့်ဆိုဒ်အားလုံး ကျောင်း အကောင့်သို့ပြောင်းသွားကြသည်..။ ဘယ်လိုဖြစ်တာပါလိမ့်..။ စိတ်မပူပါ..။ Service ဌာနသို့ ထမေးလိုက်သည်..။ အော်...ကျောင်းမှ username နှုင့် password တောင်းနေသည်ပဲ..။ ထည့်လိုက်တော့ အိုကေသွားသည်..။ ထိုင်သုံးနေရင်း ပရင့်ထုတ်ချင်သည်များကို စတစ်ထဲထည့်လိုက်သည်..။ စတစ်ထဲထည့်ကာ ပရင့်သွားထုတ်ရမလားလို့..။ အောက်က ပရင့်ဌာနသို့ ဆင်းသွားလိုက်သည်..။ မျှားထိုးပြထားသည်..။ ပရင့်ထုတ်ချင်လျှင် Level 2 ဟု..။ သူများတွေဘယ်လိုလုပ်လဲလို့ ခဏကြည့်နေလိုက်သည်..။ e-Zlink ကဒ်တင်လိုက်သည်..။ သူများလိုထုတ်ချင်သည့်ဖိုင်များ ကျမလာပါ..။ ကျလာရအောင် ဘယ်ထဲထည့်ခဲ့ရလို့လဲ..။ စတစ်ကလည်း တပ်မှမတပ်သေးတာ..။ မဟုတ်သေးဘူး..။ ဘယ်လိုပါလိမ့်ဆိုပြီး ပြန်တက်လာခဲ့လိုက်သည်..။ ကျောင်းမှပေးထားသော ဖိုဒါထဲသို့ထည့်ရမည်ဟု ထင်မှတ်လိုက်သည်..။
သုံးနေရင်း ဖိုဒါထဲထည့်ဖို့လိုက်ရှာရာ ကိုယ်ပိုင်ဖိုဒါ ဘယ်ရောက်နေလဲဆိုတာ မသိပါ..။ မပူပါ..။ ကျွန်တော့်သူငယ်ချင်းအွန်လိုင်းမှာရှိသည်..။ သူ့ကိုလှမ်းမေးလိုက်သည်..။ ဖုန်းဆက်လာသည်..။ ဘာဖြစ်သလဲတဲ့..။ ပရင့်ဘယ်လိုထုတ်ရမလဲမသိလို့ဟုဆိုတော့ လုပ်နည်းတွေပြောပြသည်..။ ကျွန်တော်နားမလည်ပါ..။ အောက်သို့တစ်ခါပြန်ဆင်းသွားသည်..။ တစ်နာရီအလကားသုံးခွင့်ရှိသော အင်တာနက်များတွေ့ရသည်..။ သူငယ်ချင်းက တစ်နာရီကို ၂၀ ဟု နောက်သည်ကို တကယ်ထင်ကာ သုံးဖို့တွန့်သွားပါသည်..။ သူငယ်ချင်းပြောပြသည်ကို နားမလည်ပါးမလည်နဲ့ အေးအေးဟုပြောပြီး သူငယ်ချင်းက စိတ်လက်မရှည်စွာဖုန်းချသွားသည်..။ ဘယ်ရမလဲ ကျွန်တော်ပဲဟာ ဘယ်သူမှတ်လို့..။ help desk ကိုသွားမေးပါသည်..။ သူတို့ရှေ့မှစက်မှ username password ၀င်ကာ စက်တစ်လုံးသုံးလိုက်ပါသည်..။ ပရင့်ထုတ်ချင်သည်များကို ဖိုဒါတစ်ခုနှင့်စုထည့်လိုက်ပါသည်..။ ထို့နောက်ပရင့်ထုတ်ချင်ကြောင်းသွားပြောလိုက်ပါသည်..။ ဖိုင်များကိုတစ်ခုချင်းဖွင့်ကာ ပရင့်ကိုကလစ်ခဲ့ရုံသာဖြစ်ပါသည်..။ ကိုယ်ပြောင်းချင်သောဖောမက်သို့ ကိုယ့်ဘာသာချိန်ပြောင်းကာ ပရင့်ကိုနှိပ်ခဲ့ရပါသည်..။ ထို့နောက်မှ ပရင်တာခန်းသို့သွားကာ ကဒ်ကိုတင်ပြကာ ပရင့်တာကိုရွေးပေးလိုက်သောအခါ စာရွက်များ ပရင့်ထုတ်ပါတော့သည်..။ ၁.၈၅ ဒေါ်လာသာကုန်ကျခဲ့ပါသည်..။ ပရင့်လည်းထုတ်တတ်သွားပါသည်..။
ထို့နောက် စာများကိုစာကြည့်တိုက်ထဲမှာပဲ ဖတ်သွားမည်ဆိုပြီး စာထိုင်ဖတ်နေပါသည်..။ ကုလားမများ ကုလားများမှာ စကားလုံးအရေအတွက်များလှပါသည်..။ တိတ်ဆိတ်နေသောအခန်းထဲတွင် စကားတိုးတိုးပြောနေသောအသံမှာ သည်းမခံနိုင်စရာဖြစ်ပါသည်..။ နေရာရွှေ့ထိုင်လိုက်ပါသည်..။ ပိုထူးခြားမလာပါ..။ တရုတ်အတွဲတစ်တွဲ စာမကြည့်ဘဲ စကားများနေကြသည်..။ စာဆက်ဖတ်လို့မကောင်း..။ လေသံတိုးတိုးဖြင့် စကားပြောသံမှာ နားကိုလာရိုက်ခတ်နေသည်..။ နားငြီးသည်..။ စကားမပြောရသောနေရာတွင် ထိုကဲ့သို့စကားများနေသည်မှာ နာခံဖွယ်မကောင်းလှ..။ ပြန်လာခဲ့လိုက်တော့သည်..။
စာကြည့်တိုက်က အပြောနဲ့ညီအောင် အေးလွန်းလှသည်...။ ၀တ်လာခဲ့သောအပေါ်ဝတ်မှာ ပါးလှသည်..။ အထူနောက်တစ်ထည် ၀ယ်ရဦးမည်..။ ဒီပုံအတိုင်းဆို မလွယ်ပါ..။
ဓာတ်ပုံရိုက်ခဲ့ဖို့မေ့လာသည်..။ စာအုပ်တွေနားလည်း မရောက်ခဲ့သေးပါ..။ နောက်နေ့ စာအုပ်သွားဖတ်မှ စာအုပ်တွေအကြောင်းပြောပြတော့မည်..။ သပ်ရပ်သည်..။ သားနားသည်..။ သန့်ရှင်းသည်..။ ကျယ်ဝန်းသည်..။ သက်သာလွယ်ကူအဆင်ပြေစေရန်စီစဉ်ထားသည်..။ အားလုံး စာကိုအားထုတ်ကျက်မှတ်ရန်သာလိုသည်..။ အားလုံးကို ကျေးဇူးတင်မိပါသည်..။

ကျွန်တော်နှင့် NTU နေ့စွဲများ..။
NTU သင်္ခန်းစာတွေ ဘယ်လိုသင်..။
အတန်းမှ ပထမဆုံးစတက်ကာရှိပါသေးသည်..။ နက်ဝပ်အကောင့်များမှ သုံးတတ်ကာစရှိသေးသည်..။ Assignment button ကိုကလစ်ကြည့်သောအခါ assignment တစ်စောင်ရောက်နေပါရောလား..။ ခေါင်းစဉ်ကို အောက်တိုဘာ ၄ တွင် တင်ရမည်ဟုဆိုပါသည်..။ အုပ်စုတစ်ခုတွင် သုံးယောက်အနည်းဆုံးပါရမည်ဟုဆိုပါသည်..။ part time များနှင့် အတူရော၍ သင်ပါသည်..။ မည်သည့်အဖွဲ့ထဲပါရမည်မှန်း မသိသေးပါ..။ ဖုန်းဆက်နေကျညီမလေးကို မေးကြည့်ရပါဦးမည်..။ သူတို့နှင့်တွဲ၍ရလျှင် သူတို့နှင့်တွဲပါမည်..။ မည်သူနှင့်မှဟူ၍ လူစွဲမရှိပါ..။ အဆင်ပြေရာ မည်သူနှင့်မဆို တွဲ၍ဖြစ်ပါသည်..။
assignment ကို နိုဝင်ဘာ ၄ တွင် အပြီးတင်ရမည်ဟုဆိုပါသည်..။ စာကြည့်တိုက်သို့ သွားရပါဦးမည်..။ စာဖတ်မှ ..၊ ကိုးကားစရာကောင်းကောင်းတွေ့မှသာ မည်သည့်အပိုင်းကိုတင်သင့်သည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်နိုင်ပါမည်..။ အချိန်ရသေးသော်လည်း ပေါ့ဆ၍မရသော အလုပ်တစ်ခုဖြစ်ပါသည်..။
Lab ခြောက်ခါ လုပ်ရပါမည်..။ Tutorial ၂ ခါ ထင်ပါသည်..။ Assignment ကတော့ တစ်ခုပဲထင်ပါသည်..။ ပြီးလျှင်တော့ စာမေးပွဲကြီးထင်ပါသည်..။
သင်ကြားနည်းစနစ်များ ကောင်းလွန်းလှပါသည်..။ ထိုကျောင်းကြီးတွင် တက်ချင်၍ မိမိဘာသာအားကြိုးမာန်တက် ကြိုးစားလာခဲ့ခြင်းဖြစ်ပါသည်..။ အကျိုးကျေးဇူးရှိရန်ကတော့ ကြိုးစားရပါဦးမည်..။

NTU ကျောင်းသူကြီး ကျွန်တော်..။
NTU ကျောင်းတွင်ကျောင်းတက်ရန်ရောက်လာသော်လည်း မိုးကြိုးပစ် NTU ကျောင်းသူဟုခေါ်ရပါမည်..။ ကျောင်းမှကျင်းပပေးသော Welcome လိုပွဲမျိုးကို ဘယ်နေ့ကကျင်းပသွားလဲ မသိလိုက်ပါ..။ ဌာနမှလုပ်ပေးသော Orientation ကိုလည်း register လုပ်မိ၊မလုပ်မိပင်မသေချာဘဲ ရောက်သွားပါသည်..။ မမီပါ..။ ပြီးကာနီးမှ မြန်မာမှ ကျောင်းသူများနှင့်တွေ့ချင်၍ စောင့်ရင်း ဗိုက်ပြည့်နေသည်ကို မဆာဘဲ စားလာသေးပါသည်..။ ထိုပွဲ၌ ကျွန်တော့်ကိုအင်တာဗျူးသွားသော ကျွန်တော်တွေ့ချင်နေသော ဆရာကိုတွေ့လိုက်ရပါသည်..။ ရည်ရည်မွန်မွန်နှင့် ကိုရီးယားမင်းသားပုံပေါက်နေသော ထိုဆရာကို ကျွန်တော် သဘောအလွန်ကျပါသည်..။ လုံးဝ gentle ဆန်သော ဆရာပါပင်..။
ပထမလက်ချာနေ့ မမီပါ..။ အဓိကပြဿနာမှာ နက်ဝပ်အကောင့် အိတ်စ်ပိုင်ရာ ဖြစ်သွားခြင်းပင်..။ အိုင်တီဌာနကိုသွားအကြောင်းကြားလိုက်၍ အဆင်ပြေသွားသော်လည်း ကျွန်တော့်စက်နှင့်ဝင်သောအခါ အဆင်မပြေပါ...။ ထို့ကြောင့် လက်ချာပေးမည့် အခန်းနံပါတ် ကျွန်တော် ကြည့်မရခဲ့ပါ..။ အခန်းနံပါတ်မသိရ၍ ကျွန်တော် ဌာနထဲရောက်သော်လည်း အတန်းမတက်လိုက်ရပါ..။ ၎င်းသည် အစဆုံးဌာနသို့ရောက်သည့်နေ့ဖြစ်ပါသည်..။
ယနေ့တွင်မတော့ လက်ချာခန်းသို့ အချိန်ကွက်တိရောက်သွားပါသည်..။ မြင်ဘူးသည့်သူများမဟုတ်၍ အခန်းလွဲနေသည်ထင်သွားမိသော်လည်း ကျွန်တော်ဝင်သည့်အခန်းမှန်ပါသည်..။ ဆရာက လက်ချာစပေးပါသည်..။ ကောင်းလိုက်သည့်ဖြစ်ချင်း..။ ပါဝါပွိုင့်များကို ပရင့်ကြိုထုတ်ခိုင်းထားသည်ဟုဆိုပါသည်..။ ကျွန်တော်နေသောနေရာအနီးတ၀ိုက်တွင် ပရင့်အလွယ်တကူထုတ်နိုင်သောနေရာမရှိပါ..။ ထုတ်ရမည်ဟုလည်း ကျွန်တော်မသိပါ..။ ထို့ကြောင့်ကျွန်တော့်တွင် ဗလာစာအုပ်တစ်အုပ်နှင့် နုတ်စ်ရေးတတ်သည့် စာအုပ်ငယ်မှတစ်ပါး ဘာမှမပါပါ..။ ဘေးနားမှ ဟိန္ဒူမလေးနှင့် ရော၍ကြည့်ပါသည်..။ ခဏနေမှရောက်လာသော မြန်မာညီမလေးမှ သူ့စာရွက်ပေးကြည့်၍ သူနှင့်အတူ ကြည့်ရပါသည်..။ လက်ချာချိန်တွင် ဆရာပြောသည်ကိုသာ နားစိုက်ထောင်မိပါသည်..။ စာရွက်မကြည့်ဖြစ်ပါ..။ စာရွက်ကိုကြည့်နေမိလျှင် ဆရာဘာပြောသွားသည်ကို လွတ်လွတ်သွားတတ်သောကြောင့်ဖြစ်ပါသည်..။
ဘေးနားမှထိုင်သော ကုလားဆင်မျက်နှာနှင့်တစ်ယောက်ကို နိုင်ငံခြားသားထင်မှတ်သောကြောင့် အင်္ဂလိပ်စကားနှင့် အားကြိုးမာန်တက် ကြိုးစားပမ်းစားမေးမိပါသည်..။ စာရွက်ကိုဘယ်လိုပရင့်ထုတ်ခဲ့လဲဆိုသည်ကို သိချင်သောကြောင့်ဖြစ်ပါသည်..။ မြန်မာလိုပြောလည်းရပါတယ်ဟု ဆိုလာသောအခါမှ အမလေး တမိပါသည်..။ ကြိုးစားပမ်းစားဗျာ..။ မောနေအောင်ပြောရတာ ..။ မြန်မာမှန်းသိရင် မြန်မာလိုပြောမှာပေါ့ဟု အရှက်ပြေဆိုမိရပါသည်..။ စင်ကာပူတွင် မြန်မာမှာ ပေါများလာပါသည်..။ ကျွန်တော့်အတွက်တော့အလွန်ကောင်းပါသည်..။ ခင်မင်တတ်လျှင် နေရာတိုင်းတွင် မြန်မာများမှာ ကူညီတတ်သည်..၊ မေတ္တာရောင်ပြန်ဟပ်တတ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်..။ ကျွန်တော်က ကူညီလိုက်ဖို့ဝန်မလေးပါ..။ ထိုနည်းတူ မခဲယဉ်းသောအကူအညီများ ပြန်တောင်းဖို့ရန်လည်း ၀န်မလေးမိပါ..။ vice versa ဖြစ်နေပါသည်..။
အတန်းလွှတ်သော ၉ ၃၀ တွင် ကိုယ့်ဘလော့တွင်တင်ချင်၍ NTU ကျောင်းသူကြီး၏ ပထမဆုံးနေ့စွဲကို မှတ်တမ်းတင်လိုက်ပါသည်..။ မီးရောင်အောက်တွင် အရိုက်ခံသည်ကို မှောင်နေပါသည်ဟု စေတနာနှင့်ပြောကာ ရိုက်ပေးသောညီမလေးကိုလည်း ကျေးဇူးတင်လိုက်ပါသည်..။
ဤသည်တို့ကား ကျွန်တော့်၏ NTU ကျောင်းတော်ကြီး၏ ပထမဆုံးနေ့စွဲများပင်တည်း..။

Subscribe to:
Posts (Atom)